နက်နဲသည့်ကံကြမ္မာ
Vol. 44 Ch. 660
ရုံးတော်အရာရှိများလာသည်ဆိုလျှင် ဆိုင်ရှင်ဟုန် ခုခံရဲသည်။
သို့သော် လုယန်က မတူ။
မဟာရှားတွင် လုယန်ကိုမသိသူမရှိ။
ရွှေသန္ဓေအဆင့်တွင် ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးကို လက်ရည်တူတိုက်ခိုက်ခဲ့သူ။ သာမန်လူများကသူ့ကို 'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ-လုယန်ပုံပြင်'၏ ဇာတ်လိုက်ကျော်အဖြစ်သိကြသည်။
မသေမျိုးငါးဂိုဏ်းဆိုသည်မှာ အဆင့်မြင့်ကျင့်ကြံသူများစွာရှိသည့် ထိပ်ဆုံးအင်အားစုများဖြစ်သည်။
မသေမျိုးဂိုဏ်းများတွင် ချီအဆင့်၌ အဆင့်ငယ်များလုံးဝမခွဲဟုဆိုသည်။
ဝါးရွက်ဂိုဏ်းတွင် ကျင့်စဉ်အမြင့်ဆုံးဘိုးဘေးသည် နတ်ဝိညာဉ်အဆင့်သာရှိသည်။ မသေမျိူးဂိုဏ်းဝင်တစ်ယောက်၏ ဖိနပ်ကိုင်ဖို့ပင် မထိုက်တန်။
လုယန်လိုလူဆို ပြောစရာပင်မလို။ အသက်ငယ်သော်လည်း ယာယီဂိုဏ်းချုပ်လုပ်ဖူးသည့် ပြိုင်ဘက်ကင်းပါရမီရှင်။ နောင်တစ်ချိန် တာအိုလမ်းစဉ်ဂိုဏ်းချပ်ဖြစ်ဖို့ သေချာနေသူ။
မြို့တော်သခင်ပင် လုယန်ကိုတွေ့လျှင် လေးလေးစားစားဆက်ဆံရမည်။ သူ့လို ချီအဆင့်လောက်က ဘာမှပြောစရာမလို။
မုန်ကျင်းကျိုးက နည်းနည်းဝင့်ကြွားပုံပေါ်နေသည့် လုယန်ကိုတစ်ချက်ကြည့်၍ အတော်ဝမ်းနည်းသွားသည်။
နာမည်ထုတ်ပြောဖို့ သူခြေတစ်လှမ်းနှေးသွားသည်။ ထုတ်ပြောလျှင်ပင် လုယန်နာမည်လောက် သက်ရောက်မှုရှိချင်မှရှိမည်။
ဆိုင်ရှင်ဟုန်နှင့်အတူထွက်လာသည့် မိန်းကလေးကလည်း လုယန်နာမည်ကြားသဖြင့် အံ့အားသင့်နေသည်။
ဒဏ္ဍာရီလုယန်။
ပါရမီရှင်လုနှင့်ယှဉ်လျှင် သူ့ချစ်ရသည့်ရှောင်ချင်သည် ဘာမှမဟုတ်တော့။ ထို့ပြန် လုယန်က အတော်လည်းချောသည်။
လုဘန်ဘေးတွင်ရပ်နေသူနှစ်ယောက်ကလည်း အဆင့်တူများဖြစ်ပုံရသည်။ နှစ်ယောက်လုံးချောသည်။ အထူးသဖြင့် ဘုန်းကြီးက အချောဆုံးဖြစ်သည်။
ထိုသုံးယောက်ထဲမှ ဘယ်သူ့ကိုရွေးရမည်ကို မိန်းကလေးစဉ်းစားနေသည်.
လုယန်က မျက်လုံးမှေးစင်း၍ ပြုံးလိုက်သည်။
"ဆိုင်ရှင်ဟုန်။ အဖမ်းခံတယ်ဆိုတာ အညံ့ခံရုံနဲ့မရဘူး။ ခင်ဗျားလုပ်ခဲ့သမျှလုပ်ရပ်အားလုံး အမှန်အတိုင်းထုတ်ပြောရမယ်"
"ပြောပါ့မယ်။ အားလုံးပြောပါ့မယ်"
"ခင်ဗျားရောင်းတဲ့ အဆောင်ပစ္စည်းတွေ ဘယ်ကရတာလဲ။ ဘယ်လောက်ရောင်းပြီးပြီလဲ"
"လွန်ခဲ့တဲ့တစ်လကျော်က ကျုပ်ဆီကို လူတစ်ယောက် ရောက်လာတယ်။ ကျုပ်ကို အဆောင်ပစ္စည်းတွေ ကူရောင်းပေးဖို့ တောင်းဆိုတယ်။
အစက ကျုပ်လက်မခံချင်ဘူး။ ဒါပေမယ့် ဒီလူက ကျင့်စဉ်အဆင့်မြင့်တယ်။ ကျုပ်ငြင်းလိုက်ရင် နောက်ပိုင်းမှာ အန္တရာယ်ပေးလာနိုင်တယ်။
မတတ်သာလို့ သူတောင်းဆိုတာကို လက်ခံလိုက်ရတယ်။ ပြီးတော့ ဒီလူက သတ်မှတ်ချက်တစ်ခုပြောတယ်။ ဒီအဆောင်တွေကို သာမန်လူကိုပဲရောင်းရမယ်၊ ကျင့်ကြံသူတွေကို မရောင်းရဘူးတဲ့"
လုယန်မျက်မှောင်ကျုံ့သွားသည်။
"အဲဒီလူကဘယ်သူလဲ။ ဘယ်လိုပုံစံလဲ။ ကျင့်စဉ်အဆင့်ကဘာလဲ"
"သူ့နာမည်ကိုမသိဘူး။ လူက ပိန်ပိန်ရှည်ရှည်ပါ။ ဝါးခြမ်းပြားထောင်ထားသလိုမျိုးပဲ။ သူ့ကျင့်စဉ်အဆင့်ကိုလည်း ကျုပ်မသိပါဘူး"
လုယန်တို့သုံးယောက်လုံး မျက်မှောင်ကျုံ့သွားသည်။
အဆောင်ရောင်းခိုင်းသူသည် ရည်ရွယ်ချက်တစ်ခုရှိပုံရသည်။ ဘာမှန်းတော့သေချာမသိ။
"နတ်မယ်၊ ထပါဦး။ ကျင့်ကြံ(အိပ်)မနေနဲ့တော့"
လုယန် သိစိတ်နယ်မြေ မဟာခန်းမထဲတွင်၍ အိပ်မက်မှော်ပညာကျင့်နေသည့်နတ်မယ်ကို နှိုးသည်။
"အင်း...ဘာဖြစ်တာလဲ။ ရှောင်ယွမ်ကငါ့ကိုခေါ်လို့လား"
နတ်မယ် ကြာပလ္လင်ပေါ်မှ မျက်လုံးမပွင့်တပွင့်ဖြင့် ဖြေးညှင်းစွာထထိုင်သည်။
"အခက်အခဲတစ်ခုကြုံနေလို့ ခင်ဗျားရဲ့အတွေးအမြင်ကိုသုံးဖို့လိုတယ်"
"ဝါး...ဘာအခက်အခဲလဲ"
"ကျုပ်လက်ထဲက အဆောင်ကိုမြင်လား"
"အဆောင်.."
လုယန်မြင်ကွင်းမှ နတ်မယ်ကြည့်သည်။ လက်ထဲတွင် လွှဲယမ်းနေသည့်အဆောင်ကိုမြင်သည်။
"ဒါကိုဘယ်သူလုပ်တာလဲ"
"ဒီပစ္စည်းမှာ မူမမှန်တာတစ်ခုခုရှိလို့လား"
"မရှိပါဘူး။ ဖန်တီးတဲ့ပညာက အရမ်းညံလို့ပါ။ ငါ့ရဲ့အိပ်မက်ခေါင်းဦးကိုမီဖို့ အဝေးကြီးပဲ"
လုယန် "..."
"ပြီးတော့ ဘယ်လိုလူကိုပစ်မှတ်ထားလို့ရလဲ။ ကျင့်ကြံသူရော သာမန်လူအပေါ်မှာရော သက်ရောက်မှုရှိလား"
"လုပ်ထားတာက ခပ်ညံ့ညံ့လေ။ သာမန်လူတွေရဲ့ အိပ်မက်ထဲပဲ ဝင်နိုင်မှာပေါ့။ စိတ်ကူးကတော့ မဆိုးပါဘူး။ ပိုပြီးအနုစိပ်ဖန်တီးရင် ကျင့်ကြံသူတွေရဲ့အိပ်မက်ထဲဝင်နိုင်တယ်။
မူမမှန်တာဆိုပြီး ခေါင်းစဉ်တပ်ချင်ရင်တော့...အင်း... ဒီအဆောင်က အိပ်မက်တွေကို မှတ်တမ်းယူထားနိုင်တယ်"
"အိပ်မက်ကို မှတ်တမ်းယူတယ်ပေါ့.."
"ဒီမှော်အဆောင်ကိုသုံးပြီး ဘယ်လိုအိပ်မက်ပဲမက်မက် အိပ်မက်မက်တဲ့လူအပေါ်လွှမ်းမိုးထားတဲ့ အကြောင်းအရာတွေအားလုံးကို မှတ်တမ်းတင်နိုင်တယ်"
အဆောင်ရောင်းသူ၏ရည်ရွယ်ချက်ကို လုယန်နားမလည်တော့။
သို့သော် မတွေးတော့။ အစိုးရရုံးတော်က ကိုင်တွယ်ဖြေရှင်းလိမ့်မည်။
"မင်းကရောဘယ်သူလဲ"
လုယန် သနားစရာမျက်နှာပေးနှင့်ကောင်မလေးကို လှည့်မေးသည်။ သူ့အကြည့်ကြောင့် မိန်းကလေးလန့်သွားသည်။
"ကျွန်မ..ကျွန်မက သူ့ဂိုဏ်းတူညီမပါ။ လမ်းကြုံလို့ သူ့ဆီဝင်လည်တာ။
"ဪ...မင်းနဲ့သူ အသက်နှစ်ဆယ်လောက်ကွာတယ်။ မင်းကသူ့ဆီ ညဘက်လာလည်တယ်။ ယောက်ျားနဲ့မိန်းမ တစ်ခန်းထဲမှာ နှစ်ယောက်တည်းအတူရှိတယ်ပေါ့"
"ဟုတ်ပါတယ်"
ရှီချန်း ရှေ့တက်လာပြီး မန္တာန်တစ်ခုရွှတ်၍ ရွှေရောင်ဗုဒ္ဓစာလုံးတစ်ခုကို မိန်းကလေးနဖူးပေါ်တင်လိုက်သည်။
"ဒကာမ၊ အမှန်အတိုင်းပြောပါ"
မန္တာန်အစွမ်းကြောင့် မိန်းကလေးနှုတ်မှ အမှန်တရားက အလိုလိုထွက်လာသည်။
"ကျွန်မပြိုင်ဘက် ဖူလင်းကိုသတ်ပေးဖို့ အကိုဟုန်ကို လာတောင်းဆိုတာပါ"
လုယန် "..."
မုန်ကျင်းကျိုး "..."
ဒီတစ်ခါလာပြန်ပြီလား ဖူလင်း...
အားလုံးရှင်းသွားပြုဒီဖြစ်၍ ဆက်နေစရာအကြောင်းမရှိတော့။
ဟုန်အိမ်တော်မှ လုယန်ထွက်သည်။ လမ်းမပေါ်တွင် ကင်းလှည့်အရာရှိနှင့်တွေ့သည်။
"အရာရှိအကို၊ နောက်ထပ်အမှုတစ်ခု သတင်းပို့စရာရှိနေလို့ပါ"
လုယန် လှမ်းခေါ်သည်။ ဟုန်အိမ်တော်အခြေအနေကိုရှင်းပြသည်။ အရာရှိက သူ့ကိုမယုံနိုင်ဟန်ဖြင့် ကြည့်သည်။
မနေ့ညက အထမမြောက်သည့်လူသတ်မှုတိုင်သည်။ ယနေ့ည လူသတ်ရန်ကြံစည်မှုဖြင့် အဖွဲ့တစ်ခုလုံးဖမ်းဖို့ပြောသည်။
လုယန်သည် လုပ်ငန်းချဲ့ထွင်နယ်မြေစိုးမိုးဖို့ အစိုးရရုံးတော်ကိုအသုံးချပြီး နယ်ခံပြိုင်ဘက်များကို ရှင်းထုတ်နေသည့် တစ်ခြားမြို့မှ လူမိုက်ဂိုဏ်းဝင်များလားဟု အရာရှိစိတ်ထဲ တွေးမိမတတ်ဖြစ်သွားသည်။
မကြာမီ အရာရှိက သူ့အထက်အရာရှိများကို ဆက်သွယ်သည်။ အရာရှိအဖွဲ့ကြီးတစ်ခု ဆင့်ခေါ်သည်။ ဟုန်အိမ်တော်မှလူအားလုံးကို ဖမ်းခေါ်သွားသည်။ တစ်ညလုံးမေးမြန်းစစ်ဆေးကြသည်။
ကျုန်းမင်နှင့် သူ့သမီးလည်း မျက်မြင်သက်သေနှင့် နစ်နာသူအဖြစ် ရုံးတော်တွင် ထွက်ဆိုချက်ပေးရသည်။
"ကိုယ်တော်၊ ကိစ္စပြီးသွားပြီလား"
ကျုန်းမင်က စိတ်လှုပ်ရှားစွာမေးသည်။
"ပြီးပါပြီ။ ဒကာကြီးရဲ့သမီးကိစ္စက ခန်းဝေ့မှော်အဆောင်သုံးခဲ့လို့ ဖြစ်တာပါ။ အခုအားလုံး အဖြစ်မှန်ပေါ်ပြီ။
ရုံးတော်က တာဝန်ယူဖြေရှင်းပါလိမ့်မယ်"
"အရမ်းကျေးဇူးတင်ပါတယ်"
ကျုန်းမင်မပျော်ဘဲ မနေနိုင်ပါ။ တစ်ပတ်ကြာအောင် ဒုက္ခပေးခဲ့သည့်ပြဿနာကို ထိုကိုယ်တော်က တစ်ညတည်းဖြင့် ရှင်းပေးသွားသည်။
"ဒါဆို မွေးတိုင်အလှူငွေက..."
"ငွေပြားငါးရာပါ"
ကျုန်းမင်အတွက် ထိုငွေက စာမဖွဲ့လောက်။ ငွေပြားတစ်ထောင်တန်ငွေလက်မှတ် ချက်ချင်းထုတ်ပေးသည်။
"ကိုယ်တော်၊ ဒါက ကျုပ်ကျေးဇူးဆပ်တာလေးပါ"
"များလွန်းတယ်"
ရှီချန်းက ကြေးပြားငါးရာသာလက်ခံသည်။ ဘယ်လိုမှဖျောင်းဖျလို့မရသဖြင့် ငွေပြားငါးရာတန်ငွေလက်မှတ်ကိုသာထုတ်၍ ကျန်းမင် ရိုရိုသေသေပေးသည်။
ကိစ္စပြီးသည်နှင့် မိန်းကလေးကျုန်းကို ရှီချန်း လုံးဝလှည့်မကြည့်တော့ဘဲ တည်းခိုခန်းသို့ပြန်သည်။
"ကိုယ်တော်က ဒီည စိတ်သမာဓိလေ့ကျင့်ဖို့ နွေဦးရနံ့အိမ်တော်ကို သွားတော့မှာလား"
လုယန်က ရယ်ကျဲကျဲဖြင့် မေးသည်။ ရှီချန်း၏ ဘာသာရေးဝန်ဆောင်မှုများကို လိုက်ကြည့်ရသည်မှာ တကယ်အမြင်ကျယ်ရသည်။
"မသွားပါဘူး။ အခုမှတစ်ညပဲခြားသေးတာလေ။ ကျုပ်ဆန္ဒတွေ အမြင့်ဆုံးအချိန်ကိုမရောက်သေးဘူး။ အထိရောက်ဆုံးအကျိုးကျေးဇူးကို ရမှာမဟုတ်ဘူး။
နောက်သုံးရက်လောက်ထပ်စောင့်တာ ပိုကောင်းမယ်လို့ယူဆတယ်"
"ကိုယ်တော်က အသေးစိတ်သေချာတွေးတတ်တာပဲ"
သူတို့သုံးယောက် တည်းခိုခန်းပြန်ရောက်ချိန်တွင် ပြန်ရောက်ခါစ ဖူလင်းညီအမနှင့် တိုက်တိုက်ဆိုင်ဆိုင်တွေ့သည်။
"ဪ..ကိုယ်တော်။ ပြန်ရောက်တာ နောက်ကျသားပဲ"
"ဘာသာရေးဝန်ဆောင်မှုတွေ လုပ်ရတာ နည်းနည်းပိုကြာသွားတယ်။ ဒကာမတို့နှစ်ယောက်လည်း ပြန်ရောက်တာနောက်ကျတာပဲ"
ဖူလင်းကပြုံး၍ မျက်လုံးမှေးစင်းသွားသည်။
"ဒီနေ့ကံကောင်းတဘ်။ ဘယ်တုန်းကမှ ညှိနှိုင်းလို့မရတဲ့ ဖောက်သည်တစ်ယောက်က ဒီနေ့တော့ သဘောတူလိုက်တယ်။ အသေးစိတ်အချက်တွေ အများကြီးဆွေးနွေးဖြစ်တယ်။
ကျွန်မတို့ ပြန်အသိဝင်လာတော့မှ ညာဉ့်နက်ပြီဆိုတာ သတိထားမိတာ"
"အော်မီတော်ဖော်၊ ဒကာမဖူလင်းက တကယ်ကံကြမ္မာကောင်းချီးရထားတာပဲ"
"ကိုယ်တော့်ရဲ့ မင်္ဂလာရှိတဲ့စကားကို ရင်ထဲမှာမှတ်ထားပါ့မယ်။ ဒါပေမယ့် ဒီနေ့ဖြစ်ခဲ့တာတွေက တကယ်ထူးဆန်းတယ်။ ဘာတွေဖြစ်သွားမှန်းမသိဘူး။
မနေ့ကဆို အဲဒီဖောက်သည်က တစ်ဘက်သတ်တောင်းဆိုချက်တွေပဲ အများကြီးသတ်မှတ်ခဲ့တာ။ ဒီနေ့ကျတော့ သူ့လေသံပြောင်းသွားတယ်။ သူကောင်းမှုပြုပြီး ကုသိုလ်စုချင်လို့တဲ့။
ကိုယ်တော်ပြောတဲ့စကား အမှန်ဟုတ်မဟုတ် သိချင်တယ်ဆိုလာဘာလား ပြောသွားတယ်"
*********************************
လုယန်ပရိတ်သတ်များ ဒီလ အုပ်ရေများများထွက်ပါမယ်ခင်ဗျာ။ မီးပြဿနာကြောင့် အုပ်ရေအထွက်ကျဲခဲ့တာကို သည်းခံဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။