နောက်ဆုံး မိနစ်များ
Vol. 123 Ch. 1721
လူတိုင်းမှာ ထိုမြင်ကွင်းကို ငေးမောကြည့် နေခဲ့မိကြ၏။ ထိုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့ မျှော်လင့် မထားခဲ့ကြသော်လည်း ထိုနှစ်ဦးက လိုက်ဖက်သည်ဟု ခံစားခဲ့ကြရသည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွက် ရွှယ်ရီဖေး နှစ်ပေါင်းများစွာ မည်ကဲ့သို့ ကြိုးပမ်းခဲ့သည်ကို အာဏာရှင်များမှာ တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ အစောကတည်းကပင် သူတို့မှာ သူမကို သခင်မ ဖြစ်လာဖို့ လိုလားခဲ့ကြခြင်း ဖြစ်သည်။
အလွှာအပြင်မှ ရွေးချယ်ခံများမှာ ထိုမြင်ကွင်းကို သိပ်နားမလည်နိုင်သည့်တိုင် ခံစားနေခဲ့ကြရသည်။ သူတို့ထံ၌ ထိုလူငယ်နှစ်ယောက်နှင့် ပတ်သက်သည့် အခြေခံ ဗဟုသုတများ သိပ်မရှိလှချေ။
ရွှယ်ရီဖေးမှာ အလွန် လှပသည်။ နောက်ပြီး အလွန် ကြောက်ဖို့ကောင်းသည့် သေမျိုးတစ်ယောက် ဖြစ်သည်။ ဝေ့ဝူယင်ကတော့ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် လွှမ်းခြုံနေသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထို့အပြင်… သူက လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်လည်း ဖြစ်သည်။ သူက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ကြားဖြတ်ဝင်ကာ စည်းမျဉ်းများကိုပင် ပြောင်းလဲ ခဲ့သည်။
ထို့ကြောင့်ပင် ဤအခိုက်အတန့်မှာ အလွန် အရေးပါကြောင်း သူတို့ အားလုံး ပြောနိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့မှာ တိတ်ဆိတ်စွာဖြင့် လေးစားမှုကို ပြသခဲ့ကြသည်။
နာ့ရှင်းရီ၏ မီးခိုးရောင် မျက်ဝန်းများမှာ ရှုပ်ထွေးသည့် ခံစားချက်များနှင့် ပြည့်နှက် နေခဲ့၏။ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်၏ တရားဝင် ဇနီးမယား တစ်ယောက် ဖြစ်ထိုက်သူ ဖြစ်သည်။ သူမ ထိုအချက်ကို လက်ခံသည်။ သို့သော်…သူမသည်လည်း မိန်းကလေး တစ်ယောက်သာ…။
မသိလိုက်ခင်မှာပင် နာ့ရှင်းရီမှာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိခဲ့၏။ ထိုအခိုက်၌ ဒေါသထွက်နေသလား။ ဝမ်းနည်းနေသလား။ စိတ်ပျက်နေသလား။ သူမ လုံးဝ မသိခဲ့ချေ။
ကံကောင်းထောက်မစွာပင် သူမ၏ ကျင့်ကြံခြင်း နှလုံးသားက ခိုင်မာခဲ့ပြီး ဖြစ်သည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ဇနီးမယား ဆိုသည့် ခေါင်းစဉ် တစ်ခုတည်းဖြင့် ရိုးရှင်းစွာ ကျေနပ်ရန် သူမ ငြင်းဆန်သည်။ ဝေ့ဝူယင်၏ ပထမ ဦးဆုံး ဇနီးမယား ဖြစ်လာရန် သူမထံတွင်လည်း အခွင့်အရေး ရှိခဲ့သည်သာ ဖြစ်သည်။
သို့သော်လည်း… သူမက နာ့ရှင်းရီသာ ဖြစ်လိုခဲ့သည်။ ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကိုသာ ကြိုးစားပြီး လျှောက်လှမ်း ခဲ့သည်။ ထိုအတွက် နောင်တရသလား နာ့ရှင်းရီ ကိုယ့်ကိုယ်ကို ပြန်လည် မေးခွန်းထုတ်မိသည်။
အဖြေက ရှင်းပေသည်။ မရ ဟူ၍…။
နာ့ရှင်းရီ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ထုတ်လိုက်၏။ နှလုံးသား အတွင်းရှိ မသက်မသာ ခံစားချက်က တဖြည်းဖြည်းချင်း တည်ငြိမ်လာကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်းမှာလည်း ပိုမို၍ ရှင်းလင်းလာသလို သူမ ခံစားလိုက်ရ၏။
ရွှယ်ရီဖေး အတွက် ဂုဏ်ပြုပေးသည့် အနေဖြင့် လှပသော အပြုံးတစ်ခုကိုပင် သူမ ဖော်ထုတ် လာနိုင်ခဲ့လေ၏။
ထိုကဲ့သို့ နာ့ရှင်းရီ တစ်ယောက် မနာလိုစိတ်ကို ပြန်လည် ထိန်းချုပ် လာနိုင်ခဲ့သည့် တစ်ချိန်တည်းတွင် ထိုကဲ့သို့ မလုပ်နိုင်ခဲ့သည့် လူတစ်ချို့တော့ ရှိနေခဲ့ပေသည်။
…
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်း၌ နန်းတော်ကြီး တစ်ခုမှာ ဂြိုဟ်တစ်ခုလုံးကို တုန်ခါစေနိုင်သည့် ခရမ်းရောင် အလင်း လေပွေထဲတွင် နစ်မြုပ် နေခဲ့သည်။
ထိုကြယ်တာရာ နယ်မြေ အတွင်းရှိ အဂ္ဂိရတ် ခန်းမ တစ်ခုထဲတွင်လည်း စွမ်းအင်များမှာ ဒေါသတကြီး ပေါက်ကွဲ နေခဲ့လေသည်။
မူလအာရုဏ်ဦး ဂြိုဟ်ထက်၌ မိခင်နှင့် သမီးဖြစ်သူ နှစ်ဦးတို့မှာ အတူတကွ ထိုင်နေခဲ့ကြ၏။ သူတို့၏ မျက်ဝန်းများကတော့ ကမ္ဘာပေါ်တွင် နှစ်ယောက်တည်းသာ ကျန်ရှိတော့သည့် အလား တင်းကြပ်စွာ ပွေ့ဖက်ထားသည့် စုံတွဲကို ငေးမော ကြည့်နေကြ၏။
မိခင်ဖြစ်သူ၏ အမူအရာက များစွာ အပြောင်းအလဲ မရှိသော်လည်း သမီးဖြစ်သူကတော့ ရှင်းပြ၍ မရနိုင်ပဲ အခွင့်အလမ်း တစ်ခုကို ဆုံးရှုံးသွားသလို ခံစားနေရသည်။ သူမ နှုတ်ခမ်းများကို ကိုက်လိုက်မိ၏။ မိခင်မှာ ထိုအရာကို သတိထားလိုက်မိလေရာ သမီးဖြစ်သူ၏ လက်ကလေးကို ကိုင်လိုက်လေသည်။
လျှို့ဝှက်နယ်မြေ တစ်ခု အတွင်းရှိ ထူးခြားသော ပတ်ဝန်းကျင် တစ်ခုတွင်တော့…
မီးဖီးနစ်ငှက် တစ်ကောင်မှာ ရာနှင့် ချီသည့် အစေခံများ ဆက်သနေသည့် ပျားရည်နှင့် အဖျော် ယမကာများ၊ အသားကင်များ၊ သစ်သီးသစ်ဥများနှင့် အတူ ယစ်မူးစားသောက် နေခဲ့သည်။ သူမ၏ ရွှေရောင် မျက်ဝန်းများမှာ အစွမ်းကုန် ပြူးကျယ်နေကာ ပုံရိပ်ယောင် ဖန်သားပြင်ကို ငေးမောကြည့် နေခဲ့၏။
“ဒါပဲလေ… ဒီလိုပဲ ဖြစ်ရမယ်… အဲဒီ ကောင်မလေးကို ငါ အစောတည်းက သဘောကျခဲ့တာ”
ဝေ့ဝူယင်တို့ နှစ်ယောက် ဖက်လိုက်သည်ကို မြင်လိုက်ရသော အခိုက်၌ သူမက ပျော်ရွှင်စွာဖြင့် ထအော်ဟစ်လိုက်၏။
“ငါ ပျားရည်ဝိုင် လိုချင်တယ်ဟေ့…”
ပိုင်လင်က နောက်ကို လှည့်ရင်း အမိန့်ပေးလိုက်သည်။ ထန်မျိုးနွယ်ဝင်များမှာ အလျင်စလိုပင် လှုပ်ရှားလိုက်ကြကာ ပျားရည် ဝိုင်များကို ဆက်သလိုက်ကြလေသည်။
…
ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေသို့ ပြန်သွားရပါက...
လူအမျိုးမျိုး၏ တုန့်ပြန်မှုများက ကွာခြားလှပေသည်။ တရှန်းမှာ နှုတ်ခမ်းကို စူလိုက်၏။ သို့သော်လည်း... သူမ၏ မျက်ဝန်းများ အတွင်း၌ မနာလိုမှုများ မရှိပဲ ယှဉ်ပြိုင်လိုသည့် ဆန္ဒများသာ ရှိနေခဲ့သည်။ ရွှယ်ရီဖေး လုပ်နိုင်လျှင် သူမသည်လည်း လုပ်နိုင်ရပေမည်။
ဝူပိုင်ကျိုးမှာ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ရုတ်သိမ်းခဲ့ပြီး ဖြစ်၏။ သူမ၏ အမူအရာက နူးညံ့နေကာ မျက်ဝန်းများက သိမ်မွေ့စွာ အာရုံလွင့် နေခဲ့သည်။ ရွှယ်ရီဖေး တစ်ယောက် ဝေ့ဝူယင်၏ တရားဝင် ဇနီးမယား ဖြစ်လာခြင်းမှာ အခြားလူများအတွက် ထူးဆန်းကောင်း ထူးဆန်းနိုင်သော်လည်း သူမကတော့ အချိန်တစ်ခုသာ လိုအပ်သည်ဟု အစကတည်းက ကြိုသိထားခဲ့သည်။ ထိုကိစ္စက အနှေးနှင့် အမြန် ဖြစ်ကို ဖြစ်လာမည့် ကိစ္စ ဖြစ်သည်။
ထာဝရ အလား ခံစားခဲ့ရပြီးနောက် ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်မှာ တွန့်ဆုတ်စွာဖြင့် ပြန်လည် ကိုယ်ချင်းခွာလိုက်ကြသည်။
“မင်း ငါနဲ့ လိုက်ခဲ့မလား”
ဝေ့ဝူယင်က မေးလိုက်၏။ ယခု ရွှယ်ရီဖေးမှာ သူနှင့် စေ့စပ်ထားသူ၊ သူ၏ အနာဂတ် ဇနီးမယား၊ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ဧကရီ ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် အခွင့်အလမ်းများ အတွက် အာဏာရှင်များကို မတိုက်ခိုက်နိုင်တော့ကြောင်း သူ နားလည်ပေသည်။
မိန်းကလေးမှာ အစောကတည်းကပင် အာဏာရှင်များနှင့် မတိုက်ခိုက်မိအောင် အမြဲတမ်းလိုလို ရှောင်တိမ်းခဲ့သည်ကို ဝေ့ဝူယင် သတိပြုမိသည်။
ရွှယ်ရီဖေးက ရိုးရှင်းစွာပင် ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်၏ ဇနီးမယား တစ်ယောက် ဖြစ်လာပြီးနောက် သူမ ဘာကိုမှ မလိုအပ်တော့...။
ဝေ့ဝူယင်က ပြုံးလိုက်၏။
“ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ပြန်ပြီး စတင်နိုင်တယ်”
ထိုကဲ့သို့ ပြောပြီးနောက် ထူးခြားသော စွမ်းအင် တစ်ခုမှာ သာမည အာဏာ နှစ်ခုနှင့် ရောနှောကာ သူတို့ နှစ်ယောက်ကို လွှမ်းခြုံ သွားခဲ့သည်။ ထို့နောက်... မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့မှာ လူတိုင်း၏ အာရုံခံစားမှုများမှ ပျောက်ကွယ် သွားခဲ့ကြလေ၏။
ဝိညာဉ် ဖန်သားပြင်များမှာလည်း တစ်ပြိုင်နက်တည်းပင် ပိတ်သွားခဲ့ကာ ကြေညာချက်ကို နိဂုံးချုပ်လိုက်သည်။
တိတ်ဆိတ်မှုက လောကနယ်မြေ အနှံ့ ပြန်လည် လွှမ်းခြုံ သွားခဲ့သည်။ အားလုံး၏ မျက်ဝန်းများက တစ်ပြိုင်နက်တည်းလိုပင် ပုံရိပ်တစ်ခုတည်းပေါ်သို့ ကျရောက်သွားခဲ့သည်။
စုမေ့...။
သူမက ထာဝရ သရဖူကို ကိုင်ထားသည်။ သို့သော် ဆေဘာကိုလည်း ကိုင်ထားသည်။
မိန်းကလေး၏ မျက်ဝန်းများ၌ အအေးဓာတ် မရှိသော်လည်း အားလုံးမှာ ကျောရိုးများ တုန်ခါနေသလိုပင် ခံစားနေကြရ၏။
“ဒါအတွက် ဘယ်သူ တိုက်ခိုက်ချင်သေးလဲ...”
စုမေ့က ထာဝရ သရဖူကို မြှောက်လိုက်ရင်း ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။ အာဏာရှင်များမှာ တစ်ဦးတစ်ယောက်မျှ မလှုပ်ကြ...။
စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက် အလွှာအပြင်က ရွေးချယ်ခံ တစ်ဦးမှာ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။ ထာဝရ သရဖူ အတွက် တိုက်ခိုက်လိုသူ တစ်ယောက် ရှိသေးကြောင်း ကြေညာလိုက်သည်နှင့် အခြားလူများလည်း လှုပ်ရှားလာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ သူ လုပ်ရန် လိုအပ်သမျှက မီးမွှေးပေးဖို့သာ ဖြစ်ပေသည်။
ထို့အပြင်... စုမေ့နှင့် ခန့်မှန်းခြေ အားဖြင့် မိုင်ပေါင်း ၃၀၀၀ ခန့် အကွာတွင် ရှိနေလေရာ ဘာမှ အထူးတလှယ် အန္တရာယ် မရှိနိုင်ဟု တွက်ချက်ထားသည်။
“ငါ...”
ရွှမ်း...
ရုတ်တရက် ဆေဘာဟိန်းသံ တစ်ချက် ပဲ့တင်ထပ်လာခဲ့၏။ ရွေးချယ်ခံ၏ ခေါင်းမှာ ပခုံးထက်မှ ပြုတ်ကျသွားခဲ့သည်။ သူ၏ မျက်လုံးများ အတွင်းရှိ အလင်းမှာ မှေးမှိန်သွားခဲ့၏။ အသက်ပျောက် သွားခဲ့ပြီ ဖြစ်လေသည်။
***