နောက်ဆုံး မိနစ်များ (၂)
Vol. 123 Ch. 1722
“တခြားသူ ရှိသေးလား...”
စုမေ့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ တံတွေး မြိုချသည့် အသံများနှင့် အေးခဲနေသည့် အသက်ရှူသံများ ပဲ့တင်မြည်လာခဲ့သည်။
သူမမှာ မူလ နေရာမှ ခြေတစ်လှမ်းမျှ မရွေ့ခဲ့ချေ။ လှုပ်ရှားသည်ကိုလည်း မတွေ့ခဲ့ရချေ။ သို့သော်လည်း...။
အာဏာရှင်များကတော့ အလွန် အံ့အားသင့်ခြင်း မရှိခဲ့ချေ။ ထို့အပြင်... သူတို့ထံတွင် ဆက်လက် တိုက်ခိုက်လိုစိတ်လည်း မရှိကြတော့ချေ။ သူတို့မှာ ဝေ့ဝူယင် ကြေညာခဲ့သည့် အကြီးမားဆုံးသော ဆုလာဒ် အတွက် တိုက်ခိုက်ခဲ့ကြခြင်းသာ ဖြစ်သည်။
ရွေးချယ်ခံ ဧကရာဇ်ဘွဲ့...
၎င်းက မည်သည့် တန်ဖိုး ရှိသနည်း။ ထို့အပြင် သူတို့က ရွေးချယ်ခံများလည်း မဟုတ်ချေ။ အာဏာရှင်များသာ ဖြစ်သည်။
ထာဝရ သရဖူ အတွက် ဆက်လက် ဆန္ဒရှိနေကြသူများမှာ အလွှာအပြင်က လူများသာ ဖြစ်သည်။ သို့သော်လည်း... သေမျိုးများ မလှုပ်ရှားကြသည်ကို မြင်သောအခါ သူတို့ နှလုံးသားများထဲ၌ တွေဝေမှုများ ဖြစ်ပေါ်လာခဲ့၏။
လောက တားမြစ်ခြင်း အစီအရင် ပင်လျှင် ထိုမိန်းကလေးကို မိနစ် နှစ်ဆယ်ထက် ပိုမို၍ ထိန်းသိမ်း ထားနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့အပြင်... သူမ၏ အမြန်နှုန်းကလည်း ရွံစရာ ကောင်းလောက်အောင်ပင် ကြမ်းသည်။ မြေကြီး ရှန့်ထိုများမှာ သက်ပြင်းများ ချလိုက်ကြကာ လက်လျှော့ရုံသာ တတ်နိုင်ကြ၏။
ပြိုင်ပွဲက ယခုလို ပြီးဆုံးသွားတော့မည်လား။
“သမီး လိုချင်တယ်”
ရုတ်တရက် ကလေးသံလေး တစ်ခုမှာ ခပ်စွာစွာ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့ ပုံရိပ်ကလေး တစ်ခုမှာ ခုန်ပေါက်ကာ စုမေ့ အနားသို့ ရောက်ရှိ လာခဲ့သည်။ သူမက သရဖူကို လက်ညိုး ထိုးပြလိုက်၏။
“ဒေါ်လေးမေ့... သမီး အဲဒါကို ယူလို့ရလား...”
ကလေးမလေးက အပြစ်ကင်းစင်သည့် မျက်လုံးရွဲကြီးများထဲတွင် လိုချင်သည့် အရိပ်အငွေ့များနှင့် ပြည့်နှက် နေကာ မေးလိုက်၏။ စုမေ့က ပေ့ယင်ယင်ကို ငုံ့ကြည့် လိုက်သည်။
လောက နှစ်ခုမှ ရွေးချယ်ခံ အများစုမှာ စိတ်ရှုပ်ထွေး သွားကြ၏။ သည်ကလေးလေးက ဘယ်သူနည်း။ ဘယ်သူ့ ကလေးနည်း။
နေဦး…
အဘယ်ကြောင့် ဤနေရာတွင် ကလေး တစ်ဦး ရောက်နေရသနည်း။
ပေ့ယင်ယင်၏ ခန္ဓာကိုယ်လေးမှာ ထူးဆန်းသည့် ပုံရိပ်ယောင်လို အခြေအနေ တစ်ခုတွင် ရှိနေခဲ့သည်။ သူမက ဤနေရာတွင် ရှိနေသော်လည်း တစ်ချိန်တည်း၌ ခြားနားသည့် ဒိုင်မန်းရှင်း တစ်ခုထဲ ဝင်ရောက်နေသလိုပင်။ သို့သော်လည်း သူမ၏ မျက်ဝန်းများ အတွင်းရှိ အသက်အော်ရာကို ဆန်းစစ်ဖို့တော့ မခက်ခဲခဲ့ပါချေ။ အလွှာနှစ်ခုမှ ရွေးချယ်ခံများမှာ ပေ့ယင်ယင်လေး၏ အသက်အရွယ်ကို အလွယ်တကူပင် ခန့်မှန်းနိုင်ခဲ့ပေသည်။
သို့သော်လည်း... မည်ကဲ့သို့ ဖြစ်နိုင်သနည်း။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း ဝင်ရောက်ရန် အတွက် ခွန်အား သို့မဟုတ် နည်းလမ်း စသည်ဖြင့် ကန့်သတ်ချက် များစွာ ရှိပေသည်။ ထိုကလေးမလေး အနေဖြင့် အဆိုပါက လိုအပ်ချက်များထဲမှ တစ်ခုကို ပြည့်မှီရန် လိုအပ်သည်။
ပေ့ယင်ယင်က နှုတ်ခမ်းကလေးကို စူလိုက်ရင်း လက်များကို ဖြန့်လိုက်၏။ သူမ၏ မျက်ဝန်းလေးများက “ပေး... ပေး... ဒေါ်လေးရေ... သမီး လိုချင်လို့” ဟု ပြောနေသယောင်ပင်။ ထိုလှပသည့် သရဖူလေးကို သူမ လိုချင်သည်။ မင်းသမီးလေးများသာ သရဖူကို ဝတ်ဆင်နိုင်ကြောင်း သူမ သိပေသည်။ မင်းသမီးလေး တစ်ယောက် ဖြစ်လာရန် အတွေးမှာ သူမ အတွက် အိပ်မက် တစ်ခုလိုပင် ဖြစ်သည်။
အကယ်၍ သူမ၏ အတွေးကိုသာ အာဏာရှင်များ ကြားပါက ခါးသီးစွာ ရယ်မောကြလိမ့်မည် ဖြစ်သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် မင်းသမီးငယ်လေး တစ်ပါး ရှိသည် ဆိုလျှင် ဤအဆော့သန်သည့် ကလေးငယ်လေးသာ ဖြစ်ပေလိမ့်မည်။ သူမက နေရာတိုင်းတွင် ပြဿနာ ရှာတတ်သူ ဖြစ်သည်။
သူမသည် သူ၏ မျက်လုံး၏ သကြားလုံး ပန်းသီး၊ ချိုမြိန်ပြီး နူးညံ့သည်။ သူမ ဤနေရာတွင် ရှိနေခြင်း၊ ထိခိုက်မှု မရှိခြင်း၊ နှင့် လွတ်လပ်စွာ ရွှေ့လျားရန် ခွင့်ပြုထားခြင်းသည် ထို မယုံနိုင်စရာ အဆင့်အတန်းကြောင့် သက်သက် ဖြစ်သည်။
စုမေ့က သူမကို ငုံ့ကြည့်ရင်း ညင်သာစွာ ပြုံးပြလိုက်၏။
“အိမ်ပြန်ရောက်ရင် သမီးကို ဝတ်ခိုင်းမယ်နော်...”
ပေ့ယင်ယင်၏ မျက်ဝန်းလေးများမှာ လင်းလက် သွားခဲ့၏။
“တကယ်လား... ကတိနော်...”
စုမေ့ ခေါင်းညိတ်လိုက်သည်။
“အင်းပါ... ကတိ...”
“လက်သန်း ကတိ...”
သို့သော်လည်း... ပေ့ယင်ယင်က မကျေနပ်သေးလဲ လက်သန်းလေးကို ဆန့်ထုတ်လိုက်၏။ သူမ အတွက်တော့ လက်သန်း ကတိက ကောင်းကင်ကျိန်စာများလို ခိုင်မာမှု ရှိသည်ဟု ယုံကြည်ထားသည်။ သူမ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်က တဖြည်းဖြည်း ထင်ရှားလာကာ လက်တွေ့ လောကထံ ပြန်လည် ရောက်ရှိလာသည်။
စုမေ့က ပြုံးလိုက်ရင်း ဓားအိမ် ကိုင်ထားသည့် လက်ဖြင့်ပင် ပေ့ယင်ယင်၏ လက်သန်းလေးကို သူမ၏ ကိုယ်ပိုင် လက်သန်းနှင့် ချိတ်လိုက်သည်။
“လက်သန်း ကတိ”
“အင်းနော်... ဒေါ်လေး ကတိပေးပြီးပြီ”
သူမက ပတ်ဝန်းကျင်ရှိ ထိတ်လန့် အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုရင်း စိတ်လှုပ်ရှားစွာ သတိပေးလိုက်၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်လေးက ပုံရိပ်ယောင် အဖြစ် နောက်တစ်ကြိမ် ပြန်လည် ပြောင်းလဲ သွားခဲ့သည်။
ဝှစ်... ဝှစ်...
သူမက မန်နာများကို နင်းကာ ခုန်ပေါက်ရင်း တရှန်းထံသို့ ရောက်ရှိသွားခဲ့သည်။
“အစ်မကြီး”
တစ်ချိန်တည်း၌ စုမေ့က ပေ့ယင်ယင် ရပ်ခဲ့သည့် မြေပြင်ကို စိုက်ကြည့်လိုက်၏။ သူမ၏ အမူအရာက တည်ငြိမ်နေကာ အနည်းငယ် အေးစက်စက် အငွေ့အသက် တစ်ချို့ကို ထုတ်လွှတ်နေသည်။ ထိုနေရာတွင် ငြိမ်သက်စွာ ဖုံးကွယ်ထားသည့် အရိပ် ပုံသဏ္ဌာန် တစ်ခု ရှိနေခဲ့၏။ စုမေ့၏ လုပ်ရပ်က အခြားလူများကို စိတ်ရှုပ်ထွေး သွားစေခဲ့သည်။
“သေချာတယ်...”
စုမေ့က ပြောလိုက်၏။ ရုတ်တရက် သူမ၏ ခန္ဓာကိုယ်မှာ အမှောင်၊ အလင်း စွမ်းအင်များနှင့် ပေါက်ကွဲ သွားကာ မိုင်ပေါင်း တစ်ထောင် ပတ်ဝန်းကျင် အတွင်းရှိ လူတိုင်းကို တိုက်စား သွားခဲ့လေသည်။ ထိုစွမ်းအင်များ အတွင်း၌ အမှောင်အလင်း ရည်ရွယ်ချက်၊ ဆေဘာ ရည်ရွယ်ချက် အပြင် ထူးဆန်းသည့် အခြား စွမ်းအင် တစ်ခုပါ ပါဝင်နေကာ အားလုံးမှာ လောက ရည်ရွယ်ချက် အဆင့်၌ ရှိနေကြပေသည်။
ရုတ်တရက် လောက တစ်ခုလုံးကို အလင်းနှင့် အမှောင်တို့က လွှမ်းခြုံ သွားခဲ့၏။ မြေကြီး ရှန့်ထိုများ အပါအဝင် လူတိုင်းမှာ ခဏတာမျှ ဘာကိုမှ မြင်နိုင်စွမ်း မရှိကြတော့။ မူလ နေရာ၌ ရပ်နေကြသည့်တိုင် နဖူးနှင့် ကျောပြင်တို့တွင် ချွေးစေးများ စိုရွှဲ လာကြ၏။ ထိုအခိုက်၌ အသက်နှင့် ခန္ဓာတို့က သေခြင်းရှင်ခြင်း မျဉ်းကြောင်းထက်၌ ရပ်တည်နေသလိုပင် သူတို့ ခံစားနေခဲ့ကြရသည်။
ထို့နောက် အလင်းများမှာ ပြန်လည်၍ ဆုတ်ခွာ သွားခဲ့၏။ ပတ်ဝန်းကျင်က ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ အရိပ်မှာ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ပြန်လည်၍ ပျောက်ကွယ်သွားခဲ့၏။
စုမေ့မှာ ဆေဘာဓားရိုးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခဲ့သည်။ သူမ၏ မျက်ဝန်းများက ဆေဘာ အလင်းများဖြင့် တောက်ပ ထက်ရှနေကာ ကောင်းကင်နှင့် မြေကြီးတို့ကိုပင် အချိန်မရွေး ထက်ပိုင်း ပိုင်းပစ်နိုင်သည့်ပုံ ရသည်။ သူမက ဖြည်းညင်းစွာပင် မျက်လုံးများကို ပိတ်လိုက်လေ၏။
“သူက ဘယ်လိုတောင်မှလဲ...”
တူလာရီ၏ ခြေလက်များမှာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာဖြင့် အနည်းငယ် တုန်ရီနေခဲ့၏။ သူမ၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေကာ အစွန်းရောက်နေသည့် ကြောက်ရွံ့မှုက သူမ၏ နှလုံးသားကို လွှမ်းခြုံထားခဲ့သည်။ နောက်ပြန်ဆုတ်လိုသော်လည်း သူမ၏ ခြေထောက်များက ထိုအခိုက်၌ အမိန့်နာခံခြင်း မရှိခဲ့ချေ။
ပရိသတ်များမှာလည်း အလားတူပင် တုန်လှုပ် နေကြ၏။ စုမေ့မှာ ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက် လွန်းသည်။
ထာဝရ သရဖူ အတွက် တိုက်ခိုက်လိုသေးသည့် အချို့လူများ၏ နောက်ဆုံးသော ဆန္ဒများမှာ ထိုအခိုက်တွင်ပင် အလုံးစုံ ငြိမ်းသတ်ခံလိုက်ရပြီ ဖြစ်လေသည်။
***