← Chapters

နောက်ဆုံး အနိုင် ရရှိသူ

Vol. 123 Ch. 1717

နောက်ဆုံး အနိုင် ရရှိသူ

Vol. 123 Ch. 1717

“ရွှယ်ရီဖေး...”

နောက်ဆုံး ကြေညာချက် ထွက်ပေါ်လာသော အခိုက်၌ မျက်လုံးပြူးသူပြူး၊ ပါးစပ် အဟောင်းသား ဖြစ်သူဖြစ် စသည်ဖြင့် အားလုံး၏ တုန့်ပြန်မှုများမှာ မယုံကြည်နိုင်လောက်အောင် ကွဲပြား သွားခဲ့သည်။ အားလုံး၏ မျက်လုံးများမှာ ငြိမ်သက်စွာ လဲလျောင်းနေသည့် ရွှယ်ရီဖေး၏ အလောင်းပေါ်သို့ ကျရောက် သွားခဲ့၏။

ရွှယ်ရီဖေး မည်ကဲ့သို့ အသက် ဆုံးရှုံး သွားခဲ့သည်ကို လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်ကပင် သူတို့ တွေးနေခဲ့ကြသေးသည်။ သို့သော်လည်း... အာရုဏ်ဦး အင်ပါယာမှာ ပြိုင်ဘက်ကင်း ထိပ်တန်း ကျင့်ကြံသူများစွာထဲကမှ သူမကို အောင်မြင်သူ အဖြစ် ကြေညာချက်ခဲ့သည်။

မည်ကဲ့သို့နည်း။

အားလုံး၏ စိတ်နှင့် နှလုံးသားများမှာ မရေမတွက်နိုင်သည့် မေးခွန်းများနှင့် ပြည့်နှက် လာခဲ့၏။ သို့သော်လည်း... ရွှယ်ရီဖေးမှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် အဆင့်အတန်းကြောင့် အနိုင်ရခဲ့သည်ဟုတော့ မည်သူမျှ သံသယ မဝင်ကြချေ။

အဘယ်ကြောင့်နည်း။ ဝေ့ဝူယင်သာ ဆန္ဒရှိပါက ထာဝရ သရဖူကို ကိုယ်တိုင် ယူဆောင်ကာ ရွှယ်ရီဖေးကို အလွယ်ကလေး ပေးနိုင်သောကြောင့် ဖြစ်သည်။ လုပ်ငန်းစဉ်ကို ရှုပ်ထွေးအောင်ပင် လုပ်စရာ လိုလိမ့်မည် မဟုတ်‌ချေ။ သူက ဤကစားပွဲ၌ ရိုးရှင်းစွာပင် ပွဲကြည့်သူသာ လုပ်ခဲ့ပေသည်။

“ဒါဆိုရင် ဘာအတွက်လဲ…”

ယီရွှယ်ဟန်က မေးခွန်းထုတ်လိုက်၏။ အခြားတစ်ဖက်၌ ယီယွင်ကတော့ ဒေါသထွက်နေခဲ့သည်။ ပြိုင်ပွဲ အစမှ အဆုံးအထိ ပါဝင် တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ခြင်းက သူ့ကို ခံပြင်းစေသည်။ အသုံးမဝင်သည့် ခံစားချက်က သူ့ တစ်ကိုယ်လုံးကို ဖိနှိပ် နေခဲ့၏။ ကျောင်းရှုလင်း၏ ပုံရိပ်ကလေးကို ပြန်လည် မြင်ယောင်ရင်း သူ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။

အာဏာရှင်များကမူ ကွဲပြားပေသည်။ သူတို့မှာ ဝမ်းနည်းမှု၊ လက်ခံမှု၊ ပျော်ရွှင်မှု၊ စိတ်သက်သာရာ ရမှု၊ စိတ်ကျေနပ်မှု၊ လန်းဆန်းမှု စသည့် အမျိုးအမည် စုံလင်လှသော ခံစားချက်များနှင့် အတူ ရလဒ်ကို လက်ခံခဲ့ကြသည်။ ထာဝရ သရဖူ အတွက် တိုက်ပွဲမှာ ပြင်းထန်ခဲ့ကာ သူတို့ အားလုံး ပါဝင်ခွင့် ရရှိသည့် ဂုဏ်ကို ရယူနိုင်ခဲ့သည်။ ယီယွင်မှ တစ်ပါး အခြား အာဏာရှင်များ အားလုံးမှာ ဤပြိုင်ပွဲကို နှစ်ခြိုက်ခဲ့ကြသည်။ အထူးသဖြင့် မိမိတွင် ရှိသမျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းများကို အားကုန် အသုံးချကာ တိုက်ခိုက်ခဲ့ရခြင်းက ထူးခြားသည့် အခွင့်အရေးမျိုး ဖြစ်သည်။ ထို့အပြင်... သူတို့မှာ အလွှာ အပြင် ကျင့်ကြံသူများနှင့်လည်း တိုက်ခိုက်ကာ မိမိကိုယ်ကို စမ်းသပ်ခွင့် ရရှိခဲ့သည်။

ဝေ့ဝူယင်၏ ကြေညာချက် အပြီး၌ တွင်းနက်ကြီးထံမှ ဆွဲငင်မှုများမှာ ရပ်တန့် သွားလေရာ စန်းယွန်းလီ တစ်ယောက် ထျန်းရီဝူ၏ ရင်ခွင် အတွင်းမှ ဖြည်းညင်းစွာပင် ရုန်းထွက်လိုက်သည်။ သို့သော်လည်း ရင်ကတော့ တဒိတ်ဒိတ် ခုန်နေဆဲ ဖြစ်ကာ အနည်းငယ် နီမြန်းသော မျက်နှာဖြင့် ဝမ်မင်ယာကို လှမ်းကြည့်လိုက်၏။ ထို့နောက်... ရွှယ်ရီဖေး၏ အသက်မဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်သည်။

ထျန်းရီဝူ အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ သူ၏ မျက်ဝန်းများအတွင်း၌ အမျိုးမျိုးသော အတွေးများမှာ ဖြတ်ပြေး နေခဲ့သည်။ စန်းလော့ယန် သူ့ လက်ထဲမှ ရုန်းထွက်သွားခြင်း အပေါ် စိတ်အနှောက်အယှက် မဖြစ်မိပါချေ။

“နဂါး နတ်မိမယ်က ဘယ်လို အနိုင်ရသွားခဲ့တာလဲ”

စန်းယွန်းလီက ဝမ်မင်ယာဘက်သို့ လှည့်ရင်း မေးလိုက်၏။ ကျင့်ကြံခြင်း အခြေခံ နိမ့်ပါးသေးသည့် အပြင် အမျိုးမျိုးသော အတွင်း ဒဏ်ရာများကိုလည်း ခံစားနေရလေရာ တိုက်ပွဲ တစ်ခုလုံးကို သူမ ကောင်းစွာ တွေ့မြင်နိုင်ခဲ့ခြင်း မရှိပါချေ။ တိုက်ပွဲတစ်ခုလုံး၏ အနိုင်ရရှိသူကို ဝေ့ဝူယင်က အစောကတည်းက ကြိုတင် ဆုံးဖြတ်ထားခဲ့သည်လား။

ထျန်းရီဝူမှ လွဲ၍ အခြားလူ အားလုံးမှာလည်း ဝမ်မင်ယာကို လှည့်ကြည့်လိုက်ကြ၏။ ဝမ်မင်ယာမှာ ထိုအကြည့်များကြောင့် စိတ်အနှောက်အယှက် မဖြစ်ပါချေ။ သူမက ရွှယ်ရီဖေး၏ ပုံရိပ်ကလေးကို လှမ်းကြည့်လိုက်၏။

“အရမ်းကို ဉာဏ်ကောင်းပြီးတော့ ကြိုတင် ခန့်မှန်းနိုင်ခဲ့တဲ့ အကျိုးကျေးဇူးပါပဲ... အာရုဏ်ဦး အင်ပါယာက သူ့ကို တစ်ဦးတည်းသော ကိုယ်လုပ်တော် အဖြစ် ရွေးချယ်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူး”

ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် သူမ လှပစွာ ပြုံးလိုက်မိသည်။

“ရှင်က ဘာကို ပြောနေတာလဲ... သူက သေသွားပြီလေ...”

ယီရွှယ်ဟန်က နားမလည်စွာဖြင့် ထောက်ပြလိုက်သည်။ တစ်ချိန်တည်း၌ သူမက ရွှယ်ရီဖေးကို လှမ်းကြည့်ကာ နောက်တစ်ကြိမ် သေ၊ မသေ စစ်ဆေးကြည့်လိုက်၏။ ထိုမိန်းမလှလေး၏ ခန္ဓာကိုယ်ထက်၌ အမှန်တကယ်ပင် အသက်ဓာတ် မရှိတော့ချေ။

ဝမ်မင်ယာက ၎င်းကို ငြင်းဆိုခြင်း မရှိဘဲ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“သူက ထာဝရ သရဖူ အတွက် သေခဲ့တာ... အမြဲတမ်း ဒီလိုလုပ်ဖို့တော့ စီစဉ်ထားတာ မဟုတ်ဘူး... ဒါပေမဲ့ သူ့ဆီမှာ လုပ်ရဲတဲ့ ဆန္ဒနဲ့ သတ္တိရှိတယ်... ဒါကြောင့် အားလုံးကို လောင်းကြေးထပ်ခဲ့တာ”

“…”

အားလုံးမှာ ဝမ်မင်ယာ၏ စကားလုံးများကို နားလည်နိုင်စွမ်း မရှိခဲ့ချေ။ ယီရွှယ်ဟန် မကျေမနပ်ဖြင့် နှုတ်ခမ်းကို စူလိုက်မိ၏။ ကောင်းကင် နိမိတ်ဖတ်သူများ အားလုံးမှာ အမြဲတမ်း လိုလို လျှို့ဝှက် ဆန်းကြယ် လွန်းလှပေသည်။ သူတို့က စကားကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မပြောချေ။

ကံကောင်းစွာပင် ဝမ်မင်ယာမှာ ပုံမှန် ကောင်းကင် နိမိတ်ဖတ် ပညာရှင်များနှင့် ခြားနားပေသည်။ မိန်းကလေးက ခပ်မြန်မြန်ပင် အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်လေ၏။

“ရွှယ်ရီဖေးက ထာဝရ သရဖူရဲ့ ထိန်းသိမ်းခြင်း အပိုင်းအစကို အစောပိုင်းမှာ ရခဲ့ဖူးတာ ရှင်တို့ သိကြမှာပေါ့... အဲဒါကပဲ သူ့ကို အနိုင်ရစေခဲ့တာ... သူက အဲဒီ ထိန်းချုပ်ခြင်း အပိုင်းအစရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေကို သုံးခဲ့တယ်... သူ့ နှလုံးသားနဲ့ ချိတ်ဆက်မှု တစ်ခုကို ဖန်တီးခဲ့တယ်... ပြိုင်ပွဲရဲ့ အဆုံးမှာ နှလုံးသားကို အဲဒီ သရဖူဆီ ပို့လွှတ်လိုက်တယ်"

ဝမ်မင်ယာမှာ ရွှယ်ရီဖေး မည်သို့ လုပ်ဆောင်ခဲ့ကြောင်း အသေးစိတ် မပြောပြခဲ့သော်လည်း ထိုရှင်းပြချက်က စန်းယွန်းလီ အတွက်တော့ လုံလောက်စွာ နားလည်ဖို့ လွယ်ကူခဲ့သည်။

“မအောင်မြင်ခဲ့ရင် ဒါက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲ”

မိန်းကလေးက ပင့်သက်တစ်ချက် ရှိုက်ရင်း ရေရွတ်လိုက်သည်။

“အင်းပေါ့လေ... မအောင်မြင်ခဲ့ရင်...”

ဝမ်မင်ယာက ပြုံးလိုက်၏။ ၎င်းမှာ မည်သူမျှ မျှော်လင့် မထားသည့် ရိုးရှင်းသော အစီအစဉ်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း... ရွှယ်ရီဖေးမှာ ထိုသို့သော အရာကို ပြုလုပ်ရန် ရဲရင့်လိမ့်မည်ဟု မည်သူ တွေးနိုင်မည်နည်း။

ယီယွင်က ဖြည်းညင်းစွာပင် ခေါင်းခါလိုက်၏။

“ဒါပေမဲ့ ရွှယ်ရီဖေးက အဲဒီလို ဖြစ်လာလိမ့်မယ် ဆိုတာ ဘယ်လို ကြိုပြီး ခန့်မှန်းနိုင်မှာပဲ... ငါ့ အထင်ပြောရရင် အတွင်းသတင်း ပေါက်ကြားခဲ့တာပဲ ဖြစ်လိမ့်မယ်”

လူငယ်လေး၏ မျက်လုံးများက စူးရဲစွာ တောက်ပနေဆဲ ဖြစ်သည်။ ဝေ့ဝူယင်မှာ ရွှယ်ရီဖေးကို တိုက်ရိုက် မကူညီခဲ့သော်လည်း ပြိုင်ပွဲတွင် အနိုင် ရရှိရန် အတွက် အသေးစိတ် အချက်အလက် အချို့ကို ပေးခဲ့ပေလိမ့်မည်။ ထို့ကြောင့်ပင် သူမမှာ အရာရာကို ကြိုတင် ခန့်မှန်းနိုင်ခဲ့ကာ အစီအစဉ်များ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ပြိုင်ပွဲသာ ဘက်လိုက်ခြင်း မရှိခဲ့ပါက...။

“ကောင်လေး... ကိုယ်အသုံးမကျတာကို ဆင်ခြေတွေ ရှာမနေနဲ့... အဲဒါက လုံးဝ မှားယွင်းတဲ့ လမ်းကြောင်း တစ်ခုကို ဦးတည်သွားစေနိုင်တယ်... နင့်လို လူတော်လေးတွေ အဲဒီလို လမ်းကြောင်း မှားသွားတာမျိုး ငါ ခဏခဏ မြင်ဖူးတယ်... နောက်ပြီး သူတို့ရဲ့ အဆုံးသတ်တွေက တစ်ခါမှ မကောင်းခဲ့ဘူး”

ဝမ်မင်ယာက ပြောလိုက်၏။ သူမ၏ နှုတ်ခမ်းထက်တွင်တော့ လှောင်ပြုံးတစ်ခုက ရေးတေးတေး နေရာယူ နေခဲ့သည်။

“ခင်ဗျား…”

ယီယွင်၏ မျက်လုံးများက ဒေါသ အငွေ့အသက်များနှင့် ပြည့်နှက် လာခဲ့ကာ ဝမ်မင်ယာကို စိုက်ကြည့်လိုက်၏။ သားကောင်ကို အပိုင်းပိုင်း အစစ ဖြစ်အောင် ကိုက်ဖြတ်ပစ်လိုသည့် သားရဲတစ်ကောင်၏ အကြည့်များပင်။

“တော်ပြီ”

စန်းယွန်းလီက ဝင်ရောက် ပြောလိုက်၏။ မဟာ ပြိုင်ဘက် တစ်ယောက် အဖြစ် ခံယူထားသည့်တိုင် ဝေ့ဝူယင်မှာ ဤပြိုင်ပွဲဝင် မတရားသည့် ကိစ္စများကို လုပ်လိမ့်မည် မဟုတ်ကြောင်း သူမ သိသည်။ သူ၏ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို သူမ တက်ရောက်ဖူးသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် မည်မျှ မာနကြီးကြောင်း သူမ နားလည်သည်။ သူက သူ ကြီးကြပ်သည့် ပြိုင်ပွဲ၏ တရားမျှတမှုကို မည်သည့်နည်းနှင့်မျှ ထိပါးခံလိမ့်မည် မဟုတ်ချေ။

ရွှယ်ရီဖေးမှာ တရားမျှတစွာ ယှဉ်ပြိုင်ခဲ့ပြီး မှန်ကန်စွာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယီယွင်၏ အမူအရာက ဆိုးရွားစွာ ပြောင်းလဲ သွားခဲ့၏။ သူ၏ စိတ်အတွင်းတွင်တော့ ကျောင်းရှုလင်း၏ မျက်နှာလေးက အဆက်မပြတ်ပေါ် နေခဲ့သည်။ အရူးတစ်ပိုင်း ခံစားချက်က သူ၏ ရူးသွပ်မှုကို လှုံ့ဆော်ပေး နေခဲ့သည်။ ရုတ်တရက် လက်ကလေး တစ်ဖက်မှာ သူ့ ပုခုံးပေါ်သို့ ကျရောက်လာခဲ့၏။ ယီယွင် မော့ကြည့်လိုက်ရာ ယီရွှယ်ဟန်၏ ချောမောသည့် မျက်နှာကလေးကို မြင်လိုက်ရသည်။ သူမ၏ မျက်ဝန်းလေးထဲ၌ တန်ခိုးစွမ်းအား တစ်ခု ရှိနေသည့် အလား ယီယွင်၏ တင်းမာနေသည့် ခံစားချက်များမှာ ဖြည်းညင်းစွာပင် လျော့ကျသွားခဲ့၏။

ယီယွင် ဝမ်မင်ယာဘက်သို့ လှည့်ကြည့်ရင်း ခေါင်းငုံ့လိုက်သည်။

“ကျွန်တော် ခုနက စိတ်ဆိုးခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ်... စိတ်ခံစားချက်ကို အလိုလိုက်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူး ဖြစ်သွားတယ်”

ဝမ်မင်ယာက တုန့်ပြန်ခြင်း မပြုပါချေ။ သူမက အစမှ အဆုံး ရေးတေးတေး အပြုံးတစ်ခုကိုသာ ထုတ်ဖော် ထားခဲ့ပေသည်။

သို့သော်လည်း သူမ၏ ရွှေရောင် မျက်ဝန်းများ အတွင်းတွင်တော့ ယီယွင်၏ အရိပ်မှာ ရွှေရောင် အဆင်းဖြင့် လျှင်မြန်စွာ ကြီးထွား လာသည်ကို တွေ့မြင်ခဲ့ရသည်။ စိတ်ခံစားချက်များ ပြေလျော့သွားသည်နှင့် အမျှ ထိုအရိပ်မှာလည်း ပြန်လည် မှေးမှိန် သွားခဲ့သည်။ နောက်ဆုံး၌ ရည်မှန်းချက် ပြီးမြောက်သွား သကဲ့သို့ အရာအားလုံးမှာ ပုံမှန်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။

ဤသည်မှာ ကောင်းကင်တာအိုများက ကောင်းချီးခံများကို ကူညီပေးနေသည့် နည်းလမ်းလော။ ရှုပ်ထွေး နက်နက်သည့် အပြန်အလှန် အကျိုးသက်ရောက်မှုများက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

တစ်နေ့တွင် ထိုကဲ့သို့ စွမ်းအားမျိုးကို ပုံတူကူးနိုင်ပါက တစ်စုံတစ်ဦး၏ အတွေးများနှင့် ဘဝ လမ်းကြောင်းကိုပင် ထိန်းချုပ် ညွှန်ကြားနိုင်မည်လော။ သို့တည်းမဟုတ် စိတ်ခံစားမှုများကို လှုံ့ဆော်ပေးနိုင်မည်လော။ သူတို့ကို ဖိနှိပ်နိုင်မည်လော။

အယူအဆသစ်များက စိတ်ဝိညာဉ် အတွင်း စီးဆင်းလာသည်နှင့် အမျှ သူမ အသစ်ဖန်တီးထားသည့် ကျင့်ကြံခြင်း နည်းလမ်းမှာလည်း ပိုမို၍ ပြည့်စုံ လာခဲ့လေသည်။

“ငါ သွားရတော့မယ်...”

ရုတ်တရက် ထျန်းရီဝူက ပြောလိုက်၏။ ထို့နောက် သူက စန်းယွန်းလီကို တစ်ချက် ကြည့်ကာ ရှောင်ယန်ယွဲ့ကို အပ်လိုက်သည်။ ပြီးသည်နှင့် ပုံရိပ်ယောင် တစ်ခုလိုမျိုး ပျောက်ကွယ်သွားခဲ့လေ၏။

စန်းယွန်းလီ မအံ့ဩပါချေ။ ထျန်းရီဝူမှာ အမြဲတမ်း ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသူ တစ်ယောက် ဖြစ်သည်။ အတိတ်ဘဝမှာတုန်းက သူမ ဒုက္ခရောက်သည့် အချိန်တိုင်း သူ ပေါ်လာခဲ့သည်ချည်း ဖြစ်သည်။ သူ ပျက်ကွက်ခဲ့သည့် အချိန် တစ်ချိန်သာ ရှိခဲ့သည်။ ထိုနေ့၌ သူမ အဆုံးသတ်ခဲ့ရပေသည်။

အတိတ်ဘဝမှ ခါးသီးလှသည့် သေဆုံးမှု အကြောင်း ပြန်ပြောင်းသတိရလိုက်မိသော အခိုက်၌ စန်ယွန်းလီ တစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိလေတော့၏။

***

All Chapters