← Chapters

တောက်ပသောမျက်ဝန်းနှင့် ဖြူဖွေးသောသွားများ၊ ပန်းပွင့်လေးလို အပြုံးမျက်နှာ

Vol. 53 Ch. 784

တောက်ပသောမျက်ဝန်းနှင့် ဖြူဖွေးသောသွားများ၊ ပန်းပွင့်လေးလို အပြုံးမျက်နှာ

Vol. 53 Ch. 784

ရွှယ်အန်း ခေါင်းလှည့်ကြည့်လိုက်သည်။

သူတွေ့လိုက်ရသည်မှာ အယောင်ဆောင်ရုပ်ဖျက်မှုများကို ဖယ်ရှားထားပြီး ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ကာ တံခါးဝတွင် ချစ်စဖွယ်ရပ်နေသော အန်းယန်ကိုပင် ဖြစ်သည်။ သူမသည် သူ့ကိုကြည့်နေသောအချိန် မျက်လုံးလေးများမှာ လခြမ်းပုံသဏ္ဍာန်ကွေးညွတ်သွားသည်အထိ ပြုံးပြနေခဲ့သည်။

တစ်ခဏတာမျှ ရွှယ်အန်း ရုတ်တရက် ကြောင်ငေးသွားမိသည်။

ဤအချိန်တွင် အချိန်များသည် ပြင်းထန်စွာ နောက်ဆုတ်သွားပြီး သူ၏ ကောလိပ်ကျောင်းသားဘဝတွင် အန်ယန်အား ပထမဆုံးတွေ့ဆုံခဲ့သည့် ကြည်လင်နေသော နံနက်ခင်းဆီသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

ထိုစဉ်က အန်းယန်သည် ယခုအတိုင်းပင် ဖြစ်သည်။

တောက်ပသောမျက်ဝန်း၊ ဖြူဖွေးသောသွားများ၊ ပြုံးလိုက်တိုင်း ပန်းပွင့်လေးလို ပွင့်အာသွားသော သူမ၏ ပါးချိုင့်လေးများဖြစ်သည်။

"‌ ယောင်္ကျား... ကျွန်မ ကြည့်လို့မကောင်းဘူးလား"

ရွှယ်အန်းသည် ခဏကြာသည်အထိ စကားတစ်ခွန်းမှ မပြောသည်ကို တွေ့သောအခါ အန်းယန်က အနည်းငယ် စိုးရိမ်တကြီး မေးလိုက်သည်။

သူမ၏စကားများသည် ရွှယ်အန်းကို သူ၏အမှတ်တရများမှ ပြန်ဆွဲထုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်ပေါက်လာပြီးနောက် သူသည် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"လှတယ်၊ ငါ့ရဲ့ ယန်အာက ဒီလောကမှာ အလှဆုံးပဲ"

ရွှယ်အန်း၏ တဲ့တိုးချီးကျူးစကားကို ကြားသောအခါ အန်းယန်သည် ပျော်ရွှင်မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားပြီး သူမ၏စကတ်အနားစကို စိတ်လှုပ်ရှားစွာ ချေကာ ခေါင်းငုံ့ကာ တိုးတိုးလေးပြောသည်။

"တော်ပါတော့၊ လူတွေအများကြီး ကြည့်နေတယ်လေ"

အန်းယန်၏ ကလေးဆန်သော အမူအရာကို မြင်သောအခါ ရွှယ်အန်းသည် သူ၏နှလုံးသား အရည်ပျော်ကျတော့မတတ် ခံစားလိုက်ရပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။

"လူတွေကြည့်တော့ ဘာဖြစ်လဲ၊ ငါ့ရဲ့ ယန်အာက ကမ္ဘာပေါ်မှာ အလှဆုံးပဲ၊ ဘယ်သူပဲလာလာ ငါဒီအတိုင်းပဲ ပြောမှာ"

ရွှယ်အန်းသည် ပြောနေချိန် ရှောင်တန်ချန်၊ သုန့်လင်းရှင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။

အန်းယန်၏ ထူးကဲသော အလှတရားကြောင့် ကြက်သေသေနေခဲ့သော ထိုလူများသည် အဆုံးတွင် အသိစိတ်ပြန်ဝင်လာပြီး ဆက်မကြည့်ရဲတော့ဘဲ ခေါင်းများကို အလျင်အမြန် ငုံ့ချလိုက်ကြသည်။

ရှောင်တန်ချန်သည်မူ အနည်းငယ် သက်သာသေးသည်။ သူသည် အန်းယန်၏ တကယ့်မျက်နှာအစစ်ကို အကြိမ်အနည်းငယ် မြင်ဖူးသည်။

သို့သော် သုန့်လင်းရှင်သည်တော့ မတူပေ။

ထိုအခိုက်အတန့်တွင် ကျူတန်နန်းတော်၏ ဆိုင်ရှင်မလေးသည် သူမ၏နှလုံးသားအား လှိုင်းလုံးကြီးများရိုက်ခတ်သလို လှုပ်ရှားသွားပြီး အံ့အားသင့်မှုများဖြင့် လုံးလုံး ပြည့်နှက်သွားသည်။

သုန့်လင်းရှင်သည် အလှပဂေးများကို မြင်ဖူးပြီး သူမကိုယ်တိုင်လည်း အလှပဂေးတစ်ဦးဟု သတ်မှတ်နိုင်သည်။

သို့သော် အန်ယန်ကို မြင်လိုက်ရမှသာ တိုင်းပြည်ကိုပင် ပြိုလဲသွားစေနိုင်သော အလှတရား၏ အဓိပ္ပာယ်ကို သူမ အမှန်တကယ် နားလည်သွားသည်။

မြင့်မြတ်သည့်အလှ၊ နူးညံ့သည့်အလှ၊ စွဲမက်ဖွယ်ကောင်းသောအလှ၊ ဖြူစင်သော အလှတရားများနှင့်မတူဘဲ အန်းယန်၏ အလှသည် အားလုံးကိုလွှမ်းခြုံနိုင်သော အပြစ်အနာအဆာကင်းသည့် ညှို့ဓာတ်တစ်ခု ဖြစ်သည်။

သူမဆီတွင် ချို့ယွင်းချက် တစ်ခုတောင် ရှာမတွေ့နိုင်ပေ။

ရှုထောင့်အားလုံးမှ လွှမ်းမိုးနိုင်သော ဤအလှတရားမျိုးသည် သုန့်လင်းရှင်ကို အားငယ်သွားစေသည်။

ရွှယ်အန်း၏ရှေ့တွင် အန်းယန် ပြသသော ကလေးဆန်သည့် အမူအရာက သုန့်လင်းရှင်ကို ခါးသက်စွာ ပြုံးမိစေသည်။

သူမသည် အဆုံးတွင် ရွှယ်အန်းက သူ့ဇနီးကို ဘာကြောင့် ဤလောက်အထိ ချစ်မြတ်နိုးသည်ကို နားလည်သွားသည်။

ဘယ်သူမှ ဤညှို့ဓာတ်ကို မတွန်းလှန်နိုင်ချေ။

သုန့်လင်းရှင်က သူမသာ ယောက်ျားတစ်ယောက်ဖြစ်ခဲ့လျှင် သူမလည်း ထိုနည်းတူ ပြုမူမိမှာပဲဟုပင် ခံစားမိသည်။

သူမသည် ရုပ်ရည် သာမန် ဟု လှောင်ပြောင်ခဲ့သည်ကို ပြန်သတိရမိသောအခါ ငိုချင်စိတ်ပင် ပေါက်လာသည်။

ဒါကိုသာ သာမန်လို့ သတ်မှတ်ရင် လောကကြီးမှာရှိတဲ့ မိန်းမတွေအားလုံး အသက်ဆက်မရှင်တာတောင် ပိုကောင်းလိမ့်မည်။

"ဖေဖေ... မေမေ သွားကြစို့လေ"

ဤအချိန်တွင် ကောင်မလေးငယ်နှစ်ယောက်လည်း တက်ကြွစွာ ခုန်ပေါက်ထွက်လာကြသည်။

ဤမိန်းကလေးငယ်နှစ်ဦးကို မြင်သောအခါ သုန့်လင်းရှင်နှင့် အခြားသူများလည်း မျက်နှာများ ပြန်လည် တောက်ပလာကြသည်။

အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးငယ်နှစ်ဦးသည် အလွန် ချစ်စရာကောင်းသောကြောင့် ဖြစ်သည်။

သူတို့သည် အန်းယန်၏ ဝတ်စုံနှင့် အရောင်တူ ရှေးခေတ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ဆံပင်နက်များကို သေးငယ်သော ဆံထုံးလေးများအဖြစ် ကျစ်ထားကာ ဖောင်းကစ်သော်လည်း လှပသော ပါးပြင်လေးများကို ဖော်ပြနေပြီး ရှေးခေတ် ပန်းချီကားများထဲမှ ထွက်လာသော နတ်သမီးလေးနှစ်ပါးနှင့် တူလှသည်။

အထူးသဖြင့် သူတို့နှစ်ယောက်သည် ပုံစံတူညီနေသောကြောင့် အတူတူရပ်နေချိန်တွင် သူတို့၏ ညှို့ဓာတ်က အဆပေါင်းများစွာ တိုးမြင့်လာသည်။

အနည်းဆုံးတော့ သုန့်လင်းရှင်သည် မျက်စိကျိန်းသွားပြီး တစ်ယောက်ကို ပြေးဖက်ကာ အနမ်းကြီးတစ်ပွင့် ပေးလိုက်ချင်စိတ် ပေါက်သွားသည်။

ရွှယ်အန်းက ထိုအခိုက်တွင် ပြုံးလိုက်သည်။

"ကောင်းပြီ အခု သွားကြစို့"

ရွှယ်အန်းနှင့် သူ၏မိသားစုသည် ဆေးမျှော်စင်သို့ ဦးတည်နေစဉ်...

ဆေးမျှော်စင်၏ ခန်းမကြီးအတွင်း၌ ဆူညံသံများနှင့် စိတ်လှုပ်ရှားသံများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

‌

နေရာအစုံမှလာသော တန်ခိုးကြီးသူများသည် ဤနေရာတွင် စုရုံးရောက်ရှိနေကြပြီး တက်ကြွစွာ ဆွေးနွေးပြောဆိုနေကြသည်။

ဆေးပညာရှင်များ အများအပြားသည်လည်း သုံးယောက်တစ်စု၊ ငါးယောက်တစ်ဖွဲ့ကာ သူတို့၏ ဆေးပညာရပ်ဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်နေကြသည်။

ခန်းမ၏ ထောင့်တစ်နေရာတွင် အထူးအဖွဲ့တစ်ဖွဲ့ ရှိနေသည်။

၎င်းတို့သည် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော မျိုးရိုးမြင့် မိန်းကလေးတစ်စုဖြစ်ပြီး ပျော်ရွှင်စွာ စကားပြောရယ်မောနေကြကာ အခါအားလျော်စွာ ထွက်လာသော ရယ်သံများကြောင့် ခန်းမထဲရှိ အမျိုးသားများစွာ၏ မကြာခဏ လှမ်းကြည့်ခြင်းကို ခံနေရသည်။

မည်သို့ပင်ဖြစ်စေ လှပသော မိန်းကလေးများစွာ အတူရှိနေသည့် မြင်ကွင်းသည် မျက်စိပသာဒ ဖြစ်စေသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ထို့အပြင် ယနေ့ ကြီးကျယ်ခမ်းနားသော ပွဲတော်သို့ တက်ရောက်လာသော မိန်းကလေးတိုင်းသည် တစ်ဦးထက်တစ်ဦး သာလွန်အောင် ကြိုးစားရန် အများကြီး အားထုတ်ပြင်ဆင်ထားကြသည်။

ထိုအရာသည် လူအများအပြားကို မျက်စိပသာဒ ပိုဖြစ်စေခဲ့သည်။

ဤအချိန်တွင်...

ထိုမိန်းကလေးများထဲမှ ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦးသည် စိတ်မရှည်သလို ပြောလိုက်သည်။

"ဒီလောက်တောင် နောက်ကျနေပြီ၊ ဆေးဘုရင်က ဘာလို့ ခုထိ မရောက်သေးတာလဲ"

"ဟုတ်ပ အခု ဘယ်အချိန်ရှိနေပြီလဲ၊ သူ ခုထိ ပေါ်မလာသေးဘူး"

အစိမ်းရောင်ဝတ်စုံနှင့် အခြားမိန်းကလေးတစ်ဦးသည်လည်း သူမ၏ မကျေနပ်မှုကို ဖော်ပြသည်။

"နင်တို့က ဒါကို စိတ်အနှောင့်အယှက်ဖြစ်တယ် ထင်ရင် ပြန်လို့ရတယ်၊ ဘယ်သူမှ နင်တို့ကို ဒီမှာစောင့်ဖို့ အတင်းအကျပ် မခိုင်းထားဘူး"

အနီရောင်ဝတ်စုံနှင့် အေးစက်စက် အလှတရားရှိသော မိန်းကလေးတစ်ဦးသည် မထီမဲ့မြင် ပြုံးကာ ပြောသည်။

"ရှန်ကွမ်ယန်... နင်က ငါတို့ကို အမြဲတမ်း တမင်သက်သက် ဆန့်ကျင်နေတာပဲ၊ နင်က ငါတို့ကို ထွက်သွားစေချင်ပြီး ဆေးဘုရင်အသစ်ဆီ ချဉ်းကပ်ဖို့ နည်းလမ်းရှာချင်နေတာမလား၊ ငါပြောလိုက်မယ်... ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး"

ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ဒေါသတကြီး ပြောလိုက်သဖြင့် စိတ်ဆိုးသွားမှန်း သိသာသည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေးသည် အေးစက်စွာ ရယ်မောလိုက်သည်။

"နင်ကရော အဲ့ဒီအတွေးနဲ့ ဒီကိုရောက်နေတာ မဟုတ်ကျနေတာပဲ"

"နင်…"

"တော်ပြီ တော်ပြီ၊ ရန်မဖြစ်ကြနဲ့တော့၊ နင်တို့နှစ်ယောက်လုံး တွေ့လိုက်တိုင်း ဒီလိုပဲ၊ အဓိပ္ပာယ်ရောရှိလို့လား၊ ပြီးတော့ ဒီ ဆေးဘုရင်အသစ်က နင်တို့ပြောသလို တကယ်ကောင်းလို့လား၊ သူက ရုပ်ဆိုးအကျည်းတန်တဲ့ အဘိုးကြီးတစ်ယောက် မဟုတ်ပါစေနဲ့လို့ ငါမျှော်လင့်တယ်"

အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ဤအချိန်တွင် ကြားဝင်ဖြန်ဖြေရန် ကြိုးစားသည်။

သို့သော် သူမ၏စကားများသည် ပျားအုံကို တုတ်နှင့်ထိုးလိုက်သလို ဖြစ်သွားသည်။

အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့သော မိန်းကလေးအများအပြားသည် ဆက်လက်မထိန်းနိုင်တော့ဘဲ အပြစ်တင်စကားများ စတင်ပြောဆိုလာကြသည်။

"နန်ကုံးယောင် နင် ဖြန်ဖြေချင်ရင် ဖြန်ဖြေ... ဒါပေမယ့် ဆေးဘုရင်ကိုတော့ နင်စွဲမထည့်နဲ့"

"ဟုတ်တယ်၊ နင်က ဆေးဘုရင်ကို မြင်တောင်မမြင်ဖူးသေးဘူး၊ မြင်ဖူးရင် နင် ဒီလိုစကားမျိုး ပြောမှာမဟုတ်ဘူး"

"စကားမပြောတတ်ရင် ပါးစပ်ပိတ်ထားလိုက်"

မိန်းကလေး တစ်ယောက်သည် ပြတ်ပြတ်သားသား ပြောလိုက်သည်။

နန်ကုံးယောင်သည် အကျပ်ရိုက်သွားပြီး မထိန်းနိုင်တော့ဘဲ ပြန်လည်ချေပမိသည်။

"ငါလည်း နားမလည်ဘူး၊ နင်တို့လည်း သူ့ကို တစ်ခါပဲ မြင်ဖူးတာ မဟုတ်လား၊ ဘာလို့ လူတိုင်းက သူ့အကြောင်း မကောင်းတာတစ်ခွန်းတောင် အပြောမခံဘဲ စွဲလမ်းနေကြသလို ဖြစ်နေကြတာလဲ"

"ဘာလို့လဲဆိုတော့ ဆေးလုံးဘုရင်က တကယ်ကို ကောင်းလို့ပဲ"

မိန်းကလေးတစ်ယောက်က ပြောသည်။

"ဟုတ်တယ်"

"မှန်တယ်"

နန်ကုံးယောင်က နှုတ်ခမ်းတွန့်လိုက်သည်။

"ငါတော့ မယုံဘူး၊ ဘယ်အဆင့်မြင့် ဆေးလုံးပညာရှင်က မုတ်ဆိတ်မွေးဖွားဖွားနဲ့ အဘိုးကြီး မဟုတ်လို့လဲ၊ သူက ပိုငယ်ရင်တောင် ဘယ်လောက်တောင် ချောနိုင်မှာမို့လို့လဲ"

"ဘယ်လောက်တောင် ချောနိုင်သလဲ ဟုတ်လား၊ ဟား..."

ရှန်ကွမ်ယန်သည် မထီမဲ့မြင် ပြုံးရယ်မိသော်လည်း သူမ၏မျက်လုံးများသည် တမ်းတသော အကြည့်များဖြင့် ပြည့်နှက်သွားသည်။

"နင်တို့ အဲ့ဒီမြင်ကွင်းကို မမြင်ဖူးဘူး၊ သူ ဆေးလုံးပညာရှင်ဝတ်ရုံအဖြူကို ဝတ်ဆင်လိုက်တဲ့အချိန် တစ်ကမ္ဘာလုံးက အရေးမပါတော့သလို ခံစားရလိမ့်မယ်၊ ကောင်းကင်နဲ့ မြေကြီးက သတ္တဝါတွေရဲ့ အလယ်ကိုရောက်သွားပြီး အရာအားလုံးက သူ့ရဲ့ရှိနေခြင်းနဲ့ ယှဉ်လိုက်ရင် မှေးမှိန်သွားတယ်"

"သူက အဲ့ဒီမှာ ငြိမ်ငြိမ်လေး ရပ်နေရုံလေးပဲပေမဲ့ သူ့ရဲ့ အရှိန်အဝါရှိတဲ့ အမူအရာက လေပြင်းတွေကိုတောင် ရပ်တန့်သွားစေတယ်"

"ဒါပေမယ့် အစွဲဆောင်နိုင်ဆုံးက သူ့ရဲ့အကြည့်ပဲ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့မျက်လုံးတွေထဲမှာ ဒီလောကတစ်ခွင်လုံးမှာ ငါတစ်ယောက်တည်းသာ အကြီးမြတ်ဆုံး လို့ပြောနေတဲ့ မာန်မာနတစ်မျိုး ရှိနေတယ်"

"သူ့ရဲ့ထူးချွန်မှုရဲ့ တစ်ရာခိုင်နှုန်းလောက်တောင် တူတဲ့ ယောက်ျားတစ်ယောက်ကိုမှ ငါမမြင်ဖူးဘူး"

ရှန်ကွမ်ယန်သည် လေးနက်စွာ ကြည်ညိုလေးစားသော မျက်နှာဖြင့် ပြောလိုက်သည်။

All Chapters