မှော်အဆောင်
Vol. 44 Ch. 659
အစက လုယန်တို့သုံးယောက် ခန်းဝေ့၏အကြံအစစ်ကို ဖော်ထုတ်ဖို့ ခိုင်မာသည့်သက်သေရှာရန် စီစဉ်ထားခဲ့သည်။
သို့မှသာ ကျုန်းချင်အာက သူချစ်နေသူသည် လှည့်စားနေသည့်လူသာဖြစ်ကြောင်း နားလည်သွားမည်။
အခု မလိုအပ်တော့။ ချစ်သူပြောင်းသွားသည်။ ရှီချန်းကို ကြွေနေသည်။
"အကိုမုန်က နောက်တာပဲ။ ကျုပ်က သာမန်လူထက် နည်းနည်းပိုချောရုံပါ။ လူတွေက ကျုပ်ရုပ်ရည်ကိုပဲ အာရုံစိုက်ပြီး ကျုပ်ရဲ့ဗုဒ္ဓသင်ခန်းစာတွေကို စိတ်မဝင်စားကြတာ တကယ်ဆိုးတာပဲ"
စိတ်မကောင်းသည့်လေသံဖြင့် သူပြောသည်။
မုန်ကျင်းကျိုးစိတ်ထဲ တစ်ယောက်ယောက်ကို ပိတ်ထိုးပစ်ချင်စိတ်ပေါ်လာသည်။
ထိုစဉ် လေသာဆောင်ထဲမှ သုံးပွင့်ဆိုင်ဒရာမာက ဆက်ဖြစ်နေသည်။
"ခန်းဝေ့၊ နင်ကလူကောင်းပါ။ ဒါပေမယ့် ငါတို့နှစ်ယောက်ပုံစံချင်းမတူဘူး"
ကျုန်းချင်အာက ရှီချန်းအတု၏ရင်ခွင်ထဲဝင်ခွေနေရင်းမှ ပြောသည်။ ခန်းဝေ့ကိုစကားပြောနေသော်လည်း ရှီချန်းမျက်နှာကိုသာကြည့်သည်။ သူနှင့်အတူရှိသည့်လူ စိတ်ဆိုးမည်ကို ကြောက်နေသည်။
ရှီချန်းအတုက သူ့နှာခေါင်းကို လက်ဖြင့်အသာတို့၍ စနောက်သည်။
"အရူးမလေး၊ ကိုယ်ကဘာလို့ စိတ်ဆိုးရမှာလဲ။ မင်းသူ့ကိုငြင်းပြီး ကိုယ့်ကိုရွေးတာလေ။ ကိုယ်ပျော်လွန်းလို့ ကျန်တာတွေဘာမှဂရုမစိုက်တော့ဘူး"
"ရှီချန်း၊ ရှင်ကတကယ်ကြင်နာတတ်တာပဲ"
"မင်းလည်းအတူတူပါပဲ"
ခန်းဝေ့ "..."
ဘာတွေဖြစ်နေသည်မသိ။ မနေ့ကထိ အားလုံးအဆင်ပြေသည်။ ယနေ့ကျမှ ရည်းစားလုခံရသည်။
အိမ်မက်ထဲတွင်သာဖြစ်သည်။ ထိုထက်တော့မပို။
"ခန်းဝေ့ပုံစံကြည့်ရတာ သာမန်လူပဲဖြစ်လောက်တယ်"
လုယန်နှင့်မုန်ကျင်းကျိုးတို့ မျက်မှောင်ကျုံ့နေသည်။
"သူ့မှာ ကျင့်ကြံထားတဲ့လက္ခဏာမရှိဘူး
ကျင့်ကြံသူတစ်ယောက် ကျင့်စဉ်စွမ်းအားဖုံးကွယ်ထားလျှင်ပင် အသက်ရှူပုံ လမ်းလျှောက်ပုံတို့က သာမန်လူနှင့်များစွာကွဲပြားသည်။
တစ်ဘက်လူက တမင်ကြိုးစားဖုံးကွယ်နေလျှင် သို့မဟုတ် မူလပြန်အဆင့်သို့ ရောက်လျှင်တော့ မသိသာနိုင်။
(အမြင့်ဆုံးကျင့်စဉ်အဆင့်ကိုလွန်၍ သဘာဝပုံစံအတိုင်း ပြန်ဖြစ်သွားခြင်းကို မူလပြန်အဆင့် မူလအဆင့်ဟုခေါ်သည်။ ဥပမာ တာအိုလမ်းစဉ်ဂိုဏ်း၏အကျဉ်ထောင်စောင့် ကလေးငယ်ပုံစံ ဘိုးဘေးဆရာထန်ရှန်းယိကို မူလပြန်အဆင့်ဟု လုယန် အထင်မှားခဲ့ဖူးသည်)
"သာမန်လူတစ်ယောက်က အိပ်မက်မှော်ပညာကို ဘယ်လိုသုံးနိုင်မှာလဲ"
ထိုအချက်ကို သူတို့စဉ်းစားမရ။
"လှုပ်ရှားရအောင်။ ငါဆက်ပြီးမကြည့်နိုင်တော့ဘူး။ ကြက်သီးတွေတောင်ထလာပြီ"
မုန်ကျင်းကျိုးက အကြံပြုသည်။
ရှီချန်းက ကျုန်းချင်အာနှင့် ပလူးပလဲလုပ်နေသည့် သူ့ပုံရိပ်အတု၏အပြုအမူများကိုကြည့်နေသည်။ သူလည်း နည်းနည်းသည်းမခံနိုင်ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငြိမ့်အတည်ပြုသည်။
"သွားမယ်"
ကျယ်လောင်သည့်မုန်ကျင်းကျိုးအော်သံကြောင့် လုယန်လန့်သွားသည်။
"ဘယ်သူလဲကွ"
ခန်းဝေ့က ပထမဆုံးအသိဝင်လာသည်။ အိပ်မက်နယ်မြေတွင့် သူ့အာရုံကကြည်လင်ပြတ်သားနေသည်။
ကျူးချင်အာက အိပ်မက်ပိုင်ရှင်ဖြစ်သော်လည်း ကြောင်တက်တက်ဖြစ်နေသည်။
ခန်းဝေ့တုံ့ပြန်မှု ဘယ်လောက်မြန်သည်ဖြစ်စေ လက်ရှိခေတ်ပါရမီရှင်သုံးယောက်၏ တိုက်ခိုက်မှုကို ဝိညာဉ်ပြောင်းအဆင့်များပင် ထိပ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်။ သူ့လိုသာမန်လူဆို ပြောစရာပင်မလိုတော့။
သုံးယောက်လုံး ပြိုင်တူပြေးသွားပြီး ခန်းဝေ့ကို မြေပြင်သို့လှဲချသည်။ ရှီချန်းက စိတ်အတွေးဖြင့် ကြိုးတစ်ချောင်းဖန်တီးပြီး ခန်းဝေ့ကိုတုပ်နှောင်လိုက်သည်။
"ငါမင်းကို စောင့်ကြည့်နေခဲ့တာခွေးကောင်လေး။ ငြိမ်ငြိမ်နေစမ်း"
မုန်ကျင်းကျိုးက ခပ်တင်းတင်းပြောသည်။ သူ့မျက်နှာက တင်းမာနေသည်။
ထိုအချိန်ကျမှ ကျုန်းချင်အာ အသိဝင်လာသည်။
"ရှီချန်းနှစ်ယောက်တောင်လား"
ရှီချန်းက ကျုန်းချင်အာကို အသံတိတ်ကြည့်နေသည်။ ဤကိစ္စရှင်းပြီးလျှင် ကျုန်းအိမ်တော်နှင့် သူတတ်နိုင်သမျှဝေးဝေးနေရတော့မည်။
ရုတ်တရက် ခန်းဝေ့သဏ္ဌာန်က မှေးမှိန်သွားသည်။ ရှီချန်းက မှောင်အဆောင်တစ်ခု အမြန်ဖန်တီး၍ ခန်းဝေ့နဖူးပေါ်ကပ်လိုက်သည်။ နောက်ထပ် ပြောင်းလဲမှုဖြစ်မလာတော့။
"သူမနိုးနိုင်တော့ဘူး။ အကိုတော်တို့၊ မြန်မြန်အိပ်ယာနိုးပြီး ဒကာခန်းအိမ်ကိုသွားပါ။ ကျုပ်ဒီမှာဆက်နေပြီး အမှားအယွင်းမဖြစ်အောင် ကာကွယ်ထားမယ်"
"ကောင်းပြီလေ။ ဒါနဲ့ ကျုပ်တို့က ဘယ်လိုနိုးရမှာလဲ"
"ကျုပ်လုပ်တဲ့အတိုင်း လိုက်လုပ်"
ရှီချန်းက မှော်တံဆိပ်တစ်ခုကို လက်ဖြင့်ဖန်တီး၍ ရင်ဘတ်တွင်ကပ်ပြသည်။
တံဆိပ်ဖန်တီးချိန်တွင် စွမ်းအင်သွေးကြောလည်ပတ်မှုကို မြင်သာအောင်ပြထားသည်။ လုယန်တို့နှစ်ယောက်ကလည်း တစ်ချက်ကြည့်ရုံဖြင့်နားလည်သည်။
နှစ်ယောက်လုံးတဖြေးဖြေးအိပ်ယာနိုးလာသည်။ စောင့်များကိုကုန်ထုတ်ပြီး ဖျတ်ခနဲခုန်ထသည်။
ခန်းဝေ့အိမ်လိပ်စာကို ကျုန်းမင်ထံမှ သိထားပြီးဖြစ်၍ အိပ်ပျော်နေဆဲရှီချန်းကိုသယ်မပြီး လမ်းအတိုင်းပြေးသည်။ လမ်းသွားလမ်းလာတို့၏အကြည့်ကို အရေးမစိုက်။
လမ်းနှစ်ခုဖြတ်ပြေးပြီးနောက် ခန်းဝေ့အိမ်သို့ရောက်သည်။ အိမ်က ပုံမှန်အုတ်ကြွပ်မိုးအိမ်တစ်လုံးသာဖြစ်သည်။ ကျုန်းအိမ်တော်နှင့်ဘယ်လိုမှယှဉ်မရ။
ရှေ့တံခါးကိုကန်ဖွင့်သည်။ ကျန်းဝေ့က အထဲတွင် အိပ်မောကျနေသည်။
"သူက တကယ်သာမန်လူပဲ"
"သူ့လက်ထဲကဘာလဲ"
ခန်းဝေ့ လက်နှစ်ဘက် ရင်ဘတ်ပေါ်ယှက်ထားသည်။ အဆောင်ပစ္စည်းတစ်ခုကိုင်ထားသည်။
"အဆောင်ကနေ ဝိညာဉ်စွမ်းအင်လှိုင်းထွက်နေတယ်။ မှော်ပစ္စည်းဖြစ်မယ်။ မိန်းကလေးကျုန်းအိမ်မက်ထဲကို သူဝင်နိုင်တာ ဒါနဲ့ဆက်စပ်နေလောက်တယ်"
လုယန်က ရှီချန်းကို လှုပ်နှိုးသည်။
"ထတော့။ ရောက်ပြီ"
အိပ်မက်ထဲမှရှီချန်းက သူနိုးထတော့မည်ကို ခံစားရသဖြင့် ခန်းဝေ့ကို အရင်ဆုံး အိပ်မက်ထဲမှ ထုတ်လိုက်သည်။
သူတစ်ယောက်တည်းထွက်သွားပြီး ခန်းဝေ့ကျန်နေလျှင် ကျုန်းချင်အာကို ဓားစားခံလုပ်နိုင်သည်။
ခန်းဝေ့နှင့်ရှီချန်းတို့ တစ်ယောက်ပြီးတစ်ယောက် နိုးလာသည်။
တစ်ဘက်က ကျင့်ကြံသူမှန်း ခန်းဝေ့သိသည်။ သူလုံးဝယှဉ်နိုင်မည်မဟုတ်။
"ဒကာခန်း၊ အမှန်အတိုင်းဝန်ခံစေချင်တယ်"
"ကြိုက်ရာရွေးပါ။ ကိုယ့်ဘာသာဝန်ခံမလား။ ငါတို့ရိုက်ပြီးမှ ဝန်ခံမလား"
မုန်ကျင်းကျိုးက လက်ကောက်ဝတ်များကို လှည့်ပတ်၍အကြောဖြေနေသည်။ တဖျစ်ဖျစ်အသံများထွက်လာသည်။ ခန်းဝေ့ကို နံရံနှင့်တွန်းကပ်ပြီး ခန်းဝေ့၏နားထင်ဘေးမှ လက်သီးတစ်ချက်ထိုးလိုက်သည်။
လုယန်က ဘာမှမပြောဘဲ လက်နှစ်ချောင်းဖြင့် သုံးပေရှည်သည့် စိမ်းပြာရောင်ဓားရိပ်တစ်ခု ထုတ်လွှတ်သည်။
သာမန်လှုပ်ရှားမှုဖြစ်သော်လည်း အနီးမှစားပွဲစွန်း ပြတ်ထွက်သွားသည်။
ခန်းဝေ့ ထိတ်လန့်သွားသည်။ သူသည် သာမန်လူဖြစ်သည်။ ထိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူး။
"ဝန်ခံပါ့မယ်..ကျုပ်ဝန်ခံပါ့မယ်။ ဘယ်ကစပြောရမလဲ"
"မိန်းကလေးကျုန်းနဲ့ ဘယ်လိုတွေ့တာလဲ ဒီမှော်အဆောင်ကိုဘယ်လိုရတာလဲဆိုတာ စပြောပါ"
"ဟုတ်...ဟုတ်ကဲ့"
"လွန်ခဲ့တဲ့တစ်လက တိုက်တိုက်ဆိုင်ဆိုင် မိန်းကလေးကျုန်းကို လမ်းပေါ်မှာပထမဆုံးတွေ့တာပါ။ ကျုပ်သူ့ကို မြင်မြင်ချင်းချစ်သွားတယ်။
အဲဒီ့အချိန်ကစလို မစားနိုင်မအိပ်နိုင်နဲ့ သူ့အကြောင်းပဲတွေးမိတယ်။ ကျုပ်အဆင့်အတန်းက သူဌေးသမီးနဲ့ မတန်ဘူးဆိုတာ ကျုပ်သိတယ်။ ဒါပေမယ့် ကျုပ်သူ့ကို လက်လွတ်မခံနိုင်ဘူး။
အဲဒီ့အချိန်မှာ ဆိုင်ရှင်ဟုန်နဲ့ ကျုပ်တွေ့တယ်။ သူ့မှာ မှော်အဆောင်တစ်ခုရှိတယ်တဲ့။ အဲဒါနဲ့ ချင်အာကို ချိန်ရွယ်လိုက်ရင် သူ့အိပ်မက်ထဲကို ကျုပ်ညတိုင်းဝင်နိုင်တယ်တဲ့။
အချိန်ကြာကြာ အဆက်မပြတ်ပိုးပန်းရင် သူကျုပ်ကို ချစ်လာမှာတဲ့။ ဒီမှော်အဆောင်ကိုဝယ်ဖို့တောင် ကုန်သည်းအသင်းကနေ ငွေအများကြီး ကျုပ်ချေးခဲ့ရတယ်"
"ဆိုင်ရှင်ဟုန်ဆိုတာ ဘယ်သူလဲ"
"ဒီနားတစ်ဝိုက်က နယ်ခံလူမိုက်ပါ။ လောင်းကစားဝိုင်းမှာ ကျုပ်သူနဲ့တွေ့တာ။ သူ့လက်အောက်မှာ လူသုံးဆယ်ကျော်ရှိတယ်။ အရင်က ဝါးရွက်ဂိုဏ်းမှာတောင် သူကျင့်ကြံဖူးတယ်။
ကျင့်စဉ်အဆင့် ခန့်မှန်းမရအောင်မြင့်တဲ့ ကျင့်ကြံသူပါ။ ဒါပေမယ့်နောက်ပိုင်းမှာ အမှားတစ်ခုလုပ်မိလို့ ဂိုဏ်းကနေထုတ်ပယ်ခံရတယ်။
ထုတ်ပယ်ခံရပေမယ့် အဲဒီဂိုဏ်းက အဆင့်မြင့်ဂိုဏ်းဝင်တွေနဲ့ အဆက်အသွယ်ရှိနေတုန်းပဲလို့ ပြောကြတယ်"
ခန်းဝေ့က ဝါးရွက်ဂိုဏ်းနာမည်ကိုထုတ်ပြောပြီး လုယန်တို့သုံးယောက်ကို ခြောက်လှန့်ရန်ကြိုးစားနေခြင်းဖြစ်သည်။
"ဆိုင်ရှင်ဟုန်က ဘယ်မှာနေတာလဲ"
လုယန် အမူအရာပြောင်းမသွား။ ယခုလို ဤဂိုဏ်းငယ်အကြောင်း တစ်ခါမှမကြားဖူး။
ခန်းဝေ့ ပြန်မဖြေ။
မုန်ကျင်းကျိုး ဒေါသမျက်နှာမျိုးပြလိုက်သည်။ ခန်းဝေ့ တုန်လှုပ်သွားသည်။ မတတ်သာတော့သဖြင့် ဆိုင်ရှင်ဟုန်ထံသို့ ဦးဆောင်ခေါ်သွားရသည်။
ဆိုင်ရှင်ဟုန်၏အိမ်က သိပ်မဝေးလှ။ လမ်းတစ်ဘက်သို့ကူးရုံသာဖြစ်သည်။
"ဟုန်အိမ်တော်တဲ့။ အတော်ခံ့ညားထည်ဝါပါလား"
ကျုန်းမိသားစုအိမ်တော်ထက်ပင် ကျယ်ဝန်းသည်။
"ရပ်စမ်း၊ မင်းတို့ဘယ်သူတွေလဲကွ"
နယ်ခံလူမိုက်ဖြစ်၍ ဟုန်အိမ်တော်ဂိတ်တံခါးတွင် ရန်သူများချဉ်းကပ်မလာနိုင်အောင် ကာကွယ်ဖို့ လူအင်အားချထားသည်။
လုယန်တို့သုံးယောက် ပြန်ဖြေမနေတော့။ လက်များကို ဝေ့ယမ်းလိုက်သည်။ လူမိုက်များ လွင့်ထွက်သွားသည်။
ဟုန်အိမ်တော်ထဲတွင် ဆိုင်ရှင်ဟုန်၏တပည့်များက စားရင်းသောက်ရင်း ဆူညံပွက်လောရိုက်နေသည်။
ကျူးကျော်သူသုံးယောက်ကိုမြင်သည်နှင့် ချက်ချင်းပြေးလာပြီး တားဆီးရန်ကြိုးစားသည်။
မုန်ကျင်းကျိုးက လေထဲသို့ လက်သီးတစ်ချက်ထိုးလိုက်သည်။ ဘုန်းခနဲအသံတစ်ချက်ထွက်လာပြီး လေလှိုင်းရိုက်ခတ်အားကြောင့် ထိုလူများ မှောက်သွားသည်။
.......
ဟုန်အိမ်တော်၏ အတွင်းအကျဆုံး အခန်းတစ်ခုထဲတွင် ဆိုင်ရှင်ဟုန်က မိန်းမငယ်လေးတစ်ယောက်နှင့် စကားပြောနေသည်။
"ညီမလေး၊ မင်းတောင်းဆိုတာက နည်းနည်းခက်ခဲတယ်။ အစိုးရရုံးက ဒီကိစ္စတွေနဲ့ပတ်သက်ရင် အတော်လေးတင်းကြပ်တယ်။ သူတို့က ငါ့ဆီကိုခြေရာခံလိုက်လာကြရင် ငါ့ဘဝဆုံးမှာ"
ကောင်မလေးက မပွင့်တပွင့်ပြုံး၍ ဆိုင်ရှင်ဟုန်ကို သစ်သားသေတ္တာတစ်လုံး လှမ်းပေးသည်။
"အကိုဟုန်ကို ဒါလေးနဲ့ အကူအညီတောင်းချင်ပါတယ်"
ဆိုင်ရှင်ဟုန် သေတ္တာကိုဖွင့်ကြည့်သည်။ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားသည်။
အခြေတည်ဆေးလုံး။
အရည်အသွေးက မဆိုးလှ။
သေတ္တာကို ဖျတ်ခနဲဆွဲသိမ်းပြီးနောက် တဟားဟားရယ်သည်။
"အစိုးရရုံးက တင်းကြပ်ပေမယ့် နည်းလမ်းမရှိဘူးဆိုရင် မင်းအကိုဖြစ်တဲ့ငါ ဘယ်လိုလူဖြစ်သွားမလဲ။ ဒါနဲ့...ဘယ်သူ့ကို သတ်ပေးစေချင်တာလဲ"
"သူ့နာမည်က ဖူလင်းပါ။ ရွှမ်မြို့တော်ကလာတာ။ ချီတတိယအဆင့်ရှိတယ်။ သူဒီကို စီးပွားရေးကိစ္စဆွေးနွေးဖို့လာတာ။
ဒါပေမယ့် သူကနည်းနည်းလှတော့ အကိုချင်ရဲ့အချစ်ကိုရဖို့ ကျွန်မနဲ့ ပြိုင်လုရဲတယ်လေ။ "သေတယ်"ဆိုတဲ့စကားလုံးကို ဘယ်လိုရေးမှန်း သူတကယ်မသိသေးဘူး"
ဆိုင်ရှင်ဟုန်က ဟန်လုပ်၍ရယ်သည်။
"အဲလိုဆိုရင်တော့ သူတကယ်သေသင့်တာပေါ့"
ရုတ်တရက် အပြင်ဘက်မှ တိုက်ခိုက်သံများ ပေါ်လာသည်။
ဆိုင်ရှင်ဟုန် မျက်မှောင်ကျုံ့သွားသည်။
"ငါအပြင်ကို အခြေအနေသွားကြည့်ဦးမယ်"
.....
"မင်းတို့ဘယ်သူတွေလဲကွ"
အိမ်ခန်းထဲမှ ထွက်လာပြီးနောက် ဆိုင်ရှင်ဟုန်က ချီပြည့်စုံခြင်းအဆင့်စွမ်းအင်ရောင်ထုတ်လွှတ်၍ ကျူးကျော်သူသုံးယောက်ကို ခြိမ်းခြောက်ရန်ကြိုးစားသည်။
မိန်းကလေးတစ်ယောက် သူ့နောက်မှလိုက်လာသည်။ လှလှပပဝတ်စားထားသည်။ အချိုးအစားကျသည်။ သနားစဖွယ်မျက်နှာပေးမျိုးရှိသည်။
စစချင်းတွင် ထိုမိန်းကလေးကို ဆိုင်ရှင်ဟုန်ပြန်ပေးဆွဲထားသည်ဟု လုယန်ထင်လိုက်သည်။ ထို့နောက်မှ ထိုမိန်းကလေးသည် အခြေတည်အဆင့်ဖြစ်ကြောင်း ရိပ်မိလာသည်။
ဝါးရွက်ဂိုဏ်း၏ တပည့်ဖြစ်မည်။
"ဒကာခန်းကို ဒီအဆောင်ကိုရောင်းတာ ဒကာကြီးလား"
ရှီချန်းက ခန်းဝေ့ကို အဆောင်နှင့်အအတူ ခေါ်ထုတ်လာသည်။
"အဲဒါဘာဖြစ်လို့လဲ"
ဆိုင်ရှင်ဟုန်မျက်မှောင်ကျုံ့သွားသည်။ ထိုကိစ္စ ဘာမှပြဿနာရှိသည်မထင်။ အဆောင်ရောင်းခြင်းသည် ဥပဒေချိုးဖောက်သည့်အလုပ်မဟုတ်။
ဘုန်းကြီးတစ်ယောက် ကာကွယ်သူနှစ်ယောက်ခေါ်လာပြီး ညာဉ့်နက်သန်းကောင် သူ့ကိုဘာကြောင့်လာရှာသနည်း။
လုယန် လှောင်ပြုံးပြုံးသည်။
"အဆောင်ရောင်းတာက ဥပဒေလွတ်ကင်းတာမှန်တယ်။ ဒါပေမယ့် မိန်းကလေးကျုန်းကို ဖျားယောင်းဖို့ ခန်းဝေ့ကို တိုက်တွန်းအားပေးတာက မှားတယ်"
တစ်ခြားအကြောင်းရင်းတစ်ခုကို သူမပြော။ ဤအဆောင်သည် မှော်ပစ္စည်းဖြစ်သည်။ သာမန်သေမျိုးဖြစ်သည့်ခန်းဝေ့က ထိုအဆောင်ဝယ်ဖို့ ချေးငွေများစွာထုတ်ခဲ့ရသည်။
ထိုအချက်ကိုကြည့်လျှင် အဆောင်၏ဇစ်မြစ်က သံသယဖြစ်စရာကောင်းနေသည်။
"သူများကိစ္စကို ဒီလောက်ဝင်ရှုပ်ရအောင် မင်းကဘယ်သူမို့လဲ"
မြေအောက်လောကတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သူဖြစ်၍ ဆိုင်ရှင်ဟုန်သည် လွယ်လွယ်အကြောခံတတ်သူမဟုတ်။
အသံခပ်ဆွဲဆွဲတစ်ချက်အော်ဟစ်လိုက်သည်။ အနက်ရောင်အခိုးများဖြင့်ဖွဲ့စည်းထားသည့် ကြီးမားသည့်လက်နှစ်ဘက် သူ့နောက်တွင်ပေါ်လာသည်။
"တာအိုလမ်းစဉ်ဂိုဏ်းက လုယန်"
"ဘုတ်"
ဆိုင်ရှင်ဟုန် တစ်ခြားဘာမှထပ်မပြောတော့။ ကြမ်းပြင်ချက်ချင်းဒူးထောက်၍ လက်နှစ်ဘက်ကို ခေါင်းနောက်ဘက်တွင် တင်ထားသည်။
"ကျုပ်မှာအပြစ်ရှိပါတယ်။ ကျုပ်အညံ့ခံပါတယ်"
************************************