← Chapters

အလောင်းအစားတစ်ခု

Vol. 1 Ch. 39

အလောင်းအစားတစ်ခု

Vol. 1 Ch. 39

ခုနှစ်ရက်၊ ရှစ်ရက်မျှ ကြာပြီးနောက် ကျန်းရီ၏ ဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့သည်။ ကျန်းရီသည် ကျင့်ကြံရင်း၊ အတွင်းအား ပေါက်ကွဲလက်ဝါးကို ဆက်လက် လေ့လာရင်းသာ အခန်းထဲတွင် နေနေခဲ့သည်။

သူ၏ လက်ရှိအင်အားသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ဖြစ်ရာ အဆင့်နိမ့် ဆေးလုံးများ၏ အာနိသင်သည် အကန့်အသတ် ရှိနေပေသည်။ သူသည် မြေကမ္ဘာအဆင့် ဆေးလုံးများကို အသုံးပြုရန်လည်း မဆုံးဖြတ်ခဲ့ပေ ... သူသည် ဆေးတစ်လုံး၊ နှစ်လုံးမျှနှင့် အများကြီး ကွာခြားမသွားနိုင်ဟု ယူဆသောကြောင့် ဖြစ်သည်။

ထိုရက်များအတွင်း သူသည် အစောင့်တစ်ယောက်ကို သတင်းအချို့ စုံစမ်းခိုင်းခဲ့သည်။ ရလဒ်သည်ကား ကျန်းဂိုဏ်းသည် ငြိမ်းချမ်းလျက် ရှိနေပြီး မည်သို့သော ဆူပူမှုမျှ မရှိဟူ၍ပင်။

ကျန်းရီသည် ဘာကြောင့်ဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။ ကျန်းဂိုဏ်းတွင် ဆူပူမှုကြီးတစ်ခု ရှိကောင်းရှိ နိုင်သော်လည်း ကျန်းယွင်ရှန်သည် ဖုံးကွယ်ထားခြင်း ဖြစ်ရပေမည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းနှင့် အနောက်ဘက် မြို့စောင့်တပ်၏ လူသစ်လက်ခံပွဲ အခမ်းအနားများသည် စတင်တော့မည် ဖြစ်ရာ ကျန်းဂိုဏ်းသည် ဤကဲ့သို့ ဆူပူအုံကြွမှုကို အပြင်ဘက်သို့ ပျံ့နှံ့သွားရန် မလိုလားပေ။

ကျန်းရီသည် ရှင်းရှင်းလင်းလင်းကို သဘောပေါက်သည်။ သူသာ မြို့တော်အတွင်းတွင် ကောလာဟလများ ဖြန့်လိုက်ပါလျှင် ကျန်းဂိုဏ်းသည် သူ့ကို ဖမ်းဆီးရန် တစ်နာရီအတွင်း ရောက်လာပေလိမ့်မည်။

ကျန်းဂိုဏ်းသည် ယခု အခြေအနေမကောင်းရာ ကျန်းရီသည် ကျန်းရှောင်နူကို စိုးရိမ်နေမိသည်။ ကျန်းရှောင်နူသည် အနည်းဆုံး ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ လူသစ်လက်ခံပွဲ မတိုင်ခင်အထိ ဘေးကင်းလောက် ပေသည်။ ယခုအချိန်တွင် ကျန်းဂိုဏ်းတွင် ပြဿနာ ရှာရဲသူရှိပါက ကျန်းယွင်ရှန်၏ ဒေါသင့်မှုကို သေချာပေါက် ခံစားရပေလိမ့်မည်။

ကျန်းရီသည် အပြင်ဘက်တွင် ဗရမ်းဗတာ ဖြစ်နေစဉ်တွင် သူ့အခန်းလေးအတွင်း အေးအေးဆေးဆေးသာ ဒဏ်ရာများ ကုသနေခဲ့သည်။ စောင့်ဆိုင်းနေကြသော သခင်လေးများ၊ မမလေးများသည် ကြီးကြပ်သူယန်ကို မကြာခဏတောင်းဆို နေကြသည်။ လူသစ်လက်ခံပွဲ အခမ်းအနားများသည် ဆယ့်နှစ်ရက်ခန့် အကြာတွင် စတင်တော့မည် ဖြစ်ရာ သူတို့သည် သူတို့၏ ကျင့်ကြံဆင့်များကို မြှင့်တင်ရန် မဖြစ်နိုင်တော့ကြောင်း သိကြသည်။ သို့သော်လည်း သူတို့၏ သိုင်းပညာ ကျွမ်းကျင်မှုများ အနည်းငယ် တိုးတက် လာလျှင်တောင် အဆင်ပြေပေသည်။ အများစုဆိုလျှင် ဈေးနှုန်းကိုပင် သုံးလေးဆခန့် တိုးပေးလာကြသည်။ သူတို့သည် နားပူနားဆာ လုပ်လွန်း၍ ကြီးကြပ်သူယန်သည် သိုင်းပညာ လေ့ကျင့်ခန်းသို့ပင် လာချင်စိတ် မရှိတော့ပေ။

ဟူး ... .ငါက အတွင်းအား ပေါက်ကွဲ လက်ဝါးရဲ့ အတွင်းအားကို စုစည်းတဲ့ အပိုင်းကလွဲရင် ကျန်တာအကုန် နားလည်ပြီ ... ဒီအပိုင်းကိုသာ နားမလည်ရင် အတွင်းအား ပေါက်ကွဲ လက်ဝါးကို ပြီးမြောက်အောင် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး ... ရက်တွေ အများကြီးလည်း ကုန်သွားပြီ ... ငါကဒါကို နားလည်မယ့် အရိပ်အယောင်လည်း မတွေ့ရဘူး ... ငါ ဒီကျင့်စဉ်ကို ဆက်ပြီး မလေ့လာနိုင်တော့ဘူး ထင်ပါတယ်။

ကျန်းရီသည် အတွေးများကို ရပ်တန့်လိုက်သည်။ အတွင်းအားပေါက်ကွဲ လက်ဝါး မပါဘဲ သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် နေရာ တစ်နေရာ ရရန် မသေချာပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် အသက်ဆယ့်ရှစ်နှစ်အောက် လူငယ်များကိုသာ လက်ခံမည် ဖြစ်သော်လည်း လူဦးရေ သိန်းနှင့်ချီပြီး ရှိရာ လူငယ်မျိုးဆက်ပေါင်း များစွာ ရှိပေသည်။ ပါရမီရှင် ဆယ်ယောက်သည်ပင် အနည်းဆုံး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်မှ အဋ္ဌမအဆင့်အထိ ရှိကြသည်။ ဤသည်မှာ ရေပန်းစားနေသော သတင်းမျှသာ ဖြစ်ရာ ပုန်းကွယ်နေသော ပါရမီရှင်များ မရှိဟု မည်သူ ပြောနိုင်မည်နည်း

ကျန်းရီသည် သူ၏ ကျိုးနေသော ခြေထောက်ကို အကောင်းအတိုင်း ပြန်ဖြစ်ရန် ထပ်မံ၌ မစောင့်ဆိုင်းနိုင်တော့ဘဲ ... ဆေးတစ်လုံးကို သောက်လိုက်သည်။ ဤဆေးသည် အမြင့်စားအဆင့် ဆေးလုံးဖြစ်ပြီး အနက်ရောင် အတွင်းအားနှင့် ပေါင်းစပ် လိုက်သောအခါ ပြန်လည် ကုသနှုန်းသည် ကြီးကြပ်သူ ယန်ကိုပင် ဆွံ့အသွားစေသည်။ သူသည် ရက်အနည်းငယ် အနားယူချင် သောကြောင့် ပြန်လည် ကုသနှုန်းကို တမင် ရည်ရွယ်၍ ထိန်းချုပ်ထားခြင်း မဟုတ်လျှင် သူပြန်ကောင်း နေသည်မှာ ကြာပေပြီ။

***

သုံးရက် ကြာပြီးနောက် ကျန်းရီသည် လုံးဝ ပြန်ကောင်းသွားသည်။ သူ့ကို စောင့်ဆိုင်းနေကြသော သခင်လေး၊ သခင်မလေးများသည် စိတ်တက်ကြွ လာခဲ့ကြသည်။ ကျန်းရီသည် လေ့ကျင့်ချိန်ကို တစ်နေ့လျှင် သုံးကြိမ်မှ ငါးကြိမ်သို့ တိုးမြှင့် ဖိအားပေးခံရသည်။ ထို့ပြင် တစ်ပွဲ တိုက်ခိုက်ကြေးသည် ခရမ်းရောင်ရွှေ တစ်ရာတေးလ်မှ နှစ်ရာတေးလ်သို့ တိုးသွားခဲ့လေသည်။

ထို့ကြောင့် ကျန်းရီနှင့် လေ့ကျင့်ခွင့်ရရန် တောင်းဆိုထားသော လူများသည် မြစ်ထဲတွင် ငါးများ ပွက်နေသည်နှင့်ပင် တူပေသည်။ တိုက်ခိုက်ပွဲ တိုင်းတွင်လည်း သူတို့၏ သိုင်းပညာသည် တိုးတက် သွားကြသည်သာ ဖြစ်သည်။

ငါးရက်ကြာပြီးနောက် ကျန်းရီသည် အထူးဧည့်သည် တစ်ယောက်နှင့် တွေ့ရလေသည်။ ထိုတစ်ယောက်သည်ကား သူမတွေ့ချင်ဆုံးသူ တစ်ယောက်ဖြစ်သည်။

ကျန်းဟန်ရွှေ

ကျန်းဟန်ရွှေတွင် အဆုံးမဲ့သော စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်သည်။ မဟုတ်လျှင် သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ကို ရောက်မည် မဟုတ်ပေ။ သူသည် ကျန်းဂိုဏ်း၏ သိုင်းပညာရပ်တိုင်းတွင် သဘာဝလွန် အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သည်။ သူသည် ကျန်းရီနှင့် လေ့ကျင့်ရန် တောင်းဆိုရသော အကြောင်းသည်ကား ကျန်းဂိုဏ်းမှ မကြာခင်ကပင် သင်ယူလာခဲ့သော မြူခိုးအသွင် ခြေလှမ်းဟူသော မြေကမ္ဘာအဆင့် သိုင်းပညာရပ်ကို နားလည်လာစေရန် ဖြစ်သည်။

"နှုတ်ဆက်ပါတယ် ... အထီးကျန်ဝံပုလွေ ... ဒီတိုက်ပွဲမှာ ငါ့ကို အင်အားအပြည့်နဲ့ တိုက်ခိုက်ပေးဖို့ မျှော်လင့်ပါတယ် ... ငါသာ မြူခိုးအသွင် ခြေလှမ်းကို သဘာဝလွန်အဆင့် ရောက်သွားခဲ့မယ် ဆိုရင် ငါ့ရဲ့ သဘောထားကို ပြပေးဖို့ မင်းကို သေချာပေါက် ကောင်းကောင်း ဆုချမှာပါ"

ကျန်းဟန်ရွှေသည် ခါတိုင်းလိုပင် ဣန္ဒြေအပြည့်နှင့် ဖြစ်သည်။ သူသည် ကျန်းရီကို မြင်မြင်ချင်းတွင် ရင်းနှီးသယောင် ထင်မိသော်လည်း ဝံပုလွေမျက်နှာဖုံး အောက်ရှိ စူးရဲ၍ ဖတ်ရခက်သော မျက်လုံးများကို မြင်လိုက်သော အခါတွင် ခေါင်းကိုသာ ယမ်းလိုက်သည်။

ကျန်းရီ၏ အမူအရာသည် အမြဲတမ်း နူးညံ့နေခဲ့သည်။ သရုပ်မှန်ကို ဖုံးကွယ်ထားရတဲ့ လူတစ်ယောက်မှာ ဒီလို စူးရှတဲ့ မျက်လုံးတွေ ဘယ်လိုလုပ်ပြီး ရှိမှာလဲ ... ပြီးတော့ လက်ရှိ ကျန်းရီက တစ်နေရာရာမှာ ပုန်းနေပြီး ဒဏ်ရာတွေကို ကုနေလောက်တယ် ... သူ့မှာ ဒီလောက်မြန်မြန် ကောင်းလာစရာ အကြောင်းမှ မရှိတာ။

ကျန်းဟန်ရွှေ၏ အမူအရာကို မြင်လျှင် ကျန်းရီသည် စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် ကျန်းဟန်ရွှေကို မြင်မြင်ချင်း သူ၏ စွမ်းအားကို ဖော်ပြသော အရှိန်အဝါများကို ချက်ချင်း ထုတ်လွှင့်လိုက်သည်။ ၎င်းသည် အလုပ်ဖြစ်ပုံ ပေါ်လေသည်။ သူသည် စကားမပြောဘဲ ခေါင်းကိုသာ တည်တည်ငြိမ်ငြိမ် ညိတ်ပြလိုက်သည်။ အစွန်းရောက် အာကာသခြေလှမ်းကို စတင်သုံးလိုက်ရင်း သူ၏ သိမ်းငှက် လက်သည်းနှယ် လက်တို့သည် ကျန်းဟန်ရွှေအနီး ချဉ်းကပ်သွားခဲ့သည်။

ကျန်းဟန်ရွှေ၏ မျက်လုံးများသည် တောက်ပလာခဲ့ပြီး သူ၏ ခြေထောက်များသည် နောက်သို့ အသာဆုတ် သွားခဲ့သည်။ ခပ်လှမ်းလှမ်းမှ ကြည့်လျှင် သူ့ခြေထောက်သည် ရွေ့လျားမသွားဘဲ သူ့ကိုယ်သာ နောက်သို့ ထူးဆန်းစွာ ရောက်သွားသည်ကို တွေ့ရပေမည်။

ကျန်းရီသည် သူ့လက်များကို ဝှေ့ယမ်း၍ တိုက်ခိုက်လိုက်သည်။ ကျန်းဟန်ရွှေသည် ပြန်လည် တိုက်ခိုက်မလာဘဲ ထူးဆန်းသော ရှောင်တိမ်းမှု များကိုသာ ပြုလုပ်နေခဲ့သည်။ သူ့ကိုယ်သည် ထူးဆန်းသော ခြေထောက် လှုပ်ရှားမှုများနှင့် ရွေ့လျားနေခဲ့သည်။ ကျန်းရီသည် နှစ်မိနစ် ကြာသည်အထိ သူ့ဝတ်ရုံ အဖျားကိုတောင် မထိနိုင်ခဲ့ပေ။

သူက ပါရမီရှင် တစ်ယောက်ဆိုတာ မထူးဆန်းတော့ဘူး ...  ဒီ မြေကမ္ဘာအဆင့် မြူခိုးအသွင် ခြေလှမ်းက လေ့ကျင့်ရတာ ခက်တယ် မဟုတ်ဘူးလား ... သူက ဒီလောက်အချိန်လေး အတွင်းမှာ ကနဦးအဆင့်ကို ရောက်နေပြီ ... မြေကမ္ဘာအဆင့် သိုင်းပညာတွေက တကယ်ကို အားကောင်းတာပဲ ... အစွန်းရောက် အာကာသခြေလှမ်းက သဘာဝလွန် အဆင့်ကို ရောက်နေတာတောင် သူ့ထက် နည်းနည်းပိုနှေး နေသေးတယ်။

ကျန်းရီသည် တိတ်တဆိတ် တွေးတောနေခဲ့သည်။ သူ့မျက်လုံးသည် အနက်ရောင်အလင်း တစ်ချက် လက်သွားပြီး သူသည် အနက်ရောင် အတွင်းအားကို စတင် အသုံးပြုလိုက်သည်။ သူသာ အနက်ရောင် အတွင်းအားကို မသုံးလျှင် တစ်နေ့လုံး ကြားသွားလျှင်တောင် ကျန်းဟန်ရွှေ၏ အင်္ကျီစကို ထိလိုက်နိုင်မည် မဟုတ်ပေ။

"ဝှစ်"

အနက်ရောင် အတွင်းအားကို သုံးလိုက်သည်နှင့် ကျန်းရီသည် ကျန်းဟန်ရွှေ၏ လှုပ်ရှားမှု လမ်းကြောင်းများကို ရှင်းရှင်းလင်းလင်း မြင်လာခဲ့လေသည်။ သူသည် ကျန်းဟန်ရွှေ ရှိရာသို့ တိုးကပ်သွားလိုက်ပြီး မည်သည့် သိုင်းပညာမှ သုံးမထားသည့် ရိုးရိုးလက်ဝါး ရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်သည်။

"ဟမ်''

ကျန်းဟန်ရွှေ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အစောပိုင်းက အန္တရာယ် ရှိဟန်မတူသော လူတစ်ယောက်သည် ချက်ချင်း အခြား တစ်ယောက်အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေသည်။ ကျန်းရီသည် အမှန်ပင် သူရှောင်တိမ်းရာ ဘက်သို့ ခြေတစ်လှမ်း တိုးလာခဲ့လေသည်။ ထို့ပြင် ကျန်းဟန်ရွှေကို ရှောင်တိမ်းစရာ နေရာမရှိတော့ သကဲ့သို့ ခံစားသွားရစေသော တိုက်ခိုက်မှု တစ်ခုသည် ထူးဆန်းသော ထောင့်အနေအထားမှ ကျရောက်လာခဲ့သည်။

သူ၏ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် အင်အားသည် ဟန်ပြ သက်သက်သာ မဟုတ်ပေ။ ကျန်းဟန်ရွှေသည် သူ့ကိုယ်ကို နောက်ဘက်သို့ လှန်ချကာ ကျန်းရီ၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းသွားခဲ့သည်။

"ဟမ့်"

ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ဒီကျန်းဟန်ရွှေက ပြန်လည် မတိုက်ခိုက်ဘဲ ရှောင်ရုံပဲ ရှောင်နေတာ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ မဟုတ်လား

တစ်စုံတစ်ယောက်က နှိပ်စက်ခံရဖို့ လာပြီး အခမဲ့ကူညီ ပေးနေမှတော့ သူသည် သဘောကောင်း မနေတော့ပေ။ ကျန်းဟန်ရွှေသည် သူ၏ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်း လိုက်စဉ်မှာပင် သူ၏ ခြေထောက်သည် လျှပ်စီးအလျင်နှင့် ဆန့်ထွက်လာခဲ့သည်။ ပစ်မှတ်ကား ကျန်းဟန်ရွှေ၏ ပေါင်ကြားဆီသို့ ... .

"မင်း ... ''

ကျန်းဟန်ရွှေ၏ အမူအရာသည် ထပ်မံပြောင်းလဲ သွားခဲ့သည်။ ဒီ အထီးကျန်ဝံပုလွေက ဒီလို ကပ်သီးကပ်သတ် နိုင်တယ်လား ... ဒီကန်ချက်က သူ့ရဲ့ အနာဂတ် မျိုးဆက်ကိုပင် အဆုံးသတ်သွား စေနိုင်သည် ... ကျန်းဟန်ရွှေ၏ ကိုယ်သည် အနောက်ဘက်သို့ ဆက်ရွေ့သွားကာ ဘေးဘက်သို့ ရှောင်တိမ်းနိုင်စွမ်း မရှိသည့်ပုံ ထင်ရစေသည်။ သူသည် ခြေထောက် တစ်ချက်ထောက်ကာ လေထဲသို့ ခုန်တက်လိုက်ပြီး တစ်ပတ်လှည့်၍ ဘေးဘက်သို့ ရှောင်တိမ်း လိုက်လေသည်။

"ဝှစ်"

ကျန်းရီထံမှ ကန်ချက်များသည် လျှပ်စီးအလျင်ဖြင့် ထွက်ပေါ်လာခဲ့သည်။ ကျန်းဟန်ရွှေသည် ရှေ့ဆက်ကြာနေလျှင် ရှောင်တိမ်းရန် အခွင့်အရေး မရတော့ပဲ ရှုံးနိမ့်တော့မည် ဖြစ်သည်။

ဒီအထီးကျန် ဝံပုလွေရဲ့ လှုပ်ရှားမှုတွေကို အရမ်းကို မြန်ဆန်နေတာပဲ ... သူက ခရမ်းရောင်ရွှေ အဆင့် သိုင်းလေ့ကျင့်ဖက်ဆိုတာ အံ့သြစရာ မရှိပါဘူး။

ကျန်းဟန်ရွှေ၏ စိတ်သည် မကျေနပ်မှုများနှင့် ပြည့်လာခဲ့သည်။ သူသည် အစက ပြန်တိုက်ခိုက်ရန် မလိုလောက်သောကြောင့် မတိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့သည်။ ကျန်းရီ၏ တိုက်ခိုက်နေသော နှုန်းများသည် မြန်ဆန်လွန်းနေရာ သူသာ ပြန်မတိုက်ခိုက်လျှင် သူသည် တစ်ဖက်သတ် ဖိနှိပ်ခံရမည်မှာ သေချာသည်။

"ဝှစ်"

ကျန်းရီသည် လက်ရှိ အခြေအနေပေါ်တွင်သာ အာရုံစူးစိုက် ထားခဲ့သည်။ သူသည် ကျန်းဟန်ရွှေကို အသက်ရှူခွင့်တောင် မပေးဘဲ အဆတ်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်နေခဲ့သည်။ အဆုံးမဲ့သော လက်ဝါးရိုက်ချက်များ၊ ကန်ချက်များတွင် ကျန်းရီသည် မည်သည့်သိုင်း ပညာရပ်ကိုမှ အသုံးပြု မထားခဲ့ပေ။ သူသည် ကျန်းဟန်ရွှေ ရှောင်တိမ်းမည့် လမ်းကြောင်းများ ရှိရာသို့ တိုက်ခိုက်မှုများ လုပ်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ကျန်းဟန်ရွှေကို ထိုင်ငိုချင်စိတ် ပေါက်သွား လောက်အောင် ဖိနှိပ်ထားခဲ့သည်။

ဗရမ်းဗတာ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင် ကျန်းဟန်ရွှေသည် ကျန်းရီ၏ တိုက်ခိုက်မှုကိုပင် ဆက်လက် မရှောင်တိမ်းနိုင်တော့ပေ။  ကျန်းရီသည် တိုက်ခိုက်မှုများကို ကောင်းကောင်း ထိန်းချုပ်ထား၍ သူ့ကို ဒဏ်ရာမရစေခဲ့ပေ။ သို့သော် သူ၏ဣန္ဒြေရသော သခင်လေး ပုံရိပ်သည်ကား ရှုပ်ပွနေသော ဆံပင်များ၊ ဝတ်ရုံများကြောင့် ပျက်စီးသွားရပြီ ဖြစ်သည်။ သူသည် ချွေးများရွှဲနေပြီ ဖြစ်ကာ ကျန်း၏ ခြေထောက် တစ်ဖက်သည် သူ့မျက်နှာကို ထိလုဆဲဆဲ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ သက်လုံအားသည်လည်း ဆက်၍ ထိန်းမထားနိုင်တော့ရာ သူသည် မရှောင်တိမ်း နိုင်တော့မည်ကို ကြောက်လာခဲ့သည်။ ကျန်းဟန်ရွှေသည် တုန်လှုပ်စွာ အော်ပြောလာခဲ့သည် ...

"ရပ်လိုက်"

ကျန်းရီ၏ ခြေထောက်သည် လေထုအလယ်တွင် ရပ်တန့်သွားခဲ့သည်။ ကျန်းဟန်ရွှေသည် မချိပြုံးပြုံးကာ လက်နှစ်ဖက်ကို ဆုပ်လိုက်သည် ...

"ဒီက အစ်ကိုမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုနှုန်းတွေ ရှိနေတာပဲ ... ဟန်ရွှေ့မှာ အင်အား ကုန်နေပါပြီ ... ဒီနေ့တော့ ဒီမှာပဲ တော်လိုက်ကြတာပေါ့ ... အစ်ကို့ဆီက လမ်းညွှန်မှုကို ယူဖို့ နောက်တစ်ခေါက် ပြန်လာခဲ့ပါ့မယ်"

ကျန်းဟန်ရွှေသည် သူ၏ ဆံပင်များနှင့် ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် သူ၏ တည်ကြည်သော သခင်လေး ဟန်ပန်ကို ပြန်ထိန်းကာ ထွက်သွားခဲ့သည်။ ကျန်းရီသည် သိုင်းပညာ လေ့ကျင့်ခန်းအတွင်း စကားတစ်ခွန်းမှ မဆိုဘဲ မတ်တတ်ရပ် နေခဲ့သည်။ သူသည် ကျန်းဟန်ရွှေမှာ သူ၏ အဖေကဲ့သို့ပင် အကြံအစည် ကြီးကြောင်း တွေးတော နေခဲ့သည်။ ကျန်းဟန်ရွှေသည် သူ့ကို မုန်းနေသည်မှာ အသိသာကြီး ဖြစ်သော်လည်း စာနာ ထောက်ထားကာ သမာသမတ် ကျသကဲ့သို့ ပြုမူနေခဲ့သည်။ ဤကဲ့သို့ အပြုံး နောက်ကွယ်တွင် ဓားသွားများကို ဖုံးကွယ်ထားသော သူတို့သည် ကျန်းယွင်ရှဲလို လူထက်ပင် ပို၍ ကြောက်စရာ ကောင်းလေသည်။

ကျန်းရီသည် အပြင်ထွက်တော့မည် ပြုစဉ်တွင် အနက်ရောင် ဝတ်စုံဝတ် သခင်လေး တစ်ယောက်သည် ဝင်လာခဲ့လေသည်။ သူ့တွင် ထွားကျိုင်း သန်မာသော ပုံပန်းသွင်ပြင် ရှိပြီး ယောက်ျားဆန်သော အသားအရေရှိလေသည်။ သူသည် အဝေးမှပင် လှိုက်လှဲစွာ ပြုံးပြလာခဲ့သည် ...

"အစ်ကို အထီးကျန် ဝံပုလွေက တကယ့်ကို အားကောင်းတာပဲ ... ဟန်ရွှေတောင်မှ အစ်ကို့ကို ချီးကျူးနေရတယ် ... ဟေးချီလည်း မကြာခင်ကမှ သိုင်းပညာ အသစ်တစ်ခုကို သင်ယူထားတာ ... အစ်ကိုက လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ်''

ကျန်းရီ၏ မျက်လုံးများသည် အေးစက် သွားခဲ့သည်။ သူသည် ကျန်းဂိုဏ်းကို မုန်းသည်ဆိုလျှင် ကျန်းဂိုဏ်း၏ နောက်တွင် မာဂိုဏ်းကို မုန်းလေသည်။ အဘယ့်ကြောင့် ဆိုသော် ရှောင်နူကို မာဂိုဏ်းသားများမှ သေလုမြောပါး ဖြစ်အောင် ရိုက်နှက်ခဲ့သောကြောင့် ဖြစ်လေသည်။

သူသည် အရင်က မာဂိုဏ်းသားများနှင့် လေ့ကျင့်ရခြင်းကို စိတ်ထဲ မထားသော်လည်း ယခုမူ မာဟေးချီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နေရာ တစ်နေရာအတွက် ရောက်လာခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် မာဟေးချီ၏ အင်အားများကို တိုးတက်သွားရန် မလိုလားပေ။

"စိတ်မကောင်းပါဘူး"

တစ်ခဏမျှ တိတ်ဆိတ်န ေပြီးနောက် ကျန်းရီသည် ဆက်ပြောလာခဲ့သည် ...

"စောစောက တိုက်ပွဲအတွင်းမှာ ဒီသခင်လေးရဲ့ ဒဏ်ရာတွေ ပြန်ပြီး ထိခိုက်သွားခဲ့တယ် ... မင်းနဲ့ လေ့ကျင့်မပေးနိုင်မှာ စိုးမိတယ်"

"ဟမ်''

မာဟေးချီ၏ အပြုံးသည် အေးခဲသွားခဲ့သည်။ သူသည် ကျန်းရီကို သံသယ ရှိသော မျက်လုံးများနှင့် ကြည့်ကာ မေးလာခဲ့သည်

"ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား "

" တကယ့်ကို အမှန်ပဲ" ကျန်းရီသည် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ"

မာဟေးချီသည် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ သူသည် နောက်ပြန်လှည့်ကာ ပြောလာခဲ့သည် ...

"ကျွန်တော် မနက်ဖြန် ပြန်လာခဲ့မယ် ... အစ်ကို အထီးကျန်ဝံပုလွေ ... ကောင်းကောင်း အနားယူပါ"

မာဟေးချီ ထွက်သွားလျှင် သွားချင်း ကြီးကြပ်သူယန်သည် ဝင်လာခဲ့သည်။ သူသည် တံခါးကို ပိတ်လိုက်ပြီး အပြစ်တင် လာခဲ့သည် ...

"အထီးကျန်ဝံပုလွေ ... ဘာဖြစ်လို့လဲ ... မင်းရဲ့ ဒဏ်ရာတွေက လုံးဝ ပြန်ကောင်းနေပြီ မဟုတ်ဘူးလား ... မာဟေးချီက မာဂိုဏ်းရဲ့ သခင်လေးပဲ ... သူ့ကို ဆန့်ကျင်တာက မာဂိုဏ်း တစ်ခုလုံးကို ဆန့်ကျင်လိုက်တာနဲ့ အတူတူပဲ"

ကျန်းရီသည် ခဏကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းမော့ကာ ပြောလာခဲ့သည် ...

"ကြီးကြပ်သူယန် ... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး ... ကျွန်တော် သူ့ကို ဆန့်ကျင်တယ် ဆိုလည်း ဆန့်ကျင်တယ်ပေါ့ ... ကျွန်တော် သူတို့နဲ့ မလေ့ကျင့်နိုင်တော့ဘူး ... အခုကစပြီး ပါရမီရှင် ဆယ်ယောက်ထဲက ဘယ်သူနဲ့မဆို မလေ့ကျင့်နိုင်တော့ဘူး "

ကြီးကြပ်သူယန်၏ မျက်လုံးတို့သည် ကျဉ်းမြောင်း သွားခဲ့သည်။ သူသည် ဒေါသထွက် နေသော လေသံနှင့် ပြောလာခဲ့သည် ...

"ဘာလို့လဲ ... မင်းရူးသွားတာလား ... မင်းရဲ့ အဆင့်အတန်းကို မမေ့နဲ့"

"အမှန်အတိုင်း ပြောရရင် ကျွန်တော် သိုင်းလေ့ကျင့်ဖက် အဖြစ်ကနေ နုတ်ထွက်ဖို့ စဉ်းစားနေတာ ... ကျွန်တော် ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ လူသစ်လက်ခံပွဲမှာ ဝင်ပြိုင်ချင်တယ် ... ကျွန်တော် ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ခွင့်ရချင်တယ်"

ကျန်းရီသည် သူ့စိတ်ထဲမှ အတွေးများ အားလုံးကို ပြောပြလိုက်သည်။ ကြီးကြပ်သူယန်သည် ဒေါသထွက်လာကာ ပါးစပ်ဟလိုက် သည်ကို မြင်လျှင် သူသည် လက်ကာပြကာ ဆက်ပြောလိုက်သည် ...

"ကြီးကြပ်သူ ... အလျင်မလိုပါနဲ့ ... ကျွန်တော်ပြောတာကို နားထောင်ပါဦး ... ကျွန်တော်က ကျေးဇူးမသိတတ်တဲ့ ကောင် မဟုတ်ပါဘူး ... သိုင်းခန်းမက ကျွန်တော့်ကို ထောက်ပံ့ ပေးခဲ့တာကို ကျွန်တော် အမြဲတမ်း အမှတ်ရနေမှာပါ ... ကျွန်တော် သိုင်းခန်းမနဲ့ အလောင်းအစား တစ်ခု လုပ်ချင်ပါတယ်"

"သိုင်းခန်းမက ကျွန်တော့်ကို ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ လူသစ်လက်ခံပွဲမှာ ဝင်ပြိုင်ဖို့ ခွင့်ပြုပေးရမယ် ... ကျွန်တော်သာ ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ခွင့်ရခဲ့ရင် ကျွန်တော်တို့ သဘောတူညီမှုက ပြီးဆုံးသွားမယ် ... .ကျွန်တော် အောင်မြင်လာတဲ့အခါ သိုင်းခန်းမကို အဆတစ်ရာ ပြန်ပေးမယ် ... ကျွန်တော်သာ ကျရှုံးခဲ့ရင် သိုင်းခန်းမမှာ ဆယ်နှစ် သိုင်းလေ့ကျင့်ဖက် လုပ်ပေးမယ် ... ဘယ်လိုလဲ "

*****

All Chapters