← Chapters

ကြီးမားသော ခြေတစ်လှမ်း လှမ်းခြင်း

Vol. 109 Ch. 1517

ကြီးမားသော ခြေတစ်လှမ်း လှမ်းခြင်း

Vol. 109 Ch. 1517

ဝမ်ဝေ့နှင့် ဝူဟုန်တို့သည် ဖိနပ်မပါဘဲ ခြေဗလာဖြင့် လက်ချင်းတွဲကာ သဲသောင်ပြင်ပေါ်တွင် လျှောက်လှမ်းနေကြသည်။ နေရောင်ခြည်က သူတို့၏ အရေပြားပေါ် ဖြာကျနေပြီး သဲပွင့်များ၏ ချောမွေ့မှုနှင့် လှိုင်းလုံးများ၏ ညင်သာသော ပွတ်သပ်မှုတို့ကို ခံစားနေလေသည်။ ပတ်ဝန်းကျင်သည် စုံတွဲအတွက် ရိုးရှင်းသော ချိန်းဆိုတွေ့ဆုံမှုအနေနှင့် ပြည့်စုံနေပုံရသည်။

"တကယ်တော့ လှပါတယ် … ဒါပေမဲ့ မတူဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

"ရှင် အလိုရှိရင် တခြားလူတွေကို ဖန်တီးပြီး ပိုအသက်ဝင်အောင် လုပ်လို့ရပါတယ်” ဝူဟုန်က အကြံပြုလေသည်။

"ကိုယ် သိပါတယ်။ ဒါပေမဲ့ အတူတူဖြစ်မှာ မဟုတ်ဘူး"

"ကမ္ဘာမြေက စစ်မှန်တဲ့ ကမ်းခြေအတွေ့အကြုံကို လွမ်းဆွတ်နေတာလား” သူမက မေးသည်။

"ဟုတ်တယ် ကိုယ် ငယ်ငယ်ကတည်းက အခုလိုမျိုး အိမ်ကို သတိရတာ ဒါ ပထမဆုံးအကြိမ်ပဲ ထင်တယ်” ဝမ်ဝေ့က ခေါင်းညိတ်ပြသည်။

"ရှင် စံပြတစ်ယောက် ဖြစ်နေပြီဆိုတော့ အခု သွားလည်လို့ရပြီလေ"

"အရမ်း အန္တရာယ်များတယ်"

"အနည်းဆုံးတော့ ပုံရိပ်ယောင်တစ်ခု လွှတ်ပြီး စစ်ဆေးကြည့်လို့ ရပါတယ်” ဝူဟုန်က ပြောသည်။

"အဲ့ဒါက အကြံကောင်းပဲ” ဝမ်ဝေ့က ခေါင်းညိတ်သည်။ သူသည် ပြင်ဆင်မှုအချို့ လိုအပ်မည် ဖြစ်သော်လည်း ကမ္ဘာမြေနှင့် သမိုင်းမတိုင်မီကမ္ဘာကို ခဏတာ သွားရောက်ခြင်းက ဖြစ်နိုင်သည်။ ထိုစုံတွဲသည် သဲသောင်ပြင်ကို ပျော်ရွှင်စွာ ခံစားပြီးနောက် နေဝင်ချိန်ကို အတူကြည့်လိုက်ကြသည်။

"အရမ်း လှတယ်” ဝူဟုန်က ပြောလိုက်၏။ သူတို့က သဘောတရားများကို လက်တွေ့ဆန်အောင် ကိုယ်တိုင် ထိန်းချုပ်နိုင်သော်လည်း သဘာဝ၏ အသန့်စင်ဆုံး ပုံစံဖြင့် ပျော်ရွှင်စွာ ခံစားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

"ကျွန်မတို့ ဒီလိုမျိုး ထာဝရ အတူတူ ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရင် ကောင်းမှာပဲ"

"ဘာလို့ မရမှာလဲ” ဝမ်ဝေ့က မေးလိုက်ပြီး သူမဘက်သို့ လှည့်လိုက်သည်။ သူ့လက်က သူမ၏လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။

ဝူဟုန်က သူ့ကို မျက်လုံးချင်းဆိုင် ကြည့်လိုက်သည်။

"တစ်နေ့ကျရင် ရှင် ထွန်းလင်းနိုင်ဖို့ ကျွန်မရဲ့ အလင်းရောင်ကို မှေးမှိန်ပစ်ဖို့ ကျွန်မဆီ ရုတ်တရက် တောင်းဆိုလာမှာ မဟုတ်ဘူးမလား"

"ကိုယ် မင်းကို အဲ့ဒါမျိုး လုပ်ဖို့ လိုအပ်လာတဲ့ တစ်နေ့ ကိုယ်က ခင်ပွန်းတစ်ယောက်အနေနဲ့ရော၊ ကျင့်ကြံသူတစ်ယောက်အနေနဲ့ပါ ကျရှုံးသွားတာကို ဆိုလိုနေတာပဲ”

ဝမ်ဝေ့က ပြန်ဖြေသည်။

ဝူဟုန်က မာနကြီးသလို သူကလည်း မာနကြီးသည်။ သူ ထွန်းလင်းနိုင်ဖို့ သူမကိုယ်သူမ မှေးမှိန်ပစ်ဖို့ တစ်နေ့ကျရင် လိုအပ်လာခဲ့လျှင် သူ့မာနှင့် အတ္တကို စွန့်ပစ်လိုက်ခြင်း ဖြစ်ပြီး ခင်ပွန်းတစ်ယောက်နှင့် ကျင့်ကြံသူတစ်ယောက်အနေနှင့်ပါ ကျရှုံးခြင်းသာ ဖြစ်လိမ့်မည်။

"ကတိပေးလား"

"ကတိပေးပါတယ်” ဝမ်ဝေ့က ခိုင်မာစွာ ပြောလိုက်သည်။

"ကောင်းပြီ။ ဒီနေ့ စကားတွေကို ရှင် မမေ့ဖို့ မျှော်လင့်တယ်"

"မမေ့ပါဘူး” ဝမ်ဝေ့က ပြုံးကာ သူမ၏ နဖူးကို နမ်းလိုက်သည်။ သူတို့သည် သဲသောင်ပြင်ပေါ်တွင် ဆက်လျှောက်ကြသည်။

"ထပ်မပြောတော့ဘူးလား။ မင်းရဲ့ သိချင်စိတ် ပြေသွားပြီလား"

"ရှင်က ပိုတောင်းဆိုတော့ ကျွန်မ မေးမယ်လေ။ ဟင်း … စဉ်းစားပါရစေဦး။ တစ်နေ့ကျရင် ရှင့်ရဲ့ အကြွင်းမဲ့ လွတ်လပ်ခွင့်နဲ့ ကျွန်မကို ရွေးရမယ်ဆိုရင် ရှင် ဘာကို ရွေးမလဲ"

ဝမ်ဝေ့က လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး သူမကို မျက်လုံးချင်းဆိုင် ကြည့်ကာ ပြန်ဖြေသည်။

“ကိုယ့်စွဲလမ်းမှုက အရမ်းနက်ရှိုင်းတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ရွေးမိမှာကို စိုးရိမ်တယ်။ အဲ့ဒါက မင်းအတွက် ပြတ်စဲရမဲ့ ကိစ္စလား"

"မဟုတ်ဘူး။ နောက်ဆုံးတော့ ကျွန်မတို့က ကျင့်ကြံသူတွေဖြစ်ပြီး ကျွန်မတို့ရဲ့ စွဲလမ်းမှုနဲ့ ရည်မှန်းချက်တွေနဲ့ ဆက်လျှောက်လှမ်းနေတာပဲလေ။ ကျွန်မလည်း အဲ့ဒီလိုပဲ လုပ်မှာပါ”

ဝူဟုန်က ပြန်ဖြေသည်။ သူမတွင်လည်း သူမ၏ ရည်မှန်းချက်များနှင့် အိပ်မက်များ ရှိပြီး မည်သူတစ်ဦးတစ်ယောက်အတွက်မျှ စွန့်လွှတ်မည် မဟုတ်ပေ။

ဝမ်ဝေ့က ပြုံးသည်။

"ကြားရတာ ဝမ်းသာပါတယ်"

"ဆက်သွားရအောင်” သူမက ဆိုသည်။ ထို့နောက် သူတို့သည် လမ်းဆက်လျှောက်ကြသည်။

"တကယ်လို့ ကျွန်မ အဖမ်းခံရပြီး ရှင်က ကျွန်မကို ကယ်ဖို့ လိုအပ်တယ်လို့ ထားပါတော့။ ဒါပေမဲ့ ရှင် ကယ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ပြီးတော့ ရှင် တစ်ရာရာခိုင်နှုန်း သေမယ်ဆိုတာ သိတယ်။ ရှင် အဲဒါဆို လာဦးမလား"

"ဒီအခြေအနေမှာ ကိုယ် မင်းကို ပြန်လည်ရှင်သန်စေပြီး လက်စားချေဖို့ ပိုမြင့်တဲ့ အဆင့်ကို ကျင့်ကြံလို့ မရဘူး ထင်တယ်"

"မှန်ပါတယ်” ဝူဟုန်က ခေါင်းညိတ်သည်။

"အဲ့ဒီလိုဆိုရင် ကိုယ် မင်းကို ကယ်ဖို့ လာခဲ့မယ်"

"ဘာလို့လဲ။ သေချာပေါက် သေမဲ့ အခြေအနေကို အလျင်စလို ဝင်သွားတာက ရှင့်ရဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်တာ မဟုတ်ဘူးလား” ဟု သူမက မေးသည်။

"ကိုယ့်ရဲ့ ရည်မှန်းချက်အတွက် ကိုယ်တို့ကြားက ကိစ္စတွေကို ရပ်စဲတာက တစ်ခု … ဒါပေမဲ့ တစ်စုံတစ်ယောက်က အဲ့ဒါကို အတင်းအကျပ် ဖြစ်အောင် လုပ်တာက နောက်တစ်ခုပဲ” ဝမ်ဝေ့က ရှင်းပြသည်။

"ကိုယ် မင်းကို ကယ်ဖို့နဲ့ ဆက်ပြီး ရှင်သန်ဖို့ အဆုံးထိ တိုက်ခိုက်မယ်"

"အဲ့ဒါက ယုတ္တိမရှိဘူးဆိုတာ ရှင် သိတယ် မဟုတ်လား” သူတို့ ရပ်လိုက်ပြီး တစ်ဦးကို တစ်ဦး ပြန်လည် မျက်နှာချင်းဆိုင်လိုက်ကြသည်။

"ဒါဆို ဘာဖြစ်လဲ။ ကိုယ် တားဆီးဖို့ တတ်နိုင်သမျှ အားလုံး မလုပ်ဘဲ မင်းကို စစ်မှန်တဲ့ သေခြင်းတရား တွေ့ကြုံခံစားဖို့ ခွင့်ပြုခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး” ဝမ်ဝေ့က ဝန်ခံသည်။

ဝူဟုန်က သူ့ကို မျက်လုံးချင်းဆိုင် ကြည့်လိုက်ပြီး ပြုံးကာ နမ်းလိုက်သည်။

"ကျွန်မရဲ့ သူရဲကောင်းကြီး"

"သေချာတာပေါ့” ဝမ်ဝေ့က ပြုံးရွှင်စွာ ပြောသည်။

"မင်းရော ဘယ်လိုလဲ။ ဘဝမှာ မင်းရဲ့ ပန်းတိုင်က ဘာလဲ။ မင်း ငယ်ငယ်တုန်းက ကမ္ဘာလောကကို မင်း ထိုက်တန်ကြောင်း သက်သေပြချင်ခဲ့တာကို သိတယ်။ အခု မင်းက နာမည်ကြီး ဧကရီဝူ ဖြစ်နေပြီ … မင်းရဲ့ တန်ဖိုးကို ကမ္ဘာလောကကို … မဟုတ်ဘူး ဟွင်သွမ်းစကြဝဠာကို သက်သေပြခဲ့ပြီးပြီလေ"

"ကျွန်မ အရင် ပန်းတိုင်ကနေ ကျော်လွန်လာခဲ့တာ မှန်ပါတယ်” ဝူဟုန်က ခေါင်းညိတ်သည်။

"လောလောဆယ် ကျွန်မမှာ စွဲလမ်းမှုတစ်ခုပဲ ရှိပါတယ်။ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ပဲ။ တားမြစ်ချက်အားလုံးကို သိချင်မိတယ်။ ပျောက်ဆုံးခေတ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ သိချင်တယ်။ မျိုးရိုးဗီဇခေတ်ကာလက ဘယ်လိုလဲဆိုတာ သိချင်တယ်။ မဟာယန္တရားအားလုံးရဲ့ အနှစ်သာရကို ရှာဖွေတွေ့ရှိချင်တယ်။ မဟာတာအိုရဲ့ လည်ပတ်မှု ယန္တရားကို လေ့လာချင်တယ် ပြီးတော့ ပိုအရေးကြီးတာက ဟွင်သွမ်းစကြဝဠာရဲ့ အပြင်ဘက်မှာ ဘာတွေ ရှိနေလဲဆိုတာကို ကျွန်မရဲ့ မျက်လုံးနဲ့ ကိုယ်တိုင် မြင်ချင်မိတယ်"

"အဲ့ဒါက အရမ်းကောင်းတဲ့ ပန်းတိုင်ပဲ … ပြီးတော့ မင်းနဲ့ အရမ်း လိုက်ဖက်တဲ့ ပန်းတိုင်ပဲ” ဝမ်ဝေ့က ချီးမွမ်းသည်။

ဝူဟုန်က သူမတာအို၏ သဘောသဘာဝကြောင့် သူ သိသောသူများထဲတွင် ဗဟုသုတအရှိဆုံး လူ ဖြစ်နိုင်သည်။ ထို့ကြောင့် သူမ စကြဝဠာ၏ လျှို့ဝှက်ချက်အားလုံးနှင့် အသိပညာအားလုံးကို ရှာဖွေတွေ့ရှိဖို့ စိတ်ဝင်စားခြင်းသည် ကျိုးကြောင်းဆီလျော်နေသည်။

" ဒါပေါ့ … အလွန်ကောင်းမှာပေါ့။ ဒါ ဘယ်သူ့ ပန်းတိုင်လဲဆိုတာ ရှင် မမြင်ဘူးလား” သူမက မာနကြီးသော အပြုံးဖြင့် ပြန်ဖြေသည်။

ဝမ်ဝေ့က သူမ ဘယ်လောက် ချစ်စရာကောင်းတယ်ဆိုတာကို ကြည့်လိုက်ပြီး သူ ရုတ်တရက် အတွေးတစ်ခု ရသွားသည်။ သူသည် ဒူးတစ်ဖက်ထောက်ကာ သေတ္တာငယ်လေးနှစ်ခုကို ဆင့်ခေါ်လိုက်သည်။

တစ်ခုက စိန်လက်စွပ်နှင့် အခြားတစ်ခုက ကျောက်စိမ်း လက်ကောက် ဖြစ်သည်။

"ဒီ လက်စွပ်က ကမ္ဘာမြေက ကိုယ့်ရဲ့ အမေပိုင်တာပါ။ ဒါက မိသားစု အမွေအနှစ်ဖြစ်ပြီး သူမက ကိုယ့်ကို ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ နောက်ဆုံးတော့ သူမ ကတိဖျက်ပြီး ကိုယ့်ညီလေးကို ပေးခဲ့တယ်။ ကိုယ် အဲ့ဒါကို ဖန်တီးခဲ့ပြီး ဒိုင်းမေးရှင်းအနိမ့်မှာ မင်းကို ပေးဖို့ စီစဉ်ခဲ့ပေမဲ့ မသင့်လျော်ဘူးလို့ ခံစားခဲ့ရတယ်”

ဝမ်ဝေ့သည် ခဏတာ သူ၏ မှတ်ဉာဏ်များထဲတွင် ပျောက်ဆုံးသွားပြီး လက်စွပ်ကို ကြည့်လိုက်သည်။

"ဒီကျောက်စိမ်းလက်ကောက်က ကိုယ့်အမေဆီကပါ။ ဒါက ယုမိသားစု အမွေအနှစ်တစ်ခု မဟုတ်ဘဲ သူမရဲ့ အနာဂတ်ချွေးမအတွက် သူမကိုယ်တိုင်ဖန်တီးခဲ့တာ။ သိသာတာက သူမ ကိုယ့်ကို ကိုယ်ဝန်ရှိနေချိန်မှာပဲ လုပ်ခဲ့တာ။

"ကိုယ့်ကို ကြည့်ပါဦး ပြောချင်ရာ ပြောနေတာ။ ကိုယ် ဒီလောက် စိတ်လှုပ်ရှားမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကိုယ် ပြောချင်တာက … မင်း ကိုယ်နဲ့အတူ ထာဝရ အတူကုန်ဆုံးမလား"

ဝူဟုန်က သူ့ကို စိုက်ကြည့်လိုက်သည်။ ခဏတာအတွင်း သူမက အချိန်၏ အဆုံးသတ်နှင့် ကျော်လွန်သည်အထိ သူတို့၏ ဘဝကို မြင်လိုက်ရသည်။ သူမ မြင်လိုက်ရတာကို သူမ ကျေနပ်မိတာကြောင့် ပြုံးလိုက်မိသည်။

"ကျွန်မ လက်ခံပါတယ်"

နောက်ဆုံးတွင် ဝမ်ဝေ့ သက်ပြင်းရှိုက်လိုက်သည်နှင့် နှလုံးခုန်မြန်နေမှုကား သက်သာသွားလေသည်။ သူက လက်ကောက်နှင့် လက်စွပ်ကို သူမ၏ လက်ချောင်းပေါ်သို့ ဖြည်းညှင်းစွာ ဝတ်ဆင်ပေးလိုက်သည်။

"တိုက်ပွဲအတွင်း ပျက်စီးတာကို ကာကွယ်ဖို့ မင်း အဲ့ဒါတွေကို ပြန်လည်ပြုပြင်ဖို့ လိုအပ်လိမ့်မယ်"

နောက်ဆုံးအကြိမ် ထိုအရာတွေကို အဆင့်မြှင့်တင်ခဲ့တာ မဟာဧကရာဇ်အဆင့်မှာ ဖြစ်၏။

"ကျွန်မ သူတို့ကို မွမ်းမံပြုပြင်လိုက်ရင် စိတ်ခံစားမှုတန်ဖိုးတွေ ဆုံးရှုံးသွားမယ်လို့ ထင်တယ်။ ကျွန်မ ရှိရင်းစွဲအတိုင်း ဝတ်ဆင်ပြီး တိုက်ပွဲတွေအတွင်း ခဏချွတ်ထားလိုက်မယ်လေ” ဝူဟုန်က ပြောလိုက်သည်။

"မင်း သဘောပါ” ဝမ်ဝေ့က ခေါင်းညိတ်သည်။

"ဒါနဲ့ မင်း မင်္ဂလာပွဲ လိုချင်လား။ လိုချင်တယ်ဆိုရင် ဘယ်လို အတိုင်းအတာနဲ့လဲ။ ကိုယ်တို့ ဒိုင်းမေးရှင်းအနိမ့်မှာ လုပ်ခဲ့သလို သေးသေးလေးလား ဒါမှမဟုတ် ခမ်းနားထည်ဝါတာမျိုးလား"

"ခမ်းနားထည်ဝါရမယ်။ ခမ်းနားတဲ့ မင်္ဂလာပွဲတွေဟာ အင်အားစုအားလုံးဆီက အရင်းအမြစ်တွေကို စုဆောင်းဖို့ အကောင်းဆုံး နည်းလမ်းပဲ” ဝူဟုန်က ပြောလေသည်။

"မင်း သေချာရဲ့လား။ လက်ရှိအခြေအနေအရ ဒါက အကောင်းဆုံးအကြံ မဟုတ်နိုင်ဘူး။ မင်း မင်္ဂလာပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အလျင်စလို မလုပ်ချင်သရွေ့ပေါ့။ ဒါပေမဲ့ ကိုယ် ရှေးဦးစံပြ ဖြစ်တဲ့အထိ စောင့်ချင်ခဲ့တာ"

"ဘာလဲ။ ဖိအား ခံစားနေရလား"

"ဘယ်လို မခံစားရဘဲ နေနိုင်မလဲ။ ကိုယ်က လှပပြီး အစွမ်းထက်တဲ့ ဧကရီဝူနဲ့ လက်ထပ်တော့တဲ့ လူမသိသူမသိ တစ်ယောက်လေ” ဝမ်ဝေ့က ပြုံးသည်။

ဝူဟုန်က ခေါင်းခါလိုက်သည်။

"ခမ်းနားတဲ့ မင်္ဂလာပွဲတွေဟာ ပြင်ဆင်ဖို့ အချိန်လိုအပ်တယ်။ တခြားသူတွေဆီက ခမ်းနားကြီးကျယ် လက်ဆောင်တွေ ရဖို့မျှော်လင့်ထားတာဆိုတော့ မင်္ဂလာပွဲဟာ အဆင့်အတန်းတစ်ခု ရှိရမယ်။ ခဏ … ကျွန်မ အကြံကောင်းတစ်ခု ရလိုက်ပြီ။ ကျွန်မတို့ ကောင်းကင်မင်္ဂလာပွဲ လုပ်ရင်ရော ဘယ်လိုလဲ"

"ကောင်းကင်မင်္ဂလာပွဲလား။ အဲ့ဒါက အကြံမဆိုးဘူး” ဝမ်ဝေ့က ပြောသည်။ ကောင်းကင်မင်္ဂလာပွဲများသည် ကောင်းကင်တာအို၏ ကောင်းချီးကို ရရှိမည်ဖြစ်ပြီး သူတို့သည် ကံကောင်းခြင်းနှင့် ကုသိုလ်ကို ရရှိလိမ့်မည်။ ဤသည်ကား စာလိပ်၏ တည်ရှိမှုဖြင့် ပိုမို အရေးပါလာမည် ဖြစ်၏။

"ဒါပေမဲ့ မင်း ကံကြမ္မာ ရာထူးကို အရင် လိုအပ်လိမ့်မယ်” ဝမ်ဝေ့သည် လောကသုံးပါး ဧကရာဇ်ဖြစ်ပြီး ထိုအရာသည် ကံကြမ္မာရာထူးဖြစ်သည်။ ဆိုလိုသည်မှာ သူက အဆင်ပြေသော်လည်း ဝူဟုန်အတွက် မပြေသေးပေ။

"ဟုန်ကာကွယ်ရေးစနစ်ကြောင့် ကောင်းကင်တာအိုဆီက အစောင့်အရှောက်ရာထူးကို ရဖို့ လွယ်ပါတယ်"

"မင်း မှန်ပါတယ်။ ဒါပေမဲ့ ကပ်ဘေးတစ်ခု ရောက်လာတော့မဲ့အချိန်မှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနဲ့ ကိုယ့်ကိုယ်ကို ချည်နှောင်ဖို့က အကြံကောင်းလို့ ထင်လား"

"ရှင် ထင်ထားသလောက် မဆိုးပါဘူး။ ကျူးကျော်မှုအတွက် စနစ်ကို ကျွန်မ အဆင့်မြှင့်တင်လိုက်တာပဲ ရှိသေးတယ်လေ။ ပြီးတော့ အဲ့ဒီလို အောင်မြင်မှုက ကံကြမ္မာအရမ်း များများစားစားရှိတဲ့ ရာထူးကို ရဖို့ လုံလောက်ပါတယ်” ဝူဟုန်က ရှင်းပြသည်။

"အဲဒါဆို အဆင်ပြေပါတယ်။ ဒါပေမဲ့ အချိန်ပြဿနာက ရှိနေတုန်းပဲ။ ကပ်ဘေးက ဘယ်တော့ ဖြစ်လာမလဲဆိုတာ ကိုယ်တို့ မသိဘူး"

"ကျွန်မ မင်္ဂလာပွဲအတွက် စပြီး ပြင်ဆင်မယ်။ ရှင်က တတ်နိုင်သမျှ အမြန်ဆုံး ရှေးဦးစံပြ ဖြစ်ဖို့ကိုပဲ အာရုံစိုက်ပါ။ ပြီးတော့ ရှင် အဲ့ဒီ အဆင့်ကို ရောက်တာနဲ့ ဖိတ်စာတွေ ပို့ကြမယ်။ မင်္ဂလာပွဲက ဘယ်တော့လုပ်မလဲဆိုတာကတော့ အဲဒီကျမှ ဆုံးဖြတ်မယ်လေ။ အချိန်မကိုက်ရင်တော့ ကပ်ဘေးအတွင်းမှာ ပွဲလုပ်ပြီး ရန်သူကို ပြဿနာရှာဖို့ ငါးစာအဖြစ် အသုံးချပစ်ရမယ်"

"မင်း ကိုယ်တို့ရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးပစ်ဖို့ စွန့်စားမှာလား” ဟု ဝမ်ဝေ့က မေးသည်။

"အကောင်းဆုံး မင်္ဂလာပွဲက နည်းနည်းတော့ သွေးထက်သံယိုပါတတ်တာပဲလေ” ဝူဟုန်က နူးညံ့သော နှုတ်ခမ်းပါးလေးကို သပ်ရင်း ပြန်ဖြေသည်။

"ဒါမှ ကိုယ့်ချစ်သူ” ဝမ်ဝေ့က ပြုံးပြီး သူမ၏ ပါးကို နမ်းလိုက်သည်။

All Chapters