← Chapters

ကောင်းမှုပြု၍ ကုသိုလ်စုခြင်း

Vol. 44 Ch. 656

ကောင်းမှုပြု၍ ကုသိုလ်စုခြင်း

Vol. 44 Ch. 656

"ဒါဆို ဘယ်လိုငွေရှာမှာလဲ။ တစ်အိမ်ဝင်တစ်အိမ်ထွက် အလှူခံမှာလား"

ရှီချန်း ခေါင်းခါပြီး သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ဆိုင်းဘုတ်အလံတစ်ခုထုတ်လိုက်သည်။ အလံပေါ်တွင် ဝန်ဆောင်မှုမျိုးစုံ ဖော်ပြထားသည်။ သရဲနှင်ခြင်း၊ ကလေးရဖို့ဆုတောင်းပေးခြင်း၊ ရောဂါကုပေးခြင်း စသဖြင့် အားလုံးရှိသည်။ အတော်ရှင်းလင်းပြည့်စုံသည်။

အလံနောက်ဘက်တွင် "ဈေးနှုန်းညှိနှိုင်းနိုင်သည်"ဟုရေးထားသည်။

သူတို့သုံးယောက် မြို့တော်၏ အစည်ကားဆုံးနေရာတစ်ခုသို့ရောက်လာသည်။ ရှီချန်း နေရာငှားခ ငွေပေးသည်။ နေရာလွတ်တစ်ခုရှာပြီး ဆိုင်ပြင်သည်။ အလံဆိုင်းဘုတ်တင်သည်။ စားပွဲရှေ့တွင် တည်ငြိမ်စွာထိုင်ကြသည်။

သူ့လုပ်ပုံကိုင်ပုံက ကျင်လည်သည်။ ပထမဆုံးလုပ်ဖူးခြင်းမဟုတ်ကြောင်း သိသာသည်။

လုယန်နှင့်မုန်ကျင်းကျိုးအတွက်လည်း အပိုထိုင်ခုံနှစ်ခုထုတ်ပေးသည်။

ရှီချန်းဆိုင်၏ ဘယ်ဘက်တွင် ခေါက်ဆွဲဆိုင်ရှိသည်။ ညာဘက်တွင် နှမ်းပျစ်မုန့်ဆိုင်ရှိသည်။

ဗေဒင်ဆရာဆိုင်းဘုတ်နှင့်တူသည့် သူ့ဆိုင်းဘုတ်အလံက အတော်မြင်သာထင်သာရှိသည်။

လမ်းသွားလမ်းလာများက ထူးခြားသည့်ဘုန်းကြီးကို မကြာခဏ ခေါင်းလှည့်ကြည့်သွားသည်။

သို့သော် ထိုထူးခြားသည့်ဟန်ပန်ကြောင့် အစပိုင်းတွင် ဘယ်သူမှအကူအညီလာမတောင်းရဲကြ။

ရှီချန်း နည်းနည်းစိတ်မကောင်းဖြစ်သည်။

ထိုသို့ပင်ဖြစ်သည်။ သူ့ဆိုင်စဖွင့်ချိန်တွင် ဘယ်တော့မှအလုပ်ဖြစ်ခဲ့သည်မရှိ။

သူ့ကို တကယ်စွမ်းရည်ရှိသည့်ဘုန်းကြီးမှန်းသိသည်နှင့် သူ့ကိုအကူအညီတောင်းဖို့ လူပေါင်းများစွာ တန်းစီစောင့်ကြသည်။

သို့သော် ထိုအချိန်ရောက်လျှင် လူကများပြီး လုပ်ရမည့်တာဝန်ကလည်း များလွန်းသဖြင့် သူမကိုင်တွယ်နိုင်တော့သဖြင့် စောစောထပြန်ရသည်။

"သာမန်လူတွေဟာ တီထွင်ဆန်းသစ်ချင်တဲ့စိတ်ဓာတ်မရှိဘူး။ အသစ်အဆန်းတွေကို လက်မခံချင်ကြဘူး။

ကျုပ်သာ ဆရာဝစီပိတ်လို စကားပြောကျွမ်းကျင်ရင် လက်ဖက်ရည်ဆိုင်တွေကိုသွားပြီး ဗုဒ္ဓအဆုံးအမတွေဖြန့်ဝေဖို့ ပုံပြင်တွေပြောမှာပဲ"

သူ့ဆရာကို ချီးမွှမ်းသည့်စကား လုယန်ပထမဆုံးကြားဖူးခြင်းဖြစ်၍ လုယန် အံ့ဩဂုဏ်ယူမိသည်။

တမလွန်သို့တာစူနေသည့် သူ့ဆရာသာ ဤအဖြစ်ကိုသိလျှင်လည်း ဝမ်းသာပေလိမ့်မည်။

"ဒါနဲ့အကိုမုန်၊ ဗုဒ္ဓဂိုဏ်းကိုဝင်ဖို့ စဉ်းစားဖူးလား။ အကိုမုန်က ဗုဒ္ဓဝါဒနဲ့ တကယ်ရေစက်ပါတယ်။ တစ်ကိုယ်တော်ကျိန်စာလက်သီးကို တီထွင်နိုင်တဲ့ ကိုယ်တိုင်သိပါရမီရှင်ပဲ။

ကျုပ်လိုပဲ အနာဂတ်ဗုဒ္ဓတစ်ယောက်ဆိုတာ သေချာတယ်"

"...တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိတယ်ဆိုတိုင်း တစ်သက်လုံး ဗြဟ္မစရိယကျင့်မယ်လို့ မဆိုလိုဘူးလေ"

ဗုဒ္ဓဝါဒသည် ပင်ကိုယ်သတ်မှတ်ချက်အရ ဗြဟ္မစရိယအကျင့်ကို ကျင့်ရခြင်းဖြစ်သည်။ ထိုနှစ်ခုက မတူ။

လုယန်မှတစ်ဆင့် နတ်မယ်ကို မုန်ကျင်းကျိုး အကျိုးအကြောင်းမေးမြန်းပြီးဖြစ်သည်။ သူမသေမျိုးဖြစ်လာသည်နှင့် တစ်ကိုယ်တော်ဝိညာဉ်မြစ်၏ ထိန်းချုပ်မှုမှ လွတ်သွားမည်။ သူ့စိတ်ကြိုက် လွတ်လပ်စွာပျော်ပါးနိုင်သည်။

"အကိုမုန်မှားနေပြီ။ ဗုဒ္ဓက ကံကောင်းဖို့အတွက် ကောင်းမှုလုပ်ပြီး ကုသိုလ်စုဖို့ လမ်းညွှန်ခဲ့တယ်။

တစ်ချိန်က ဗုဒ္ဓကို သီလရှင်တစ်ယောက် မေးဖူးတယ်။ သတိမမူမိဘဲ အမြဲတမ်းမကောင်းမှုလုပ်နေတဲ့လူတစ်ယောက်က ကောင်းမှုတစ်ခုလုပ်လိုက်ရင်ရော ကောင်းတဲ့ကံကြမ္မာကို ရနိုင်သေးလားတဲ့။

ဗုဒ္ဓက အခိုင်အမာပြန်ဖြေတယ်။ ကောင်းမှုလုပ်တဲ့လူတွေအတွက် လုပ်ဆောင်ချက်က အဓိကပဲ။ ရည်ရွယ်ချက်က အဓိကမဟုတ်ဘူးတဲ့"

"အဲဒီတော့"

ရှီချန်းဘာပြောချင်သည်ကို မုန်ကျင်းကျိုး နားမလည်။

"လုပ်ရပ်ကအဓိကပဲ။ ရည်ရွယ်ချက်က အဓိကမကျဘူးလို့ပြောတာ။ အကိုမုန်က ဆန့်ကျင့်ဘက်လိင်လက်တွဲဖော်မထားဘဲ ကိုယ့်ကိုယ်ကိုထိန်းချုပ်နေတာလေ။

အမှန်တော့ ဒီလုပ်ရပ်ဟာ ဆန္ဒတွေနဲ့ ဝေးဝေးနေရမယ်ဆိုတဲ့ ဗုဒ္ဓဝါဒလိုအပ်ချက်ကို ဖြည့်ဆည်းခဲ့တာပဲ။ ဒါဟာ ဗုဒ္ဓဝါဒနဲ့ တကယ်ရေစက်ပါလို့ပဲ"

မုန်ကျင်းကျိုး "..."

နေနှင့်ဦးပေါ့ကွာ။ ဆောင်ကြာမြိုင်သွားဖို့ မင်းဘယ်အချိန်ငွေပြည့်မလဲ။ တစ်ဆောင်လုံးကို ငါကြိုငှားပြီး မင်းကို ယန်သွေးစက်နှစ်ဆယ် လက်ဆောင်ပေးမယ်။

ဆန္ဒထိန်းချုပ်မှုလွန်ကဲပြီး မင်းသေသွားမလား ငါစောင့်ကြည့်ရဦးမှာပေါ့။

လောလောဆယ် ဘာအလုပ်မှမရှိသေးသဖြင့် လုယန်က ခေါက်ဆွဲဆိုင်ရှင်နှင့်စကားပြောနေသည်။ မုန်ကျင်းကျိုးက နှမ်းပျစ်မုန့်ဆိုင်ရှင်နှင့်စကား‌ပြောသည်။

နာရီဝက်ခန့်စောင့်ပြီးနောက် ဖောက်သည်တစ်ယောက် ရလာသည်။

လူချမ်းသာကုန်သည်တစ်ယောက်ဖြစ်မည်။ သားသားနားနားဝတ်ဆင်ထားသည်။ လက်မနှစ်ဘက်လုံးတွင် ကျောက်စိမ်းလက်စွပ်များရှိသည်။ ဗိုက်ရွှဲသည်။

"ကိုယ်တော်၊ အခုတလော ကျုပ်ရဲ့ကံက အတော်ဆိုးနေတယ်။ ကံဆိုးပြီးရင်းဆိုးနေတာပဲ။ ကျုပ်လုပ်ငန်းကိစ္စအတော်များများ အရှုံးပေါ်တယ်။ ဒီကနေ ကျုပ်ကိုချမ်းသာအောင်လုပ်ပေးလို့ရလား"

ရှီချန်းက တည်ကြည်သည့်မျက်နှာဖြင့် လက်အုပ်ချီ၍

"ဒကာတော်၊ ကျုပ်သာချမ်းသာအောင်လုပ်‌ပေးနိုင်ရင် ဒီနေရာမှာဘာလို့ဆိုင်ဖွင့်နေမှာလဲ"

"..."

ထိုမျှပွင့်လင်းရိုးသားသည်ကိုယ်တော်မျိုး ထိုကုန်သည်တစ်ခါမှမတွေ့ဖူး။ အဓိပ္ပါယ်မရှိသည့်စကားများ လျှောက်ပြော၍ အလှူငွေထည့်ခိုင်းမည်၊ ထို့နောက် ချမ်းသာအောင်လုပ်ပေးမည်ဟုပြော၍ လိမ်ဆင်လိမ်ကွက်များသုံးမည်ဟု သူထင်ခဲ့သည်။

ထို့နောက် ရှီချန်းက နည်းလမ်းတစ်မျိုးကမ်းလှမ်းသည်။

"ဒကာတော် သိပ်ချမ်းသာချင်နေတယ်ဆိုရင် ကျုပ်အကိုကို အကူအညီတောင်းနိုင်ပါတယ်။ အကိုမုန်ရဲ့ မိသားစုက တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်နိုင်လောက်အောင် ချမ်းသာတယ်။

သူ့ဆီကနေ ငွေချေးပြီး ချမ်းသာအောင်လုပ်လို့ရနိုင်တယ်။ ပြီတော့ ကောင်းမှုကုသိုလည်း ပိုလုပ်ကြည့်ပါလား။ ကံဆိုးမှုတွေကို တွန်းလှန်နိုင်ပါတယ်"

ထိုကိုယ်တော် သိပ်မယုံကြည်ရဟု ကုန်သည်က ထင်သွားသည်။ ထို့ကြောင့် ခေါင်းခါ၍ ထွက်သွားသည်။

"..."

ထွက်သွားသည့်ကုန်သည်ကိုကြည့်၍ စိတ်မကောင်းဟန်ဖြင့် နတ်မယ်ခေါင်းခါနေသည်။

"ဦးနှောက်နည်းလိုက်တာ"

သိစိတ်နယ်မြေခန်းမကြီးထဲတွင် နတ်မယ်က သင်္ကန်းဝတ်ရုံလွှမ်းခြုံ၍ ကြာပလ္လင်ပေါ်ထိုင်နေသည်။ ဟန်ပန်အမူအရာ တည်ကြည်ခံ့ညားသည်။

"ဘယ်သူ့ကိုပြောတာလဲ"

လုယန်နားမလည်သဖြင့် ပြန်မေးသည်။

"ဟိုကုန်သည်ပေါ့။ စေတနာနဲ့ပြောတာကို နားမလည်ဘူး။ အကြံပေးတာကို လက်မခံဘူး။ ငါဆို အမြဲတမ်း ကောင်းမှုလုပ်ပြီး ကုသိုလ်စုတဲ့အလုပ်ကို စိတ်နှစ်ထားတာ။

ဒီလိုသာလုပ်ရင် သူ့အပေါ်ကပ်ညိနေတဲ့ ကံဆိုးမှုတွေ တကယ်ပျောက်သွားလိမ့်မယ်။ ဒါက ငါ့အတွေ့အကြုံပေါ် အခြေခံပြီးပြောတာ။

ငါ့ဘဝချောမွေ့နေတာ အမြဲတမ်းကောင်းမှုတွေလုပ်၊ စေတနာထားပြီး တစ်ခြားလူတွေကို ကူညီရတာကို ပျော်နေလို့ပဲ။

ငါပြန်စဉ်းစားကြည့်တယ်။ ငါမသေမျိုးမဖြစ်ခင်မှာ ခေတ်ကာလက ကပ်ဆိုက်နေတဦ။ သတ်တာဖြစ်တာတွေ ပြည့်နေတယ်။ လူနှစ်ယောက်တိုက်ပွဲဖြစ်ပြီဆိုရင် သေတာနဲ့အဆုံးသတ်တာပဲ။

ငါ့ထက်အဆင့်မြင့်တဲ့လူတွေကို စိန်ခေါ်ပြီး ယင်ထန်နဲ့ချီလင်ကို အနိုင်ယူခဲ့တယ်။ ဒါပေမယ့် သူတို့အသက်ကို ငါချမ်းသာပေးရုံမကဘူး။ သူတို့ကိုပါ ဟင်းချက်ကျွေးခဲ့တယ်။

ရန်သူကိုမိတ်ဆွေအဖြစ်ပြောင်းခဲ့တာ။ ငါ့လုပ်ရပ်တွေကို ချီးကျူးခဲ့တဲ့လူတွေ အများကြီးပဲ။

ဗုဒ္ဓဝါဒမှာ အသက်တစ်ချောင်းကယ်တာာ ဘုံကျောင်းခုနစ်ထပ်ဆောက်တာထက် ပိုကုသိုလ်ရတယ်တဲ့။ အဲဒီ့အယူအဆက ငါ့လုပ်ရပ်ကနေ အစပြုခဲ့တာပဲ။

ရှေးဟောင်းခေတ်မှာ အချင်းချင်းပေါင်းသင်းဆက်ဆံတယ်ဆိုတာ ရှားတယ်။ တစ်ခြားလူတွေဆီက လေ့လာဖို့ ကြမ်းတမ်းတဲ့ စမ်းသပ်မှုတွေ ဖြတ်ကျော်ရတယ်။ အဆိပ်သင့်သစ္စာကတိတွေဆိုရတယ်။

အဲလိုလုပ်ပြီးတာတောင် ပညာအစစ်ကို သင်ခွင့်မရနိုင်သေးဘူး။ ဆရာတွေက လျှို့ဝှက်ချက်တွေ ချန်ထထားတယ်။ ပိုဆိုးတာက တစ်ချိုဆရာတွေဆို တပည့်တွေကို ကျိန်စာတွေ လှည့်ကွက်တွေနဲ့ ထိန်းချုပ်အသုံးချကြတာ။

ဒါပေမယ့် ငါကအဲလိုလုံးဝမလုပ်ဘူး။ လျန်ယိနဲ့ရှောင်လင်းက ကျင့်စဉ်လမ်းအတွက် ပါရမီရှိမှန်းသိလို့ ဟင်းချက်ပညာနဲ့ သေဟန်ဆောင်ပညာကို သင်ပေးခဲ့တယ်။

ပြီးတော့ အရိုင်းမျိုးနွယ်ပေါ့။ သူတို့စိတ်ဓာတ်က ရိုးရှင်းပြီး စွမ်းအားရှိတယ်။ ဒါပေမယ့် စွမ်းအားကို ဘယ်လိုထိန်းချုပ်ရမှန်း မသိကြဘူး။ ငါသူတို့ကို အလင်းပြခဲ့တယ်။ ဒါကြောင့် ဒီမျိုးနွယ် ပိုသန်မာလာတာ"

နတ်မယ်ဇာတ်လမ်းများကို နားထောင်ပြီးနောက် ကုသိုလ်စွမ်းအား၏အနှစ်သာကို လုယန်ကောင်းကောင်းနားလည်လာသည်။

ကိုယ့်အကုသိုလ်ကံကြီး၍ ကိုယ်ကံဆိုးမည့် ထာဝရနတ်မယ်ဟူသည့် ကပ်ဆိုးကို ဖိတ်ခေါ်မိခဲ့ခြင်းလားဟု တွေးမိနေသည်။

ပထမဖောက်သည် အလုပ်မဖြစ်ခဲ့သော်လည်း ရှီချန်း စိတ်ဓာတ်မကျ။ ဒုတိယဖောက်သည်ကို ဆက်မျှော်သည်။

"အဲ...ကိုယ်တော်လေး၊ ဒီမှာဘာလုပ်နေတာလဲ။ ငွေပြတ်နေလို့လား"

ဆွဲဆောင်အားကောင်းသည့် မိန်းကလေးတစ်ယောက် ဆိုင်ရှေ့သို့ရောက်လာပြီး ရှီချန်းကို စိတ်ဝင်စားဟန်ဖြင့်ရှိသည်။

"ဪ..ဒကာမမြောင်ရှန်းကိုး"

"သူကဘယ်သူလဲ'

မုန်ကျင်းကျိုး စပ်စုလိုက်သည်။

"မိတ်ဆက်ပေးမယ်။ ဒါက နွေဦးရနံ့အိမ်တော်က မြောင်ရှန်းပါ။ မနေ့ညက ကျုပ်ကိုဧည့်ခံခဲ့တဲ့ မိန်းကလေးတွေအများကြီးထဲက တစ်ယောက်ပေါ့"

ရှီချန်း ရှင်းပြသည်။

မနေ့ညက ယန်သွေးစက်နှစ်ဆယ်မျိုချပြီးနောက် သူ့စိတ်သမာဓိကို လေ့ကျင့်ရန် နွေဦးရနံ့အိမ်တော်မှ မိန်းကလေးပေါင်းများစွာ သူခေါ်ခဲ့သည်။

"ကိုယ်တော်လေး ငွေပြတ်နေတယ်ဆိုရင် ကျွန်မ တစ်ကြိမ်အခမဲ့ဧည့်ပြုပေးပါ့မယ်"

မြောင်ရှန်းက နှုတ်ခမ်းကိုတစ်ချက်သပ်၍ ညှို့အားအပြည့်ဖြင့်ကြည့်သည်။

"ဒကာမမြောင်ရှန်းက နောက်နေပြန်ပြီ။ မနေ့ညတုန်းက စမ်းသပ်မှုကိုကျုပ်ခံနိုင်ရည်မရှိလို့ ကျုပ်ရဲ့စိတ်လေ့ကျင့်မှု ကျရှုံးသွားတာပါ။

ဒါပေမယ့် တစ်ညတည်းပါပဲ။ အခုကျုပ်စိတ်က ကန်ရေလိုတည်ငြိမ်နေပြီ။ ဒကာမရဲ့ကမ်းလှမ်းမှုကို ဘယ်လိုလုပ် စိတ်ယိုင်မှာလဲ"

ရှီချန်းက ငြင်းသဖြင့် မြောင်ရှန်း အတော်စိတ်ပျက်သွားသည်။

ရှီချန်း၏ ကြော်ငြာဆိုင်းဘုတ်အလံမှ ရနိုင်သည့်ဝန်ဆောင်မှုများကို တစ်ချက်ကြည့်သည်။ ထို့နောက် သူထပ်မေးသည်။

"ကျွန်မ ကလေးလိုချင်တယ်ဆိုရင်ရော"

"ဒါဆိုရင်တော့ ဒကာမမြောင် အခကြေးငွေပေးရမယ်"

မုန်ကျင်းကျိုး ဘေးမှမနာလိုတိုရှည်ဖြစ်နေသည်။

ယခုအဖြစ်က ရှီချန်းကောင်းမှုပြု၍ ကုသိုလ်စုစည်းခဲ့သည့် အကျိုးကျေးဇူးများလားမသိ။

****************************

All Chapters