ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၃)
Vol. 123 Ch. 1709
စက္ကန့်ပိုင်းသာ ကျန်တော့သည်။
ဆေဘာဟိန်းသံမှာ လူတိုင်း၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များကို တုန်ခါသွားစေ၏။ ၎င်းက အယူဖောက်ပြန်ကာ ပြတ်သားလျက်သည်။ ထူးဆန်းစွာ နွေးထွေးသော်လည်း မငြင်းပယ် နိုင်လောက်အောင် လေးလံနေသည်။ ထက်ရှစွာပင် ဝန်းကျင် တစ်ခုလုံးကို ကျူးကျော်ဝင်ရောက်နေ၏။
လူတိုင်း၏ အကြည့်များမှာ လောက တားဆီးခြင်း အစီအရင် ရှိရာဆီသို့ ရောက်ရှိသွားကြ၏။ မျက်နှာပြင်ထက်ရှိ လျှို့ဝှက် သင်္ကေတများစွာ ပျက်စီး၍ အစီအရင်တစ်ခုလုံး ပြင်းထန်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသော အခါ အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။
လောက တားဆီးခြင်း အစီအရင်မှာ ပြိုကျလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရွေးချယ်ခံများမှာ တုန်လှုပ်သွားကြ၏။ ၎င်းမှာ စုမေ့ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပြသနေသည့် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ အားလုံး၏ အမူအရာများက ညဉ့်နက်ထက် ပိုမို၍ နက်မှောင် လာကြ၏။
ရွေးချယ်ခံများနှင့် နှိုင်းယှဉ်ပါက... အာဏာရှင်များမှာ အလွန်ပင် တည်ငြိမ် နေကြသည်။ သူတို့၏ အသိစိတ် ပင်လယ်များ အတွင်းတွင်တော့ ဝေ့ဝူယင်၏ မျက်နှာမဲ့ အသွင် သဏ္ဌာန် တစ်ခုက နေရာ ယူထား၏။ ထိုပုံရိပ်မှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လက်တစ်ဖက်ကို မြှောက်၍ ကောင်းကင်ကို တားဆီးထားသည့်ပုံ ရ၏။ တစ်ချိန်တည်း၌ သူ၏ ခြေထောက်ကတော့ ငရဲဘုံကို ကျားကန်ထားသည်။ သူက နတ်ဘုရား တစ်ပါးနှင့်ပင် ဆင်တူကာ သူတို့ တည်ငြိမ်စွာ အာရုံစိုက်နိုင်ရန် စိတ်စွမ်းအင်များကို ပံ့ပိုးပေးနေခဲ့သည်။
အာရုဏ်ဦး ရုပ်လွှာ နည်းလမ်း...
၎င်းမှာ ဝေ့ဝူယင် ပထမဆုံး ဖန်တီးခဲ့သည့် စိတ်အခြေပြု ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ဖြစ်သည်။ သို့သော်လည်း များစွာ အားစိုက်ထုတ် ထားခဲ့ရသည်တော့ မဟုတ်ချေ။ အဆုံးမဲ့ ခရီးသွား နယ်မြေ အထွတ်အမြတ် စာကြည့်တိုက်မှ ဗဟုသုတများနှင့် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို အခြေခံကာ ထိုစိတ်ကျင့်ကြံသည့် နည်းလမ်းကို ဖန်တီးနိုင်ခဲံခြင်း ဖြစ်သည်။
၎င်းက သူ့ အပေါ်တွင်တော့ သိပ် သက်ရောက်မှု မရှိပါချေ။ စိတ်ပိုင်းဆိုင်ရာ သတိရှိမှု တစ်ခုကို ဖန်တီးနိုင်ရုံမျှသာ ဖြစ်ပေသည်။ သို့သော်လည်း... ၎င်းမှာ အခြားများ၏ စိတ်ခွန်အား အတွက်တော့ အလွန်ပင် အထောက်အကူ ပြုပေသည်။ ထို့ကြောင့်ပင် သူ အာဏာရှင်များကြား၌ မျှဝေဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
စုမေ့၏ ဆေဘာဟိန်းဟောက်သံက မကြာခင် ကပ်ဘေးကြီး တစ်ခု ဖြစ်ပေါ်လာတော့မည် ဖြစ်ကြောင်း ဖော်ပြနေပေသည်။ အာရုဏ်ဦး၏ အာဏာရှင်များ အားလုံးမှာ ကိုယ့်ကိုယ်ကို အဆင်သင့် ပြင်ထားကြကာ သူတို့၏ အော်ရာများမှာလည်း အချိန်မရွေး ပေါက်ကွဲတော့မလို မြင့်တက် လာခဲ့ကြ၏။
ထိုအရေးပါသည့် အခိုက်အတန့်၌ မည်သူမှ ရွှယ်ရီဖေးကို မေးခွန်း မထုတ်ကြချေ။ အစီအစဉ်က အသုံးမဝင်ခဲ့သည် ဖြစ်စေ... သူမ လိမ်ခဲ့သည် ဖြစ်စေ၊ ခန့်မှန်းချက် မှားခဲ့သည် ဖြစ်စေ... စုမေ့က ကြောက်မက်ဖွယ် ကောင်းလွန်းနေသည် ဖြစ်စေ... ဘယ်လို အ ကြောင်းပြချက်ကြောင့်ပဲ ဖြစ်ဖြစ် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေကတော့ ပြောင်းလဲ သွားတော့မည် မဟုတ်ပါချေ။ သူတို့အတွက် ဦးစားပေးက တစ်ခုသာ ရှိသည်။
ထာဝရ သရဖူပင်...။
နောက်ဆုံးအချိန်ကို မရောက်ခင် အချိန် ဆယ့်ငါး စက္ကန့်သာ ကျန်ရှိတော့သည်။ သန့်စင်သည့် အလင်းများမှာ ပျောက်ကွယ်သလောက် နီးပါးအထိ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ သူတို့ အားလုံး အာရုံစိုက်ကာ တိုက်ခိုက်ရန် အတွက်သာ အာရုံစိုက် ထားကြ၏။
အကြွင်းမဲ့ မီး အသွင်ပြောင်းလဲခြင်း...
ဟူး...
ရုတ်တရက် ရွှေဖုန်းပေါင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးတောက်မီးလျှံများ အဖြစ် ပြောင်းလဲ သွားခဲ့၏။ မီးလမ်းစဉ်၏ ကလေးငယ်မှာ ကိုယ်တိုင် မီးတောက်မီးလျှံများ ဖြစ်လာကာ လမ်းတစ်လျှောက်ရှိ အလင်း၊ မန်နာ၊ အမတေနှင့် စွမ်းအင် အကုန်လုံးကို လောင်ကျွမ်းပစ်ရင်း အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိပဲ ထာဝရ သရဖူ ဆီသို့ အလျှင်အမြန် ပြေးဝင် သွားခဲ့လေသည်။ ထို့နောက်... မီးတောက်လောင်နေသည့် လက်များကို ဆန့်တန်းရင်း ပြတ်သားသည့် မျက်လုံးများဖြင့် သရဖူကို လှမ်းကိုင်လိုက်၏။
“အဲဒါက ငါ့ဟာ...”
ဘုန်း...
ရုတ်တရက် ပခုံးပေါ်တွင် တောင်ကြီး တစ်လုံး ပိကျလာသလိုမျိုး လေးလံကာ ဖိနှိပ်နိုင်စွမ်း ရှိသည့် အော်ရာ တစ်ခုမှာ ကောင်းကင်ထက်၌ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ အထက်ရှိ နေကြယ်များ၏ တောက်ပမှုသည်ပင် ဧရာမ ပုံသဏ္ဌာန်ကြီး တစ်ခုဖြင့် လွှမ်းမိုးခံလိုက်ရ၏။ အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်း ရှိသည့် ထိုအော်ရာအတွင်း၌ ဝိညာဉ်များကိုပင် တုန်ခါစေနိုင်သည့် ထာဝရ၏ အငွေ့အသက်တစ်ခု ရှိနေခဲ့သည်။
တရှန်း...
တရှန်း၏ ရုပ်ခန္ဓာမှာ ပေငါးထောင် အမြင့်တွင် ရှိနေခဲ့သော်လည်း ရုတ်တရက် ဆယ်ဆမျှ အထိ ကြီးထွားလာကာ ပေ ငါးသောင်းအထိ ရောက်ရှိသွားခဲ့သည်။ သူမ၏ ပုံရိပ်မှာ ကောင်းကင်အထက်တွင် ရှင်းပြ၍ မရနိုင်စွာဖြင့် ပြောင်းလဲသွားကာ အခြားသူများအားလုံးကို ကျော်လွန်၍ မြင့်မားနေခဲ့၏။
သူမ၏ လက်အတွင်းရှိ ဂြိုဟ်တစ်စင်းကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည့် စစ်ပုဆိန်ကြီးမှာ ပြိုကျကျလာခဲ့သည်။ ၎င်းမှာ ထာဝရ သရဖူနှင့် သူမ ကြား ကာဆီးနေသည့် ဖြစ်တည်မှုတိုင်းကို ပိုင်းဖြတ်ပစ်တော့မည့်ဟန် ရလေသည်။
တရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ နတ်ဆိုးဆန်ဆန် ခရမ်းရောင် အလင်းတန်းများဖြင့် တောက်လောင်နေခဲ့သည်။
သေမျိုး လောက ရည်ရွယ်ချက်...
သူမ၏ ခန္ဓာကိုယ် အတွင်းတွင်တော့ သင်္ကေတ မျိုးစေ့ ခုနစ်ခုမှာ မြေကြီး နှလုံးသား ရည်ရွယ်ချက်နှင့် ပေါင်းစည်းကာ ကြောက်မက်ဖွယ် ကောင်းအောင် မြင့်တက် လာနေခဲ့သည်။ တောင်တန်း တစ်ခု၏ နတ်ဘုရားမ တစ်ပါး အလား လေးလံသည့် ခွန်အား အရာတွင် သူမကို ယှဉ်ပြိုင်နိုင်သူ မရှိချေ။
ရေမီး ပေါင်းစပ်ခြင်း...
ကောင်းကင်ထက်တွင် လှည့်ပတ်နေသည့် အန်ညီအမ နှစ်ယောက်၏ နေကြယ်များမှာ တစ်ခုနှင့် တစ်ခု လှည့်ပတ်ရင်း သဟဇာတ ဖြစ်စွာ လှုပ်ရှားနေကြသော်လည်း ထိုသဟဇာတ ဖြစ်မှုမှာ ရုတ်တရက် ပျက်စီး သွားခဲ့၏။
ဘုန်း...
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး၏ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် နေကြယ် တစ်လုံးမှာ တစ်လုံးနှင့် တစ်လုံး ဝင်တိုက်သွားကြသည်။
ကီလိုနိုဗာ ဖြစ်စဉ်...
မည်သူမှ ထင်မှတ်မထားသည့် ထိုနေကြယ်ချင်း တိုက်ခတ်မိသည့် ဖြစ်စဉ်မှာ အလွန့် အလွန် တောက်ပလွန်းလှသည့် အလင်းတစ်ခုကို ထုတ်လွှတ် လာခဲ့၏။ လောကကြီး တစ်ခုလုံးနှင့် အာကာသ အလွှာ သုံးခုစလုံးမှာ အလွန်အမင်း ပြင်းထန်စွာ တုန်ခါသွားကာ လှိုင်းများမှာ မိုင်ထောင်ပေါင်းများစွာအထိ အဆုံးမဲ့စွာ ပျံ့နှံ့ သွားခဲ့သည်။
ထိုအလင်းလှိုင်းများမှာ နတ်ဘုရားများနှင့် နတ်ဆိုးများကို မျက်စိကွယ်စေနိုင်လောက်သည့် ပြင်းထန်မှုဖြင့် ထိမိသမျှ အရာအားလုံးကို ခုတ်ပိုင်းပစ်ခဲ့လေ၏။
အန်ညီအမ နှစ်ယောက်မှာ တစ်ယောက်လက်ကို တစ်ယောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားကြ၏။ သူတို့၏ အော်ရာများမှာ လုံးဝ တစ်သားတည်း ဖြစ်နေခဲ့သည်။ သူတို့သည် တရှန်း၏ ဖိအား ပြင်းထန်လှသော အရိပ်အောက်တွင်ပင် ထာဝရ သရဖူဆီသို့ အပြေးအလွှား သွားရောက်နေကြ၏။ ၎င်းက မီတာ ခုနစ်ရာသာ ကွာဝေးတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
တစ်ချိန်တည်း၌ အခြားသော အာဏာရှင်များ အားလုံးသည်လည်း သူတို့ စုစည်းထားခဲ့ကြသည့် ခွန်အားများကို အလုံးစုံ ထုတ်ဖော်လိုက်ကြသည်။ သူတို့က အစွမ်းထက် ကျင့်စဉ်များ၊ အစီအရင်များ အပြင် ကိုယ်နှင့် မကွာ ယူဆောင်လာသည့် ရတနာများကိုပါ ဖြန့်ကျက်လိုက်ကြသည်။
ပုံမှန် အခြေအနေတွင် ဆိုပါက... ထာဝရ သရဖူကို ပထမဆုံး ရယူခြင်းမှာ ရှုံးနိမ့်ရန် သေချာသည့် လက္ခဏာ ဖြစ်သော်လည်း ဤသည်က ပုံမှန် အခြေအနေ မဟုတ်ပါချေ။ သူတို့သည်လည်း သာမန် ကျင့်ကြံသူများ မဟုတ်ကြချေ။ သူတို့ လုပ်စရာ တစ်ခုသာ ရှိသည်။ သရဖူကို ဆုပ်ကိုင်လိုက်ရုံသာ ဖြစ်သည်။
ကံမကောင်းစွာဖြင့်... တရှန်းထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော ဖိအားများနှင့် အရာရာကို ဖျက်ဆီးနိုင်စွမ်း ရှိသည့် အန်ညီအစ်မ၏ နေရောင်ခြည် အလင်းတန်းများကြောင့် သူတို့၏ နည်းဗျူဟာများ အားလုံး နီးပါးမှာ တစ်စက္ကန့် မကြာမီတွင်ပင် ပြိုကျသွားခဲ့ရသည်။
၎င်းမှာ သူတို့ အားနည်းခြင်းကြောင့် မဟုတ်ချေ။ အန်ညီအမနှင့် တရှန်းတို့၏ အဓိပ္ပာယ်မဲ့သော ခွန်အားကြောင့်သာ ဖြစ်ပေသည်။
နာ့ရှင်းရီ ပြင်ဆင်ထားသည့် အစီအရင်သည်ပင် အသုံးမပြုမီ ပြိုကျသွားခဲ့သည်။ ရေတွက်၍ မရနိုင်အောင် များကြားလှသည့် နည်းဗျူဟာများနှင့် နည်းလမ်းများမှာ သင့်လျော်စွာ အသုံးမပြုနိုင်မီမှာပင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။
ဝှစ်... ဝှစ်...
လောကတစ်ခုလုံး ထိန်းသိမ်း၍ မရနိုင်အောင် တုန်ခါနေခဲ့စဉ်တွင် လူရိပ် သဏ္ဌာန် ဒါဇင်ပေါင်းများစွာမှာ မီတာ ခုနစ်ရာ အမှတ်တွင် ဆက်လက် ပုန်းကွယ်နိုင်စွမ်း မရှိတော့ပဲ ပေါ်လာကြသည်။ သူတို့ကို အားလုံး ရင်းနှီးထားပြီးသား ဖြစ်ပေသည်။
ပထမ အာဏာရှင် စုမေ့မှာ သူတို့ အားလုံးကို သတ်ဖြတ်ခဲ့ပေသည်။
ပုံရိပ်များမှာ ခတ္တမျှ ထိတ်လန့် သွားကြသည့်ပုံ ပေါ်သော်လည်း သူတို့၏ မျက်ဝန်းများကတော့ တည်ငြိမ်သည့် ဝိညာဉ် စွမ်းအင်များကို သယ်ဆောင်ထားလေ၏။ ဤရုတ်တရက် ဖော်ထုတ်ခံလိုက်ရမှုက သူတို့၏ ခွန်အားကို အနှောက်အယှက် မဖြစ်စေသလို ရည်ရွယ်ထားသည့် လုပ်ဆောင်ချက်များကိုလည်း အဟန့်အတား မဖြစ်စေခဲ့ချေ။
သူတို့အားလုံးမှာ တရှန်းထံမှ လေးလံသည့် ဖိအားများကို ခုခံရင်း၊ ရေမီးပေါင်းစပ်မှု၏ အလင်းတန်းများကို ခုခံရင်း လက်ဟန် ချိပ်စည်းများကို ဖော်ဆောင် ထားကြ၏။ ရှင်းပြ၍ မရနိုင်စွာပင်... သူတို့၏ ကျင့်ကြံခြင်း အခြေခံများများမှာ ဝိညာဉ် အစီအရင် တစ်ခု ဖန်တီး နေခဲ့သည်။ ထိုအစီအရင်မှာ သူတို့၏ စွမ်းအားကို အမြုတေအဖြစ် အသုံးပြုထားခဲ့၏။
“ကပ်ဘေးဝိညာဉ် အစီအရင်...”
***