အလင်းရကိုယ်တော်
Vol. 44 Ch. 653
စိတ်သမာဓိလေ့ကျင့်မှု မအောင်မြင်သော်လည်း ဗုဒ္ဓအဆုံးအမများကျွမ်းကျင်နှံ့စပ်ပြီး ဉာဏ်အလင်းရထားသူဖြစ်၍ စိတ်ဓာတ်လုံးဝမကျ။
"ကျုပ်သီလဖောက်ဖျက်မိလို့ အကိုတော်တို့ မစိုးရိမ်ကြပါနဲ့။ ကျင့်စဉ်လမ်းဆိုတာ အခက်အခဲတွေနဲ့ပြည့်နေတာပါ။ လှိုင်းလေမရှိတဲ့ ချောမွေ့မှုမျိုး ဘယ်ရှိနိုင်မှာလဲ။ ကျရှုံးတာဟာ ခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါ။
ကျရှုံးမှုကြောင့်သာ အောင်မြင်မှုရဲ့တန်ဖိုးကို ကျုပ်တို့ခံစားတတ်လာတာ။ လောကီဆန္ဒလိုက်စားမှုရဲ့ အရသာကိုသိမှ စိတ်သမာဓိကျင့်စဉ် အောင်မြင်ပြီးတဲ့အခါ ပိုပြီးတည်ကြည်ခိုင်မာသွားမှာ"
"ဒါပေမယ့် ကိုယ်တော်သီလချိုးဖျက်တဲ့ကိစ္စ ဆရာတော်ကျဲ့ရှားသိသွားရင် ဘယ်လိုလုပ်မလဲ"
"ဒီကိစ္စကို ကျုပ်တို့သုံးယောက်ပဲသိတာလေ။ ဘုန်းကြီးဆိုတာ လိမ်မပြောဘူး။ ဒါပေမယ့် အကိုတော်တို့နှစ်ယောက်က ဘုန်းကြီးမဟုတ်တော့ ဆရာတော်မေးရင် ကျုပ်ကိုယ်စားလိမ်ပေးကြဖို့တောင်းဆိုပါတယ်"
မတ်တပ်ရပ်၍ပြောနေသည့် ရှီချန်းကို လုယန်က ထိုင်ခုံတွင်ထိုင်ခိုင်းသည်။
"ဒါဆို ဆရာတော်ကျဲ့ရှားက ကိုယ်တော်ကို တိုက်ရိုက်မေးရင်ရော ဘယ်လိုလုပ်မလဲ"
ထိုစကားကြောင့် ရှီချန်း အမူအရာနည်းနည်းပြောင်းသွားသည်။ ဖြစ်လာနိုင်သည့်အကျိုးဆက်များကို တွေးနေသည်။ ထို့နောက် သူမျက်နှာပြန်လည်တည်ငြိမ်သွားပြန်သည်။
"အဲလိုဆိုရင် ကျုပ်ဝစီပိတ်ကျင့်ရုံပဲရှိတာပေါ့"
လုယန် "..."
ဉာဏ်အလင်းရထားသည့်ဘုန်းကြီး တကယ်ပီသသည်။ ကိစ္စများ စဉ်းစားရာတွင် အမြဲတမ်းစေ့စပ်သည်။
မုန်ကျင်းကျိုးက ရှီချန်းကို ငေးစိုက်၍ကြည့်နေသည်။
ရှေးဟောင်းခေတ်မှ သန့်စဉ်ယန်မသေမျိုးခန္ဓာပိုင်ရှင်တွင် ချစ်သူရည်စားရှိသည်။ ယခု ဘုန်းကြီးများပင် ဆောင်ကြာမြိုင်သို့ မကြာခဏသွားနိုင်သည်။
ဘာကြောင့် ကိုယ်တစ်ယောက်တည်း ကံဆိုး၍ကျန်နေသည်မသိ။
"သင်လဲကျတဲ့နေရာကနေ ပြန်ထရမယ်လို့ ဗုဒ္ဓကပြောတယ်။ ကျုပ်ဒီနေ့ ကျရှုံးတယ်။ နောက်ပိုင်း ကျုပ်ငွေရလာတဲ့အခါ နောက်တစ်ကြိမ် ပြန်တိုက်ခိုက်မယ်။
ကျုပ်ဒီမြို့မှာ လေးငါးရက်နေဖို့ စီစဉ်ထားတယ်။ အကိုတော်တို့ကရော.."
မုန်ကျင်းကျိုး ခဏလက်ပြတားသည်။
"ခုနကပြောတဲ့စကားက ဗုဒ္ဓပြောခဲ့တယ်ဆိုတာသေချာလို့လား"
ရှီချန်းကပြုံး၍ အင်္ကျီလက်ကိုမ,တင်ပြီး ရေခွက်ထဲသို့ လက်ချောင်းနှစ်သည်။ စားပွဲပေါ်တွင် စက်ဝိုင်းသုံးခုဆွဲ၍ ရှင်းပြသည်။
"ဗုဒ္ဓက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟာ တစ်ခုတည်းလို့ပြောတယ်။
အတိတ်ဗုဒ္ဓ၊ ပစ္စပ္ပာန်ဗုဒ္ဓ၊ အနာဂတ်ဗုဒ္ဓဆိုတာရှိတယ်။
ဗုဒ္ဓဂိုဏ်းရဲ့တပည့်အနေနဲ့ ကျုပ်လည်း ဗုဒ္ဓရဲ့ဉာဏ်အလင်းကိုရဖို့ ရည်မှန်းထားတယ်။
ကျုပ်အခု ဗုဒ္ဓမဖြစ်သေးပေမယ့် နောင်အနာဂတ်မှာ သေချာပေါက်ဗုဒ္ဓဖြစ်လာမှာပဲ။
အတိတ်၊ပစ္စပ္ပုန်အနာဂတ်ဆိုတာ တစ်ခုတည်းဆိုတော့ ကျုပ်ပြေားတဲ့စကားလည်း ဗုဒ္ဓစကားပဲမဟုတ်လား"
ရှီချန်း စွန်စီဘုံကျောင်းသို့ဝင်ခဲ့သည်မှာ တာအိုလမ်းစဉ်ဂိုဏ်းအတွက် နစ်နာသည်ဟု မုန်ကျင်းကျိုးခံစားနေရသည်။
လုယန်က ဗုဒ္ဓဝါဒတည်ထောင်သူ နတ်မယ်ကိုမေးသည်။ ဗုဒ္ဓကိစ္စများနှင့်ပတ်သက်၍ သူသိပ်နားမလည်။
"နတ်မယ်။ အဲဒါ တကယ်ဗုဒ္ဓအဆုံးအမလား"
"ငါသေချာမမှတ်မိဘူး။ ငါက ဇာတ်လမ်းတွေဖန်တီးဖို့ပဲ တာဝန်ယူရတာ။ အယူအဆဝါဒပိုင်းကိစ္စတွေက ငါ့တာဝန်မဟုတ်ဘူး"
နတ်မယ်က ကြာပလ္လင်ပေါ်တွင် ပျင်းရိပျင်းတွဲ လဲလျောင်းနေသည်။ ကြောင်တစ်ကောင်လို တစ်ကိုယ်လုံး ကွေးလိုက်ကောက်လိုက်လုပ်နေသည်။
ယခု လုယန်၏သိစိတ်နယ်မြေက ရွှေရောင်အုတ်ကြွပ်များနှင့် ကျယ်ပြန့်သည့်မဟာဝီရခန်းမအဖြစ် ပြောင်းသွားပြီဖြစ်သည်။ တံစက်မြိတ်များကို ကွင်းပုံသဏ္ဍာန် တန်ဆာဆင်ထားသည်။ ပြတင်းပေါက်များက အဝိုင်းပုံရှိသည်။
မဟာဝီရခန်းမမှ အမွှေးနံ့သာများက နာမည်ကျော်သည်။ ပူဇော်ထားသည့်အရာက ဗုဒ္ဓဝါဒတည်ထောင်သူ ထာဝရနတ်မယ်၏ မူလပုံစံနှင့် သူ့ကြာပလ္လင်ဖြစ်သည်။
တည်ထောင်သူဖြစ်၍ ယခုလက်ရှိ ဗုဒ္ဓကိုယ်တော်အားလုံး သူ့တပည့်များဖြစ်သည်။
ယခု တပည့်တစ်ယောက်တွေ့နေရသဖြင့် မြင်ကွင်းအပြောင်းအလဲဖြစ်အောင် သိစိတ်နယ်မြေကို တန်ဆာဆင်လိုက်ခြင်းဖြစ်သည်။
"ဒါဆို အယူဝါဒဆိုင်ရာကိစ္စတွေကို ဘယ်သူတာဝန်ယူတာလဲ"
"ငါကလွဲလို့ ကျန်တဲ့လူအားလုံးပေါ့"
"..."
"ကျုပ်မေးချင်တယ်၊ အကိုရှီချန်း ဘယ်လိုနည်းလမ်းသုံးပြီး ငွေရှာမှာလဲ"
မှောင်ခိုဈေးအကြောင်း တိုင်ချက်ဖွင့်မည့် ရှီချန်းစိတ်ကူးကို သိပြီးဖြစ်၍ သူငွေရှာနိုင်သည့်စွမ်းရည်နှင့်ပတ်သက်ပြီး လုယန်အတော်သံသယဖြစ်မိသည်။
"ဘာသာရေးဝန်ဆောင်မှုတွေလုပ်တာပေါ့"
"ဪ ဟုတ်သား။ အကိုက ဘုန်းကြီးပဲ"
ရှီချန်းသည် စွန်စီးဘုံကျောင်းတပည့်ဖြစ်ကြောင်း လုယန်ပြန်သတိရလာသည်။
ရှီချန်းက လုယန်ကို နားမလည်ဟန်ဖြင့်ကြည့်သည်။ ထို့နောက် သူ့ဘုန်းကြီးဝတ်စုံကို ပြန်ငုံ့ကြည့်သည်။
သူ့ဝတ်ရုံ၊ သူ့လုပ်နည်းလုပ်ဟန် အားလုံးက ဘုန်းကြီးဖြစ်ကြောင်း မှားနိုင်စရာမရှိဟုထင်သည်။
"ဒါဆို ကိုယ်တော်ဒီတစ်ညအနားယူပြီး မနက်ဖြန်မနက်မှ အကိုတို့နဲ့ဒီမှာတွေ့မယ်လေ"
"နေပါဦး...ကိုယ်တော့်မှာ ငွေရောရှိလို့လား။ ဘယ်မှာသွားနေမှာလဲ"
အမြဲအလျင်စလိုနိုင်ပြီး ထွက်သွားရန်ပြင်နေသည့်ရှီချန်းကို လုယန် လှမ်းဆွဲသည်။
အစောပိုင်းကပင် ရှီချန်း ငွေမရှိသဖြင့် မုန်ကျင်းကျိုး၏သွေးကိုပင် မဝယ်နိုင်။ ဆောင်ကြာမြိုင်ကိုသွားပြီးနောက် သူ့ထံတွင် ငွေကျန်တော့မည်မထင်။
လုယန်အတင်းမေးသဖြင့် ရှီချန်းက ရှင်းပြသည်။
"ကိုယ်တော့်မှာ ငွေမရှိဘူး။ ဒါပေမယ့် ခရီးလှည့်လည်နေသူအတွက် လောကကြီးဟာ ကျုပ်အိမ်ပါပဲ။
ကျုပ်ခုံးတံတားတစ်ခု တွေ့ထားတယ်။ လေကိုမကာကွယ်နိုင်ပေမယ့် မိုးကိုတော့ကာကွယ်နိုင်ပါတယ်။
ဒီည လေရေမိုးရောမရှိဘူး။ ဒီတော့ နေထိုင်ဖို့ အဆင်ပြေပါတယ်"
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
မသေမျိုးဂိုဏ်းတပည့်တစ်ယောက်ဖြစ်ပြီး ကျုပ်တို့က တည်းခိုခန်းမှာနေမယ်။ ခင်ဗျားက တံတားအောက်မှာနေမယ်ပေါ့...ဒီအကြောင်း သတင်းပျံသွားရင် ဘယ်လိုများနေမလဲ...
"ကျုပ်တို့နှစ်ယောက် ဒီညငွေအတော်ရထားတယ်။ လောင်မုန်က ခင်ဗျားကို တည်းခိုခန်းမှာ ထားမှာပါ"
မုန်ကျင်းကျိုး လုယန်ကို ဒေါသဖြင့်စိုက်ကြည့်သည်။
မင်းကျတော့ လူကောင်းနေရာက သရုပ်ဆောင်ပြီး ငွေကျတော့ ငါကပေးရမယ်ပေါ့။
လုယန်က မုန်ကျင်းကျိုးကို နှစ်သိမ့်သည်။
"ငါကမင်းကို ကောင်းမှုကုသိုလ်ပြုနိုင်ဖို့ ကူညီပေးနေတာပါ။ စဉ်းစားကြည့်လေ၊ ရှီချန်းဆိုတာ ဘယ်သူလဲ။ စွန်စီးဘုံကျောင်းက အဆင့်မြင့်ဘုန်းကြီးတစ်ယောက်ပါ။
မင်းက မကောင်းတာတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ ဒီတော့ အဆင့်မြင့်ဘုန်းကြီးတစ်ယောက်ကို နေစရာတစ်ခုလှူလိုက်တာဟာ တကယ့်ကုသိုလ်ထူးကြီးပေါ့။
မင်းဝိညာဉ်ကျောက်တွေ ငါ့ကိုခွဲပေးတဲ့ကျေးဇူးကြောင့် ငါကလည်းမင်းကို ကုသိုလ်ပြုခွင့်ပေးနေတာပါ"
"တော်စမ်း တော်စမ်း တော်စမ်းကွာ"
လုယန်ကစားကွက်ကို မုန်ကျင်းကျိုးမယုံ။ သို့သော် တည်းခိုခန်းတွင်နေခြင်းသည် ဝိညာဉ်ကျောက်သိပ်မကုန်ပါ။
သူအကုန်အကျခံရမည်ဆိုလျှင်လည်း ပေးလိုက်ရုံသာဖြစ်သည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကျုပ်က ဗုဒ္ဓဘာသာရေးပွဲတွေကို တစ်ခါမှမမြင်ဖူးဘူး။ ဒီတော့ ရက်ပိုင်းလောက်ဆက်နေပြီ အကိုရှီချန်း ဘယ်လိုလုပ်သလဲဆိုတာ ကြည့်ချင်တယ်"
"ဒါဆိုရင်လည်း အကိုတော်နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်"
ထိုနှစ်ယောက် မြို့ထဲတါင် ဆက်နေမည်ဟု သိရသဖြင့် ရှီချန်းတကယ်ပျော်သည်။ သူတို့ထံမှ လက်သီးသိုင်းနှစ်ခုကို သင်ယူခွင့်ရနိုင်သည်။ အကိုမုန်ထံမှ စိတ်ဆန္ဒထိန်းချုပ်နည်းများလည်း လေ့လာနိုင်သည်။
သာမန်တစ်ကိုယ်တော်ဝိညာဉ်မြစ်တို့၏သွေးသည် ထိုအာနိသင်မျိုးမရှိ။
အကိုမုန်သည် သူ့ကိုယ်သူအဆုံးစွန်ထိဖိအားပေးခဲ့သဖြင့် ဤယန်အားတိုးသွေးမျိုး ဖန်တီးနိုင်ခဲ့ခြင်းဖြစ်မည်။
သူက သွေးစက်နှစ်ဆယ်ကိုပင် ခံနိုင်ရည်မရှိ။
ထိုသွေးများပြည့်နေသည့် အကိုမုန်လိုခန္ဓာပိုင်ရှင်က ဘယ်လိုသည်းခံထိန်းချုပ်နိုင်သည်ကို သူစဉ်းစားမရ။
တည်းခိုခန်းတွင်နေရမည်ကိုတွေးရင်း မနှစ်မြို့စရာအဖြစ်အပျက်များ မုန်ကျင်းကျိုးခေါင်းထဲ ပေါ်လာပြန်သည်။
"ငါတို့ တည်းခိုခန်းသုံးခုမှာ နေခဲ့တယ်။ သုံးခုလုံး ပြဿနာတွေနဲ့တိုးခဲ့တယ်။ လေးကြိမ်မြောက်တော့ ပြဿနာရှိတော့မယ်မထင်ပါဘူး"
လုယန် ကိုယ့်ကံကြမ္မာကိုယ် အမြဲတမ်းယုံကြည်သည်။
"မဟုတ်ဘူး။ ငါတို့ကြုံတွေ့ခဲ့တာတွေ စဉ်းစားကြည့်ပါ။ စုစည်းခြင်းအဆင့်၊ ကူးဖြတ်ခြင်းအဆင့်၊ မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲတွေ ငါတို့ဘယ်နှစ်ကြိမ်ကြုံခဲ့လဲ။ အမြဲတမ်းလည်း အကောင်းပကတိ ထွက်လာနိုင်ခဲ့တာပဲလေ။
ဒါဟာ ငါတို့ကံကောင်းတယ်ဆိုတဲ့ လက္ခဏာပဲ"
မုန်ကျင်းကျိုး "..."
ငါတို့ဘာလို့ ဒီလိုအဆင့်မြင့်စွမ်းအားရှင်တွေနဲ့ချည်း အမြဲတိုးနေရလဲဆိုတာ မင်းအရင်စဉ်းစားသင့်တာမဟုတ်လား....
ကျင့်ကြံသူများအတွက်ဖွင့်ထားသည့် တည်းခိုခန်းတစ်ခု သူတို့တွေ့သည်။ ကျင့်ကြံမှုအတွက် အထောက်အကူပြုစေရန် အထဲတွင် ဝိညာဉ်စွမ်းအင်စုမှော်စက်ဝန်းတစ်ခုရှိသည်။
လုယန်တို့နှစ်ယောက်သာဆိုလျှင် ဘယ်နေရာမဆို ရွေးချယ်နိုင်သည်။ ပါးစပ်ဖွင့်ပြီး 'ကောင်းကင်မျို'ပညာသုံးနိုင်သည်။ စွမ်းအင်စုမှော်စက်ဝန်းထက်ပင် ပိုကောင်းသည်။
သို့သော် ရှီချန်းပါလာသဖြင့် ထိုတည်းခိုခန်းသာရွေးရသည်။
"ဆိုင်ရှင်၊ အဆင့်တစ်အခန်း သုံးခန်း"
ငွေတွန့်တိုလေ့မရှိသည့် မုန်ကျင်းကျိုးက သုံးခန်းလုံးအတွက် ပေးလိုက်သည်။
တည်းခိုခန်းပိုင်ရှင်က ယောက်ျားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် တူတစ်ယောက် အမွေကိစ္စတိုက်ခိုက်သည့်အဖြစ်မျိုး မကြုံနိုင်လောက်။
အဆင့်တစ်အခန်းများကလည်း များစွာလပ်နေသည်။ အခန်းလုရင်းတိုက်ခိုက်သည့်အဖြစ်မျိုးလည်း ကြုံစရာမရှိ။
သုံးယောက်သား အေးအေးလူလူ ကိုယ့်အခန်းကိုယ် သွားကြသည်။
လုယန် အခန်းတံခါးဖွင့်လိုက်သည်။ အထဲတွင် ရှုပ်ပွနေသည်ကိုမြင်ရသည်။
အဝတ်ဗီရိုနှင့်စားပွဲ ပြောင်းပြန်လန်နေသည်။ ပြတင်းပေါက်များ ပွင့်နေသည်။ လေအေးများဝင်နေသည်။ ကုတင်ပေါ်တါင် ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် လုံးထွေးသတ်ပုတ်နေကြသည်။
ယောက်ျားက ဝတ်ရုံနက်ဝတ်၍ ဓားမြှောင်တစ်လက်ကိုင်ထားသည်။ သူ့မျက်လုံးတွင် လူသတ်ရိပ်ပြည့်နေသည်။
မိန်းကလေး၏ အဝတ်အစားများက ဖရိုဖရဲဖြစ်နေသည်။ အတင်းရုန်းကန်နေသည်။ သူ့လည်ပင်းမှသွေးစက ဓားမြှောင်ပေါ်မှသွေးနှင့် ထပ်တူဖြစ်သည်။
အခန်းက အသံလုံမှော်စက်ဝန်းကာထားသဖြင့် အသံဗလံများက အပြင်သို့မထွက်။
မိန်းကလေးက အသက်လုရုန်းကန်နေရင်း လုယန်ကို မျှော်လင့်တကြီးကြည့်သည်။
လုယန် အခန်းပြင်ပြန်ထွက်ပြီး အခန်းနံပတ်ကိုကြည့်သည်။
အခန်းမှားနေသည်။
*******************************