← Chapters

ရွှယ်ရီဖေး၏ ဆန္ဒ

Vol. 123 Ch. 1718

ရွှယ်ရီဖေး၏ ဆန္ဒ

Vol. 123 Ch. 1718

ဟုန်း...

ကောင်းကင်မှာ ပြင်းထန်စွာ တုန်ခါ သွားခဲ့ကာ တွင်းနက်ကြီးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ လောကချည်နှောင် နေကြယ်များမှာလည်း တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ် သွားခဲ့၏။ သဘာဝ အလင်းရောင်ခြည်နှင့် အလှတရားတို့က ထာဝရ သရဖူ အခမ်းအနား၏ အပြောကျယ်လှသော လောကနယ်မြေထံ ပြန်လည်၍ ကျရောက် လာခဲ့လေသည်။

ကောင်းကင်ထက်၌ ငွေရောင် အလင်းတစ်ခုမှာ ဖြည်းညင်းစွာ ထွန်းလင်းလာခဲ့၏။ ၎င်းက ငြိမ့်ညောင်းစွာ တောက်ပနေကာ ရှင်းပြ၍ မရအောင် ဆွဲဆောင်နိုင်လေရာ လူတိုင်း၏ အကြည့်များမှာ အထက်ကောင်းကင်သို့ ရောက်ရှိသွားကြသည်။ ငွေ‌ရောင် အလင်းများမှ နေ၍ တုနှိုင်းမဲ့သည့် ပုံရိပ် တစ်ခုမှာ တဖြည်းဖြည်း မွေးဖွားလာခဲ့၏။

များလှစွာသော လူများမှာ ရင်ခုန်သံများ ရပ်တန့်သွားသလိုပင် ခံစားလိုက်ရသည်။ ပုံရိပ်က လျှင်မြန်စွာပင် ကြည်လင်လာကာ ခန့်ညား ချောမော၍ အပြစ်အနာအဆာ မရှိသည့် မျက်နှာတစ်ခုနှင့် ငွေရောင် မျက်ဝန်း တစ်စုံကို ဖော်ထုတ် ပြသလိုက်သည်။ ထိုမျက်ဝန်းများ အတွင်း၌ နူးညံ့မှု၊ နွေးထွေးမှု နှင့် ဂုဏ်ယူမှုတို့ ရောယှက် နေခဲ့၏။

အာဏာရှင်များ အားလုံး၏ ကျောရိုးများက ဖြောင့်တန်း သွားကြသည်။ ချိပ်ပိတ်နယ်မြေမှ ကျင့်ကြံသူများမှာ အသက်ကို ပြင်းထန်စွာ ရှူလိုက်ကြ၏။ အလွှာအပြင်မှ ရွေးချယ်ခံများကတော့ တုန်လှုပ် သွားကြသည်။

“အဲဒါက သူလား...”

မည်သူမှ ခွန်းတုန့်မပြန်သော်လည်း သူတို့အားလုံး အဖြေကို သိရှိထားကြပြီး ဖြစ်သည်။ သူက ခမ်းနားသည့် အသံ၏ ပိုင်ရှင် ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ လက်ရှိ ကြီးကြပ်သူ ဖြစ်သည်။ အဆုံးမဲ့ အပြောင်းအလဲများကို ယူဆောင်လာခဲ့သည့် အဖွဲ့၏ ကျောထောက်နောက်ခံလည်း ဖြစ်သည်။

ဝေ့ဝူယင်...

အာရုဏ်ဦး အာဏာရှင် အင်ပါယာ...

ဝှစ်...

ခြေတစ်လှမ်းတည်းဖြင့် ဝေ့ဝူယင်မှာ ကောင်းကင်မှ ဆင်းသက်လာခဲ့၏။ ထို့နောက် ရွှယ်ရီဖေး၏ အသက်မဲ့ ခန္ဓာကိုယ်ဘေးတွင် ညင်သာစွာ ရပ်နားလိုက်သည်။ နှလုံးခုန်ခြင်း မရှိတော့သည့်တိုင် မိန်းကလေး၏ မျက်နှာလေးက ဒဏ္ဍာရီထဲမှ အိပ်စက်နေသည့် မင်းသမီးလေး တစ်ပါးလို လှပနေဆဲ ဖြစ်သည်။

“မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”

ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ မရေမတွက်နိုင်သည့် လူများ၏ နှလုံးသားများမှာ တဒိတ်ဒိတ် ခုန်နေခဲ့ကြသည်။

မည်ကဲ့သို့နည်း။ အဘယ်ကြောင့်နည်း။ မည်သည့် အရာများ ဖြစ်ခဲ့သနည်း။

ဝှစ်...

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် စုမေ့မှာ ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိလာခဲ့၏။ သူမက ထာဝရ သရဖူကို လက်ထဲတွင် ကိုင်ဆောင်ထားခဲ့သည်။

အားလုံးမှာ သရဖူကို စိုက်ကြည့် လိုက်ကြ၏။ ထိုအခါတွင်မှ ၎င်း၏ မျက်နှာပြင်ထက်တွင် ခရမ်းရောင် သွေးတစ်ချို့ ဖုံးလွှမ်းနေကြောင်း တွေ့ရှိလိုက်ရသည်။ တဖြည်းဖြည်းနှင့် သူတို့မှာ ပဟေဠိ အပိုင်းအစများကို ချိတ်ဆက် မိလာသလို ခံစား လိုက်ကြရသည်။

စုမေ့က ထာဝရ သရဖူကို ဝေ့ဝူယင်ထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။ ရှုံးနိမ့်ခဲ့သော်လည်း သူမ၏ နှလုံးသားထဲ၌ မကျေနပ်မှု အနည်းငယ်မျှပင် မရှိခဲ့ချေ။ ရွှယ်ရီဖေးမှာ အနိုင်နှင့် ထိုက်တန်ခဲ့ပေသည်။

ဝေ့ဝူယင်က ထာဝရ သရဖူကို မယူသေးချေ။ ထို့အစား သူက ဆေးတောင့် တစ်ခုကိုသာ ထုတ်ယူလိုက်သည်။ ထိုဆေးတောင့်က မည်သည့် အမျိုးအစား ဖြစ်ကြောင်း လောကနှစ်ခုစလုံးမှ ရွေးချယ်ခံများ သိရှိလိုက်ကြ၏။

မြေကြီး ပြောင်းပြန်လှန်ခြင်း ဆေးတောင့်...

၎င်းမှာ ဒဏ္ဍာရီလာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်ကာ အဖိုးမဖြတ်နိုင်သည့် အသက်ကယ် ရတနာ တစ်ခုလည်း ဖြစ်သည်။ ဝေ့ဝူယင်က ဆေးတောင့်ကို ညင်သာစွာ ဖျစ်လိုက်ရင်း ခန္ဓာကိုယ်ပေါ်သို့ အမှုန့်များကို ဖြူးလိုက်၏။

ဟူး... ဟူး...

အလွန် အားကောင်းသည့် လောကီ ပြောင်းပြန်လှန်ခြင်း စွမ်းအား တစ်ခု သက်ရောက် လာခဲ့သည်။ ထာဝရ သရဖူမှာ စုမေ့၏ လက်ထဲတွင် ညင်သာစွာ တုန်ခါ လာခဲ့၏။

မကြာခင်မှာပင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ လျှင်မြန်စွာပင် ပြောင်းပြန် ပြန်လည် လှည့်ပတ် လာခဲ့၏။ သရဖူထက်ရှိ သွေးစသွေးနများနှင့် အသားစများမှာ နှလုံး တစ်ခု အဖြစ် ပြန်လည် စုစည်း သွားခဲ့သည်။ ထို့နောက် ၎င်းမှာ ထိန်းသိမ်းခြင်း အပိုင်းအစ ကျောက်မျက် အတွင်း ပြန်လည် ဝင်ရောက် သွားခဲ့၏။

ထို့နောက်တွင်တော့ ရွှယ်ရီဖေး၏ ခန္ဓာကိုယ်မှာ နဂါးများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် အသက်စွမ်းအင် တစ်ခုဖြင့် ပြန်လည် တောက်ပလာကာ အပေါ်သို့ မြင့်တက်လာခဲ့သည်။ အသက်အင်အားက မိန်းကလေး၏ မျက်ဝန်းများထဲ၌ ပြန်လည် မွေးဖွားလာကာ မျက်တောင်များက တခပ်ခပ် ဖြစ်လာခဲ့သည်။ ထို့နောက် ဝင်သက် တစ်ချက်ကို ရင်အစုံ မောက်သွားသည် အထိ ရှိုက်သွင်းလိုက်၏။

“ကျွန်မ…”

ရွှယ်ရီဖေး၏ မျက်ဝန်းများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ ထိုအခါ ဘေးတွင် ရပ်နေသည့် ဝေ့ဝူယင်ကို တွေ့မြင်လိုက်ရသည်။

“ကျွန်မ…အောင်မြင်ခဲ့လား”

ထိုအရာက သူမ၏ ပထမဆုံးသော မေးခွန်းပင်။ အကယ်၍ မအောင်မြင်ခဲ့လျှင်ပင် ဝေ့ဝူယင်က သူမကို ပြန်လည် အသက်သွင်းလိမ့်မည် ဖြစ်ကြောင်း သူမ သိပေသည်။

ထို့ကြောင့်ပင် ပြန်လည် အသက်ရှင်လာခြင်း တစ်ခုတည်းက ပြိုင်ပွဲအား အနိုင်ရရှိသည်ဟု မဆိုလိုပါချေ။

မိန်းကလေး၏ မျက်ဝန်းများမှာ မျှော်လင့်ချက် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေ၏။

“မင်း အနိုင်ရခဲ့ပါတယ်”

ဝေ့ဝူယင်၏ အသံက နှိုင်းယှဉ်၍ မရနိုင်လောက်အောင် နူးညံ့နေခဲ့၏။ သူ၏ ငွေရောင် မျက်ဝန်းများ အတွင်းရှိ ဂုဏ်ယူမှုက ထိုအခိုက်အတန့်တွင် သူ၏ ခံစားချက်များကို ထင်ဟပ်နေခဲ့သည်။

“ကျွန်မ… အနိုင်ရခဲ့တယ် ဟုတ်လား...”

ရွှယ်ရီဖေး၏ မျက်ဝန်းလေးများက အနည်းငယ် ပြူးကျယ် သွားခဲ့၏။

“ကျွန်မ နိုင်သွားတယ်ပေါ့...”

သူမ နောက်တစ်ကြိမ် ထပ်၍ ရေရွတ်လိုက်မိ၏။ ထို့နောက် စိတ်သက်သာရာ ရမှု၊ အဆုံးစွန်သော ဝမ်းမြောက်မှုတို့နှင့် အတူ အတူ တောက်ပသော အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းထက်၌ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ မိန်းကလေးက နောက်တစ်ကြိမ် ထပ်၍ ရေရွတ်လိုက်သည်။

“ကျွန်မ နိုင်ခဲ့တယ်...”

သုံးကြိမ်တိုင်တိုင် ရေရွတ်ခြင်းက သူမ အတွက် အဖြစ်မှန်ကို ပိုမို ခိုင်မာ လာစေသကဲ့သို့ ရှိပေသည်။ အမှန်တရားမှာ ပြောင်းလဲတော့မည် မဟုတ်ပါချေ။

ဝေ့ဝူယင် မိန်းကလေးကို ကြည့်ကာ ပြုံးလိုက်၏။ ချစ်စရာ ကောင်းလှသည့် တုန့်ပြန်မှုပင်။ မိန်းကလေးအား ပွေ့ဖက်ကာ ရင်ခွင်အတွင်း ထည့်ထားလိုသည့် ဆန္ဒကို သူ မနည်း ထိန်းချုပ်ထားရ၏။

ရွှယ်ရီဖေးက ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူမသည်လည်း အလားတူ ဆန္ဒကို အနည်း တွန်းလှန်နေရ၏။ အခြားလူများ ကြည့်နေပေသည်။ စိတ်လွတ်ကိုယ်လွတ် ပြုမူ၍ မရပါချေ။။ အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ခြင်းဖြင့် စိတ်လှုပ်ရှားနေသည့် အခြေအနေကို ထိန်းသိမ်းဖို့ သူမ ကြိုးစားလိုက်သည်။

“ပြိုင်ပွဲကို အနိုင်ရသွားတဲ့ အတွက် ကျိုးကြောင်း ဆီလျော်တဲ့ ဆန္ဒတစ်ခုကို ငါ ဖြည့်ဆည်းပေးမယ်... မင်း စဉ်းစားချင်သေးလား...”

ဝေ့ဝူယင်က ရွှယ်ရီဖေးကို စဉ်းစားဖို့ ကမ်းလှမ်းလိုက်၏။ တစ်နည်းအားဖြင့် သူ မျှော်လင့်ထားသည့် သူမ၏ ဆန္ဒက ို မပြောစေရန် နောက်ဆုံး ကြိုးပမ်းမှုလည်း ဖြစ်သည်။

အဘယ်ကြောင့်နည်း။ ရွှယ်ရီဖေး၏ ဆန္ဒက ဖြည့်ဆည်းပေးဖို့ အခက်ခဲဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း... ရွှယ်ရီဖေး၏ မျက်ဝန်းများက ဖြည်းညင်းစွာ မြင့်တက်လာကာ သူနှင့် တိုက်ရိုက် မျက်လုံးချင်းဆုံ ကြည့်လိုက်သော အခိုက်တွင်တော့ ဝေ့ဝူယင် နှလုံးသားထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။ သို့သော်လည်း ထိုခါးသီးမှု၌ ချိုမြိန် နွေးထွေးသည့် ခံစားချက်များ ပါဝင်နေပေသည်။

“ကျွန်မ... ကျွန်မရဲ့ ဆန္ဒကို သိပါတယ်”

“...”

အခြားလူများကတော့ ရွှယ်ရီဖေး၏ စကားသံကို နားထောင်ကာ အသက်ရှူသံများပင် ရပ်တန့် သွားကြ၏။ နဂါး နတ်မိမယ်က မည်သည့် အရာကို ဆန္ဒ ပြုမည်နည်း။

အချို့ကတော့ သူတို့ သိနေသည်ဟု တွေးလိုက်မိကြသည်။ အခြား ဘာရှိသေးလို့နည်း။ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဖြစ်သည်။ သူမ၏ ရာထူးကို တရားဝင် ဇနီးမယား တစ်ယောက်၊ ဧကရီ တစ်ယောက် အဖြစ် တိုးမြှင့်ပေးဖို့ တောင်းဆိုမှာ အသေအချာပင် ဖြစ်သည်။

သို့သော်လည်း အချို့သော လူများ၏ အတွေးများကတော့ ခြားနားပေသည်။ သူတို့၏ အယူအဆက စိတ်ကူးယဉ်ဆန်သော်လည်း ဖြစ်နိုင်ချေ ရှိသည်။ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်ထံတွင် သူမ၏ လွတ်လပ်မှုကို တောင်းဆိုလိမ့်မည် ဖြစ်သည်။ ထို့နောက်... သူမ အမှန်တကယ် ချစ်ရသူနှင့် လက်ထပ်ဖို့ကို လိုချင်ခဲ့တာ ဖြစ်နိုင်သည်။

“ပြောပါ...”

ဝေ့ဝူယင်က လက်လျှော့လိုက်ဟန်ဖြင့် ပြောလိုက်၏။ ရွှယ်ရီဖေးက ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်သည်။

လောက တစ်ခုလုံးမှာ အလွန်တရာ တိတ်ဆိတ် နေလွန်းရကား လူတိုင်းမှာ ကိုယ့်နှလုံးခုန်သံကိုပင် ကိုယ်ပြန်ကြား နေခဲ့ရ၏။ မိန်းကလေးက ဘာကို ဆန္ဒပြုမည်နည်း။

“ကျွန်မ ဆန္ဒပြုပါတယ်…”

***

All Chapters