ဖျောင်းဖျခြင်း
Vol. 44 Ch. 657
စံပြဟုမခေါ်နိုင်သည့် နောက်ခံရှိပြီး မုန်မိသားစုနှင့်မကောင်းမှုများ အတူကျူးလွန်ခဲ့သော်လည်း သူ့မိသားစုမှ စောစောစီးစီးထွက်ပြေးခဲ့သည်။ အဆက်အသွယ်ဖြတ်ခဲ့သည်။
သူလည်း ကောင်းမှုအတော်များများပြုခဲ့သည်ဟု မုန်ကျင်းကျိုးထင်မိသည်။
တာအိုလမ်းစဉ်ဂိုဏ်းသို့ရောက်ပြီးနောက် ချီအဆင့်ရောက်ဖို့ စိတ်နှစ်ခဲ့သည်။ တစ်နေ့နေ့ သူ့အဖေ သူရှိသည့်နရာသိသွားပြီး ကြိုးချည်အရိုက်ခံရမည်စိုးသောကြောင့်ဖြစ်သည်။
လုယန်နှင့်နေ့တိုင်း တွဲသွားတွဲလာလုပ်နေ၍ ယခုလိုအကျိုးဆက်မျိုးကြုံရသလားမသိ။
ထိုသို့လည်း မဖြစ်နိုင်။ လုယန်က ကံကြမ္မာမြင့်လွန်းသဖြင့် ထာဝရနတ်မယ်၏ ကိုယ်တိုင်လမ်းညွှန်မှုကိုပင် ခံယူနေသည်။
မြောင်ရှန်း မျက်တောင်တစ်ချက်ခတ်သည်။ သူ့မျက်နှာက နွေဦးချန်ကဲ့သို့ တောက်ပရွှင်လန်းနေသည်။
"ကိုယ်တော်လေးအတွက် ဘယ်လောက်ပေးရမှာလဲ"
"ငွေဆယ်ပြားပါ"
"ရော့"
မြောင်ရှန်း တုံ့ဆိုင်းခြင်းမရှိ။ အင်္ကျီလက်ထဲမှ ငွေတစ်တုံးထုတ်၍ စားပွဲပေါက်ရိုက်ချပေးသည်။
ရှီချန်းက အစစ်ဟုတ်မဟုတ် စစ်ဆေးသည်။ ထို့နောက် ဘေးသို့လှည့်မေးသည်။
"အကိုတော်နှစ်ယောက်ထဲက ဒီဒကာမလေးတောင်းဆိုချက်အတွက် ဘယ်သူဝန်ဆောင်မှုပေးချင်လဲ"
မုန်ကျင်းကျိုး "..."
လုယန် "..."
ယခုအံ့ဩရသူက မြောင်ရှန်းဖြစ်သည်။
"နေပါဦး၊ ကိုယ်တော်လေးကိုယ်တိုင် မဟုတ်ဘူးလား"
ရှီချန်းက လက်အုပ်ချီ၍ တည်ငြိမ်သည့်အမူအရာဖြင့်ပြောသည်။
"ဒကာမမြှောင်ရှန်း။ ဘုန်းကြီးတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးကို ဘယ်လုပ်လို့ဖြစ်ပါ့မလဲ"
မြောင်ရှန်းမျက်နှာ အူကြောင်ကြောင်ဖြစ်သွားသည်။ မနေ့ညကတော့ ထိုကိုယ်တော်သည် ဘုန်းကြီးနဲ့ပင်မတူ..
"မနေ့ညက နွေဦးရနံ့အိမ်တော်မှာ ဖြစ်ခဲ့တာက စမ်းသပ်မှုကို ကျုပ်မဖြတ်ကျော်နိုင်ခဲ့တာပါ"
"ဒါဆို၊ ကျွန်မက ကလေးတောင်းဆိုလို့မရဘူးပေါ့"
"ဟုတ်ပါတယ်"
ရှီချန်းက ငွေတုံးကို မြောင်ရှန်းဆီ ပြန်ပေးသည်။
"ဒီရက်ပိုင်းအတွင်း ငွေလုံလုံလောက်လောက်စုပြီးတာနဲ့ ကျုပ်စိတ်သမာဓိကိုလေ့ကျင့်ဖို့ နွေဦးရနံ့အိမ်တော်ကို ထပ်လာမှာပါ"
မြောင်ရှန်းမျက်နှာ နည်းနည်းကြည်လင်သွားသည်။
ဖောက်သည်နှစ်ယောက်ကို ငြင်းပယ်ပြီးနောက် နာရီဝက်အကြာတွင် တတိယဖောက်သည်ရောက်လာသည်။
"ကိုယ်တော်က မကောင်းဆိုးဝါးတွေ နှင်ပေးနိုင်လား"
သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ အခက်တွေ့နေပုံရသည်။ ဗေဒင်လိမ်ဆရာများအတွက် အလွယ်တကူလိမ်၍ရမည့်ပုံစံမျိုးဖြစ်သည်။
"နှိမ်နင်းနိုင်ပါတယ် ဒကာ။ မကောင်းဆိုးဝါးနှင်ပေးစေချင်လို့လား။ ကျုပ်အကဲခတ်မိသလောက် ဒကာတော်ကိုယ်ထဲမှာ မကောင်းဆိုးဝါးမရှိပါဘူး။
စိတ်ပူပန်မှုများပြီး ချွေးထွက်လွန်လို့ ဒုက္ခဖြစ်နေတာပါ"
ရှီချန်းက စွန်စီးဘုံကျောင်းမှ စိတ်တည်ငြိမ်စေသည့်လက်ဖက်ရည်ငှဲ့ပေးသည်။
"ဒီလက်ဖက်ရည်က အခမဲ့ပါ။ သုံးဆောင်ပါဦး"
သက်လတ်ပိုင်းလူက လက်ဖက်ရည်ခွက်ကို မော့သောက်ပြီးနောက် စိတ်ငြိမ်လာသည်။
"ကျုပ်မဟုတ်ပါဘူး။ ကျုပ်သမီးပါ"
"ဒကာတော်ရဲ့သမီးက ဘာဖြစ်တာလဲ'
"တစ်နေ့မှာ သူအပြင်ထွက်တော့ ကျုပ်တို့အိမ်နဲ့လမ်းနှစ်လမ်းကျော်က ကောင်လေးတစ်ယောက်နဲ့တွေ့တယ်။
အဲဒီ့ကောင်လေးကို မြင်မြင်ချင်း သူအရူးအမူးဖြစ်သွားတယ်။ နတ်ဖက်တဲ့စုံတွဲလို့ပြောတယ်။ သူအရမ်းစွဲလန်းနေပါတယ်။
ကျုပ်က ဒီစုံတွဲကို သဘောမတူတော့ သူကအစာမစားပဲ ဆန္ဒပြပါတယ်။ အခုသုံးရက်ရှိသွားပါပြီ။
အရင်က သူဒီလိုဆန္ဒပြရင် တစ်ရက်ထက်ပိုမခံပါဘူး။ ဒီတစ်ခါ သုံးရက်လုံးလုံး ပေတေနေပါတယ်။
သူ့အသဲစွဲဖြစ်တဲ့ နောက်တစ်ခေါက်စားသောက်ဆိုင်က အသားကင်နဲ့တောင် ချော့လို့မရပါဘူး"
"ဒကာတော်၊ ချစ်သူစုံတွဲကိုခွဲတာဟာ မကောင်းဘူး။ ဒီလိုလုပ်ရပ်မျိုးကို ငွေရဖို့အတွက် ကျုပ်မကူညီနိုင်ဘူး။ ကျုပ်သီလကို ထိခိုက်ပါတယ်။
ပြီးတော့ မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ကိစ္စဟာ ရှေးခေတ်ကတည်းက ရှိခဲ့တာပဲ။ ဘာမှမဆန်းပါဘူး။
ဒါပေမယ့် အသက်အန္တရာယ်ဖြစ်လောက်အောင် အစာငတ်ခံတာတော့ သူ့အတွက်မကောင်းဘူး။ ဒကာတော်သမီးကို ကျုပ်ဖျောင်းဖျကြည့်ပါမယ်"
"ဒါဆို အဆင်ပြေမှာပါ"
ရှီချန်း ဆိုင်ကိုသိမ်းဆည်းသည်။ သုံးယောက်သား သက်လတ်ပိုင်းလူ၏အိမ်သို့ အတူလိုက်သွားသည်။
ထိုလူ့နာမည်က ကျုန်းမင်ဟု သိရသည်။ မိသားစုက ဆေးဝါးလုပ်ငန်းလုပ်သည်။
ဇနီးက စောစောစီးစီးသေသွားသည်။ သူတစ်ယောက်တည်း သမီးကိုပြုစုပျိုးထောင်ရသည်။
သမီးနာမည်ကျ ကျုန်းချင်အာဖြစ်သည်။ သူကြိုက်နေသည့်လူငယ်က ခန်းဝေ့ဖြစ်သည်။
ထိုနေ့မနက်က ကျုန်းမင် နှစ်သုံးရာသက်တမ်းရှိသည့်မှိုပွင့်တစ်ခု ဝယ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် မှိုပွင့်ရောင်းသူက ချီအဆင့်ကျင့်ကြံသူမိန်းကလေးဖြစ်သည်။
သူသမီးပြုစားခံရသည့်ပြဿနာ ဖြေရှင်းနိုင်သည့်ဆရာတစ်ယောက်သိမသိ ထိုမိန်းကလေးကိုမေးသည်။ ထိုမိန်းကလေးက လွန်ခဲ့သည့်ညက သူနှင့်တည်းခိုခန်းတွင်ဆုံခဲ့သည့် ရှီချန်းကိုညွှန်းလိုက်သည်။
"ဪ...မိန်းကလေးဖူလင်းက သူ့ကိုညွှန်းလိုက်တာလား"
လူလိမ်ဟုတ်မဟုတ် သံသယလုံးဝမရှိဘဲ သရဲနှင်နိုင်သလားဟု ကျုန်းမင်တန်းမေးခဲ့သည်မှာ မဆန်းတော့။
အိမ်က မငယ်လှ။ အဆောင်သုံးခုရှိသည်။ အစေခံတစ်ချို့ရှိသည်။
ကျုန်းမင်က ကျုန်းချင်အာအဆောင်ဆီ ဦးဆောင်ခေါ်သွားသည်။ ကြမ်းပြင်ပေါ်တွင် အသားကင်များအပါအဝင် အေးစက်နေသည့်အစားအသောက်များ ချထားသည်။
"ဒါက ကျုပ်သမီးအခန်းပါ...အဲ..ကိုယ်တော့အနေနဲ့ မိန်းကလေးအခန်းထဲကို ဝင်လို့ဖြစ်ရဲ့လား"
"ဖြစ်တာပေါ့"
ရှီချန်းက ယုံကြည်မှုအပြည့်ဖြင့် တံခါးကိုတွန်းဖွင့်၍ ဝင်သွားသည်။
အတော်သာမန်ဆန်သည့် အခန်းဖြစ်သည်။ အလယ်တွင် လက်ဖက်ရည်စားပွဲဝိုင်းရှိသည်။ မီးသေနေသည့် ဖယောင်းတိုင်များ၊ စာအုပ်များရှိသည်။ နံရံဘက်တွင် ကြေမုံတစ်ခုနှင့် အလှပြင်ပစ္စည်းများရှိသည်။
ကျုန်းချင်အာ အတော်ဆာလောင်နေဟန်ရှိသည်။ ဖြူရော်နေသည့်မျက်နှာဖြင့် အိမ်ယာပေါ်လှဲနေသည်။
ဘုန်းကြီးတစ်ယောက်နှင့် လူစိမ်းယောက်ျားနှစ်ယောက် သူ့အဖေခေါ်လာသည်ကိုမြင်သည်နှင့် နောက်ဆုံးလက်ကျန်ခွန်အားဖြင့် သူပြောသည်။
"ခန်းနဲ့သာအတူမနေရရင် ကျွန်မအစာငတ်ခံပြီးသေလိုက်မယ်"
"မိန်းကလေး၊ ကျုပ်ကမင်းကို အစာနည်းနည်းစားဖို့ လာဖျောင်းဖျတာပါ။ အစာငတ်ခံပြီးသေဖို့ရွေးချယ်မယ်ဆိုရင်လည်း ကျုပ်က ဝိညာဉ်ပို့တဲ့ဝန်ဆောင်မှုပေးပါတယ်။
အခကြေးငွေကတော့ ဖျောင်းဖျတာထက် ဈေးနည်းနည်းပိုမြင့်တာပေါ့။ အမှန်တော့ ကျုပ်က ဝိညာဉ်ပို့တဲ့နေရာမှာ ပိုကျွမ်းကျင်ပါတယ်။
သားသတ်ရုံမှာ တစ်နှစ်ကျော် ကျုပ်အလုပ်လုပ်ခဲ့တယ်။ မရေမတွက်နိုင်တဲ့ တိရစ္ဆာန်တွေ ကျုပ်လက်ထဲမှာသေခဲ့တယ်။ ကျုပ်က သူတို့ဝိညာဉ်တွေကို ပို့ပေးခဲ့ပါတယ်"
ရှီချန်းက စာတန်းအလံကို ထုတ်ပြန်သည်။ အလံပေါ်မှ "ဝိညာဉ်ပို့သည်"ဟူသည့်စာလုံးကို လက်ညှိုးထိုး၍ သူမလိမ်ကြောင်း သက်သေပြသည်။
ကျုန်းချင်အာ"..."
လုယန်နှင့်မုန်ကျင်းကျိုးတို့ ရှီချန်း၏ ကာကွယ်သူများကဲ့သို့ ခပ်တည်တည်အမူအရာမျိုး မနည်းဖမ်းထားရသည်။
"ကျုပ်က စကားပြောမကောင်းဘူး။ တာအိုရှင်ဝစီပိတ်လို ဖျောင်းဖျတာလည်း မကျွမ်းကျင်ဘူး။ ဒါပေမယ့်ကျုပ်မှာ မိန်းကလေးကို အတင်းစားခိုင်းလို့ရတဲ့ ဥပုသ်ဆေးတွေရှိတယ်။
မစားချင်ဘူးဆိုရင်လည်း မိန်းကလေးကို အိမ်ထဲကနေ အပြင်လမ်းပေါ်ကို ဆွဲလွှင့်ပစ်နိုင်တယ်။ အဲဒီ့အချိန်ကျရင် မိန်းကလေးရဲ့ လုံခြုံရေးကို ဘယ်သူမှအရေးစိုက်မှာမဟုတ်ဘူး။
မိသားစုအထောက်အပံ့မရှိတော့တဲ့အချိန်ရင် မိန်းကလေးအနေနဲ့ အလိုလိုစားချင်စိတ်ပေါ်လာပါလိမ့်မယ်"
နားထောင်လေလေ ကျုန်းချင်အာမျက်နှာ ဖြူရော်လာလေဖြစ်သည်။
ကျုန်းမင်လည်း အတော်လန့်နေသည်။ ထိုကိုယ်တော်သည် ကြင်နာတတ်သည့်ဟန်ပန်ရှိသော်လည်း သူ့နည်းလမ်းများက ရုပ်ရည်နှင့်တစ်ခြားစီဖြစ်နေသည်။
ထိတ်လန့်မှုကြောင့် ကျုန်းချင်အာ မျက်ရည်ဝဲလာပြီး စဉ်းစားနေသည်။
သူ့အဖေခေါ်လာသူသည် ဘုန်းကြီးလား သားသတ်သမားလားမသိတော့။
"ကျွန်မ...ကျွန်မစားပါ့မယ်"
သူ့အဖေစိုးရိမ်သွားဟောင် လုပ်ပြရုံသာဖြစ်သည်။ သူအစာငတ်ခံပြီး တကယ်သေဖို့မဟုတ်။
"နောက်တစ်ခေါက်အသားကင်ဆိုင်က အသားကင်ဝယ်ပေးလို့ရမလား"
"မရဘူး၊ မိန်းကလေး။ မင်းအစာမစားတာ သုံးရက်ရှိပြီ။ မာတဲ့အစာတွေစားရင် အသက်အန္တရာယ်ဖြစ်နိုင်တယ်။ အစာပျော့ပဲစားသင့်တယ်"
ရှီချန်း ကျုန်းမင်ကို လှည့်ပြောသည်။
"သူ့အတွက် ရိုးရိုးဆန်ပြုတ်တစ်ပွဲလုပ်ပေးပါ"
ကျုန်းမင် အံ့ဩနေသည်။ သူ့သမီးထိုမျှမြန်မြန်အစာစားမည်ဟု ထင်မထားခဲ့။
ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ်တိုင်အစားအသောက်ပြင်ရန်ထွက်သွားသည်။
သိပ်မကြာမီ ကျုန်းချင်အာက ဆန်ပြုတ်ရိုးရိုးကို တစ်ဇွန်းစီနည်းနည်းချင်းသောက်သည်။
"ကိုယ်တော့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ငွေဘယ်လောက်လှူရင်အဆင်ပြေမလဲ"
ရှီချန်း ခေါင်းခါသည်။
"ကျုပ်တို့ပြန်လို့မဖြစ်သေးဘူး။ ခင်ဗျားသမီးဟာ တကယ်ပြုစားခံထားရတာ။ သူ့ဆီကနေ မှော်စွမ်းအင်လှိုင်းတစ်ခု မသိမသာထွက်နေတယ်"
လုယန်နှင့်မုန်ကျင်းကျိုးတို့လည်း အသံတိတ်ခေါင်းငြိမ့်ပြကြသည်။ သူတို့လည်းသိသည်။
ကျုန်းချင်အာကို မှော်ကျိန်စာဖြင့် တစ်ယောက်ယောက်က ပြုစားထားသည်။ ထို့ကြောင့် ယခုလိုအခြေအနေရောက်နေခြင်းဖြစ်သည်။
ဘယ်မှော်ပညာမျိုးသုံးထားသည်မသိရသေး။ ဘယ်မှော်ပညာက လူတစ်ယောက်ကို အရူးအမူးစွဲလန်းအောင်လုပ်နိုင်သည်မသိ။
"သူက အိပ်မက်မှော်ပညာနဲ့ ထိန်းချုပ်ခံထားရတာပါ"
နတ်မယ်က တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်သည်။
"အိပ်မက်မှော်ပညာ...ဟုတ်လား"
"လူတွေကို အိပ်မက်မက်အောင်လုပ်ပြီး အိပ်မက်ထဲက ကြောင်းအရာတွေကိုလည်း ပြုစားတဲ့လူက ထိန်းချုပ်နိုင်တဲ့ မှော်ပညာတစ်မျိုးပါ။
ငါ့ရဲ့အိပ်မက်ခေါင်းအုံး(ပဲဝါခေါင်းအုံး)ကို မှတ်မိလား။ အဲဒီသဘောမျိုးပဲ။ ဒါပေမယ့် ငါ့ခေါင်းအုံးအစွမ်းနဲ့တော့ ဘယ်ယှဉ်နိုင်မှာလဲ"
*********************************