ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၇)
Vol. 123 Ch. 1713
နောက်ဆုံး စက္ကန့်…
ရှင်းမပြနိုင်လောက်အောင် တသမတ်တည်း ထိန်းချုပ်ထားသည့် အသက်ရှူသံ တစ်ခုမှာ ကျင့်ကြံသူတိုင်း၏ စိတ်ထဲ၌ ပေါ်ပေါက် လာခဲ့၏။ အားလုံး၏ မျက်လုံးများက ထာဝရ သရဖူ တည်ရှိရာ နေရာကို စူးစိုက် ကြည့်နေကြပြီး ဖြစ်ပျက် သွားခဲ့သည့် ဖြစ်ရပ်များကြောင့် စကား မပြောနိုင်အောင် ဆွံ့အ နေကြသည်။
ညကောင်းကင်ကဲ့သို့ တောက်ပကာ လျှို့ဝှက် ဆန်းကြယ်သည့် မဟူရာ ဆေဘာအလင်း တစ်ခုသည် ထာဝရ သရဖူကို သိမ်းကြုံးကာ အဝေး တစ်နေရာ၌ လျှင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။ အဆိုပါ ဓားအလင်း၏ လမ်းကြောင်းမှာ ကျန်ရှိနေဆဲ ဖြစ်သော်လည်း အားလုံးမှာ စိတ်ပျက် အားငယ်မှုများနှင့်သာ စိုက်ကြည့် နေနိုင်ခဲ့ကြသည်။
မည်သို့ပင် ဆိုစေ... ထာဝရ သရဖူကတော့ ယူဆောင်သွားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
မရေမတွက်နိုင်သည့် အစီအစဉ်များနှင့် ဂရုတစိုက် ပြင်ဆင်ထားသည့် နည်းဗျူဟာများ အားလုံးမှာ အကြွင်းမဲ့ ခွန်အား... မဟုတ်သေး အကြွင်းမဲ့ အမြန်နှုန်း၏ ရှေ့တွင် လုံးဝ အသုံးမဝင်တော့ချေ။
အားလုံး၏ မျက်နှာများမှာ ဖြူရော် သွားခဲ့ကြ၏။ ဤသည်မှာ သူတို့ ကြောက်ရွံ့ခဲ့ကြသော အရာပင် ဖြစ်သည်။ အာဏာရှင်များ ထိတ်လန့် ခဲ့ရသော အရာပင် ဖြစ်သည်။
မူလ အာဏာရှင်များ ဖြစ်စေ၊ တပ်ရင်း ကွန်မန်ဒါများ ဖြစ်စေ၊ ထူးခြားသည့် အဖွဲ့ဝင်များ ဖြစ်စေ... သူတို့ အားလုံးမှာ ကပ်ဘေး တစ်ခု ဆန်စွာ လောကကို ဖျက်ဆီးနိုင်သည့် စုမေ့၏ အမြန်နှုန်းကို အပြည့်အဝ သိရှိထားကြသည်။
ထာဝရ သရဖူကို လက်မလွှတ်သေးသည့် ရွေးချယ်ခံ အချို့လည်း ရှိနေသေးသည်။ သူတို့မှာ အလွှာ အပြင်က ကျင့်ကြံသူများ ဖြစ်ကာ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်း အခြေခံကို အသုံးပြု၍ နောက်ဆုံးသော စက္ကန့်တွင် ထာဝရ သရဖူ အတွက် ယှဉ်ပြိုင်ဖို့ စဉ်းစားထားကြသည်။ သူတို့ အနေဖြင့် သရဖူနှင့် အာရုဏ်ဦး လောက ရှန့်ထို ဆိုသူ၏ ဆန္ဒ နှစ်ခုစလုံးကို သိမ်းယူ နိုင်ကြသည်။
သူတို့ ၎င်းကို လိုချင်သည်။
တစ်ချိန်တည်းတွင်ပင် မရေမတွက်နိုင်သည့် ရွေးချယ်ခံများနှင့် အာဏာရှင်များမှာ တွင်းနက်ကြီး၏ ပြင်းထန်သည့် ဆွဲငင်မှုများကို ခံနေရဆဲ ဖြစ်သည်။ သူတို့ ရုန်းကန် နေကြသော်လည်း အချဉ်းနှီးသာ ဖြစ်၏။ ထိုတွင်းနက်ကြီးက မည်ကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသနည်း။ ၎င်းမှာ သာမန် တွင်းနက် တစ်ခု မဟုတ်ပဲ သေမျိုးတစ်ပိုင်း အရှင်များပင် တွန်းလှန်ရန် ခက်ခဲသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
တန်ဘူမာသည် လက်များကို မြေကြီးအတွင်း နက်ရှိုင်းစွာ ထိုးစိုက်ရင်း ဆွဲငင်အားများကို အန်တု နေခဲ့၏။ မဟာမိတ်များမှာ သူ့ ခန္ဓာကိုယ်ကို တိုင်တစ်ခု သဖွယ် ဆုပ်ကိုင်ကာ အပေါ်သို့ ပျံတက်ခြင်းမပြုနိုင်အောင် ကာကွယ် ထားကြသည်။ အသက်ရှင်သန်ရန် အစွမ်းကုန် ကြိုးပမ်းနေရလေရာ သူတို့၏ နဖူးနှင့် လက်မောင်းများပေါ်တွင် သွေးကြောများ ထောင်ထ နေခဲ့၏။
ထျန်းရီဝူ၏ မျက်လုံးများကတော့ တွင်းနက်ကြီးကို စိုက်ကြည့်ရင်း တည်ငြိမ် နေခဲ့သည်။ သူ၏ မျက်ဝန်းများအတွင်း၌ ထူးခြားသော တောက်ပမှုတစ်ခု ရှိနေခဲ့၏။ ၎င်းက ရှုပ်ထွေးသော လျှို့ဝှက်ချက်များကို ဆုပ်ကိုင်ထားသကဲ့သို့ ရှိလေသည်။ ထျန်းရီဝူ အသက်ရှူရင်း ရေရွတ်လိုက်၏။
“ဒါက ဒုတိယ အဆင့်မှာပဲ ရှိသေးတယ်...”
“...”
ဘေးနား၌ ရှိနေသည့် စန်းယွန်းလီမှာ ထိုစကားကို ကြားလိုက်ရလေရာ မျက်မှောင်ကြုတ် လိုက်၏။ ဒုတိယ အဆင့်..။
ဝှစ်... ဝှစ်...
အခြားတစ်ဖက်၌ အန်ညီအစ်မ နှစ်ဦးမှာ လက်ချင်း ဆုပ်ကိုင်ရင်း ပျံသန်းလာကာ ရွှယ်ရီဖေး၏ နံဘေးတွင် ဆင်းသက် လိုက်ကြသည်။ တွင်းနက်ကြီး၏ ပြင်းထန်သည့် ဆွဲငင်အားများ အောက်တွင် သူတို့ နှစ်ယောက်မှာ အဟန့်အတား မရှိရုံသာ မက ယခင်ကထက် အဆပေါင်းများစွာ ပိုမို လျင်မြန်စွာပင် ရွေ့လျားနိုင်ခဲ့သည်။
“အရှင်မ...”
အန်ညီအစ်မ နှစ်ဦးက လေးစားသည့် အရိပ်အယောင်များဖြင့် နှုတ်ဆက်လိုက်ကြ၏။ မိန်းကလေးများမှာ သူတို့နှင့် ရွှယ်ရီဖေးတို့ ကြားမှ ဆက်ဆံရေးကို ဆက်လက် ဖုံးကွယ်ထားဖို့ မကြိုးစားကြတော့ချေ။ အခြေအနေက အတော်လေး စိုးရိမ်ဖွယ်ရာ ဖြစ်ပေသည်။ စုမေ့မှာ သူတို့ပင် အာရုံခံရန် မဖြစ်နိုင်သည့် အရှိန်ဖြင့် အဝေးသို့ လျှင်မြန်စွာ ပျံသန်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
နေကြယ်များကိုပင် စွန့်လွှတ်၍ သူတို့၏ အဆုံးစွန်သော ကြိုးပမ်းမှုက အလဟသ ဖြစ်သွားတော့မလား မပြောတတ်ပါချေ။
သို့သော်လည်း... မိန်းကလေး နှစ်ဦး စလုံးမှာ သူတို့၏ အရှင်မကို ယုံကြည်နေကြဆဲ ဖြစ်သည်။ အကယ်၍ ပြိုင်ပွဲဝင်များထဲ၌ ဤအခြေအနေများကို ပြောင်းလဲပစ်နိုင်သည့် တစ်ဦးတည်းသောသူ ရှိသည် ဆိုလျှင် ထိုတစ်ဦးက ရွှယ်ရီဖေးသာ ဖြစ်ပေလိမ့်မည်။
ရွှယ်ရီဖေးက သူတို့ကို တစ်ချက် ကြည့်လိုက်၏။ မိန်းကလေး၏ အမူအရာက နှိုင်းယှဉ်လို့ မရနိုင်အောင် လေးနက်ခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။
“ငါ့ကို အသက်ရှင်အောင် ထား...”
စကား သုံးလုံးတည်း။ သို့သော်လည်း အနက် အဓိပ္ပာယ်ကတော့ ဂြိုဟ်တစ်လုံး သဖွယ် အလွန်ပင် လေးလံ လွန်းလှ၏။ အန်ညီအစ်မ နှစ်ဦးလုံး အံ့အားသင့် သွားကြသည်။
ဘုန်း...
ရုတ်တရက်... ရွှယ်ရီဖေး၏ နတ်ဆိုး နဂါး အော်ရာမှာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ထိုကဲ့သို့ လုပ်ဆောင်လိုက်သည်နှင့် အညိုရောင် သတ္တုဖြင့် ပုံဖော်ထားသည့် မြှားတစ်စင်းမှာ အဝေးမှ သူမဆီသို့ ထိုးဖောက်လာခဲ့သည်။ ၎င်း၏ မူလအစကို ခြေရာခံပါက ယောင်ဟုန်ရီကို တွေ့ရလိမ့်မည် ဖြစ်သည်။ သူက မျက်လုံး နှစ်လုံး လုံးကို လုံးဝ ဖော်ထုတ်ထားကာ လက်များက နောက်ထပ် မြှားတစ်စင်းကို ကြိုးတင်ထား၏။
ရွှယ်ရီဖေးက ညာဘက် လက်သီးကို ဆန့်ထုတ်ကာ ထိုးလိုက်သည်။
နဂါးစွမ်းအားကို အခြေခံထားသည့် ထိုထိုးနှက်ချက်က သမုဒ္ဒရာများကို လှုပ်ခါစေနိုင်သည်။ တောင်တန်းများကို မှောက်လှန် ပစ်နိုင်သည်။ ကောင်းကင်ကိုပင် ထက်ခြမ်းခြမ်း ပစ်နိုင်၏။
သို့သော်... မြှားသည်လည်း မခေချေ။ ဂြိုဟ်အငယ်စား တစ်ခု၏ အလေးချိန်ကို သယ်ဆောင်ထားသည့် အပြင် မယုံကြည်နိုင် လောက်သည့် အမြန်နှုန်းဖြင့် တိုးဝင်လာလေရာ ဧရာမ ဂြိုဟ်ကြီး တစ်စင်းကိုပင် ထုတ်ချင်း ဖောက်သွားလိမ့်မည် ဖြစ်သည်။
ဘုန်း...
လက်သီးနှင့် မြှား ထိပ်တိုက် တွေ့ဆုံလေရာ ပြင်းထန်သည့် ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။ သို့သော်လည်း... မြှားမှာ လက်သီးကို ထိုးဖောက်နိုင်ခြင်း မရှိသလို လက်သီးမှာလည်း မြှားကို ဖျက်ဆီးနိုင်ခြင်း မရှိပါချေ။
မြှားချက်ကို ကာကွယ်ပြီးနောက် ရွှယ်ရီဖေး၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ သူက ခန္ဓာကိုယ်ကို ခပ်သွက်သွက် လှည့်ပတ်လိုက်ရင် ဝတ်စုံမှာ မီးခိုးရောင် အလင်းများဖြင့် တောက်ပလာကာ ပတ်ဝန်းကျင် မိုင်ငါးရာကျော်ကို ရွေ့လျား သွားခဲ့သည်။ အန်ညီအမ နှစ်ယောက်၏ အမူအရာများမှာလည်း ပြောင်းလဲသွားကာ တွင်းနက်ကြီး၏ ဆွဲငင်အားများကို အသုံးပြုရင်း အလင်း၏ အရှိန်ဖြင့် အထက် မိုင်ပေါင်း သုံးရာ အထိ မြင့်တက် သွားကြ၏။
ဘုန်း...
သူတို့ ယခင် ရှိခဲ့သည့် နေရာသို့ ကြယ်တာရာ အလင်းတန်း တစ်ခု ပြုတ်ကျ လာခဲ့သည်။ ၎င်းက မူလ တည်ရှိခဲ့သည့် သဲကန္တာရ ဒေသ တစ်ခုလုံးကို ပေါက်ကွဲ သွားစေကာ သဲကြမ်းများမှာ ဆိုင်ကလုန်း မုန်တိုင်းများလို ပတ်ဝန်းကျင်ကို လွင့်စဉ် ဖုံးကွယ် သွားခဲ့လေ၏။
တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်ထားသည့် ဝူပိုင်ကျိုးမှာ သူမ၏ လှံတံကို ပြန်လည် ဆင့်ခေါ် လိုက်၏။ ထို့နောက် အဝေးမှ ရွှယ်ရီဖေးကို တစ်ချက် ကြည့်ကာ ခြေဖနှောင့်ကို ဆောင့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဥက္ကာပျံ တစ်ခု အဖြစ် ပြောင်းလဲ သွားကာ ရွှယ်ရီဖေး နောက်ကို လိုက်လေတော့သည်။
အာကာသ ရွှေ့ပြောင်းခြင်းမှ ထွက်လာလာချင်းပင် ရွှယ်ရီဖေးမှာ အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရ၏။ အစစ်အမှန် နဂါး အသွင်ပြောင်းလဲခြင်းကို ဖော်ထုတ်ထားလေရာ သူမ၏ အာရုံခံစားမှုများမှာ အလွန်ပင် ထက်ရှနေပေသည်။ မိန်းကလေး၏ မျက်ဝန်းများက တဖျပ်ဖျပ် လင်းလက်သွားကာ လက်သီးနှစ်ဖက် စလုံးကို ဆုပ်လိုက်၏။ မိန်းကလေး၏ နှလုံးက နဂါး ဟိန်းသံ တစ်ခုကို ထုတ်လွှတ်လာကာ တည်ငြိမ် အာကာသကိုပင် တုန်ရီစေသည် အထိ ရိုက်ခတ် လာခဲ့လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
မိန်းကလေးက လက်သီး နှစ်ဖက်စလုံးကို သုံးကာ တိုးဝင်လာသည့် မြှားသုံးစင်းကို ရိုက်ချလိုက်၏။ ထို့နောက် နဂါးတစ်ကောင် အလား ဟိန်းဟောက်သံဖြင့် အော်ဟစ်လိုက်သည်။
“ဟုန်ချွန်းဟွာ...”
မဟာမြေကြီး အမြုတေ မြှားသုံးစင်းကို ပစ်လွှတ်ပြီးနောက် ယောင်ဟုန်ရီ၏ အတွင်းပိုင်း လောကနှင့် အချိန်ဝဲဂယက်တို့မှာ ဝဲနှင့်ယာ မျက်ဝန်းများ အတွင်း ပြင်းထန်စွာ လည်ပတ် နေခဲ့သည်။ သူ၏ အမူအရာကတော့ တည်ငြိမ် နေခဲ့၏။ နောက်ထပ် မြှားတစ်စင်းကို ထပ်မံ ထုတ်လွှတ်ဖို့ သူ မတွန့်ဆုတ်ခဲ့ပါချေ။
ယောင်ဟုန်ရီ လေးကြိုးတင်နေစဉ် ဝူပိုင်ကျိုးမှာ ရွှယ်ရီဖေးနှင့် မိုင်ပေါင်း နှစ်ရာ့ငါးဆယ်ခန့် အကွာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမက ညာဘက်လက်ကို ဆန့်ထုတ်လိုက်၏။ လှံတံက လခြမ်း သဏ္ဌာန် ပတ်လမ်း အတိုင်း နောက်သို့ ကွေးညွှတ် သွားခဲ့သည်။
ရွှစ်...
တစ်ချိန်တည်း၌ သူမ၏ ဘယ်ဘက်လက်တွင် ငွေရောင် အလင်း တစ်ခု ပေါ်လာ၏။ မိန်းကလေးက စက္ကန့်မဆိုင်းပဲ ၎င်းကို ရွှယ်ရီဖေးထံသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။ ငွေရောင် လှံတံမှာ ကောင်းကင်ကို ထိုးခွဲနိုင်သည့် အရှိန်နှုန်းဖြင့် ရွှယ်ရီဖေးထံသို့ ပြင်းထန်စွာ ဝင်ရောက် သွားခဲ့၏။
ရွှမ်း...
တစ်ချိန်တည်း၌ ဓားဟိန်းသံ တစ်ချက် ပေါ်လာခဲ့၏။ အလွန် မွှေးကြိုင်သည့် ရနံ့က လေထုအတွင်း စိမ့်ဝင် လာခဲ့သည်။ ဓားအလင်းက ငွေရောင် လှံတံအား လမ်းခုလတ်တွင်ပင် ခုတ်ပိုင်းလိုက်သည်ကို ဝူပိုင်ကျိုး တွေ့လိုက်ရ၏။ ၎င်းမှာ လှံကို ဖျက်ဆီးပစ်ဖို့ မလုံလောက်သော်လည်း အရှိန်ကိုတော့ များစွာ လျေ့ကျသွားစေခဲ့လေသည်။
ဝှစ်... ဝှစ်...
တစ်ချိန်တည်း၌ အန်ညီအစ်မ နှစ်ယောက်မှာ တွင်းနက်ကြီး၏ ဆွဲငင်အားများကို ထိန်းချုပ်ကာ လှံကို နှေးကွေး စေခဲ့လေသည်။ သူတို့၏ နှလုံးသားများမှာ ပြင်းထန်စွာ ခုန်ပေါက် နေကြ၏။
ဝူပိုင်ကျိုးက ရွှယ်ရီဖေးကို သတ်ဖြတ်ဖို့ ကြိုးပမ်းနေလေရာ သူတို့ မည်ကဲ့သို့ မလှုပ်ရှားပဲ နေနိုင်တော့မည်နည်း။
***