← Chapters

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၄၅)

Vol. 123 Ch. 1711

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၄၅)

Vol. 123 Ch. 1711

ဘုန်း...

ဝေဟင်တွင်ပင် လှံချွန်နှင့် မြှားတို့ တိုက်မိသွားကြ၏။ ပြင်းထန်သည့် ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာကာ နှစ်ခုစလုံး လမ်းကြောင်း ပြောင်းသွားခဲ့ကြသည်။

ကောင်းကင်တွင် ရှိသမျှ အရာအားလုံးကို ထိုးဖောက်နိုင်သည့် မြှားမှာ လှံချွန်၏ ရပ်တန့်မှုကို ခံလိုက်ရပြီ ဖြစ်သည်။ ရွှယ်ရီဖေး၏ အချိန်ကိုက် တိုက်ခိုက်မှုကြောင့် ယောင်ဟုန်ရီ စွမ်းအင် ၇၀ ရာခိုင်နှုန်းခန့်ဖြင့် မြှားအား ပစ်ခဲ့ရသည်မှာ အခြားလူများ အတွက်တော့ ကံကောင်းခြင်း တစ်ခု ဖြစ်ပေသည်။

ရွှယ်ရီဖေးက ယောင်ဟုန်ရီနောက်ကို မလိုက်ပါချေ။ ထို့အစား ခြေဖနှောင့်ကိုသာ တစ်ချက် စောင့်ကာ ထာဝရ သရဖူထံသို့ ပြေးလွှား သွားလေ၏။

အန်ညီအစ်မ နှစ်ဦးမှာ ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ကြသကဲ့သို့ အမိန့်ပေး စရာပင် မလိုအပ်ခဲ့ချေ။

ဘုန်း... ဘုန်း...

ရုတ်တရက်... ကောင်းကင်တွင် ရှိနေသည့် မိန်းကလေး နှစ်ယောက်၏ နေကြယ်များမှာ အံ့အားသင့်ဖွယ်ရာ လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။

နေကြယ် နှစ်စင်း တိုက်ခတ်မိသည့် ထူးခြားသော ကီလိုနိုဗာ ဖြစ်စဉ်မှ အဆုံးမဲ့ ဒြပ်ထု တစ်ခု မွေးဖွား လာသကဲ့သို့ပင်...။

ဝှစ်...

ပေ့ဝေဝေမှာ အကာသ ရွှေ့ပြောင်းခြင်းထဲမှ ထွက်လာခဲ့ပြီ ဖြစ်သည်။ သူမမှာ ထာဝရ သရဖူနှင့်‌ ပေအနည်းငယ်ခန့်သာ ကွာဝေးတော့သည်။

ရုတ်တရက်... လောကအတွင်းရှိ အလင်းများ အားလုံးမှာ စုပ်ယူ ခံရကာ ကောင်းကင်မှာ လျှင်မြန်စွာ မှောင်မိုက်လာကြောင်း မိန်းကလေး သတိထားလိုက်မိ၏။ သူမ ရင်တဒိတ်ဒိတ် ခုန်လာခဲ့သည်။ လုံးဝ တွန်းလှန်လို့ မရနိုင်သည့် ဆွဲငင်အား တစ်ခုက သူမကို ဆွဲငင် နေခဲ့ပြီ ဖြစ်သည်။

ပေ့ဝေဝေ သရဖူကို လက်လှမ်းလိုက်သော်လည်း အပေါ်သို့ ပြင်းထန်စွာ ဆွဲတင် ခံလိုက်လေရာ လှမ်း၍ မထိနိုင်ခဲ့ချေ။

အရမ်း နီးကပ်နေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်း၌ တရှန်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း အထက် ကောင်းကင်သို့ ဆွဲတင်ခံလိုက်ရသောကြောင့် ပိုမို၍ပင် တုန်လှုပ် သွားခဲ့၏။

ရွှေဖုန်းပေါင်က ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သူ၏ မီးတောက်လောင်နေသည့် မျက်လုံးများမှာ မထိန်းနိုင်ဘဲ ပြူးကျယ်သွားခဲ့သည်။

တွင်းနက်ကြီး...

ပုံသဏ္ဌာန်ပေါင်း များစွာမှာ ထိုတွင်းနက်ကြီး၏ ဆွဲငင်မှုကြောင့် လောက၏ လေထု အလွှာကို ကျော်လွန်ရင်း ကောင်းကင်ဆီသို့ မြင့်တက်သွား နေခဲ့ပြီ ဖြစ်သည်။ ပြင်းထန်သည့် ဆွဲငင်အားများမှာ အထက် ကောင်းကင်၌ သက်ရောက် နေခဲ့၏။

တွင်းနက်ကြီးမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကြီးမားလှကာ အလင်း၊ စွမ်းအင်၊ အမတေနှင့် မန်နာအားလုံးကို ကြောက်မက်ဖွယ် ကောင်းသည့် နည်းလမ်းဖြင့် ဆွဲငင် နေခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းပင် အမိုက်မှောင် အဖြစ် ပြောင်းလဲလာကာ လိမ်ကောက်နေခဲံသည်။ အကယ်၍ ဝိညာဉ်အာရုံသာ မရှိပါက ကမ္ဘာလောကကြီး တစ်ခုလုံး မည်းမှောင်နေသည်ကိုသာ တွေ့မြင်ရပေလိမ့်မည်။

“အား...”

“ကယ်ကြပါ...”

“ငါ မသေနိုင်သေးဘူး...”

အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် ရွေးချယ်ခံများစွာမှာ နာကျင်မှု၊ ထိတ်လန့် တုန်လှုပ်မှုများနှင့် အတူ အော်ဟစ် မြည်တမ်း နေကြ၏။

အန်ညီအမ နှစ်ယောက်၏ ကီလိုနိုဗာ ဖြစ်စဉ်မှ ပေါ်ထွက်လာသည့် တွင်းနက်ကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ မည်မျှပင် ရုန်းကန်ပါစေ... စွမ်းအင်နှင့် အော်ရာများကို မည်မျှပင် လည်ပတ်ပါစေ... အလွန် တရားကြောက်မက်ဖွယ် ကောင်းလှသည့် ထိုဆွဲငင်အားများမှ လွတ်မြောက်နိုင်သူ အနည်းငယ်သာ ရှိပေသည်။

ထိုအနည်းငယ်သော လူများထဲ၌ စစ်နတ်ဘုရားမ တစ်ပါး အလား ရဲစွမ်း သတ္တိရှိ၍ ကြယ်တာရာ ကောင်းကင်များ၏ ထာဝရ အာဏာရှင် ကဲ့သို့ ဩဇာကြီးမားလှသော မိန်းမငယ်လေး တစ်ဦးလည်း အပါအဝင် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ကောင်းကင် အင်ပါယာ ချီနည်းလမ်း၏ တတိယမြောက် မဟာ အသွင်ပြောင်းခြင်း အတွင်း ဝင်ရောက်၍ လှပစွာ ပြောင်းလဲ လာခဲ့၏။

အင်ပါယာ ကောင်းကင် အော်ရာနှင့် သေမျိုး လောက ရည်ရွယ်ချက်တို့ထံမှ ထွက်ပေါ်လာနေသည့် လှိုင်းများမှာ ကောင်းကင်၊ မြေကြီးနှင့် အမတေ စွမ်းအင်များကို နှိမ်နင်းရင်း သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံနေခဲ့သည်။

အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ် ဝူပိုင်ကျိုးမှာ အစွမ်း အထက်ဆုံး အခြေအနေကို ထုတ်ဖော်ထားခဲ့ပြီ ဖြစ်လေသည်။ သူမ၏ မျက်ဝန်များ အတွင်းတွင် သန့်ရှင်း စင်ကြယ်သည့် ဧကရာဇ် ခွန်အားများမှာ နေရာယူ နေ၏။ ထိုကဲ့သို့ အတင်းအကြပ် မြှင့်တင်ထားသည့် အခြေအနေ အတွင်း၌ ဝူပိုင်ကျိုး၏ အမြင်အာရုံမှာ လုံးဝ သာမ ဟုတ်ပဲ... ရွေးချယ်ခံများ၏ ရုန်းကန်မှုများမှ အစ တွင်းနက်ကြီး၏ ကြီးထွားလာမှု အဆုံး အရာအားလုံးကို နှေးကွေးစွာ တွေ့မြင် နေရသည်။

လွန်ခဲ့သည့် မျက်တောင် တစ်ခပ်စာ အချိန်ခန့်က ဝူပိုင်ကျိုးသည် ယောင်ဟုန်ရီ၏ မြှားကို ပိတ်ဆို့ကာ အဝေးမှ သရဖူ ရယူရန် ထိုလေးသည်တော်၏ ကြိုးပမ်းမှုကို တားဆီးခဲ့သည်။ ယောင်ဟုန်ရီထံ၌ အလွန် ထူးခြားသည့် နည်းလမ်းများ ရှိသည်။ မြှားက သရဖူကို အနည်းငယ်လေး ထိခတ်မိလျှင်ပင် ထာဝရ သရဖူမှာ သံသယ ဖြစ်စရာ မရှိ သူ့ အပိုင် ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သူမ ထိုအရာကို ခွင့်မပြုနိုင်ချေ။

သို့သော်လည်း... ရွှယ်ရီဖေးသာ စောစောစီးစီး ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပါက၊ ယောင်ဟုန်ရီ အဆင်သင့် မဖြစ်ခင် မြှားကို အတင်းအကြပ် စေလွှတ်စေခဲ့ခြင်း မရှိပါက သူမ၏ အစွမ်း အထက်ဆုံး အခြေအနေဖြင့်ပင် ထိုမြှားကို လမ်းကြောင်းပြောင်းနိုင်လိမ့်မည် မဟုတ်ပါချေ။ မူလ အာဏာရှင်များမှာ သာမန် မဟုတ်ကြချေ။ ကျူးဟိုင်၊ စုမေ့၊ ရွှေဖုန်းပေါင်၊ ယောင်ဟုန်ရီ... အားလုံးက ကြောက်စရာ ကောင်းလွန်းလှသည်။

သို့သော်လည်း... ထိုကဲ့သို့သော စိန်ခေါ်မှုများနှင့် အတားအဆီးများကပင် ဝူပိုင်ကျိုးအတွက် ထာဝရ သရဖူကို ရယူဖို့ ဆန္ဒကို ပိုမို တွန်းအားပေး နေခဲ့သည်။ သူမ၏ မျက်ဝန်းများက ကြယ်တာရာ အလင်းတန်းများနှင့် တလက်လက် တောက်ပနေကာ ဆံပင်ရှည်များမှာလည်း ဝှေ့ယမ်း နေခဲ့၏။ သူမ လက်ကို ဝှေ့ယမ်းလိုက်ရင်း လှံရှည်ကို ပြန်လည် ဆင့်ခေါ်လိုက်သည်။

ဝှစ်...

အခြား တစ်ဖက်၌ ရွှယ်ရီဖေးမှာ စတင် ရွေ့လျားနေခဲ့ပြီ ဖြစ်သည်။ သူမက နဂါးတစ်ကောင် ကဲ့သို့ မြန်ဆန်ကာ နတ်ဆိုး တစ်ကောင်လို ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထား၏။ အဆက်မပြတ် တွန်းအားပေးမှုကြောင့် သူမ၏ နှလုံးသားက နဂါးဟိန်းသံများကို အဆက်မပြတ် ထုတ်ဖော် နေခဲ့သည်။ သို့သော်လည်း... မိန်းကလေး၏ မျက်ဝန်းများကတော့ မယိမ်းယိုင်သည့် ဆုံးဖြတ်ချက်များ၊ တွက်ချက်မှု အလင်းတန်းများနှင့် ပြည့်နှက် နေခဲ့သည်။

သူမက ထာဝရ သရဖူနှင့် မီတာ ငါးရာ အတွင်းသို့ ချက်ချင်း ပစ်ဝင် သွားခဲ့၏။

အခြားတစ်ဖက်၌ ယီယွင်မှာ အပေါ်သို့ ဆွဲတင်ခံနေရသူများထဲ၌ ပါဝင်နေခဲ့သည်။ ယီရွှယ်ဟန်မှာ သူ့ကို ဖမ်းဆုပ်ဖို့ ကြိုးပမ်းခဲ့သော်လည်း သူမ၏ သေမျိုးတစ်ပိုင်း အရှင် အဆင့် ကျင့်ကြံခြင်း အခြေခံပင် အသုံးမဝင်ခဲ့ချေ။ ဆွဲငင်အားမှာ စိတ်ကူးနိုင်စွမ်းထက် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။ ယီယွင်ကို ဖက်တွယ်ထားခြင်းမှ တစ်ပါး လုံးဝ စွမ်းအား ကင်းမဲ့နေသလို သူမ ခံစားနေရသည်။

စန်းယွန်းလီသည်လည်း ဆွဲတင်ခံရသူများထဲတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း... သူမ သိပ်စိတ်မပူပါချေ၊ သူမထံတွင် ဆွဲငင်အားကို တန်ပြန်နိုင်သည့် ရတနာများနှင့် နည်းလမ်းများ ရှိပေသည်။ မိန်းကလေးက တည်ငြိမ်စွာပင် ရှန့်ထို လက်စွပ်ကို ထိတွေ့ လိုက်၏။

“ဟမ်...”

ရုတ်တရက် သူမ၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ အာကာက တည်ငြိမ်မှုက သူမ၏ ရှန့်ထို လက်စွပ်ကို ချိပ်ပိတ်ထားခဲ့သည်။ စန်းယွန်းလီ ကောင်းကင် သင်္ကေတများကို ပြောင်းလဲ အသုံးပြုဖို့ ကြိုးပမ်းလိုက်၏။ ထိတ်လန့်ဖွယ်ရာ ကောင်းစွာပင် ဤနေရာတွင် ပြင်ပ စွမ်းအင်များနှင့် ဆက်သွယ်၍ မရကြောင်း သူမ သဘောပေါက် လိုက်သည်။

“ဒါက ကပ်ဘေး ဝိညာဉ် အစီအရင်ရဲ့ အကျိုးသက်ရောက်မှုတွေထဲက တစ်ခုပဲ...”

စန်းယွန်လီ၏ အသိစိတ် ပင်လယ် အတွင်းရှိ ရှေးဟောင်း ဝိညာဉ်က အလျှင်အမြန်ပင် သတိပေးလိုက်၏။ ကပ်ဘေး ဝိညာဉ် အစီအရင်မှာ သူမတို့ ခေတ်ကာလက အဇူရာ လ ဂလက်စီဇုန် တစ်လျှောက် ကျော်ကြားခဲ့သည့် လျှို့ဝှက် အဆင့် အစီအရင် တစ်ခု ဖြစ်သည်။

၎င်းတွင် အကျိုးသက်ရောက်မှု သုံးခု ရှိ၏။ ပထမ အကျိုးသက်ရောက်မှုကတော့ လူသိအများဆုံး ဖြစ်သည်။ ၎င်းမှာ လူတစ်ဦး၏ ဝိညာဉ်စွမ်းအားကို အားဖြည့်ပေးနိုင်ခြင်း ဖြစ်သည်။ ဒုတိယ အကျိုးသက်ရောက်မှုကတော့ ၎င်းအား ကျော်ကြားမှုနှင့် ဤနာမည်ကို ရရှိစေသည်။ မိုင် ငါးထောင်အတွင်းရှိ ဝိညာဉ်အားလုံးကို အနှောင့်အယှက် ပေးနိုင်ခြင်းပင်။ တတိယ အကျိုးသက်ရောက်မှုကတော့ ဝိညာဉ် ပေါက်ကွဲမှု ပုံစံတစ်ခုကို ထုတ်ဖော်ရန် အလံများနှင့် လူပုဂ္ဂိုလ်များကိုပါ ဖောက်ခွဲနိုင်စွမ်း ဖြစ်သည်။

“ဝိညာဉ်နှောက်ယှက်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကလည်း မပျက်စီးသေးဘူး... အေးခဲနေတဲ့ အာကာသထဲမှာ ဝှက်ထားတဲ့ အလံတွေ ရှိသေးတယ်...”

ရှေးဟောင်း ဝိညာဉ်က ဆက်လက်၍ သတိပေးလိုက်၏။ ပေ့ဝေဝေမှာ အထက် ကောင်းကင်သို့ ဆွဲတင်ခံနေရသော်လည်း သူမ ဖုံးကွယ်ထားသည့် ဝှက်ဖဲများထဲမှ တစ်စိတ်တစ်ပိုင်းမှာ မသိလိုက်ခင်မှာပင် ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။ သို့သော်... ရှေးဟောင်း ဝိညာဉ် မြင်တွေ့ခဲ့ရသည့် အရာများမှာ အပေါ်ယံမျှသာ ဖြစ်သည်။

တစ်ချိန်တည်း၌ အစီအရင်၏ အကျိုးသက်ရောက်ခြင်းကို မခံရသည့် အခြားလူများလည်း ရှိနေပေသေးသည်။ သူတို့ တစ်ယောက်ချင်းစီမှာ ဝိညာဉ် စွမ်းအင်နှင့် ပတ်သက်သည့် ထူးခြားသော ရတနာများ၊ နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။ ရွှယ်ရီဖေး၏ နတ်ဆိုးနဂါး သံချပ်ကာနှင့် ဝူပိုင်ကျိုး၏ တတိယ မဟာ အသွင်ပြောင်းလဲခြင်းတို့ ကဲ့သို့ အရာများပင် ဖြစ်၏။

သို့သော်လည်း စန်းယွန်းလီသည် လက်ရှိ အချိန်အထိ အချိန်သခင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ သူမ၏ နည်းလမ်းများ အားလုံးနီးပါးမှာ ပြင်ပ အကူအညီ သို့မဟုတ် သူမ ဝိညာဉ်စွမ်းအင်နှင့် ချိတ်ဆက်ရန် လိုအပ်သည်။ သူမ၏ ဝိညာဉ် စွမ်းအားမှာ ဤကြယ်သခင်များနှင့် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။ ကျင့်ကြံခြင်း အခြေခံ တစ်ဆင့်ချင်းစီတိုင်း၌ ကွာခြားချက်က ကြီးမား လွန်းလှပေသည်။

***

All Chapters