ဆုလာဒ်
Vol. 123 Ch. 1720
“သရဖူမှာ အခြား ရည်ရွယ်ချက်တွေ မရှိတော့ဘူး… ဒီနေ့ကစလို့ အကျိုးကျေးဇူးပဲ ရှိလိမ့်မယ်… တစ်ချိန်က ထာဝရ ဧကရာဇ် ရည်ရွယ်ခဲ့တဲ့ အတိုင်း…”
စုမေ့ကို ပြောနေခြင်း ဖြစ်သည့်တိုင် ဝေ့ဝူယင်၏ အသံကို အားလုံး ကြားနိုင်ပေသည်။ သူ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ဖုံးကွယ် မထားခဲ့ပါချေ။
စုမေ့၏ မျက်လုံးများက တောက်ပလာကာ ထာဝရ သရဖူကို ကြည့်လိုက်၏။ ဝေ့ဝူယင်က ထာဝရ သရဖူ အတွင်း ဝှက်ထားသည့် ရည်ရွယ်ချက်များ အားလုံးကို ဖယ်ရှားခဲ့သည်လား။ သူက ၎င်းကို သန့်စင်ခဲ့သည်လား။ စုမေ့ သရဖူကို လွှင့်မပစ်တော့ဖို့ ဆုံးဖြတ်လိုက်၏။
“မင်း အဲဒါကို လိုအပ်လိမ့်မယ်”
ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမှ တစ်ဆင့် ပြောလိုက်၏။ သူ၏ အသံက အလွန်တရာပင် လေးနက် နေခဲ့၏။
စုမေ့၏ မျက်ခုံးများက အနည်းငယ် တွန့်သွားခဲ့၏။ ထာဝရ သရဖူက လက်ထဲ၌ ပိုမို၍ လေးလံလာသလိုပင် သူမ ခံစားလိုက်ရသည်။
စုမေ့၏ တုန့်ပြန်ပုံကို ကြည့်ကာ ဝေ့ဝူယင် စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်၏။ အခြားလူများအတွက် သူ စိတ်တော့လည်း မကောင်းပါချေ။
သို့သော်လည်း… သရဖူမှာ စုမေ့ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရာတွင် အရေးပါလာမည့် ကာကွယ်ရေး အစီအစဉ် တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ ၎င်းကို ပစ်ချလိုက်ခြင်းမှာ ကိုယ်ပိုင် လုံခြုံရေး ကွန်ယက်ကို လွှင့်ပစ်လိုက်ခြင်းနှင့် မခြားနားပါချေ။
ဤနေရာတွင် ဆက်ရှိနေဖို့ မလိုအပ်တော့လေရာ ဝေ့ဝူယင်မှာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း… သူ ပြန်လည်၍ ရပ်တန့်လိုက်ရင်း ရွှယ်ရီဖေးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မိန်းကလေးမှာ မြေကြီး ပြောင်းပြန်လှန်ခြင်း ဆေးတောင့်ကြောင့် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်နေသည့် အခြေအနေ တစ်ခု၌ ရှိနေဆဲ ဖြစ်သည်။
“ငါ မေ့တော့မလို့… ဘယ်သူ့ထက် မဆို ပိုပြီး တိုက်ခိုက်ခဲ့တဲ့ လူတစ်ယောက်ကိုလည်း ဆုတစ်ခု ချီးမြှင့်ပေးရမယ်”
ဝေ့ဝူယင်၏ စကားလုံးများက ချက်ချင်းပင် အားလုံး၏ အာရုံ စူးစိုက်မှုများကို ယူဆောင် သွားခဲ့၏။ သူက လက်တစ်ဖက်ကို လေထုထဲသို့ ညင်သာစွာ ရွေ့လျားလိုက်သည်။ အာကာသနှင့် အင်ပါယာ လမ်းစဉ်များ အပေါ် သာမည အာဏာမှာ နိုးထလာခဲ့ကာ မှိန်ဖျော့ဖျော့ ဝိညာဉ် အလင်း တစ်ခုကို ဖန်တီးလိုက်၏။
ဟူး… ဟူး…
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကျင်းပရာ လောကနယ်မြေကို ကျော်လွန်၍ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ နေရာ အနှံ့ရှိ အမျိုးမျိုးသော ဝိညာဉ် ပုံရိပ်ယောင် ကျောက်တိုင်များနှင့် ရွှေရောင် အသက်နန်းတော် ပိုင်ဆိုင်သည့် ဝိညာဉ် ပုံရိပ်ယောင် ကျောက်တိုင်များ အားလုံးမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ထူးခြားသော ပုံရိပ်များကို စတင် ပုံဖော် ပြသလာခဲ့သည်။
မရေမတွက်နိုင်သည့် မျက်လုံးများမှာ ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့၏ ပုံရိပ်များကို ဝိညာဉ် ဖန်သားပြင်များထက်တွင် တွေ့မြင် လိုက်ရလေသည်။
သူတို့ နှစ်ဦးမှာ ကောင်းကင်ကိုယ်တိုင်ပင် မနာလို ဖြစ်စေနိုင်သည့် မသေမျိုး စုံတွဲ တစ်တွဲလိုပင်။
ချိတ်ဆက်မှုကို အဆုံးသတ်လိုက်ပြီနောက် ဝေ့ဝူယင်က လေးနက်သည့် လေသံဖြင့် ကြေညာလိုက်၏။
“ဒီအချိန်က စလို့ ရွှယ်ရီဖေးက ငါ့ရဲ့ ကိုယ်လုပ်တော် မဟုတ်တော့ဘူး…”
သူ၏ စကားလုံးများမှာ ဝိညာဉ် ပုံရိပ်ယောင်များမှ တစ်ဆင့် နေရာတိုင်းတွင် ပဲ့တင်မြည်ဟီးသွားခဲ့၏။
“…”
အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူများ၏ တုန့်ပြန်ပုံများမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန် နေခဲ့လေသည်။ အထူးသဖြင့် အာဏာရှင်များ အကြားတွင်ပင်။ ဝေ့ဝူယင်က ရွှယ်ရီဖေးကို အပြစ်ပေးနေသည်လား။
ရွှယ်ရီဖေးမှာလည်း အလွန်ပင် အံ့ဩသွားခဲ့၏။ သူမ၏ မျက်နှာလေးက စက္ကူတစ်စနှယ် ဖြူရော် သွားခဲ့သည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက ရွှယ်ရီဖေး အပေါ်သို့ ပြန်လည် ကျရောက် သွားခဲ့၏။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူ၏ အကြည့်များမှာ နှိုင်းယှဉ်လို့ မရနိုင်သည့် နူးညံ့မှု၊ နွေးထွေးမှုတို့နှင့် ပြည့်နှက်နေခဲ့သည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် ညင်သာသည့် ခြေလှမ်းများနှင့် အတူ မိန်းကလေး၏ ရှေ့ကို ရောက်သည် အထိ လျှောက်သွားခဲ့၏။ ထို့နောက် တုန်ယင်နေသည့် မိန်းကလေး၏ ဘယ်ဘက်လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ သူ၏ လှုပ်ရှားမှုများ နူးညံ့ ညင်သာလှ၏။
မိန်းကလေး၏ အသားအရေမှာ လျှင်မြန်စွာပင် ပြန်လည် သွေးရောင်လွှမ်း လာခဲ့၏။ ဝေ့ဝူယင်၏ လက်ထဲမှ အနွေးဓာတ်များ စိမ့်ဝင်လာသည်နှင့် အမျှ သူမ၏ ခန္ဓာကိုယ်မှာလည်း ကျန်းမာ တောက်ပသည့် လက္ခဏာများနှင့် ပြန်လည်၍ ပြည့်နှက် လာခဲ့သည်။ သို့သော်လည်း… သူမမှာ သတိလက်လွတ် ဖြစ်နေခဲ့ကာ ဝေ့ဝူယင်၏ မျက်နှာကိုသာ မျက်လုံး အဝိုင်းသားဖြင့် စိုက်ကြည့် နေခဲ့မိသည်။
ဝေ့ဝူယင်က ဝိညာဉ် အထိ နွေးထွေးသွားစေနိုင်သည့် အပြုံးတစ်ခုကို ဖော်ထုတ်လိုက်၏။ ထို့နောက် ညင်သာ သိမ်မွေ့သည့် လေသံနှင့် အတူ မိန်းကလေးကို တစ်လုံးချင်း ပြောလိုက်သည်။
“အနန္တ ကုန်းမြေတိုက်ကြီး၊ ဂျိုးငှက်နီမြို့တော်က လာတဲ့ ကျုပ် ဝေ့ဝူယင် ကောင်းကင်ထက် ပိုပြီး အဖိုးတန်တဲ့ ကံကြမ္မာ တစ်ခုကို ကောင်းကင်၊ မြေကြီးနဲ့ သက်သေခံနေတဲ့ လူအားလုံး ရှေ့မှာ တောင်းဆိုချင်တယ်… သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၊ ရွှယ်တိုင်းပြည်က ရွှယ်ရီဖေး… ဒီနေ့က စလို့ ငါတို့ရဲ့ တည်ရှိမှုတွေ အဆုံးသတ်တဲ့ အထိ မင်းကို ငါ့ရဲ့ ဇနီးမယား တစ်ယောက် အဖြစ် ထားရှိနိုင်ခွင့်ရမယ့် ဂုဏ်ကို ငါ ပိုင်ဆိုင်နိုင်မလား… မင်း လက်ခံနိုင်မလား…”
“…”
“…”
“…”
ရွှယ်ရီဖေးမှာ နှလုံးခုန်သံများ အလွန် မြန်ဆန်လာသောကြောင့် ခေါင်းပင် မူးဝေလာသလို ခံစားလိုက်ရသည်။ မဖိတ်ခေါ်ပဲ တိုးဝင်လာသည့် ငိုချင်စိတ်ကြောင့် သူမ၏ မျက်ဝန်းများမှာ မျက်ရည်စများနှင့် ပြည့်ဝေလာခဲ့၏။ မြင်ကွင်းများက မပီပြင် ဝိုးတဝါး ဖြစ်သွားသလိုပင် သူ ခံစားလိုက်ရသည်။
ထိုအတွက် သူမ မျှော်လင့်ခဲ့သည်။ သူမ ကြိုးစားခဲ့သည်။ ဖြစ်လိုခဲ့သည်။ သို့သော်လည်း… သူမဘက်မှ စတင် တောင်းဆိုဖို့ကိုတော့ ဘယ်တုန်းကမှ မဝံ့ရဲခဲ့။ ဝေ့ဝူယင် ငြိုငြင်သွားမည်ကို သူမ စိုးရိမ်ခဲ့သည်။ အထင်သေးသွားမည်ကို ကြောက်ခဲ့သည်။
သို့သော်လည်း… ယခုတွင်တော့ မည်သည့် အရာမှ အရေးမကြီးတော့…။ စိုဆွတ်နေခဲ့သည့် မျက်ဝန်းများနှင့် အတူ သူမ ပြောနိုင်သည့် စကားလုံး တစ်ခုတည်းသာ ရှိခဲ့ပေသည်။ ၎င်းက…
“လက်ခံပါတယ်”
ဟူ၍…။
…
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ လူပေါင်းများစွာမှာ ထိုမြင်ကွင်းကို ကြည်နူး မျက်ရည် စို့ရင်း ကြည့်နေခဲ့ကြ၏။ ရွှယ်ရီဖေး၏ မျက်နှာကလေးမှာ ဝိညာဉ် မှန်သားပြင်ထက်တွင် ထင်းနေခဲ့သည်။ ယနေ့အတွက်တော့ သူမမှာ မရေမတွက်နိုင်သည့် လူများ၏ မျက်လုံးများထဲတွင် လောက၏ နံပတ်တစ် အလှမယ် ဖြစ်နေခဲ့သည်။ ဝေ့ဝူယင်က ရှေ့တွင် ရပ်နေစဉ် သူတို့ နှစ်ယောက်၏ ရုပ်သွင်များမှာ နေနှင့်လ၊ ရွှေနှင့်မြလို လိုက်ဖက် တင့်တယ် နေခဲ့၏။
မကြာမီတွင် ရွှယ်ရီဖေးမှာ ဘေး၌ အခြားလူများ ရှိနေသည်ကိုပင် မေ့လျော့ကာ ဝေ့ဝူယင်ဘက်သို့ ကိုယ်ကို ကိုင်းညွှတ်လာခဲ့မိ၏။ ထို့နောက်တွင်တော့ သူ၏ ကျယ်ပြန့်သည့် ရင်အုပ်များ အတွင်း ပစ်ဝင်ကာ တစ်ကိုယ်လုံး နစ်မြုပ်သည် အထိ ပွေ့ဖက် လိုက်လေတော့သည်။
ခေတ်သစ် တစ်ခုကို တည်ထောင်ခဲ့သည့် အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာလည်း သဘာဝ အတိုင်းပင် တုန့်ပြန်ခဲ့လေသည်။ သူက သူမ၏ သွယ်လျသည့် ကိုယ်လုံးလေးကို ပြန်လည် ပွေ့ဖက်ထားလိုက်တော့၏။ ထိုအခိုက်၌ ဝေ့ဝူယင်၏ တစ်ကိုယ်လုံးမှာ ပျော်ရွှင်မှုလှိုင်းများဖြင့် လွှမ်းခြုံနေခဲ့သည်။
သူ မည်ကဲ့သို့ မပျော်ရွှင်ပဲ နေနိုင်ပါမည်နည်း။
ဝေ့ဝူယင် ငယ်စဉ်ဘဝက ဇနီးမယား ဆယ်ဦးခန့် ယူကာ ကလေးများ မွေးချင်ခဲ့သည်။ သို့သော်လည်း… အသက်အရွယ် တစ်ခု ရလာပြီး နောက်တွင်တော့ သူ့ အတွေးများက ပြောင်းလဲ လာခဲ့သည်။ အစစ်အမှန် ခံစားချက်များတွင်သာ ဘဝကို နှစ်မြှုပ်လို လာခဲ့သည်။
ရွှယ်ရီဖေး…
စတင် မြင်တွေ့ခဲ့ရသည့် နေ့ကတည်းက သူ သူမကို သဘောကျခဲ့သည်။ နှစ်ခြိုက်ခဲ့သည်။ ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။ သို့သော်လည်း တစ်သက်လုံး မခွဲမတူ ရှိရမည့် ဇနီးမယား တစ်ယောက် ဖြစ်လာဖို့တော့ သူ တွေဝေခဲ့သည်။
သူတို့ နှစ်ယောက် အတူ ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမကို ခေါင်းစဉ်တွင်သာ မက ဘဝတွင်ပါ ပိုင်ဆိုင်လိုကြောင်း သေချာနေခဲ့ပြီ ဖြစ်သည်။
သူမကို ထပ်မံ၍ မဆုံးရှုံးလိုတော့…။
စစ်မှန်သည့် ပျော်ရွှင်မှုနှင့် ဆုံးရှုံးမှုဆိုတာက မည်သည့် အရာများ ဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိပေသည်။
လှပ ချစ်စရာ ကောင်းလှသည့် မိန်းမငယ်လေး တစ်ဦးထံမှ သူ ဖခင် တစ်ယောက် ဖြစ်လာတော့မည် ဖြစ်ကြောင်း ပထမဆုံး သိခဲ့ရသည့်နေ့…။
နောက် သူတို့၏ သေဆုံးခြင်း…။
လက်နှစ်ဖက်နှင့် အတူ သူတို့၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးခဲ့ရမှု…။
သူတို့၏ သင်္ချိုင်း…။
ဝေ့ဝူယင်၏ လက်များက အနည်းငယ် တုန်ရီလာခဲ့၏။ လက်မလွှတ်လိုသည့် ခံစားချက်ကြောင့် သူ ရွှယ်ရီဖေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်မိသည်။ ရွှယ်ရီဖေးမှာ အနည်းငယ်မျှ ညည်းညူခြင်း မရှိပါချေ။ အလားတူ စိတ်ဆန္ဒများနှင့်သာ တုန့်ပြန်လာခဲ့၏။
သူတို့ နှစ်ဦးမှာ ထရီလျံပေါင်းများစွာသော လူများ၏ အလယ်တွင် ဂြိုဟ်များကို ဖျက်ဆီး ပစ်နိုင်သည့် ခွန်အားနှင့် အတူ တစ်ယောက်ကို တစ်ယောက် ဖက်ထားခဲ့ကြလေသည်။
သို့သော်လည်း မည်သူမျှ နာကျင်မှုကို မခံစားခဲ့ရချေ။ ထို့အစား နွေးထွေးမှုလှိုင်းလုံးများကသာ သူတို့၏ နှလုံးသားများ အတွင်း ရစ်သိုင်း နေခဲ့ကြလေ၏။
***