← Chapters

ကိုယ့်အားကိုယ်ကိုး

Vol. 44 Ch. 655

ကိုယ့်အားကိုယ်ကိုး

Vol. 44 Ch. 655

ကာကွယ်ပေးဖို့တောင်းဆိုသည့် ဒကာမတစ်ယောက်ကို ရှီချန်းပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ ကိုယ်တော်တစ်ယောက်အနေဖြင့် မေတ္တာတရားလက်ကိုင်ထားခြင်းနှင့် တစ်ခြားသူများကိုကာကွယ်ပေးခြင်းသည် ရှောင်လွှဲမရသည့်တာဝန်သာဖြစ်သည်။

သူလက်ခံပါသည်။ သို့သော် ကာကွယ်ဖို့အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုများလုပ်ရမည် ဘာကိုသတိထားရမည် သူလုံးဝမသိ။

ကျင့်ကြံသူလောကတွင် နှစ်အတော်ကြာလှည့်လည်ခဲ့သည့် သူ့အကို‌တော်နှစ်ယောက်က သူ့လို နေ့တိုင်းဝက်သတ်နေသူတစ်ယောက်ထက် ပိုအတွေ့အကြုံရှိမည်ဟုယူဆသဖြင့် လာမေးခြင်းဖြစ်သည်။

လုယန် လူသတ်သမားကို တစ်ချက်ငုံ့ကြည့်သည်။ ယခု ဘာမှမေးမြန်းစရာမရှိတော့။

မုန်ကျင်းကျိုးက မိန်းမလှကယ်ခဲ့သည့် ဟီးရိုးလုယန်နှင့် မိန်းမလှကာကွယ်သူရှီချန်းကို တစ်လှည့်စီကြည့်သည်။

ဘာကြောင့် သူ့ကျမှ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်နှင့် ကြုံသည်မသိ။

ဖြစ်နိုင်လျှင် သူလည်းမိန်းမလှကယ်ချင်သည်။ ဟီးရိုးလုပ်ချင်သည်။

ကူးဖြတ်ခြင်းအဆင်ကျင့်ကြံသူက အခန်းမှားဝင်ခဲ့ခြင်းမဟုတ်။ ညအမှောင်လည်းစိုးမိုးလာပြီး အခန်းလွတ်လည်းဖြစ်နေ၍ ဝင်ပုန်းခြင်းဖြစ်သည်။

ဖူလင်းအိပ်ပျော်ချိန်ရောက်မှ မိုးကြိုးမှိုကို ခိုးဖိုကြံရွယ်ထားခဲ့သည်။

ညာဉ့်နက်ပိုင်းရောက်မှ အခန်းငှားသူများ ရောက်လာမည်ဟုမထင်ခဲ့။

မုန်ကျင်းကျိုးလိုပင် ကံဆိုးသူများဟု ပြောရတော့မည်။

ရှီချန်းက ဖူလင်းကို ရုတ်တရက်သတိထားမိသွားပြီး ဇဝေဇဝါဖြစ်နေသည်။

"ဒကာမဒေါင်း၊ ဘာလို့ဒီကိုရောက်နေတာလဲ"

ဟုတ်သည်။ ဟိုဝတ်ရုံနက်သည် လူကောင်းဟုတ်ပုံမရ။

....

မိန်းကလေးဒေါင်းက ရှီချန်းအခန်းထဲတွင် ပုန်းနေပြီး ရှီချန်းပေးထားသည့် ဗုဒ္ဓပုတီးကိုင်ထားသည်။ လူသတ်သမားကို ဖမ်းလိုက်ပြီဟုသိရသဖြင့် ပျော်ရွှင်နေသည်။

အစောပိုင်းက ယနေ့တစ်ညလုံး ကိုယ်တော်ရှီချန်းအခန်းမှာနေဖို့ပင် စဉ်းစားခဲ့သည်။

တကယ့်ဗုဒ္ဓကိုယ်တော်အစစ်ဖြစ်သည်။ လူသတ်သမားကို ချက်ချင်းဖမ်းနိုင်သည်။

"ကျွန်မ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်"

"အော်မီတော်ဖော်၊ ကျုပ်ကိုကျေးဇူးတင်စရာမလိုပါဘူး။ ဒါက ကျုပ်အကိုတော်နှစ်ယောက် ကုသိုလ်ပြုတာပါ။ ကျုပ်က ဒီကိစ္စမှာမပါလိုက်ဘူး"

ဒေါင်းက အလိုက်တသိဖြင့် ရှီချန်းကို မှော်လက်စွပ်တစ်ခု ပေးသည်။

"ဒီထဲမှာ ဝိညာဉ်ကျောက်နည်းနည်းပါပါတယ်။ လက်ခံပေးပါ ကိုယ်တော်"

ရှီချန်း ညင်သာစွာခေါင်းခါသည်။

"ဘုန်းကြီးတွေအနေနဲ့ မေတ္တာစိတ်ကိုမွေးမြူရတယ်။ လူကယ်တယ်ဆိုတာ ကျုပ်ရဲ့မွေးရာပါတာဝန်ပါ။ ငွေ့ကိုဘယ်လက်ခံလို့ဖြစ်မှာလဲ"

"ဒါက ကိုယ်တော့်အတွက်မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့မွှေးတိုင်ရံပုံငွေအတွက် လှူတာပါ"

ရှီချန်း ဆက်ငြင်းသည်။

"ကျုပ်က ဗုဒ္ဓပါ"

"အဲ.."

ရှီချန်းစကားကြောင့် ဒေါင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သို့သော် ရှီချန်းဘာမှဆက်ရှင်းမပြ။ လုယန်ညွှန်ကြားချက်အတိုင်း ဒေါင်းကို ဖူလင်းအခန်းထဲခေါ်လာသည်။

မိန်းကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်၍ စကားပြောနိုင်လောက်အောင် အံ့အားသင့်နေသည်။

လေထုတင်းကြပ်လာသည်။

ဖူလင်းက တိတ်ဆိတ်မှုကိုစဖြိုခွင်းသည်။ သူ့နှုတ်ခမ်းများ အသံများတုန်ရင်နေသည်။ မျက်ရည်များ ပါးနှစ်ဘက်ပေါ် အဆက်မပြတ်စီးကျလာသည်။

"ညီမလေး"

"နင်...နင်ကငါ့အမလား"

"ညီမလေး"

"မမ"

နှစ်ယောက်သားပြေးဖက်၍ ငိုကြသည်။

နှစ်နှစ်အရွယ်တွင် ကွဲကွာခဲ့ပြီး ဆယ့်ရှစ်နှစ်ကျမှ ပြန်ဆုံရသည်။ တကယ့်ဒရာမာအစစ်ဖြစ်သည်။

"ညီမလေး၊ အရင်က ဘယ်နေရာကိုရောက်သွားတာလဲ။ ဘာလို့နင့်ကို ဒေါင်းလို့ခေါ်လာတဲ"

ဒေါင်းက မျက်ရည်သုတ်၍

"ကျွန်မလမ်းပျောက်သွားတဲ့နောက်မှာ ဆရာကကျွန်မကို တွေ့ခဲ့တယ်။ အမတို့ရှိမယ့်နေရာကို သူ့လိုက်ပို့တယ်။ ဒါပေမယ့် အမတို့ကိုရှာမတွေ့တော့ဘူး။ ဒါကြောင့် သူ့သင်တန်းကျောင်းကိုခေါ်သွားပြီး ကျွန်မကို မွေးစားခဲ့တာ။

အဲဒီတုန်းက ကျွန်မငယ်လွန်းသေး‌တော့ ကျွန်မနာမည်ကို မမှတ်မိတော့ဘူး။ ဒါကြောင့်ဆရာက ကျွန်မကို ဒေါင်းလို့ နာမည်ပေးခဲ့တာ"

ကျွမ်းကျင်လုပ်ကြံ‌ရေးသမားတစ်ယောက်က ပစ်မှတ်ချင်းဘာကြောင့်မှားရသည်ကို လုယန် စဉ်းစားမရခဲ့။ ယခုမှ အကြောင်းရင်းပေါ်လာသည်။

ဖူလင်းအခန်းက လူများပြည့်ကြပ်နေသည်။ ဖူလင်း၊ ဒေါင်း၊ လူသတ်သမား၊ မုန်ကျင်းကျိုးခေါ်လာသည့် ကူးဖြတ်ခြင်းအဆင့်လူ၊ လူယန်တို့သုံးယောက်။

လူခုနစ်ယောက်စုနေသည်။

လုယန် အခန်းကို အသံတိတ်ဝေ့ကြည့်သည်။ ပြန်ပေါင်းဆုံစညီအမ၊ မျက်လုံးမကောင်းသည့်လူသတ်သမား၊ သူခိုးကျင့်ကြံသူ။

လောလောဆယ် တည်းခိုခန်းမှာသာ သူနေရလောက်သည်။ သူအခန်းမှားဝင်မိရုံသာဖြစ်သည်။ ဘာကြောင့် မျက်တောင်တစ်ခတ်အတွင်း ထိုကိစ္စအားလုံး ဖြစ်ပျက်သွားသည်မသိ။

ဇာတ်လမ်းအပြည့်အဝနားလည်ပြီးဖြစ်၍ လူသတ်သမားကို ဖူလင်းကိုယ်တိုင် အစိုးရရုံးသို့သွားပို့ခိုင်းဖို့ အားနာသွားသည်။

အကျဉ်းသားနှစ်ယောက်ကိုပို့ရန် သူတို့ငါးယောက် ရယ်မောပြောဆိုလျက် တည်းခိုခန်းမှထွက်ကြရမည်။ ဘယ်လိုကြည့်ကြည့် ထိုမြင်ကွင်းက ကြောင်တက်တက်နိုင်သည်။

"ကဲ...သွားစို့။ သူတို့ကို အစိုးရရုံးတော်ကိုသွားပို့ရအောင်"

လုယန် သက်ပြင်းချသည်။ အဆုံးထိကောင်းမှုကုသိုလ်ပြုပေးဖို့ ဆုံးဖြတ်လိုက်သည်။

ထို့အပြင် သူရှောင်လွှဲ၍လည်းမရ။ သူမလိုက်ချင်လည်း အရာရှိများက သူ့ကို မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးဖို့ လာရှာကြမည်။

သူတို့ခုနစ်ယောက် စကားပြောရင်း တည်းခိုခန်းမှထွက်သည်။ တည်းခိုခန်းပိုင်ရှင် အံ့အားသင့်သွားသည်။ အပေါ်ထပ်တွင် ထိုမျှဧည့်သည်များများရှိသည်ဟု သူမထင်။

လုယန် အကြောင်းစုံရှင်းပြပြီးနောက် တည်းခိုခန်းပိုင်ရှင် ထိတ်လန့်တုန်လှုပ်သွားသည်။

ထိုသူရဲကောင်းသုံးယောက်ရှိနေ၍ တော်သေးသည်။ မဟုတ်လျှင် သူ့တည်းခိုခန်းတွင် လူသတ်မှုဖြစ်မည်။ အကျိုးဆက်ကို သူမတွေးရဲ။ နောက်ပိုင်း သူ့ဆီ ဘယ်သူလာတည်းရဲကြတော့မည်နည်း။

လုယန်တို့သုံးယောက်ကို ကျေးဇူးတင်စကားအထပ်ထပ်ပြောသည်။ သူတို့၏ နေစရိတ် စားစရိတ်များ ပြန်အမ်းသည်။ ကြိုက်သလောက်တည်းခိုခွင့်ပေးသည်။

ဖြစ်သွားသည့်ကိစ္စအတွက် တောင်းပန်သည့်အနေဖြင့် ညီအမနှစ်ယောက်၏ ကုန်ကျစရိတ်ကိုလည်း ပြန်အမ်းသည်။ နေချင်သလောက်နေခွင့်ပေးသည်။

သူတို့ခုနစ်ယောက် သိပ်ကြာကြာမလျှောက်ရသေးမီ ကင်းလှည့်အရာရှိအဖွဲ့နဲ့တွေ့သည်။

အကြောင်းစုံကြားပြီးနောက် ခုနစ်ယောက်လုံးကို ရုံးတော်သို့ခေါ်သွားသည်။ အဖြစ်အပျက်များကို အသေးစိတ်မှတ်တမ်းယူသည်။

နောက်ပိုင်းဖြစ်ရပ်များကတော့ သိပ်မဆန်းပါ။

လူသတ်သမားနှင့် ကူးခြင်းခြင်းအဆင့်သူခိုးတို့ ရုံးတော်သို့လက်လွှဲသည်။ လုယန်တို့သုံးယောက် မျက်မြင်သက်သေအဖြစ် ထွက်ဆိုချက်ပေးသည်။

နောက်ဆုံး သုံးယောက်လုံး သူရဲကောင်းဂုဏ်ပြုတံဆိပ်ရသည်။ ဝိညာဉ်ကျောက်များလည်း ဆုလာဒ်အဖြစ်ပေးသည်။

ဤတစ်ကြိမ်တွင် ရှီချန်းက ဆုကြေးကိုမငြင်း။

ဖြစ်ခဲ့သည့်ပြဿနာများကြောင့် အားလုံး စိတ်ရောကိုယ်ပါပင်ပန်းသွားသည်။ တည်းခိုခန်းသို့ ပြန်နားကြသည်။ ပြန်ဆုံစည်းစညီအမနှစ်ယောက်ကတော့ ပျော်ရွှင်ကြည်နူးနေကြသည်။

တစ်ညကုန်လွန်ပြီးနောက် လုယန်အကြောအချဉ်ဆန့်၍ နိုးလာသည်။ လန်းဆန်းနေသည်။ အားပြည့်နေသည်။

"လောင်မုန်၊ အိပ်ယာထချိန်ရောက်ပြီကွ"

လုယန် တံခါးခေါက်၍ မုန်ကျင်းကျိုးကိုနှိုးသည်။

မုန်ကျင်းကျိုးက မျက်နှာတင်းတင်းဖြင့် တံခါးလာဖွင့်ပြီး လုယန်ကို ရှုသိုးသိုးစိုက်ကြည့်သည်။

လုယန် အရေးမစိုက်။

ရှီချန်းလည်း မနေ့ညကနှင့်မတူဘဲ တက်ကြလန်းဆန်းမှုအပြည့်ဖြင့်နိုးလာသည်။ ကောင်းကောင်းနားခဲ့ရပုံပေါ်သည်။ လုယန်ကို နှုတ်ဆက်သည်။ လုယန်က

"ဒီနေ့ဘာအစီအစဉ်ရှိလဲ။ ဘာသာရေးဝန်ဆောင်မှုလုပ်ဖို့ သွားကြမှာလား"

"အဲလိုတွေးထားတာပဲ"

ရှီချန်းက ပြန်ပြောသည်။

လုယန်က ပြုံးစေ့စေ့မျက်နှာဖြင့်

"မနေ့က ရုံးတော်ကပေးတဲ့ဆုကြေးကိုယူပြီး ဆောင်ကြာမြိုင်မှာ စိတ်သမာဓိသွားလေ့ကျင့်မယ်ထင်ထားတာ"

"အကိုလုက နောက်တာပဲ။ ကုသိုလ်မပြုဘဲနဲ့ ဆုကြေးလက်မခံသင့်ဘူးလေ။ မနေ့ညက ကျုပ်ဘာမှသိပ်မလိုက်ရဘူး။ အကိုတို့ကျေးဇူးကြောင့် ကျုပ်သူရဲကောင်းတံဆိပ်ရခဲ့တာ။

ရုံးတော်ကပေးတဲ့ဝိညာဉ်ကျောက်က ငြင်းဖို့ခက်တယ်။ ဒါကြောင့် ရုံးတော်ကနေ ကျုပ်တို့ဂိုဏ်းကိုလှူတဲ့ငွေလို့ သတ်မှတ်ပြီးလက်ခံလိုက်တာ။ ကိုယ်ရေးကိုယ်တာအတွက် မသုံးသင့်ဘူး"

"ငါ့ဆီက ဝိညာဉ်ကျောက်နည်းနည်းယူမလား"

မုန်ကျင်းကျိုးက ရယ်၍ပြောသည်။

ရှီချန်း ခေါင်းခါသည်။

"အကိုမုန်ဆီက ဝိညာဉ်ကျောက်နဲ့ ဆောင်ကြာမြိုင်ကိုသွားရင် ကျုပ်သွားတယ်လို့ သတ်မှတ်လို့မရတော့ဘူးလေ။ အကိုမုန်သွားတာပဲဖြစ်မှာပေါ့။

ဒီလိုဆို ကျုပ်ဘာသာလေ့ကျင့်ချင်တဲ့ ရည်ရွယ်ချက် ဘယ်အောင်မြင်တော့မလဲ။ ဆရာတော်က ကိုယ့်အားကိုယ်ကိုးရမယ်လို့ ကျုပ်ကိုသင်ခဲ့တယ်။

ဆောင်ကြာမြိုင်ကိုသွားဖို့သုံးမယ့် ဝိညာဉ်ကျောက်တွေကို ကိုယ့်အစွမ်းအစနဲ့ပဲ ရှာမယ်"

****************************

All Chapters