← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၉)

Vol. 123 Ch. 1715

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၉)

Vol. 123 Ch. 1715

နောက်ဆုံး စက္ကန့်ကို ရောက်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... မုန်တိုင်းအလား ခက်ထန်လှသည့် အော်ရာများနှင့် တောက်ပသည့် ဓားအလင်းတို့ကြားတွင် နောက်ဆုံး စက္ကန့်မှာ နှိုင်းယှဉ်၍ မရနိုင်အောင် ဆန့်ထွက်သွားသကဲ့သို့ ခံစားရ၏။

ဝူပိုင်ကျိုးမှာ ဟုန်ချွန်းဟွာကို အပြတ်အသတ်ပင် ချေမှုန်းလိုက်၏။ ပထမ ကွန်မန်ဒါ၏ ဘယ်ဘက်လက်မှာ သွေးအလိမ်းလိမ်းနှင့် ပြားချပ် သွားခဲ့၏။ သူမ၏ ဝမ်းဗိုက်တွင်လည်း ကြီးမားသည့် အပေါက်ကြီး တစ်ပေါက် ထိုးဖောက် ခံထားရကာ အူများပင်လျှင် ပေါ်လျှက် ရှိသည်။

သို့တိုင်အောင်... ဖြူရော်နေသည့် ဟုန်ချွင်းဟွာမှာ အာရုဏ်ဦးတွင် ထွန်းလင်းလာသည့် နေမင်း အလား တောက်ပသည့် ဓားအလင်းနှင့် အတူ ရဲရင့် နေဆဲ ဖြစ်သည်။ သူမက နောက်ဆုံးသော စွမ်းအားများကို အသုံးပြုကာ ဆက်လက် ရင်ဆိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်သည်။

အန်ညီအစ်မ နှစ်ယောက်ကတော့ သတိ မေ့လုနီးပါး ဖြစ်နေခဲ့၏။ ယောင်ဟုန်ရီ၏ မြှားများမှာ အလွန် အစွမ်းထက်ပြီး လျင်မြန်လွန်းလှသည်။ သူတို့ အသက်ရှင်နေတာကပင် လွန်လှပြီ ဖြစ်သည်။ ထို့အပြင်...သူတို့အတွက် ကံကောင်းသွားတာ တစ်ခုက ယောင်ဟုန်ရီမှာ သူ၏ ဝှက်ဖဲများကို အစောကတည်းက အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။

အန်ညီအစ်မ နှစ်ဦး၏ မယိမ်းယိုင်သည့် ဆန္ဒမှာ လေထုထဲ၌ စိမ့်ဝင် ပျံ့နှံ့ နေခဲ့၏။ ရွှယ်ရီဖေး အတွက် အသက်ကို စွန့်ရန်ပင် ဝန်မလေးသည့် သဘောထားက အခြားလူများကိုပင် ကြက်သီးထစေသည်။ သူတို့၏ လုပ်ရပ်များကလည်း ထိုအချက်ကို သက်သေပြ နေခဲ့သည်။

ပေ့ဝေဝေကတော့ မျက်မှောင်ကြုတ်ရင်း လက်လျှော့ဖို့ တွေးနေခဲ့၏။ ကုန်ကျစရိတ်များစွာ ရှိခဲ့ပြီးနောက် သူမ၏ နှလုံးသား၌ ဝန်လေးမှု အချို့ ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူမ၏ မဟာမိတ်ဟောင်း ဖြစ်သူ ဟုန်ချွင်းဟွာမှာ တစ်ခုခုကို လုပ်ဆောင် နေသည်မှာ သေချာသည်။ မည်သည့် အရာဖြစ်သည်ကိုတော့ သူမလည်း မသိချေ။

စုမေ့ကတော့ သရဖူကို ရယူကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အဖြေက ရှင်းနေလေပြီ...။ စုမေ့ အနိုင် ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဆက်လက် တိုက်ခိုက်ရန် အကြောင်းပြချက် မရှိတော့ချေ။

သို့သော်လည်း... ဝူပိုင်ကျိုးနှင့် ယောင်ဟုန်ရီတို့မှာ ရွှယ်ရီဖေးကို သတ်ဖြတ်ဖို့ အတွက် အသေအလဲ ကြိုးစား နေကြသည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း ပေ့ဝေဝေ နားမလည်နိုင်တော့ချေ။ သို့စေကာမူ... လက်မလျှော့သေးပဲ အခြေအနေကို ဆက်လက် ထိန်းသိမ်းထားဖို့ သူမ ဆုံးဖြတ်လိုက်၏။ အခြားလူများနှင့် ယှဉ်ပါက နောက်ကျ ကျန်ရစ်နေမည့် အဖြစ်မျိုး ပေ့ဝေဝေ မလိုချင်ပါချေ။

သို့သော်လည်း... သူမ၏ ထိုဆုံးဖြတ်ချက်က ရွှယ်ရီဖေးကို သွယ်ဝိုက်၍ အကျိုးပြုခဲ့သည်။ ပတ်ဝန်းကျင် အတားအဆီးများမှာ ရွှယ်ရီဖေး အတွက် အလွန် အကျိုးရှိကာ ပြိုင်ဘက် အားလုံးကို အတိုင်းအတာတစ်ခုအထိ အားနည်းစေခဲ့သည်။ တစ်ချိန်တည်း၌ အန်ညီအမများမှာ အံကို တင်းတင်းကြိတ်ကာ ဆွဲငင်အားကို ထိန်းချုပ်ရင်း သူမကို ကူညီဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပေသည်။

အကယ်၍ ပေ့ဝေဝေ၏ အာကာသ အေးခဲခြင်း စွမ်းအားသာ မရှိပါက ယောင်ဟုန်ရီနှင့် ဝူပိုင်ကျိုးတို့၏ တိုက်ခိုက်မှုများမှာ ပိုမို ထိရောက်လိမ့်မည် ဖြစ်ကာ အန်ညီအစ်မ နှစ်ဦးနှင့် ဟုန်ချွင်းဟွာတို့ပင် အပြီးတိုင် နှိမ်နင်း ခံခဲ့ရပြီး ဖြစ်နိုင်သည်။ ပတ်ဝန်းကျင်၏ ထိန်းချုပ်မှုနှင့် အကူအညီများကြောင့်သာ သူတို့ ယခုအထိ အသက်ရှင်သန်ခဲ့ကြခြင်း ဖြစ်သည်။

ဘုန်း...

ရုတ်တရက် အသံတစ်ခုမှာ လောကတစ်လျှောက် ပဲ့တင် မြည်ဟီး သွားခဲ့၏။ စွဲမက်ဖွယ် ကောင်းလှစွာသော ခန္ဓာကိုယ်‌လေး တစ်ခုမှာ အသက်မဲ့စွာဖြင့် ပြိုလဲ သွားခဲ့ပြီ ဖြစ်သည်။

အသံများအားလုံး ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့၏။ လူတိုင်း၏ အမူအရာများမှာလည်း ပြောင်းလဲ သွားခဲ့သည်။ မျက်လုံးများမှာ ပြူးကျယ်လာခဲ့ကာ နှလုံးခုန်သံများမှာ မိုးခြိမ်းသည့် အလား ပြိုင်တူပင် မြည်ဟီး လာခဲ့၏။

နဂါး နတ်မိမယ်...

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ မင်းသမီး...

အာရုဏ်ဦး အင်ပါယာ၏ ကိုယ်လုပ်တော်...

အထိုထိုသော ဂုဏ်ပုဒ်များနှင့် ပြည့်စုံသည့် ရွှယ်ရီဖေးမှာ မာကြောသည့် မြေပြင်ထက်သို့ လဲကျသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ နတ်ဆိုး နဂါး စွမ်းအင်များမှာ ဆက်လက် ခုန်ပေါက်နေဆဲ ဖြစ်သော်လည်း အသက် အော်ရာကတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“သခင်မ...”

အန်ညီအစ်မ နှစ်ယောက်မှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်၏။ မည်သူမဆို အသံကြားရုံဖြင့်ပင် မိန်းကလေး နှစ်ဦး မည်မျှ သွေးပျက်ချောက်ချားနေကြောင်း ခံစားနိုင်လိမ့်မည် ဖြစ်သည်။

ယောင်ဟုန်ရီမှာလည်း တုန်လှုပ်သွားခဲ့သည်။ သူ၏ ဘယ်ဘက် မျက်လုံးအတွင်းမှ ဆေဘာ အလင်းတန်းမှာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း သူ ဂရုမစိုက်တော့ချေ။ စုမေ့က ဆေဘာကို ကျိန်းသေ ပြန်ယူနိုင်လိမ့်မည် ဖြစ်ကြောင်း အစောကြီး ကတည်းက ယောင်ဟုန်ရီ သိရှိပြီး ဖြစ်သည်။

သို့သော်လည်း ရွှယ်ရီဖေး ဘာဖြစ်သွားခဲ့သနည်း။

ဘုန်း...

ဝူပိုင်ကျိုးက ဟုန်ချွင်းဟွာကို လွင့်စဉ်သွားသည် အထိ ကန်ထုတ်လိုက်၏။ ထို့နောက် သူမက ရွှယ်ရီဖေး၏ အသက်မဲ့ ခန္ဓာကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် သူမသည်လည်း အတွေး ဝဲဂယက် အတွင်း ဆွဲသွင်း ခံလိုက်ရ၏။

သူမက ဘာဖြစ်သွားခဲ့သနည်း။

အခြားတစ်ဖက်၌... တရှန်း၏ အလွန်တရာ ကြီးမားလှသည့် ရွှေရောင် မျက်လုံးကြီးများမှာ တဖိတ်ဖိတ် တောက်ပ နေခဲ့သည်။ သူမ၏ ဧရာမ နှလုံးသားကတော့ တစ်ချက်တစ်ချက် ခုန်လျှက် ရှိသည်။

ပေ့ဝေဝေကတော့ အတွးအတွင်း နစ်မြုပ်ကာ တိတ်ဆိတ် နေခဲ့၏။ ၎င်းက မျှော်လင့် မထားသည့် မြင်ကွင်းတစ်ခု ဖြစ်လေရာ ဘာဆက်လုပ်ရမည်ကို သူမ မသိတော့ချေ။

အခြားသူများမှာလည်း အလားတူပင် အံ့အားသင့် နေကြ၏။ ရွှယ်ရီဖေးမှာ အာရုဏ်ဦး အင်ပါယာ၏ တစ်ဦးတည်းသော မောင်းမ ဖြစ်သည်။ လူတိုင်းက သူမကို ချစ်ခင်ကြသည်။ သို့သော်လည်း ယခုတွင်တော့ သူမ၏ အသက်မဲ့ ခန္ဓာကိုယ်မှာ အကြောင်းပြချက် မရှိပဲ ပြိုလဲကျ သွားခဲ့ပြီ ဖြစ်သည်။

မည်သူက သူမကို သတ်ခဲ့သနည်း။

နောက်ဆုံး စက္ကန့်တွင် အောင်ပွဲကို ဆုံးဖြတ်ခဲ့၏။ ၎င်းကို ခဏတာ အပြောင်းအလဲများက ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ အချိန် ကြာမြင့်စွာကတည်းက စီစဉ်ထားသော ရလဒ် ဖြစ်သည်။

၀:၀၁...

စုမေ့မှာ တောက်ပသော အလင်းတန်းတစ်ခုနှင့် တူ၏။ သူမက ကောင်းကင်တစ်လျှောက် ပျံဝဲနေခဲ့ကာ သရဖူကို လက်တွင် ကိုင်ထားသည်။ မိန်းကလေး၏ မျက်ဝန်းများမှာ ပြင်းထန်သည့် သန္နိဋ္ဌာန်များနှင့် ပြည့်နှက် နေ၏။ ထိုအခိုက်၌ သူမ၏ အမြန်နှုန်းကို အာကာသ ဖြတ်ကျော်ခြင်း ပင်လျှင် ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။

အကယ်၍ သူတို့ သူမ အနားသို့ ရောက်ရှိနိုင်လျှင်ပင် မိန်းကလေး၏ အရှိန်အဟုန်က တားဆီးနိုင်စွမ်း ကင်းမဲ့လှသည်။ သူမမှာ လျှို့ဝှက် အာဏာရှင် တစ်ဦး၏ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် အားလုံးကို ကျော်လွန် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ဆေဘာ၏ ထက်မြက်မှု အောက်၌ သူမ၏ လမ်းကြောင်းကို ပိတ်နိုင်သည့် အရာ တစ်ခုမှ မရှိပါချေ။

အောင်ပွဲက အလွန်ပင် နီးကပ်နေပြီ ဖြစ်သည်။ တစ်စက္ကန့်၏ အစိတ်အပိုင်းလေး တစ်ခုစာကို ဆက်လက် ထိန်းထားနိုင်သည့်နှင့် သူမမှာ အားလုံးကို အနိုင်ပိုင်းနိုင်တော့မည် ဖြစ်သည်။ မိန်းကလေး အကာအကွယ်ကို ပိုမို၍ မြှင့်တင်လိုက်၏။ အာဏာရှင်များမှာ ဝေ့ဝူယင်ထံမှ ပံ့ပိုးမှုများကို ရရှိထားသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ တစ်ဦးတစ်ယောက်ချင်းစီမှာ သာမန်လူများ စိတ်ကူး မယဉ်နိုင်သည့် အခွင့်အရေးများကို ပိုင်ဆိုင်ခဲ့သည်။

ဝေ့ဝူယင်မှာ ခေတ်တစ်ခေတ်ကို ဦးဆောင်မည့် လူစားမျိုး ဖြစ်သည်။ အာဏာရှင် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း ၎င်းကို ပုံဖော်ရာတွင် ကူညီပေးနိုင်စွမ်း ရှိကြသူတွေချည်း ဖြစ်သည်။

ရုတ်တရက်... သရဖူထံမှ တစ်စုံတစ်ခုကို စုမေ့ ခံစားလိုက်ရ၏။ သူမ၏ မျက်လုံးများနှင့် အာရုံများမှာ ၎င်းထံသို့ ဆွံငင်ခံလိုက်ရ၏။ ပစ်မှတ်ထားခံနေရချေလေပြီ။

ဟူး... ဟူး...

စုမေ့ ချက်ချင်းပင် မှိန်ဖျော့ဖျော့ ယင်မြူခိုးလွှာ တစ်ခုကို ထုတ်ဖော်လိုက်၏။ သူမ တုန့်ပြန်ရန် ဟန်ပြင် နေစဉ်မှာပင် ပခုံးထက်၌ မီးတောက်လောင် နေသည့် ယန်စွမ်းအင် တစ်ခု ပေါက်ကွဲထွက် လာခဲ့သည်။ အပူငွေ့များက ရုတ်ချည်း မြင့်တက်လာခဲ့၏။ ၎င်းမှာ တစ်ချိန်လုံး တည်ရှိနေခဲ့ခြင်း ဖြစ်ကာ ကိုယ်ငွေ့နှင့် ရောနှော၍ ခွဲခြားလို့ မရနိုင်အောင် သိမ်မွေ့လွန်းလှသည်။

ဟူး... ဟူး...

မီးလျှံ အငွေ့တစ်ခု အဖြစ် စတင်ခဲ့သော်လည်း ၎င်းမှာ အလင်း၏ အမြန်နှုန်းမျိုးဖြင့် လူပုဂ္ဂိုလ် တစ်ယောက် အဖြစ် လျင်မြန်စွာ ကြီးထွားလာသည်။ မိမွေးတိုင်းဖမွေတိုင်း ရှိနေသည့် ထိုပုဂ္ဂိုလ်မှာ မီးဥပဒေသ စွမ်းအားကို သုံးကာ သရဖူကို လှမ်း၍ ဆုပ်ကိုင် လိုက်၏။

ရွှေဖုန်းပေါင်...

စုမေ့၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။ ထိုအခိုက်၌ သူမမှာ မယုံကြည်နိုင်စရာ အမြန်နှုန်းကို ထုတ်ဖော်ထားလေရာ စွမ်းအင် များစွာကို ရွေ့လျားမှု တစ်ခုတည်း အပေါ် အာရုံစိုက် ထားခဲ့ခြင်း ဖြစ်သည်။

စုမေ့ တည်ငြိမ်နေဆဲ ဖြစ်သည်။ မူလ အာဏာရှင်များ၊ အထူးသဖြင့် ဥပဒေသ စွမ်းအား ပိုင်ဆိုင်ထားသူများထံမှ ထိုကဲ့သို့ ခန့်မှန်းလို့ မရနိုင်သည့် နည်းလမ်းများကို သူမ မျှော်လင့်ထားပြီး ဖြစ်သည်။ သူမထံ၌ ၎င်းကို တားဆီးရန် သို့မဟုတ် သရဖူကို ဆုပ်ကိုင်ရန် ကြိုးပမ်းသူတစ်ဦးကို ကိုင်တွယ်ရန် နည်းလမ်း နှစ်ဆယ့်ခုနစ်မျိုး ရှိသည်။

စုမေ့ တစ်ခုခု လုပ်ဖို့ ပြင်လိုက်၏။ သို့သော်လည်း ရုတ်ချည်း ဆိုသလိုပင် သူမ၏ လက်က ဗလာဟင်းလင်းပြင်း ဖြစ်သွားခဲ့လေသည်။

ဝှစ်...

ရွှေဖုန်းပေါင်၏ မီးတောက်လက်များ ထိလုဆဲဆဲမှာပင် သရဖူမှာ စုမေ့၏ လက်ထဲမှ ပြုတ်ကျသွားခဲ့၏။ ရွှေဖုန်းပေါင် လေကိုသာ ဆုပ်ကိုင်လိုက်မိသည်။ စုမေ့က သရဖူကို ပစ်ချလိမ့်မည်ဟု သူ တစ်ခါမှ မစဉ်းစားခဲ့လေရာ သူ၏ မျက်နှာထက်၌ အပြုံးမှာ ပျောက်ကွယ်သွားခဲ့၏။ သူ လိုအပ်သည်မှာ သရဖူကို အနည်းငယ်မျှ ထိရန်သာ ဖြစ်သည်။ လက်သည်းထိပ်ဖြင့် အနည်းငယ်မျှ ခြစ်မိခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။ ၎င်းအား ထိမိသည်နှင့် သူ မီးဥပဒေသ စွမ်းအားကို အသုံးပြုကာ သရဖူကို တစ်မီလီစက္ကန့်အတွင်း အစစ်အမှန် ခန္ဓာကိုယ်ဆီ ပြန်လည် ပို့ပေးနိုင်ပေလိမ့်မည်။ သူ လိုအပ်သမျှက ထိချက် တစ်ချက်သာ ဖြစ်သည်။

သို့သော် စုမေ့က သရဖူကို ပစ်ချလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်ထားမည်နည်း။

စုမေ့ မျက်မှောင်ကြုတ်လိုက်၏။ သရဖူကို သူမ ပစ်ချလိုက်ခြင်း မဟုတ်ပါချေ။ ထင်မှတ်မထားသည့် ပုံရိပ်ယောင် တစ်ခုက ကြားဖြတ်ကာ ယူသွားခြင်းဖြစ်သည်။ သူမ သက်ပြင်းချကာ မှိန်ဖျော့စွာ ပြုံးလိုက်မိ၏။ ရွှေဖုန်းပေါင်၏ လှုပ်ရှားမှုကို ခုခံရန် အာရုံပျက်သွားခြင်းက ဤရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။

အမှန်အတိုင်း ဝန်ခံရပါက သူမကို အမှတ်အသား ပြုထားသူ ရွှေဖုန်းပေါင် အပြင် နောက်တစ်ယောက် ရှိနေလိမ့်ဦးမည်ဟု စုမေ့ လုံးဝ ထင်မှတ် မထားခဲ့ချေ။ သို့သော်လည်း သူမ လက်လျှော့လိမ့်မည် မဟုတ်ချေ။

ရွှမ်း...

***

All Chapters