လုပ်ကြံသူ
Vol. 44 Ch. 654
"အင်း...မင်းအခုသူ့ကိုလွှတ်ပေးပြီး အစိုးရရုံးမှာ ကိုယ့်ဘာသာသွားအဖမ်းခံမယ်ဆိုရင် မင်းကိုယ်မင်း ပြုပြင်ပြောင်းလဲချင်စိတ်ရှိတယ်လို့ သတ်မှတ်နိုင်သေးတယ်"
လုယန် အခန်းထဲပြန်ဝင်ပြီး လူသတ်သမားကို စိတ်ပါလက်ပါ အကြံပေးသည်။
မိန်းကလေးနှင့် ဘေးချင်းကပ်လျက်အခန်းတွင် နေခဲ့သည်မှာသေချာသည်။ လူသတ်သမားက ပြတင်းပေါ်မှ ကျော်ဝင်ပြီး သတ်ဖို့ကြံစဉ် လုယန်နှင့်တိုးခြင်းဖြစ်သည်။
"မင်းလည်းသေရမယ်"
လုယန်ပြန်ဝင်လာသည်ကိုမြင်သဖြင့် ဓားမြှောင်ကိုင်ထားသည့် ဝတ်ရုံနက်မျက်လုံးတွင် အေးစိမ့်သည့်အလင်းတစ်ခု ဖြတ်သန်းသွားသည်။ လုယန်က သူ့ကို ကြမ်းပြင်ပေါ် ရိုက်ချသည်။
"မင်းက ပြန်ပြုပြင်ချင်စိတ်လည်း မရှိလောက်ဘူးထင်ပါတယ်"
လုယန် လက်တစ်ဘက်ဖြင့် ဝတ်ရုံနက်ကို ချုပ်ထားသည်။ သူ့စကားသံက တည်ငြိမ်သည်။
ဝတ်ရုံနက် မယုံနိုင်အောင်ဖြစ်နေသည်။ လုယန်လှုပ်ရှားမှုကို သေချာပင်မမြင်လိုက်ရ။ သူရှုံးသွားသည်။
"အခြေတည်အဆင့်လား..."
သူ့လို ချီနဝမအဆင့် လုပ်ကြံပေးသမားက ချက်ချင်းရှုံးသွားသည်။ ပြိုင်ဘက်သည် အခြေတည်အဆင့်သာဖြစ်ရမည်။
ဤအခြေအနေတွင် သတ်သေဖို့သာ သူရွေးချယ်ရတော့သည်။
လုယန်က သူ့ခေါင်းကိုချုပ်ထားပြီး ရှေ့သွားနှစ်ချောင်းကိုချိုးပစ်သည်။ ထိုသွားထဲတွင် အဆိပ်အိတ်ပါသည်။ ထို့နောက် ကြမ်းပြင်မှ အဝတ်စကိုကောက်၍ ပါးစပ်ထဲ ထိုးထည့်သည်။ ကိုယ့်လျှာကိုယ်ကိုက်ပြီး သတ်မသေနိုင်ဖို့ဖြစ်သည်။
ခန္ဓာကိုယ်ပေါ်မှ သွေးကြောများကိုပိတ်၍ မလှုပ်နိုင်အောင်လုပ်သည်။
ဝတ်ရုံနက် စိတ်ဓာတ်ကျသွားသည်။
မဖိတ်ခေါ်ဘဲရောက်လာသည့် ထိုဧည့်သည်သည် ဘယ်သူမှန်းမသိ။ သူ့ပစ်မှတ်၏ သက်တော်စောင့်မျးလား...
သတ်မသေနိုင်အောင်တားဆီးသည့် နည်းလမ်းများကို ဘာကြောင့်ထိုမျှကျွမ်းကျင်နေသနည်း။
သို့သော် သူ့ဓားပေါ်တွင် ဖြေးဖြေးချင်းအာနိသင်ပြသည့် အဆိပ်တစ်မျိုးသုတ်ထားသည်ကို ထိုလူမသိသေး။
အာနိသင်မပြချိန်တွင် ဘယ်သူမှမသိနိုင်။ အာနိသင်ပြသည်နှင့် နတ်ဘုရားပင်ကယ်နိုင်မည်မဟုတ်။
ပစ်မှတ်ကို ဓားထိခဲ့ပြီးဖြစ်သည်။ ဤလောကတွင် ကြာကြာနေရမည်မဟုတ်တော့။
အဆိပ်အကြောင်းသိသွားလျှင်လည်း အကျိုးမထူးနိုင်တော့။ သူ့အဆိပ်သည် ရှားပါးအဆိပ်ဖြစ်သည်။ သူ့အတွက်ပင် ဖြေဆေးမရှိ။
လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ ဆေးတစ်လုံးထုတ်၍ မီန်းကလေးကို ပေးလိုက်သည်။ မိန်းကလေးက ကြောက်စိတ်မပြေသေး။
"မင်းအဆိပ်မိနေပြီ။ ဓားမြှောင်မှာ သရဲစိမ်းဝိညာဉ်ချုပ်လို့ခေါ်တဲ့ အဆိပ်သုတ်ထားတယ်။ သုံးရက်အတွင်း အဆိပ်လက္ခဏာပြလိမ့်မယ်။ အဲဒီ့နောက်မှာ သရဲစိမ်းက မင်းဝိညာဉ်ကိုယူမယ်။ ဒါဆိုပွဲသိမ်းသွားပြီ။
ဒါက သိပ်ရှားပါးတဲ့အဆိပ်မျိုးမဟုတ်ဘူး။ ငါ့ရဲ့ အဆိပ်ဖြေဆေးက ကုသပေးနိုင်ပါတယ်"
ထိုအရာများသည် ဆေးအိုးတောင်ထိပ်မှ အကြွင်းအကျန်အဆိပ်ဆေးများဖြစ်သည်။
"အဲ...ကျေးဇူးတင်ပါတယ်ရှင်"
မိန်းကလေးက ကြောင်တက်တက်မျက်နှာဖြင့် ဆေးလုံးကိုယူသည်။ အေးမြလန်းဆန်းမှုကို ခံစားရသည်။ သူ့စိတ်ကို အနည်းငယ်ငြိမ်းချမ်းသွားစေသည်။
စိတ်တည်ငြိမ်လာပြီးနောက် လုယန်ကို ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်သည်။
"ကျေးဇူးပါရှင်၊ ကျွန်မနာမည်..."
"တော်တော့၊ မင်းနာမည်တွေ မင်းဘယ်ကလာလဲဆိူတာတွေ မင်းနောက်ခံတွေ ဘာကြောင့်လူသတ်သမားက မင်းနောက်လိုက်လာလဲဆိုတာတွေ ငါ့ကိုမပြောနဲ့။
ငါကဟိုဘက်ခန်းက ဧည့်သည်တစ်ယောက်ပါပဲ။ ငါဘာမှမသိဘူး။ မင်းမှာကျင့်စဉ်စွမ်းအားရှိတာသိတယ်။ လူသတ်သမားရဲ့ ကျင့်စဉ်စွမ်းအားကို ငါပိတ်ဆို့ထားတယ်။
ဒီတော့ မင်းကိုယ်တိုင် အရာရှိတွေဆီ သွားပို့လို့ရပြီ"
လုယန်က အတွေ့အကြုံရင့်နေသည့်လေသံဖြင့် မိန်းကလေးစကားကို ကြားဖြတ်ပြောသည်။
ကျင့်ကြံသူလောကတွင် နှစ်အတော်ကြာလှည့်လည်ခဲ့သူဖြစ်၍ ပြဿနာမျိုးစုံကြုံဖူးပြီးဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုမိန်းကလေးသည် တကယ့်အရှုပ်ထုပ်မှန်းသိသည်။ ပြဿနာမျိုးစုံရှိနေပုံရသည်။
"ဟားဟား...လောင်လု၊ ဒီဘက်က ဆူဆူညံညံတွေကြားတယ်။ မင်းအခန်းထဲမှာ တစ်ခုခုဖြစ်နေတာ ငါသိတယ်ကွ"
လုယန်နောက်ဘက်မှ မုန်ကျင်းကျိုး၏ ဟားတိုက်ရယ်မောသံပေါ်လာသည်။
မုန်ကျင်းကျိုး အခန်းထဲဝင်လာသည်။ သူ့အပြုံးများ ရပ်တန့်သွားသည်။
အခန်းထဲမှအခြေအနေက ရှင်းလင်းသည်။ တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်သည်။
ဘာကြောင့် ထိုသကောင့်သားက နောက်တစ်ကြိမ်သူရဲကောင်းဖြစ်ရပြန်သည်မသိ။
"မိန်းကလေး၊ မင်းပြဿနာကြုံလို့လား။ တစ်ယောက်ယောက်က မင်းကိုသတ်ဖို့ကြိုးစားခဲ့တာလား"
လုယန် ဝင်ပြောရန်ပြင်သည်။ သို့သော် မိန်းကလေးက သူ့ကိုယ်သူမိတ်ဆက်သည်။
"ကျွန်မနာမည်ဖူလင်းပါ။ ဒီမြို့ဘေးက ရွှမ်မြို့တော်က လာတာပါ။ ကျွန်မမိသားစုက အထည်အထိပ်လုပ်ငန်းလုပ်ပါတယ်။ ဒီကိုလာတာ မိသားစုလုပ်ငန်း ချဲ့ထွင်ဖို့ အခြေအနေလာကြည့်တာပါ။
ကလေးဘဝကတည်းက စီးပွားရေးလုပ်ငန်းပိုင်းမှာ ကျွန်မက ပါရမီပါပါတယ်။ အဖေကလည်း ကျွန်မကို မိသားစုစီးပွားရေးတစ်ခုလုံးလွှဲပေးဖို့ မကြာခဏစဉ်းစားတယ်။ ဒါကို ကျွန်မမိထွေးက သဘောမတူပါဘူး။
မိသားစုစီးပွားရေးကို သူ့သားပဲအမွေခံသင့်တယ်လို့ မိထွေးကယူဆယ်။ ဒါကြောင့် ကျွန်မကို အမြဲတမ်း အနှောက်အယှက်ပေးတယ်။ ဒါပေမယ့် ကံကောင်းထောက်မလို့ ဒီအခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
ဒီလူသတ်သမားကို ကျွန်မမိထွေးကလွှတ်လိုက်တာဖြစ်မယ်။ ကျွန်မကို အသက်ဘေးလွတ်အောင်ကယ်ခဲ့တဲ့အတွက် သခင်လေးကိုကျေးဇူးတင်ပါတယ်"
လုယန် ခေါင်းကိုဖြေးညှင်းစွာခါယမ်းသည်။
"ဒီလူသတ်သမားကို မင်းမိထွေးလွှတ်လိုက်တာ မဖြစ်နိုင်ဘူး"
ဖူလင်းအံ့ဩသွားသည်း။ နားလည်းမလည်။
"သခင်လေးဘာလို့အဲလိုပြောနိုင်တာလဲ"
"မင်းက မိသားစုစီးပွားရေးချဲ့ထွင်ဖို့ ဒီကိုလာတာလေ။ အနည်းဆုံးတော့ ဒီမြို့မှာ ကုန်စည်လမ်းကြောင်းတွေချနိုင်တဲ့ထိစောင့်ပြီးမှ မင်းကိုရှင်းပစ်မှာပေါ့။
အခုလောလောဆယ် မင်းကိုသတ်လိုက်ရင် ဒီကစီးပွားရေးအခွင့်အလမ်းတွေကို လွှင့်ပစ်တာနဲ့အတူတူပဲ"
ဖြစ်နိုင်သည်ဟု ဖူလင်းယူဆသည်။
"မှောင်ခိုဈေးကို ကျွန်မသွားခဲ့လို့များလား"
"ဘာကိုပြောချင်တာလဲ"
"မှောင်ခိုဈေးတစ်ခုရှိတယ်။ ဒီကနေဆိုသိပ်မဝေးပါဘူး။ ဒီနေ့ည အဲဒီကိုကျွန်မသွားခဲ့တယ်။ နှစ်နှစ်ဆယ်သက်တမ်းရှိတဲ့မှိုတစ်မျိုးတွေ့တယ်။ ကြည့်ရတာအတော်လေးလှလို့ ကျွန်မဝယ်ခဲ့တယ်။
ကျွန်မဝယ်ခဲ့တာက မှိုမဟုတ်ဘဲ တစ်ခြားတစ်ခုခုများဖြစ်နေမလား"
"ကျုပ်ကိုပြလို့ရမလား"
အသက်သခင်ဖြစ်၍ လုယန်မရိုးမသားစိတ်မရှိကြောင်း ဖူလင်းယုံကြည်သည်။ သူဝယ်လာသည့်မှိုကို ထုတ်လိုက်သည်။
မှိုက လက်ဝါးအရွယ် နီညိုရောင်ရှိသည်။ မှိုပွင့်ပေါ်တွင် ရွှေရာင်စက်ကွင်းသဏ္ဍာန်များပါသည်။
"မိန်းကလေးပြောတာ တစ်ဝက်ပဲမှန်တယ်။ ဒါက မှိုတော့မှိုပဲ။ ရိုးရိုးမှိုမဟုတ်ဘူး။ နှစ်သုံးရာသက်တမ်းရှိတဲ့ မိုးကြိုးဖြတ်ကျော်ခြင်းမှိုပါ။ မိုးကြိုးဒဏ်ခံခဲ့ရပြီး ဆက်ရှင်သန်နေတဲ့မှိုပေါ့။
သာမန်နှစ်သုံးရာမှိုနဲ့ အသွင်အပြင်အတော်လေး ကွဲပြားပါတယ်။ မိန်းကလေးက အတော်ကံကောင်းပုံပဲ"
ဆေးဘုရင်လေးများ၏ မိတ်ဆွေဖြစ်၍ အပင်အတော်များများအကြောင်း လုယန်လေ့လာခဲ့ဖူးသည်။
"ဒါပေမယ့် ဒါကလည်း လူသတ်ရတဲ့ အကြောင်းရင်းမဟုတ်ဘူး"
"ဒါဆိုဘာကြောင့်လဲ"
ဖူလင်း နားမလည်ပြန်။
"လူသတ်သမားရဲ့ ရှေ့သွားထဲမှာ အဆိပ်ဝှက်ထားတယ်။ ကျွမ်းကျင်တဲ့လုပ်ကြံရေးသမားဆိုတာ သေချာတယ်။ လောဘကြောင့် လူသတ်တာမဟုတ်ဘူး။
ပြတင်းပေါက်ကနေဝင်ပြီး မင်းအသက်ကိုယူဖို့ကြိုးစားခဲ့တာ"
ခဏတွေးပြီးနောက် ဖူလင်းကပြောသည်။
"ကျွန်မကိုကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူက အတော်ထူးချွန်တယ်။ ဂိုဏ်းတစ်ခုရဲ့ မိန်းကလေးတပည့်တစ်ယောက်က သူ့ကိုသဘောကျတယ်။ ဒါပေမယ့် သူငြင်းလိုက်တယ်။
အဲဒီမိန်းကလေးကို အရမ်းတော်ပါတယ်လို့သူပြောတယ်။ ကျွန်မကိုသာ အရင်မတွေ့ခဲ့ရင် သူ့ကိုကြိုက်မိမှာပါလို့ ပြောလိုက်တယ်တဲ့။ ဒီမိန်းကလေးက ကျွန်မကိုသတ်ဖို့ ကြေးစားလွှတ်လိုက်တာလည်းဖြစ်နိုင်တယ်"
လုယန်စဉ်စားသည်။ ဖြစ်နိုင်ခြေရှိသည်။ ထိုကောက်ချက်တွင် ဟာကွက်ရှာမတွေ့။
"အဲဒီ့မိန်းကလေးက ဘယ်ဂိုဏ်းကလဲ"
လူသတ်သမားက ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေပြီး ပါးစပ်ကိုအဝတ်ဆို့ခံထားရသဖြင့် စကားတစ်ခွန်းမှမပြောနိုင်။
ဖူလင်းနှင့်လုယန်တို့ သုံးသပ်ချက်များကို နားထောင်နေရင်း နောက်ဆုံးတွင် အဝတ်စကိုထွေးထုတ်လိုက်သည်။
"ဒါဆို..အင်း...ကျုပ်တစ်ခုပြောလို့ရမလား"
သုံးယောက်လုံး လူသတ်သမားကို ပြိုင်တူလှည့်ကြည့်ကြသည်။
သူတို့အကြည့်ကြောင့် မလုံမလဲလေသံဖြင့် လူသတ်သမားဆက်ပြောသည်။
"နာမည်က ဖူလင်းတား။ ဒီကိစ္စအတွက်တောင်းပန်ပါတယ်။ ကျုပ်ခင်ဗျားကို တစ်ခြားတစ်ယောက်နဲ့ လူမှားသွားတာပါ။
ကျုပ်ပစ်မှတ်က မျက်နှာချင်းဆိုင်အခန်းထဲမှာ။ သူ့နာမည်က ဒေါင်းတဲ့"
ဖူလင်း "..."
လုယန် "..."
လူသတ်သမားစကားကြောင့် မုန်ကျင်းကျိုး အဖြေသိလာဟန်ရှိသည်။
"ဪ...နားလည်ပြီ"
လုယန် အူကြောင်ကြောင်ဖြစ်သွားသည်။
"မင်းကဘာကိုနားလည်တာလဲ"
"ငါ့အခန်းထဲမှာ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် တွေ့တယ်။ သူက ပုန်းနေတာ။ ဒါပေမယ့် ငါမြင်တာပေါ့။
ငါ့သူ့ကိုဖမ်းချုပ်ပြီးစစ်မေးတော့ မှိုပွင့်တစ်ခုလာခိုးတာပါလို့ပြောတယ်"
ထိုစဉ် ရှီချန်းလည်း ဝင်လာသည်။
"ဟား..၊ ကျုပ်က အကိုတို့အခန်းကိုလာတာ။ ဘာလို့နှစ်ယောက်လုံး ဒီထဲရောက်နေကြတာလဲ"
"ဘာကိစ္စရှိလို့လဲ"
"ဒီလိုပါ၊ ကော်ရစ်ဒါမှာ ဒေါင်းဆိုတဲ့ မိန်းကလေးတစ်ယောက်တွေ့လာလို့ပါ။ သူ့ကိုလူသတ်သမားတစ်ယောက်က သတ်ဖို့ကြိုးစားနေတယ်တဲ့။
ကျုပ်ကကျင့်ကြံသူမှန်းသိတော့ ကာကွယ်ပေးဖို့ တောင်းဆိုနေတယ်။ အကိုတို့သဘောထားကိုမေးချင်လို့ပါ"
*********************************