← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၆)

Vol. 123 Ch. 1712

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၆)

Vol. 123 Ch. 1712

စန်းယွန်းလီ အံကို တင်းတင်းကြိတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်ကတော့ ရပ်တန့်ဖို့ မဖြစ်နိုင်ပဲ အထက် ကောင်းကင်ဆီ ဆွဲတင် ခံနေရဆဲ ဖြစ်ပေသည်။ မိန်းကလေး၏ နှလုံးသား အတွင်း၌ ဆိုးရွား ပြင်းထန်သည့် မုန်းတီးစိတ် တစ်ခုမှာ တဖြည်းဖြည်းချင်း မြင့်တက် လာနေခဲ့လေသည်။

စန်းယွန်းလီ၏ မှတ်ဉာဏ်များ အတွင်း အတိတ်ဘဝမှ ပုံရိပ်များမှာ ပြန်လည် ပေါ်လာခဲ့သည်။ ထိုအချိန်တုန်းက ယခုလိုပင် အကူအညီ ကင်းမဲ့သည့် ခံစားချက်မျိုးကို သူမ ခံစားခဲ့ရသည်။ သေခြင်းတရားကို မည်သို့မျှ ရပ်တန့်နိုင်စွမ်း မရှိခဲ့ချေ။ ပုရွက်ဆိတ် တစ်ကောင်လို အားနည်း နေခဲ့သည့် ကိုယ့်ကိုယ်ကို တွေးရင်း သူမ မုန်းတီးမိသည်။ ယခုလည်း ဘာထူးလို့နည်း။ ပြင်ပ စွမ်းအားများ၏ အကူအညီကို မရသည်နှင့် ပုရွက်ဆိတ် တစ်ကောင်လိုပင် သေခြင်းတရားဆီ တရွေ့ရွေ့ ရွေ့လျား နေခဲ့ပြီ ဖြစ်သည်။

သူမ ကိုယ့်ကိုယ်ကို မုန်းမိသည်။ ထိုကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ခဲ့သူများကိုလည်း မုန်းသည်။ ကံကြမ္မာကိုလည်း မုန်းသည်။ ကောင်းကင်ကိုလည်း မုန်းသည်။

“ငါ မင်းကို မိပြီ...”

ရုတ်တရက် သူမ၏ နားအတွင်း အသံတစ်ခု ဝင်ရောက် လာခဲ့၏။ လက်တစ်ဖက်က သူမ၏ သွယ်လျသည့် ခါးကလေးကို ဖမ်းလိုက်ကာ တင်းတင်းကြပ်ကြပ်ပင် ဆုပ်ကိုင်လိုက်သည်။

“...”

မိန်းကလေး၏ မျက်လုံးများက ပြူးကျယ်သွားကာ ခေါင်းကို လှည့်ကြည့်လိုက်၏။ ထိုအခါ အလွန် ချောမော လှပသည့် မျက်နှာ တစ်ခုကို သူမ တွေ့လိုက်ရသည်။ လူငယ်လေး၏ ဟေဇယ် ရွှေရောင် မျက်ဝန်းများမှာ နွေးထွေးမှု၊ လုံခြုံမှု အငွေ့အသက်များကို ထုတ်ဖော် နေခဲ့လေ၏။ မိန်းကလေး၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့သည်။ အမှတ်တရ တည်းဟူသော လှိုင်းလုံးများက သူမ၏ အသိစိတ် ပင်လယ် တစ်ခုလုံးကို လွှမ်းမိုး သွားခဲ့လေ၏။

“…”

မိန်းကလေးမှာ နှုတ်မှ ဖွင့်ဟခြင်း မရှိသော်လည်း သူ၏ နှလုံးသားကတော့ ကျယ်လောင်စွာပင် နာမည် တစ်ခုကို အော်ဟစ် မြည်တမ်း နေခဲ့သည်။

ထျန်းရီဝူ...

သတ္တမမြောက် အင်ပါယာ သားတော်မှာ အလွန်ပင် လျှင်မြန်လှ၏။ သူက စန်းယွန်းလီကို ဖမ်းဆုပ်လိုက်ပြီးနောက် သတိ မေ့လုနီးပါး ဖြစ်နေခဲ့သည့် ရှောင်ယန်ယွဲ့ကိုပါ ဖမ်းလိုက်သည်။ ထို့နောက် ကြယ်တာရာ စွမ်းအင်ဖြင့် ပုံဖော်ထားသည့် လက်များကို အသုံးပြုကာ ယီယွင်နှင့် ယီရွှယ်ဟန်တို့ကိုပါ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက အောက်သို့ ဇောက်ထိုး ထိုးဆင်းလိုက်ကာ မြေပြင်ထက်တွင် ခြေချလိုက်သည်။

ထျန်းရီဝူမှာ ဝူပိုင်ကျိုး၏ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းနှင့် တူညီသည့် ထူးခြားသော အခြေအနေ တစ်ခုတွင် ရှိနေခဲ့သည်။

ဆန်းကြယ် အသွင်ပြောင်းလဲခြင်း...

ထျန်းရီဝူက မြေပြင် အနက်ပိုင်းနှင့် သူ့ကိုယ်သူ ချည်နှောင်လိုက်ကာ သူနှင့် ချိတ်ဆက်ထားသော လူများကို အထက်သို့ မြင့်တက် မသွားစေရန် တားဆီးထားခဲ့သည်။

“လက်မလွှတ်နဲ့”

ထျန်းရီဝူက အော်ဟစ် သတိပေးလိုက်၏။

စန်းယွန်းလီမှာ ထျန်းရီဝူ၏ လှုပ်ရှားမှု မှန်သမျှကို သတိလက်လွတ်ပင် စိုက်ကြည့် နေခဲ့မိသည်။ နက်ရှိုက်းသည့် ခံစားချက်က သူမ နှလုံးသား အတွင်း မဖိတ်ခေါ်ပဲ မြင့်တက် လာနေခဲ့၏။ သူမက လက်နှစ်ဖက်လုံးကို သုံး၍ ထျန်းရီဝူ၏ ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ခိုင်မာစွာ ခေါင်းညိတ် ပြလိုက်သည်။

ထျန်းရီဝူ ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ စတင် လှုပ်ရှားခဲ့သည့် အချိန်ကတည်းက စလို့ ယခုအထိ ချစ်စရာ ပုံရိပ်တစ်ခုမှာ တိတ်ဆိတ်စွာ လိုက်ပါ လာနေခဲ့သည်။ ဝမ်မင်ယာမှာ စန်းယွန်းလီ၏ နံဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်း ဖြစ်သည်။ ထျန်းရီဝူ ရှောင်ယန်ယွဲ့ကို ကယ်တင်ခဲ့တုန်းက သူမကိုပါ ဖမ်းဆုပ်ဖို့ လှုပ်ရှားခဲ့သော်လည်း မိန်းကလေးမှာ လှစ်ခနဲ ရှောင်ထွက် သွားခဲ့သည်။ ထို့နောက် သူမက တွင်းနက်ကြီး၏ ဆွဲငင်အားများ သက်ရောက်မှု မရှိသည့် အလား သူနှင့် အတူ လိုက်ပါလာခဲ့သည်။

“…”

ထိုမိန်းကလေးမှာ ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက် ဖြစ်ကြောင်း ထျန်းရီဝူ အလွယ်တကူပင် သတိထားလိုက်မိသည်။

ဝမ်မင်ယာက သူ့ကို ပြုံးပြလိုက်၏။ ထိုမြင်ကွင်းက ပန်းခင်း မွေ့ယာကလေးတစ်ခုထက်တွင် လေပြည်လေညှင်းလေးများ တိုက်ခတ်လာသည့် ခံစားချက် အလား ယုံကြည်ချက် ခက်ခဲလှသည်။ သူ လှုပ်ရှားသည် ဖြစ်စေ... မလှုပ်ရှားသည် ဖြစ်စေ... ထိုမိန်းကလေးမှာ စန်းယွန်းလီတို့ လေးဦးလုံးကို ကယ်တင်ဖို့ အတွက် တစ်ချိန်ချိန်၌ ဝင်စွက်ဖက်ဖွယ် ရှိပေသည်။

မိန်းကလေးမှာ အံ့ဩလောက်ဖွယ် အလှတရားကို ပိုင်ဆိုင်ထားသည့်တိုင် သူမနှင့် ဆက်ဆံရာတွင် သတိမလပ်ဖို့ ထျန်းရီဝူ ဆုံးဖြတ်လိုက်၏။ ရှေးနှစ်ပေါင်းများစွာ ကတည်းက ကောင်းကင် နိမိဖိတ်သူများမှာ ဆိုးယုတ်သည့် အကြံအစည်များ၊ လက်တစ်လုံးခြား လှည့်စားမှုများဖြင့် အလွန် ကျော်ကြားပေသည်။ သတိတစ်ချက်လပ်သည်နှင့် သူတို့၏ သားကောင် ဖြစ်မှန်း မသိ ဖြစ်သွားနိုင်သည်။

ထျန်းရီဝူ အတွေးအာရုံများကို ခပ်မြန်မြန်ပင် ကောင်းကင်ထံ ပြန်လည် ပို့လွှတ်လိုက်၏။ ထာဝရ သရဖူ လုပွဲ အတွက် တိုက်ပွဲက မပြီးဆုံးသေးချေ။ ရုတ်တရက်... သူ့ အာရုံထဲ ပုံရိပ်တစ်ခုက ဝင်လာခဲ့၏။

‘နာ့ရှင်းရီ ဘာလုပ်နေလောက်လဲ...’

ထျန်းရီဝူ ခပ်မြန်မြန်ပင် ရှာဖွေလိုက်သည်။ ထင်မှတ်ထားသည့် အတိုင်းပင် နာ့ရှင်းရီမှာလည်း တွင်းနက်ကြီး၏ သက်ရောက်ခြင်းကို မခံခဲ့ရပါချေ။ သူမ၏ ခန္ဓာကိုယ်မှာ ရုပ်သဏ္ဌာန် မရှိပဲ နာမ်သက်သက်ဖြင့် လေထုထဲတွင် ရပ်နေခဲ့၏။ ထိုကဲ့သို့သော ထူးဆန်းသည့် ရုပ်ခန္ဓာ အခြေအနေ တစ်ခုတွင် မိန်းကလေးမှာ အလွန် လျှင်မြန်စွာ မရွေ့လျား နိုင်သော်လည်း ဖြည်းဖြည်းချင်းပင် ထာဝရ သရဖူထံသို့ ချဉ်းကပ် နေခဲ့သည်။ သို့သော်လည်း... သူမ၏ အမူအရာက ပုံမှန် မဟုတ်ပဲ အလွန် သတိထားနေပုံ ပေါ်၏။

အဘယ်ကြောင့်နည်း။

ရွှမ်း.. ရွှမ်း...

ဆေဘာဟိန်းသံက လေထဲတွင် ပဲ့တင်မြည်နေဆဲ ဖြစ်သည်။ လောက တားဆီးခြင်း အစီအရင် ပြိုကျသွားသည်နှင့်အမျှ အမှောင် အလင်းတန်းတစ်ခုမှာ ပစ္စုပ္ပန်တွင် ရှိသည့် မည်သူမျှ မကျော်လွန်နိုင်သော အရှိန်နှုန်းဖြင့် ဧကရာဇ် သရဖူဆီသို့ ချဉ်းကပ်လာခဲ့သည်။ နာ့ရှင်းရီပင်လျှင် ထိုအလင်း၏ လမ်းကြောင်းကို လိုက်မမီနိုင်ခဲ့ချေ။

စုမေ့မှာ အလွန် လျင်မြန်လွန်းလှသည်။ လျှင်မြန်သည် ဆိုသည့် စကားလုံးပင်လျှင် သူမ၏ အမြန်နှုန်းကို ဖော်ပြဖို့ လုံလောက်မည် မထင်ချေ။ ထိုမျှလောာက် လျှင်မြန်သည်။ ထိုအခိုက်၌ မိန်းကလေးမှာ သူမ စုဆောင်းထားသမျှ ကြယ်စွမ်းအင်များကို ထုတ်ဖော် အသုံးချ နေခဲ့၏။ အခြားလူများနှင့် မတူပဲ သူမ၏ ဗျူဟာက ရိုးရှင်းသည်။ အရာရာကို လွှမ်းမိုးနိုင်သည့် အကြွင်းမဲ့ ခွန်အား၏ သီအိုရီကို အသုံးချခဲ့ခြင်း ဖြစ်သည်။

ဟူး... ဟူး...

မိန်းကလေးမှာ တည်ငြိမ် အာကာသနှင့် ဆွဲငင်အားကို စက္ကူပါး တစ်ချပ်လိုပင် ထိုးခွဲ သွားနေခဲ့၏။ သူမ၏ ရှေ့၌ မည်သည့် အရာကမှ ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။

တွင်းနက်ကြီးထံမှ လွတ်မြောက်ရန် ကြိုးပမ်းရခြင်း၊ မိမိတည်နေရာကို ထိန်းသိမ်းရန် ရုန်းကန်နေရခြင်းတို့နှင့် အတူ လူတိုင်း မီတာ ရာဂဏန်းမျှ အထိ ပိုမို နီးကပ်ဖို့ လုပ်ဆောင် နေရချိန်တွင် ပထမ အာဏာရှင် စုမေ့ကတော့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး၏ မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် ထာဝရ သရဖူထံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများက လူတိုင်း၏ အာရုံခံနိုင်စွမ်းထက်ပင် ကျော်လွန် နေပေသည်။

ဘုန်း...

တိုက်ပွဲပေါင်း များစွာကို ဖြတ်သန်းခဲ့ပြီး အသက်ပေါင်း များစွာကို ရိတ်သိမ်းခဲ့သည့် ကြံ့ခိုင်သော လက်တစ်ဖက်မှာ ထာဝရ သရဖူကို ဆုပ်ကိုင်လိုက်ရင်း သရဖူပေါ်တွင် နောက်ဆုံး ကျန်ရှိနေသေးသည့် မှိန်ဖျော့ဖျော့ အလင်းတန်းများကို ဖျက်ဆီး ပစ်လိုက်သည်။

၎င်းမှာ မန်နာနှင့် အဝေးမှ အာကာသ ထိန်းချုပ်ခြင်းတို့ ကဲ့သို့ နည်းလမ်းများမှတစ်ဆင့် ထာဝရ သရဖူကို တိုက်ရိုက် ဆွဲယူခြင်း မပြုလုပ်နိုင်အောင် တားဆီးထားခဲ့သော တောက်ပမှုပင် ဖြစ်သည်။ ဤတောက်ပမှုကပင် ပေ့ဝေဝေကို ထာဝရ သရဖူမှ ပေပေါင်း အနည်းငယ်မျှသော အကွာအဝေး အထိသာ အာကာသ ရွှေ့ပြောင်းစေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... စုမေ့ ထာဝရ သရဖူကို ဆုပ်ကိုင်လိုက်သော အခါတွင်တော့ ထိုတောက်ပမှု အားလုံးမှာ ပေါက်ကွဲကာ ဘေးသို့ လွင့်စဉ် သွားခဲ့၏။

စုမေ့မှာ ရပ်တန့်ခြင်း မရှိချေ။ အကြောက်တရား ကင်းမဲ့သော ပထမ အာဏာရှင်ထံမှ အခြားလူများ မျှော်လင့်ထားသကဲ့သို့ အောင်ပွဲခံ စကား ပြောဆိုခြင်း၊ ဟန်ရေး ပြသခြင်း၊ ၎င်းအတွက် အခြားလူများ တိုက်ခိုက်ခွင့် ရရှိရန် အနည်းငယ်မျှသော အခွင့်အရေး ပေးခြင်း လုံးဝ မရှိခဲ့ချေ။

ထာဝရ သရဖူကို ဆုပ်ကိုင်ပြီးသည်နှင့် မိန်းကလေးမှာ ပျံထွက်သွားခဲ့၏။ ထို့နောက် သူမ ပျောက်ကွယ်သွားခဲ့သည်။

လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

“…”

***

All Chapters