← Chapters

ရွှယ်ရီဖေး၏ ဆန္ဒ (၂)

Vol. 123 Ch. 1719

ရွှယ်ရီဖေး၏ ဆန္ဒ (၂)

Vol. 123 Ch. 1719

“ကျွန်မ ဆန္ဒပြုပါတယ်…”

ရွှယ်ရီဖေး စတင်လိုက်၏။ သူမ၏ မျက်ဝန်းများက ဖြည်းညင်းစွာပင် စုမေ့ထံသို့ ရောက်ရှိသွားသည်။ ထို့နောက် ပင်ပန်း နွမ်းနယ်နေသည့် နာ့ရှင်းရီ၊ သေလုမြောပါး ဖြစ်နေသည့် အန်ညီအစ်မ နှစ်ယောက်၊ မျက်လုံးများကို မှိတ်ထားသည့် ယောင်ဟုန်ရီ၊ ခြေပစ်လက်ပစ် ဖြစ်နေသည့် ရွှေဖုန်းပေါင်၊ ခန္ဓာကိုယ် တစ်ခုလုံး သွေးချင်းချင်းရဲနေသည့် ဟုန်ချွင်းဟွာ၊ ထို့နောက် အသက်ရှင် ကျန်ရစ်နေသေးသည့် အခြား အာဏာရှင်များ...

“အာရုဏ်ဦး အာဏာရှင် အင်ပါယာရှင်... ထာဝရ သရဖူ အတွက် အရှင် စတင် သတ်မှတ်ခဲ့တဲ့ အချိန် တစ်နာရီကနေ အဆုံးအထိ ရဲရင့်စွာ တိုက်ခိုက်ခဲ့ကြတဲ့ လူတိုင်းရဲ့ ကျိုးကြောင်း ဆီလျော်တဲ့ ဆန္ဒတွေကို စဉ်းစားပေးဖို့ ကျွန်မ ဆန္ဒပြုပါတယ်”

“…”

“…”

“…”

ဘာလဲ...။

ထာဝ သရဖူကို ဆုပ်ကိုင်ထားသည့် စုမေ့၏ လက်များမှာ အနည်းငယ် တင်းကြပ် သွားခဲ့၏။ သူမ၏ အကြည့်က ရွှယ်ရီဖေး အပေါ်၌ ခိုင်မြဲစွာ ရှိနေခဲ့သည်။ မိန်းကလေး၏ အနက်ရောင် မျက်ဝန်းများမှာ ထိတ်လန့် တုန်လှုပ်မှု၊ အံ့ဩမှုတို့နှင့် ပြည့်နှက် နေခဲ့၏။

ဝူပိုင်ကျိုး၏ လက်များမှာလည်း တုန်ယင်လာခဲ့လေရာ လှံကို ဆက်လက် ထိန်းချုပ်ဖို့ပင် ခက်ခဲလာခဲ့သည်။ သူမ၏ နှလုံးသားကတော့ ရပ်နားခြင်း မရှိသည့် မိုးကြိုးမုန်တိုင်း တစ်ခုလို ခုန်နေခဲ့၏။

မဟာမိတ် တစ်ယောက် ဖြစ်သည့် ဟုန်ချွန်းဟွာပင်လျှင် ရွှယ်ရီဖေး၏ ဆန္ဒကြောင့် အံ့အားသင့်သွားခဲ့ကာ ဖျက်ဆီးခံထားရသည့် ခန္ဓာကိုယ်ကို မနည်း ထိန်းရင်း ပြိုလဲလုနီးပါး အထိ ဖြစ်နေခဲ့၏။

ယောင်ဟုန်ရီကတော့ ဖြည်းညင်းစွာပင် ခေါင်းကို ငုံ့လိုက်သည်။

ရွှေဖုန်းပေါင်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ် နေခဲ့၏။

သူမက ထိုကဲ့သို့ ဆန္ဒပြုသည်လော။ အဘယ်ကြောင့်နည်း။

သို့သော်လည်း ဝေ့ဝူယင်ကတော့ အစကတည်းက မျှော်လင့်ထားသကဲ့သို့ ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“စဉ်းစားရမယ် ဟုတ်လား...”

ရွှယ်ရီဖေးက ခိုင်မာစွာ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်... စဉ်းစားပေးပါ”

မိန်းကလေး၏ မျက်လုံးများက အဆုံးအထိ မျက်တောင် တစ်ချက် မခတ်ဘဲ ဝေ့ဝူယင် အပေါ်တွင် စွဲမြဲနေခဲ့သည်။

“ဒါဆိုရင် စဉ်းစားပေးမယ်... သူတို့ရဲ့ ဆန္ဒတွေကို ဘယ်အတိုင်းအတာအထိ စဉ်းစားမယ်ဆိုတာကိုတော့ ငါပဲ ဆုံးဖြတ်မယ်... ဟုတ်တယ် မလား”

ဝေ့ဝူယင် မျက်ခုံး ပင့်လိုက်၏။

“ဟုတ်ပါတယ်”

ရွှယ်ရီဖေးက ပြန်ဖြေလိုက်သည်။

“ကောင်းတယ်...”

ဝေ့ဝူယင် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ ကောင်းကင်ဆီ ခေါင်းကို မော့ကြည့်လိုက်၏။ ကျိုးကြောင်းဆီလျော်သော ဆန္ဒကား အဘယ်နည်း။ ဤသည်က ကျိုးကြောင်းဆီလျော်သော ဆန္ဒ ဖြစ်သည်။

ထို့အပြင်... အလွန် စိတ်ရှုပ်ထွေးစေသော ဆန္ဒလည်း ဖြစ်သည်။

ရွှယ်ရီဖေး တစ်ဦးတည်းသာ ထိုကဲ့သို့ ဆန္ဒမျိုးကို ပြုလုပ်လိမ့်မည် ဖြစ်ပေသည်။

...

ဝေ့ဝူယင်က သူမ၏ ဆန္ဒအား လက်ခံလိုက်သည်ကို ကြည့်ကာ ရွှယ်ရီဖေး တစ်ယောက် စိတ်သက်သာရာ ရမှု၊ ဝမ်းမြောက်မှု၊ ကျေနပ်မှုတို့နှင့် အတူ ပြုံးလိုက်၏။ ထိုအပြုံးက သူမ၏ အလှကို အဆပေါင်းများစွာ တိုင်အောင် ပိုမို မြှင့်တင်ပေးလိုက်သလို ရှိပေသည်။

ထိုအခိုက်၌ ယောက်ျား၊ မိန်းမ မရွေး၊ အာဏာရှင်၊ ရွေးချယ်ခံ မဆို အားလုံး၏ အကြည့်များမှာ မိန်းကလေး၏ သွယ်လျ လှပသည့် မျက်နှာကလေးထက်တွင် ပိတ်မိနေခဲ့ကြသည်။

စုမေ့မှာလည်း ရွှယ်ရီဖေးကို ငေးကြည့် နေခဲ့မိ၏။ သူမ၏ အနက်ရောင် မျက်ဝန်းများထဲတွင် ထူးခြားသည့် ခံစားချက်များ ရှိနေခဲ့သည်။ ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့၏ သဘောတူညီမှုက သူမ၏ ခံယူချက်များကို အတိုင်းအတာ တစ်ခု အထိ ပြောင်းလဲ သွားစေခဲ့သည်။

အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော် သူတို့က ကိုယ်ကျိုးရှာ သမားများသာ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ခြွင်းချက် မရှိခဲ့။ အမှန်တွင် သူတို့မှာ သူတို့ ကိုယ်ကျိုး အတွက် တိုက်ခိုက်ခဲ့ကြသည်။ အခြား လူများ အတွက် ဆန္ဒကို မျှဝေရန် လုံးဝ မစဉ်းစားခဲ့ဟု ယုတ္တိဆန်စွာ ပြောနိုင်ပေသည်။

အချို့ကတော့ ထာဝရ သရဖူကို ကိုယ်တိုင် ရယူရန် မဖြစ်နိုင်ကြောင်း သိရှိပြီနောက်တွင် ရင်နှီးသည့် ဆက်ဆံရေးနှင့် အမြတ်အစွန်းများ အတွက် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြသည်။

ဝူပိုင်ကျိုးမှာ အတိတ်မှ ဆက်ဆံရေးများကြောင့် နာ့ရှင်းရီကို ကူညီခဲ့သည်။ သူမက အစွမ်းထက်သော်လည်း အမြန်နှုန်း အရာတွင် စုမေ့ထက် များစွာ နိမ့်ကျသည်။ သူမ၏ ကိုယ်ပိုင် အစီအစဉ်များမှာ အဆင်မပြေခဲ့ချေ။ ထို့ကြောင့်ပင် နာ့ရှင်းရီကို ကူညီကာ အကျိုးအမြတ်များကို ခွဲဝေဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ငါးမရနိုင်သည့် အဆုံး ရေချိုးတော့ ပြန်ရမည် မဟုတ်ပါလော။

ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့ ကြားတွင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် သဘောတူညီမှု အချို့ ရှိခဲ့ပေသည်။ အားလုံးက ကိုယ်ကျိုးအတွက် စဉ်းစားခဲ့ကြသည်ချည်း ဖြစ်သည်။

ဗာကီရီ အဖွဲ့ဝင်များ အတွက် ဖြစ်စေ၊ မူလ အာဏာရှင်များ အတွက် ဖြစ်စေ... အခြားလူများ အတွက် မိမိ၏ ကိုယ်ပိုင် ဆန္ဒကို စွန့်လွှတ်ခြင်း အတွေးမှာ သူတို့ စိတ်ကူးနိုင်သည့် စွမ်းရည် အပြင်ဘက်တွင် ရှိနေခဲ့သည်။ ကျင့်ကြံသူများအနေဖြင့် သူတို့၏ ရည်မှန်းချက်မှာ အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ကာ အမြင့်ဆုံးသို့ တက်လှမ်းရန် ဖြစ်သည်။ ထိုအားလုံးကို စွန့်လွှတ်ခြင်းသည် မိုက်မဲရာ ကျပေလိမ့်မည်။

သို့သော်လည်း ရွှယ်ရီဖေးကတော့ လုံးဝ နောင်တရပုံ မပေါ်ချေ။ သူမ၏ မျက်ဝန်းများက စင်ကြယ်နေဆဲ ဖြစ်ကာ အတွင်းစိတ်မှာ စစ်မှန်ခဲ့၏။ မည်သည့် လှည့်ဖြားမှုနှင့် ရည်ရွယ်ချက်မှ မပါဝင်ပါချေ။

ရွှယ်ရီဖေးမှာ အစကတည်းက ထိုဆန္ဒကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမသာ အားလုံးကို ကြိုတင် ပြောပြခဲ့ပါက မည်သူ တစ်ဦးတစ်ယောက်မှ ထိုအရာကို ယုံကြလိမ့်မည် မဟုတ်ပါချေ။

ရွှယ်ရီဖေး လျှို့ဝှက် ကျိန်စာ ကျိန်ဆို ပြောလျှင်ပင် လူများမှာ သံသယ ဝင်နေကြလိမ့်ဦးမည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူမက လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ ကိုယ်လုပ်တော် ဖြစ်သောကြောင့်ပင်။ လျှို့ဝှက် ကျိန်စာကို ပယ်ဖျက်နိုင်မည့် နည်းလမ်းများ သူမထံ၌ ရှိနေနိုင်သည်။

သို့သော်လည်း... မိန်းကလေးမှာ ထိုအရာကိုသာ ဆန္ဒပြုခဲ့သည်။ အာဏာရှင်များနှင့် လောကနှစ်ခုမှ ရွေးချယ်ခံများကို တုန်လှုပ် စေခဲ့သည်။

ထိုအခိုက်၌ သူတို့ ခံစားနေခဲ့ရသည့် ကျေးဇူးတင်မှုကို တိုင်းတာရန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။ အားလုံးမှာ ရွှယ်ရီဖေးကို ငေးကြည့် နေခဲ့ကြ၏။ ဝေ့ဝူယင်က သူတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးသည် ဖြစ်စေ၊ မဖြည့်ဆည်းပေးသည် ဖြစ်စေ... ရွှယ်ရီဖေး၏ ပုံရိပ်များမှာ သူတို့၏ နှလုံးသားများထဲတွင် နေရာယူခဲ့ပြီး ဖြစ်သည်။

ထာဝရ သရဖူ အတွက် သူမ မည်မျှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပုံ၊ ပုံရက်သား လဲကျသွားခဲ့ပုံ၊ နောက်ပြီး... သူမ၏ မျက်နှာထက်မှ အပြုံးက မည်မျှ တောက်ပခဲ့ပုံ...

မမေ့နိုင်စရာပင်။

“ဟ ဟ... နင်ပြောတဲ့ အဓိပ္ပာယ်ကို ငါ ခု နားလည်ပြီ…”

ကောင်းကင် စစ်ဝိညာဉ်က ရယ်မောရင်း ပြောလိုက်၏။ ဝေ့ဝူယင်က ရွှယ်ရီဖေးကို ရလည်း ရစေချင်သည်။ သို့သော်လည်း... သူမ၏ ဆန္ဒက ဒုက္ခအပေးဆုံး ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ ယခုတွင်တော့ အရာအားလုံးက ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ရွှယ်ရီဖေးကို စိတ်ထဲမှ ချီးကျူးလိုက်မိ၏။ ထိုမိန်းမလည်လေးမှာ တစ်ကွက်တည်းဖြင့်ပင် အာဏာရှင်များထံမှ မခန့်မှန်းနိုင်သည့် မျက်နှာသာမှတ်များကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုလူများမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အနာဂတ် ထောက်တိုင် ဖြစ်လာမည့်သူများ ဖြစ်သည်။

လေးစားမှု ဆိုသည်မှာ လုပ်ယူလို့ ရသည့် အရာ မဟုတ်ချေ။ ရွှယ်ရီဖေးသာ တရားဝင် ဇနီးမယားဘွဲ့ကို တောင်းဆိုခဲ့ပါက အခြားလူများမှာ ဝေ့ဝူယင်၏ အရှိန်ကြောင့် သူမကို လေးစားကောင်း လေးစားပြလိမ့်မည်။ သို့သော်... မနာလိုသူများလည်း ကျိန်းသေ ရှိပေလိမ့်မည်။ ဧကရီ တစ်ပါး အနေဖြင့် လူအားလုံးထံမှ လေးစားမှုကို ရရှိရန် ခက်ခဲပေသည်။

ယခုတွင်တော့ ရွှယ်ရီဖေးမှာ မတောင်းဆိုရပါပဲ၊ ဝေ့ဝူယင်၏ အရှိန်အဝါ မပါပဲ အားလုံးထံမှ လေးစားမှုများကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဧကရီ တစ်ပါး ဖြစ်ထိုက်သည် ဆိုသည့် အမြင်ကို ရိုက်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။

အဝေးကို မျှော်ကြည့်တတ်သည့် မိန်းကလေး၏ လုပ်ဆောင်ချက်များက ချီးကျူးခံထိုက်ပေသည်။ ထိုအတွက်လည်း သူမက အသက်ကို စွန့်၍ အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ သူမထက် ပိုမို၍ ထိုက်တန်သူ မရှိတော့။

“ပွဲပြီးခါနီးပြီ...”

ဝေ့ဝူယင်က မိုးကြိုး ထစ်ခြုန်းသကဲ့သို့ အသံဖြင့် ကျယ်လောင်စွာ ကြေညာလိုက်၏။ အသံက တုန်ရီခြင်း၊ တိမ်းစောင်းသွားခြင်းမျိုး မရှိပါချေ။ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာနှင့် အတူ ချိုးဖျက်၍ မရနိုင်သည့် ကြီးကျယ်ခမ်းနားမှု တစ်ခုကို သယ်ဆောင်ထား၏။

“မူလ သရဖူ လုပွဲကို သုံးမိနစ် အတွင်း ပြန်စမယ်”

သူက မေးခွန်းထုတ်၍ မရနိုင်သည့် လေသံဖြင့် ဆက်လက် ကြေညာလိုက်၏။ ထို့နောက် သူ၏ ငွေရောင် မျက်ဝန်းများမှာ စုမေ့လက်ထဲမှ ထာဝရ သရဖူ အပေါ်သို့ ကျရောက် သွားခဲ့သည်။

ထာဝရ သရဖူမှာ အလွန် လှပကာ စိတ်ကူးယဉ်ဆန်သကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်အားဖြင့် ၎င်း၏ နောက်ကွယ်တွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်များစွာ ရှိပေသည်။

စန်းယွန်းလီနှင့် ထျန်းရီဝူတို့မှာ ထိုအကြောင်းကို သိသောကြောင့် ယှဉ်ပြိုင်ဖို့ မကြိုးစားခဲ့ကြခြင်းဖြစ်သည်။ သူတို့ထံ၌ ချိပ်ပိတ် နယ်မြေထက် ကျော်လွန်နေသည့် သတင်း အချက်အလက် လမ်းကြောင်းများ ရှိသလို ဝေ့ဝူယင်ထံတွင်လည်း ရှိပေသည်။ ပြိုင်ပွဲ စတင် တည်ထောင်စဉ် ကာလက ထာဝရ သရဖူမှာ မည်သည့် ကန့်သတ်ချက်မှ မရှိပဲ သန့်ရှင်းစွာ အကျိုးရှိခဲ့ပေသည်။ သို့သော်လည်း… အလွှာအပြင်က လောက၌ ခေတ်တစ်ခေတ်ကို ဖြတ်သန်းခဲ့ပြီးနောက်တွင် ၎င်းမှာ ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

အဆိုပါ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည့် အချိန်ဝန်းကျင်၌ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို အကောင်အထည် ဖော်ခဲ့ဖွယ် ရှိသည်ဟု ဝေ့ဝူယင် မှန်းဆမိသည်။ အရာအားလုံး၏ အကြောင်းရင်းကိုတော့ သူ တိကျစွာ မဖော်ထုတ်နိုင်ခဲ့ချေ။

စုမေ့ လက်ထဲရှိ သရဖူကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူမက ၎င်းကို လွှင့်ပစ်ဖို့ ပြင်လိုက်သည်။ အာဏာရှင်များ၏ ထာဝရ သရဖူ လုပွဲမှာ ရွှယ်ရီဖေး၏ အနိုင်ရရှိမှုနှင့် အတူ ပြီးသွားခဲ့ပြီ ဖြစ်သည်။ မူလ သရဖူ လုပွဲနှင့် ပတ်သက်၍ သူမ စိတ်မဝင်စားပါချေ။

သို့သော်လည်း… ဝေ့ဝူယင်က လက်ဟန်ပြကာ သူမကို တားလိုက်၏။ ထို့နောက် မိန်းကလေး၏ စင်ကြယ်သည့် အနက်ရောင် မျက်ဝန်းများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“သရဖူမှာ အခြား ရည်ရွယ်ချက်တွေ မရှိတော့ဘူး… ဒီနေ့ကစလို့ အကျိုးကျေးဇူးပဲ ရှိလိမ့်မယ်… တစ်ချိန်က ထာဝရ ဧကရာဇ် ရည်ရွယ်ခဲ့တဲ့ အတိုင်း…”

***

All Chapters