ဆေးဘုရင်၏ ခမ်းနားသော အခမ်းအနား
Vol. 53 Ch. 781
ထိုနေ့တွင် ရွှယ်အန်းသည် ဝမ်တန်မြို့တော်တွင် သူ၏ ပြိုင်ဘက်ကင်းသော ဆေးဖော်စွမ်းရည်ဖြင့် ကောင်းကင်ဘုံအဆင့်ဆေးပညာကို ပြခဲ့သောကြောင့် ဝတ်ရုံဖြူကို ဝတ်ဆင်နိုင်သွားကာ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထိုသတင်းသည် ပျံ့နှံ့သွားပြီး အလယ်ပိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ဆေးဘုရင် ကွယ်လွန်ခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းတစ်ထောင်ကျော်တိုင်အောင် မည်သူမျှ ကောင်းကင်ဘုံအဆင့် ဆေးပညာရှင် အဆင့်အတန်းသို့ မရောက်ရှိခဲ့ပေ။
ထို့ကြောင့် ရွှယ်အန်းသည် မထင်မှတ်ဘဲ ပေါ်ထွက်လာသောအခါ သူသည် မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
ဤအချိန်တွင် ကျူတန်နန်းတော်ရှေ့၌ ပွဲဈေးပမာ စည်ကားနေသည်။
မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မြင့်မြတ်သောမိသားစုများမှ အဖွဲ့ဝင်များသည် အထွတ်အထိပ်ဆေးပညာရှင်ဖြစ်သော နာမည်ကျော်ပုဂ္ဂိုလ်သစ်နှင့် ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ အုပ်စုလိုက် ရောက်ရှိလာကြသည်။
သို့သော် သူတို့၏ နောက်ခံ မည်မျှပင် ကြီးမားသည်ဖြစ်စေ သူတို့၏ ကျင့်ကြံမှုအဆင့် မည်မျှပင် မြင့်မားသည်ဖြစ်စေ ၎င်းတို့အားလုံး ကျူတန်နန်းတော်၏ ငြင်းပယ်မှုနှင့် ကြုံခဲ့ရသည်။
သုန့်လင်းရှင်မျက်နှာ၏ အပြုံးသည်လည်း အက်ကွဲတော့မလိုပင် ဖြစ်နေသည်။
သူမသည် ပြုံးလျက်သာ ဆကိတိုက် ငြင်းဆန်နေရသည်။
"တောင်းပန်ပါတယ် ဆေးဘုရင်ရွှယ်က အခုချိန်မှာ ဧည့်သည်တွေကို တွေ့ဆုံဖို့ ဆန္ဒမရှိပါဘူး"
ပုံမှန်ဆိုလျှင် အထက်စီးဆန်တက်သော ဤပုဂ္ဂိုလ်များအားလုံးသည် ယခုအခါ ဖော်ရွေလာကြသည်။ သာမန်အားဖြင့် သူတို့သည် သုန့်လင်းရှင်ကဲ့သို့လူမျိုးကို ဒုတိယအကြိမ်ပင် လှည့်ကြည့်ချင်မှ ကြည့်မည်ဖြစ်သည်။
သို့သော် ယနေ့တွင် သူတို့အားလုံးသည် ယဉ်ကျေးပျူငှာစွာဖြင့် အပြုံးများ ဝေဆာနေသည်။
ဤအချက်က သုန့်လင်ရှင်းကို သက်ပြင်းချမိစေသည်။
ဤသည်မှာ အမှန်တကယ် တစ်ညတည်းဖြင့် ကမ္ဘာတစ်ဝှမ်းလုံးကို ကျော်ကြားသွားခြင်း၏ ရလဒ်ဖြစ်သည်။
အဆုံးတွင်...
လူအုပ်ကြီးသည် ရွှယ်အန်း၏ ပုံရိပ်ကို တွေ့လိုက်ရသည်။
ဆေးပညာရှင်၏ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော အမျိုးသားသည် ကျူတန်နန်းတော်၏ ခန်းမကြီးထဲသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
ဂိုဏ်းများနှင့် မြင့်မြတ်သောမိသားစုဝင်များအားလုံးမှာ ရူးသွပ်သွားကြသည်။
"အကြီးအကဲရွှယ်၊ ကျွန်တော်က အနောက်ပိုင်းဒေသက ယဲ့မိသားစုကပါ၊ အကြီးအကဲက ကောင်းကင်ဘုံအဆင့်ဆေးပညာကို သက်သေပြပြီး ဆေးဘုရင်အသစ် ဖြစ်လာတယ်လို့ ကြားလို့ ကျွန်တော်တို့ ယဲ့မိသားစုက အကြီးအကဲအတွက် လက်ဆောင်တစ်ခုကို အထူးပြင်ဆင်လာပါတယ်၊ ဒါက အကြီးအကဲရဲ့ ဂုဏ်ကျက်သရေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပေမယ့် လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
ထိုသူသည် ကျောက်စိမ်းဘူးကို ဖွင့်လိုက်သည်။
အတွင်းထဲတွင် ရှားပါးသော ရတနာအမျိုးမျိုး ရှိနေပြီး ၎င်းတို့အလယ်တွင် ဝိညာဉ်ဆေးပင်များရှိနေသည်။
သို့သော် သူ ဆက်မပြောမီပင် သူ့ဘေးမှ အခြားတစ်ယောက်သည် မစောင့်နိုင်တော့ဘဲ ဖြတ်ပြောလိုက်သည်။
"ဆေးဘုရင်... ကျွန်တော်တို့က အလယ်ပိုင်းဒေသက နဂါးတောင်တန်းကပါ... ပြီးတော့ ဒါက ကျွန်တော်တို့ရဲ့ ဂုဏ်ပြုလက်ဆောင်ပါ"
သူတို့ စကားပြောနေစဉ်မှာပင် ဤသူသည်လည်း သူတို့နှင့်အတူပါလာသော ကျောက်စိမ်းဘူးကို ဖွင့်လိုက်သည်။
သူတို့ ယူဆောင်လာသော လက်ဆောင်များသည် ယဲ့မိသားစု၏ လက်ဆောင်များထက်ပင် ပို၍ အဖိုးတန်သည်။
ဤအဖြစ်အပျက်သည် ဆက်တိုက်ဖြစ်လာသည်။
ဤဂိုဏ်းများနှင့် မြင့်မြတ်သောမိသားစုများ၏ သား၊သမီးများသည် ရွှယ်အန်းအား သူတို့၏ လက်ဆောင်များကို စတင်ဆက်သကြသည်။ ရတနာများ၏ အရောင်အသွေးမျိုးစုံ တောက်ပမှုသည် ကျူတန်နန်းတော်၏ ခန်းမကြီးကို ထွန်းလင်းစေပြီး မျက်စိကျိန်းမတတ်တောက်ပနေသည်။
ထိုမျှသာမက ဤလူများသည် ရွှယ်အန်း လက်မခံမည်ကို စိုးရိမ်သောကြောင့် သူတို့၏ လက်ဆောင်များကို ဦးစွာပေးအပ်ရန် တိုးဝှေ့လာကြသည်။
လက်ဆောင်များ ဆက်သရန် အလုအယက် တိုးဝှေ့နေသော ဤမြင်ကွင်းက သုန့်လင်းရှင်နှင့် အခြားသူများကို အံ့အားသင့် မှင်တက်သွားစေသည်။
တစ်ချိန်တည်းတွင် ထိုကဲ့သို့သော မြင်ကွင်းများကို ကျင့်သားရနေပြီဖြစ်သော ရှောင်ဝမ်တန်ကမူ ခံစားချက်ကင်းမဲ့စွာ ကြည့်ရှုနေသည်။
ရှောင်ဝမ်တန်သည် ဆေးပညာရှင်တစ်ဦးအနေဖြင့် ကောင်းကင်ဘုံအဆင့် ဆေးပညာဟူသောအရာကို သဘာဝကျကျ နားလည်သည်။
သူသည် အဝါရောင်အဆင့် ဆေးဖော်ပညာရှင်မျှသာ ဖြစ်ခဲ့စဉ်ကပင် လေးစားမှုကို ခံခဲ့ရသည်။
ကောင်းကင်ဘုံအဆင့် ဆေးပညာရှင်ဆိုပါက ပြောစရာကိုမလိုပေ။
ထိုအချိန်တွင်ပင် ရွှယ်အန်းက သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်ကို မြင်လိုက်ရသည်။
"အားလုံးရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် ကျေးဇူးပြုပြီး ဒီလက်ဆောင်တွေကို ပြန်ယူသွားကြပါ"
လူအုပ်ကြီး တိတ်ဆိတ်သွားပြီးနောက် လူတို့၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"အကြီးအကဲရွှယ်... ကျေးဇူးပြုပြီး လက်ခံပေးပါ"
"ဟုတ်ပါတယ်၊ ဒါက အကြီးအကဲ အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ပြသတဲ့ အရာတစ်ခုပါပဲ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"တကယ် မလိုပါဘူး"
ဤတစ်ကြိမ်တွင် လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူမျှ နောက်ထပ်စကားတစ်ခွန်း မပြောဝံ့တော့ပေ။
အဘယ်ကြောင့်ဆို သူတို့ထဲမှ မည်သူမှ အသစ်ခန့်အပ်ခံရသော ဆေးဘုရင်၏ စိတ်နေသဘောထားကို မသိကြသောကြောင့် သူတို့၏ ခေါင်းမာမှုကြောင့် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စေပြ အမှားကျူးလွန်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင်ပင်...
အခြားလူတစ်စုသည် ကျူတန်နန်းတော်ထဲသို့ လမ်းလျှောက်ဝင်လာကြသည်။
သူတို့ကို ဦးဆောင်လာသူများမှာ ဆေးပညာပွဲကို အကဲဖြတ်ပေးသော အကြီးအကဲများ ဖြစ်ကြသည်။
၎င်းတို့ နောက်တွင် ဆေးလုံးပညာရှင်များစွာ လိုက်ပါလာကြသည်။
အရောင်အသွေးစုံလင်သော ဆေးဖော်ပညာရှင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် ဤပုဂ္ဂိုလ်များ ပေါ်ထွက်လာခြင်းက ခန်းမအတွင်းရှိ လေထုကို ချက်ချင်းပင် တည်ကြည်လေးနက်သွားစေသည်။
ထို့နောက် ဤပုဂ္ဂိုလ်များသည် ရွှယ်အန်းထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကြပြီး သူ့ရှေ့တွင် တစ်ညီတစ်ညွတ်တည်း ဦးညွတ်လိုက်ကြသည်။
"ဆေးဘုရင်"
ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"ထကြပါ၊ ပြီးတော့... ကျွန်တော်က ခင်ဗျားတို့ရဲ့ ဆေးဘုရင်ဖြစ်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ ဒါကြောင့် ဒီလို ယဉ်ကျေးမှုတွေ လုပ်ဖို့မလိုဘူး"
ထိုသည်ကြားသောအခါ ဦးဆောင်လာသော အကြီးအကဲများတွင် ခါးသီးသော အပြုံးများ ပေါ်လာပြီး ရှေ့သို့တိုးကာ လေးစားစွာ ပြောလိုက်သည်။
"အကြီးအကဲ ဆန္ဒရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် အကြီးအကဲရဲ ဆေးပညာက ကောင်းကင်ဘုံအဆင့်ကို ရရှိပြီးသွားပြီဖြစ်လို့ ကျွန်တော်တို့အားလုံး အသိအမှတ်ပြုတဲ့ ဆေးဘုရင်အသစ်ပဲ"
ရွှယ်အန်းသည် သူတို့၏စကားများကြောင့် ရယ်ရမည်လော၊ ငိုရမည်လော မသိဖြစ်သွားပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရုံသာ တက်နိုင်တော့သည်။
"ထားလိုက်ပါတော့၊ ခင်ဗျားတို့က ကျွန်တော့်ကို ဒီလိုခေါ်ချင်တယ်ဆိုရင် ခင်ဗျားတို့ သဘောအတိုင်း လုပ်ကြပါ၊ ခင်ဗျားတို့ ဒီကို ဘာကိစ္စနဲ့ လာကြတာလဲ"
"ဆေးဘုရင်... ကျွန်တော်တို့ ဆေးလုံးပညာအသင်းက ဆေးဘုရင် အခမ်းအနားတစ်ခုကို စီစဉ်ထားပါတယ်၊ ဒါကို ဒီည ဆေးလုံးမျှော်စင်မှာ ကျင်းပမှာ ဖြစ်ပါတယ်၊ ကျေးဇူးပြုပြီး အရှင်ရဲ့ တက်ရောက်မှုနဲ့ ကျွန်တော်တို့ကို ဂုဏ်ပြုပေးပါ"
ရွှယ်အန်း ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဤဆံပင်ဖြူ အကြီးအကဲများ၏ စိတ်အားထက်သန်သော အကြည့်များကို သတိပြုမိသောအခါ သူ မနေနိုင်ဘဲ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ကျွန်တော် တက်ရောက်ပါ့မယ်"
လူအုပ်ကြီးသည် အလွန်အမင်း ဝမ်းမြောက်သွားကြသည်။
"ဆေးလုံးဘုရင်ကို ကျေးဇူးတင်ပါတယ်"
ဤနေရာတွင် ရှိနေကြသော မြင့်မြတ်သောမိသားစုများနှင့် ဂိုဏ်းများမှ လူများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့အားလုံး၏မျက်လုံးထဲတွင် အလားတူ အံ့အားသင့်မှုနှင့် ဝမ်းမြောက်မှုကို တွေ့လိုက်ရသည်။
ဤခရီးစဉ်သည် အချည်းနှီး မဖြစ်ခဲ့ပေ။
ယခု သူတို့ ဤသတင်းကို သိရှိသွားပြီဖြစ်သောကြောင့် သူတို့သည် ဤည ဆေးလုံးဘုရင် အခမ်းအနားသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး ထိုသို့လုပ်ရန်မှာ အလွန်အမင်း စွန့်စားရလျှင်ပင် လုပ်မည်ဖြစ်သည်။
မကြာမီပင်...
ဤညတွင် ဆေးလုံးမျှော်စင်၌ ဆေးဘုရင် အခမ်းအနား ကျင်းပမည့်သတင်းသည် ဝမ်တန်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
သို့သော် ဤအချိန်တွင်...
လုပိုင်ယွဲ့သည် အိမ်တွင် အခြားလူများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသည်။
အဆုံးတွင် အမွေးတိုင်တစ်တိုင်စာ အချိန်ကုန်သွားပြီးနောက်...
အလွန် ခမ်းနားထည်ဝါသော ရထား ဒါဇင်ခန့်သည် မိုးကုတ်စက်ဝိုင်းမှ ကောင်းကင်ယံကို ဖြတ်၍ ပျံသန်းလာပြီး ခြံဝင်းအတွင်းသို့ ဆင်းသက်လာသည်။
လုပိုင်ယွဲ့သည် သူမ၏အခန်းမှ အလျင်အမြန် ထွက်လာပြီး ခြံဝင်းထဲတွင် ရပ်လိုက်သည်။
သူမသည် ရထားများပေါ်မှ လူတစ်စု ဆင်းသက်လာသည်ကို တွေ့လိုက်ရပြီး သူတို့အား ဩဇာအာဏာရှိသောအရှန်အဝါများ ထွက်ပေါ်နေသည့် ရိုးရိုးအဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဦးဆောင်လာသည်။
"အဖေ"
သူ့ကို မြင်သောအခါ လုပိုင်ယွဲ့သည် လျင်မြန်စွာ ခေါင်းငုံ့ကာ လေးစားစွာ နှုတ်ဆက်လိုက်သည်။
ရောက်ရှိလာသူမှာ ကောင်းကင်ဘုံပြခန်းမှ လုမိသားစု၏ မိသားစုအကြီးအကဲလည်းတဖြစ် လုပိုင်ယွဲ့၏ ဖခင်ဖြစ်သူ လုလဲ့ ဖြစ်သည်။
သူတို့သည် မကြာသေးမီက အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကာ ဘိုးဘွားပိုင်မြေများ ဖျက်ဆီးခံရသော်လည်း
သူ၏ ဒုတိယသမီးကို မြင်လိုက်ရခြင်းသည် ဖခင်တစ်ယောက်၏ အလိုလိုက်သော အပြုံးကို အလိုအလျောက် ပေါ်လာစေသည်။
သမီးများကို အလိုမလိုက်သော ဖခင် အနည်းငယ်သာ ရှိသည်။ အထူးသဖြင့် လုပိုင်ယွဲ့သည် ဆေးပညာလမ်းစဉ်တွင် ထူးကဲသော အရည်အချင်းရှိပြီး ဤမျှ ငယ်ရွယ်သောအရွယ်တွင် နက်နဲအဆင့် ထိပ်ဆုံးရှိ ဆေးပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။
သူသည် သူမအပေါ် သဘာဝကျစွာ အလွန်အရေးပေးသည်။
သူတို့ အခန်းထဲတွင် နေရာယူထိုင်ပြီးသည်နှင့် လုလဲ့က ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။
"ပိုင်ယွဲ့... သမီးက ဒီလောက် အရေးတကြီး သတင်းပို့ချင်နေတာဆိုတော့ အဲဒီလူက သမီးပြောသလောက် တကယ်ပဲ ထက်မြက်ရဲ့လား"
လုလဲ့ ရောက်လာရခြင်းမှာ မနေ့က ဖြစ်ရပ်များအပြီးတွင် လုပိုင်ယွဲ့သည် အိမ်သို့ ချက်ချင်း စာတစ်စောင် ရေးသားခဲ့ပြီး ၎င်းကို အလွန်အရေးကြီးသည်ဟု ပြောခဲဘသောကြောင့် ဖြစ်သည်။
စာထဲတွင် လုပိုင်ယွဲ့သည် အလွန် ရှင်းလင်းစွာ ရေးသားထားသည်။ ထိုအမျိုးသားသည် လုမိသားစု၏ အနာဂတ် တိုးတက်မှုအတွက် ကြီးစွာသော အကူအညီ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သူမ၏ ဖခင် ကိုယ်တိုင် လာရောက်နိုင်ရန် မျှော်လင့်ကြောင်း ရေးသားထားသည်။
လုလဲ့သည် ဤအကြောင်းကြောင့် မိုင်ပေါင်း ထောင်ချီ ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။
လုပိုင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
"အဖေ စာထဲက စကားလုံးတိုင်းက အမှန်တွေချည်းပါပဲ၊ တခြား ဘာမှ မပြောရင်တောင် သူက နှစ်တစ်ထောင်အတွင်းမှာ ကောင်းကင်ဘုံအဆင့် ဆေးပညာရှင်ဖြစ်လာတဲ့ တစ်ဦးတည်းသောသူ ဖြစ်တယ်ဆိုတဲ့ အချက်ကပဲ သူ့ရဲ့ တန်ဖိုးကို သက်သေပြနေပါတယ်"
လုလိက ခေါင်းညိတ်လိုက်သည်။
"ဒါဆို သမီး ပြောချင်တာက..."
"အဖေ သမီး အမြင်အရတော့ သမီးတို့ ဒီလူကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သမီးတို့ဘက် ဆွဲခေါ်ရမယ်"
လုလဲ့သည် သူ့သမီး အသံထဲမှ လေးနက်မှုကို ကြားရသောအခါ သူ့မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်ကို မထိန်းနိုင် ဖြစ်သွားသည်။
လုပိုင်ယွဲ့က ဤအချက်ကို သတိပြုမိပြီး ဆက်ပြောသည်။
"အဖေ သမီးတို့ လုမိသားစုက မကြာသေးခင်က ကြီးမားတဲ့ ဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ အင်အားစုတွေ အများကြီးက အရိပ်ထဲကနေ လောဘတကြီးနဲ့ စောင့်ကြည့်နေကြတာ၊ ဒါကြောင့် သမီးတို့ ကိုယ်ပိုင်အင်အားတွေကို အမြန်ဆုံး အားကောင်းအောင် လုပ်ရမယ်၊ ပြီးတော့ ဒီလူက အကောင်းဆုံး အကူအညီ ဖြစ်နိုင်တယ်"
"ကောင်းကင်ဘုံအဆင့် ဆေးပညာရှင်တစ်ယောက် တိုးလာတာက အနည်းဆုံးတော့ သမီးတို့ လုမိသားစုရဲ့ ငြိမ်းချမ်းရေးကို နှစ်ပေါင်း နှစ်ဆယ်ကြာအောင် အာမခံနိုင်တယ်"
လုလဲ့သည် သူ၏သမီး စကားများကြောင့် စိတ်လှုပ်ရှားသွားသည်။
"ကောင်းတယ်၊ အဖေ ဘာလုပ်သင့်လဲ"
"အဖေ... ဒီည ဆေးမျှော်စင်မှာ ဆေးဘုရင် အခမ်းအနား ကျင်းပလိမ့်မယ်၊ အဲ့ဒီအခါကျရင် သမီးတို့ လုမိသားစု လူလုံးထွက်ပြရမယ့် အချိန်ပဲ ဘာပဲဖြစ်ဖြစ် ဒီဒေသအားလုံးမှာ သမီးတို့ လုမိသားစုထက် ပိုချမ်းသာတဲ့သူ မရှိဘူးထင်တယ်"
ဤသည်ကိုကြားသောအခါ လုလဲ့သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းတယ် ပိုင်ယွဲ့၊ ပိုက်ဆံသုံးရမယ့် ကိစ္စဆိုရင် ငါတို့ လုမိသားစုက ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး"
"ဒီည အဖေတို့ ဆေးလုံးဘုရင် အခမ်းအနားကို အတူတူ သွားကြမယ်၊ အဖေလည်း ဒီဆေးဘုရင်အသစ်က ဘယ်လိုပုံမျိုးရှိလဲဆိုတာ ကိုယ်တိုင်မြင်ချင်တယ်"