ငရဲဘုံဧကရာဇ်
Vol. 109 Ch. 1523
"သူ့အခြေအနေ ဘယ်လိုလဲ" ဝမ်ဝေ့က မေးလိုက်သည်။
"သူ အလုပ်တစ်ခုကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်" မြောင်ယွဲ့က ချီးကျူးလိုက်သည်။
"သူက သက်ရှိကမ္ဘာနဲ့ သေဆုံးသူကမ္ဘာကြားက ဟန်ချက်ကို ထိန်းဖို့အတွက် လူသားကမ္ဘာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ သူက ပြန်လည်သုံးသပ်ခြင်းအစီအစဉ်ကို ဖန်တီးပေးပြီးတော့ ငါတို့ရဲ့ စနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးခဲ့တယ်လေ"
"ဪ"
"လူတစ်ယောက်ရဲ့ ပြန်လည်ဝင်စားမှုကို ဆုံးဖြတ်ရာမှာ အသုံးပြုတဲ့ ကံကြမ္မာစနစ်က တရားမျှတပေမဲ့ အရမ်းတင်းကျပ်လွန်းတယ်။ ကြားနေကံ ရှိတဲ့သူတွေဟာ တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားဖို့ အခွင့်အရေး ပိုများတယ်။ အဲဒါက တစ်နည်းအားဖြင့် မတရားဘူး။ နောက်ပြီး အနုတ်လက္ခဏာဆောင်တဲ့ ကံရှိတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ ဘဝရဲ့ တစ်ချိန်ချိန်မှာ စိတ်ပြောင်းသွားခဲ့ပြီး သူတို့ ပြုပြင်ဖို့ အချိန်မရခင် သေဆုံးသွားခဲ့ကြတယ်။"
မြောင်ယွဲ့က အဖန်ရည်ကို တစ်ငုံသောက်လိုက်သည်။
"လီကျွင်းက သူတို့ကို ပြင်းပြင်းထန်ထန် ဆုံးဖြတ်မဲ့အစား ပြန်လည်သုံးသပ်ခွင့်ပေးဖို့ အဆိုပြုခဲ့တယ်။ သူတို့က စာချုပ်ချုပ်ဆိုပြီး ပိုကောင်းတဲ့ ဘဝကံရဖို့ လိုအပ်တဲ့ ကံလိုအပ်ချက် ပြည့်မီတဲ့အထိ ငါတို့အတွက် အလုပ်လုပ်ပေးနိုင်တယ်။ လီကျွင်းကို ခေါင်းဆောင်အဖြစ်ထားပြီး ဒိုင်မေးရှင်းအနိမ့်မှာ စမ်းသပ်မှုတစ်ခု လုပ်ခဲ့တယ်။ ပြီးတော့ သူ စနစ်ကို ပြီးပြည့်စုံအောင် လုပ်ပြီးတဲ့အခါ သူ့ရဲ့ အကြံဉာဏ်ကို ပိုကြီးမားတဲ့ စနစ်ထဲကို ထည့်သွင်းခဲ့တယ်"
ဒါက အပြစ်ကြွေးချေဘုံရဲ့ သဘောတရားနဲ့ ဆင်တူတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော် သူသည် ထိုသို့သောအရာမျိုးကို လီကျွင်းအား တစ်ခါမျှ ပြောပြဖူးခြင်း မရှိပေ။ ဆိုလိုသည်မှာ သူသည် သူ့ဘာသာသူ တွေးမိခြင်း ဖြစ်သည်။
"အဲဒါကြောင့် သူ ဆုချခံရတာလား" ဝမ်ဝေ့က မေးလိုက်သည်။
"ပထမတော့ သူ့ဆီ ယမမင်း မျိုးစေ့ရာထူးကို ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ သူက စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်အားလုံးကို သိပ်မကြိုက်ခဲ့ဘူး။ ဒါနဲ့ ငါတို့ရဲ့ လေ့ကျင့်ရေးကွင်းကို ဝင်ခွင့်ပေးပြီး ဆုချခဲ့ရတယ်။ စိတ်မကောင်းစရာပဲ။ သူသာဆိုရင် အလွန်ကောင်းတဲ့ ယမမင်း ဖြစ်လာမှာ"
မြောင်ယွဲ့က ချီးကျူးသည်။
"သူ ရာထူးကြောင့် အေးအေးဆေးဆေး လုပ်နိုင်ပေမဲ့ တိုက်ပွဲနဲ့ စစ်ပွဲက သူ့သွေးသားထဲမှာ ကြီးစိုးနေဦးမှာပဲ” ဝမ်ဝေ့က လီကျွင်းသည် ကမ်းလှမ်းချက်ကို ပယ်ချခြင်းအတွက် မအံ့သြဘဲ ပြောသည်။
"အမှန်ပဲ"
မြောင်ယွဲ့က ခေါင်းညိတ်သည်။ လီကျွင်းက အလုပ်မရှိသည့်အခါ အိပ်မက်လောကရှိ တိုက်ပွဲမျှော်စင်တွင် တိုက်ခိုက်ခြင်းဖြင့် သူ့အချိန်အများစုကို ကုန်ဆုံးခဲ့သည်။ သူ့တည်ငြိမ်သော စိတ်နေသဘောထားသည် ယမမင်းရာထူးနှင့် ကိုက်ညီနိုင်သော်လည်း သူ့သဘာဝဗီဇကား စစ်သည်တော်တစ်ဦး ဖြစ်နေသည်။
"သူ့ကို မတွေ့ရတာ နှမြောစရာပဲ"
ဝမ်ဝေ့က တီးတိုးပြောသည်။ လီကျွင်းက သူ့အဆင့်အတန်း သို့မဟုတ် ကျင့်ကြံဆင့် ကွာခြားချက်ကို ဂရုမစိုက်ဘဲ နေနိုင်သူဟု သူ ယုံကြည်အားထားနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်ပေသည်။ ဝမ်ဝေ့က သူ မတက်လှမ်းခင် နွေးထွေးသော အငွေ့အသက်ကို လိုက်ရှာနေခဲ့သည်။ လီကျွင်းသည်သာလျှင် ထိုအရာကို ပေးနိုင်သူ ဖြစ်၏။
"သူ အောင်မြင်နေတာ ဝမ်းသာပါတယ်" ဝမ်ဝေ့က ပြုံးလိုက်သည်။ သူ အဖန်ရည်ကို ကုန်အောင်သောက်လိုက်ရာ သူ့အဘွားက ခွက်ကို ပြန်ဖြည့်ပေးသည်။
"အဓိက အကြောင်းအရာက ကျွန်တော် ဒါအတွက် လာခဲ့တာပါ"
ဝမ်ဝေ့က သူ ယင်ကျန်းနှင့် မြေကမ္ဘာဧကရာဇ်တို့ထံမှ ခိုးယူခဲ့သော ပြုပြင်မွမ်းမံထားသည့် ငရဲဘုံဖြစ်သော ကုဗတုံးလေးတစ်ခုကို သူ့လက်ထဲ ဆင့်ခေါ်လိုက်သည်။
"ဒါက ..." ကုဗတုံးထဲက ကမ္ဘာကို ကြည့်ရင်း မြောင်ယွဲ့က တီးတိုးရေရွတ်သည်။ သူမက ဤနေရာကို မြင်ကွင်းအားလုံးမှ ပိတ်ဆို့ရန် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူမ၏ လှုပ်ရှားမှုဖြင့် ဝမ်ဝေ့က သူမက စင်စစ်အားဖြင့် ရှေးဦးစံပြတစ်ဦးဖြစ်ပြီး အားအကောင်းဆုံးထဲမှ တစ်ဦး ဖြစ်နိုင်သည်ကို နောက်ဆုံးတွင် အတည်ပြုနိုင်လိုက်သည်။
"သုခဘုံ"
ဝမ်ဝေ့က ပြောလိုက်သည်။
"ဘဝဆိုတာ ပြန်လည်ဝင်စားခြင်း သံသရာပါပဲ။ သေမျိုးအများစုက အသစ်စက်စက် ဝိညာဉ်တစ်ခု ဖန်တီးဖို့အတွက် သူတို့ရဲ့ ဝိညာဉ်တွေ စစ်မှန်တဲ့ ဝိညာဉ်စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုမခံရခင် ပြန်လည်ဝင်စားခြင်းဘဝအနည်းငယ်ကိုပဲ တွေ့ကြုံခံစားရမှာပါ။
လုံလောက်ပြီး ကောင်းမွန်တဲ့ ကံကြွေးရှိတဲ့ သေမျိုးတွေက အစားအစာ၊ ချမ်းသာကြွယ်ဝမှု၊ ကျန်းမာရေး၊ ဒါမှမဟုတ် အချစ်သုခအတွက် စိုးရိမ်ပူပန်စရာမလိုဘဲ ကောင်းချီးမင်္ဂလာရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်ရလိမ့်မယ်။ တကယ်လို့ မွန်မြတ်တဲ့ ကုသိုလ်ကံ ရှိမယ်ဆိုရင် သူတို့ဟာ နတ်ဒေဝါအဖြစ် ပြန်လည်ဝင်စားမှုကို ရရှိပြီး သူတို့ရဲ့ ဘယ်သူနဲ့မှ မတူတဲ့ အရည်အချင်းနဲ့ ကျင့်ကြံရေးလောကရဲ့ အထွတ်အထိပ်ကို ရောက်ရှိနိုင်တယ်။
ဒါပေမဲ့ ဒီရလဒ်တွေက တစ်ခုတည်းသော လမ်းစဉ်တော့ မဟုတ်ဘူး။ ဒေဝါတွေက မွန်မြတ်တဲ့ ကုသိုလ်ကံအတွက် အမြင့်ဆုံး ဆုလာဘ် ဖြစ်ပေမဲ့ ကျင့်ကြံရေးလောက ဘယ်လောက် ရှုပ်ထွေးပွေလီတယ်ဆိုတာ ထည့်သွင်းစဉ်းစားရင် ဒါဟာ အကောင်းဆုံး ဆုလာဘ် မဟုတ်သေးဘူး။
သေမျိုးအများစုအတွက် ထာဝရအသက်နဲ့ စွမ်းအားတွေကို ဂရုမစိုက်ကြတာ ဖြစ်နိုင်တယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ ရုန်းကန်မှုနဲ့ သွေးထွက်သံယိုမှုတွေကနေတစ်ဆင့် ရယူရမယ်ဆိုရင်ပေါ့ …
ကျွန်တော် ဒီနေရာကို ကောင်းမွန်တဲ့ ကံရှိတဲ့ ဘဝတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ နောက်ထပ် ဆုလာဘ်တစ်ခုအဖြစ် ဖန်တီးခဲ့တာပါ။ သေမျိုးတွေ … ဖြစ်နိုင်ရင် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေပါ ထာဝရ သုခချမ်းသာနဲ့ နားနေနိုင်မဲ့ သုခဘုံတစ်ခုပါ"
ဝမ်ဝေ့၏ သုခဘုံက ဝိညာဉ်တစ်ခုအား စိုးရိမ်ပူပန်မှုကင်းမဲ့သော အခြေအနေတွင် ထားရှိရန် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအရာသည် ဝိညာဉ်များကို ထာဝရရှင်သန်သူ ဖြစ်စေရန်လည်း သေချာစေပြီး သုခဘုံထဲ ဝင်ရောက်လာသူများအား အခြားပုံစံဖြင့် ထာဝရရှင်သန်ခြင်းကို ရရှိစေလိမ့်မည်။ ထိုဝိညာဉ်များ နောင်ပိုင်းတွင် ငြီးငွေ့လာနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း သူ ထည့်သွင်းစဉ်းစားခဲ့သည်။ ထို့ကြောင့် သူတို့ ဆန္ဒရှိသလို ဘုရားသခင်အဖြစ် ကစားနိုင်ရန် မဟာမြူ၏ စွမ်းအားကို ပေးအပ်ထားခဲ့သည်။
သူ သုခဘုံကို လွှဲပြောင်းပေးလိုက်သည်နှင့် သိသိသာသာ ပြောင်းလဲသွားနိုင်ကြောင်းကိုလည်း နားလည်ထားလေသည်။
မြောင်ယွဲ့က ကုဗတုံးကို ကြည့်လိုက်ရာ သူမ၏ အငွေ့အသက်က ရုတ်တရက် လှုပ်ရှားသွားသည်။ သူမက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ တရားထိုင်လိုက်ရသည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သော်လည်း စောင့်ဆိုင်းနေခဲ့သည်။ ထိုအနေအထားဖြင့် တစ်နာရီကျော် ကြာမြင့်ခဲ့လေသည်။
မြောင်ယွဲ့က ခပ်ပြုံးပြုံးဖြင့် သက်ပြင်းချလိုက်၏။
"ငါ့ရဲ့ စိတ်အခြေအနေက ပြီးပြည့်စုံမှုရောက်ပြီလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ငါတောင်မှ သွေးဆောင်မှုကို မခံနိုင်ခဲ့ဘူးပဲ။ ငါလဲ မေတ္တယျနဲ့ မခြားနားဘူး ထင်ပါတယ်"
"အဘွား"
"မင်းရဲ့ ဖန်တီးမှုက ငါတို့လိုလူတွေအတွက် ဘာကို ဆိုလိုသလဲဆိုတာ မင်း သိလား"
ဝမ်ဝေ့က သူ့စိတ်ရှုပ်ထွေးမှုကို မဖုံးကွယ်ခဲ့ပေ။ ထို့ကြောင့် မြောင်ယွဲ့က သူမ၏ အတွေးများကို စုစည်းရန် ခဏတာ အချိန်ယူလိုက်သည်။
"သိပ်မကြာသေးခင်က ငါတို့ သတင်းကြီးတစ်ခု ရခဲ့တယ်လေ။ လာမဲ့ ထူးကဲသာလွန်ခေတ်ကာလမှာ ဟွင်သွမ်းစကြာဝဠာကို ရပ်ဝန်းငါးခု ပိုင်းခြားမယ်တဲ့။ စကြာဝဠာရဲ့ ကံကြမ္မာဗဟိုချက်ဖြစ်နေတဲ့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အလယ်ရပ်ဝန်းရဲ့ အဓိကကမ္ဘာ ဖြစ်လာလိမ့်မယ်။
"ဒီပိုင်းခြားမှုနဲ့အတူ ရပ်ဝန်းတစ်ခုလုံးရဲ့ သံသရာလမ်းစဉ်ခြောက်ပါးကို ကြီးကြပ်ဖို့အတွက် ငရဲဘုံဧကရာဇ်လို့ခေါ်တဲ့ ကံကြမ္မာဆိုင်ရာ ရာထူးအသစ်တစ်ခု ဖန်တီးလာလိမ့်မယ်"
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီရာထူးက အဘွားရဲ့ ဝိညာဉ် သာလွန်ခြင်းအဆင့်ကို ဖွဲ့စည်းဖို့ ခွင့်ပြုပေးထားတာလား"
"မင်း ဒီနာမည်ကို သိနေတာလား။ ကောင်းပြီလေ မဆန်းတော့ပါဘူး"
မြောင်ယွဲ့က ပြောသည်။
"ယမမင်းတွေကြားမှာ ပြိုင်ဆိုင်မှုက ပြင်းထန်တယ်။ အထူးသဖြင့် အလယ်ရပ်ဝန်းအတွက်ပေါ့။ ရာထူးက ငါးနေရာပဲရှိတာဆိုတော့လဲ မတတ်နိုင်ဘူးပေါ့ …. ရာထူးတစ်ခုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ အမှုထမ်းနေတဲ့ ယမမင်းတွေထဲက တစ်ယောက်ဆီ ရောက်သွားလိမ့်မယ်။ ငါ အတော်လေး ကောင်းမွန်အောင် လုပ်ဆောင်ထားပေမဲ့ တချို့လူတွေက ငါ့ထက် ရာထူးကြီးကြပြီး ပိုမိုကြီးမားတဲ့ အကျိုးပြုမှတ်တွေ ရှိကြတယ်လေ။ ဒါပေမဲ့ ငါသာ ဒီသုခဘုံကို တင်ပြနိုင်ပြီး ငါတို့ စနစ်ကို ထပ်မံ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ရင် အဲဒီရာထူးကို ငါ ရနိုင်တယ်"
မြောင်ယွဲ့အနေနှင့် ကံကြမ္မာက ဖန်တီးပေးနေသည်ဟု ခံစားရသည်။ မေတ္တယျနှင့် သူမ၏ ဆက်သွယ်မှုက သူမအား ဤရာထူးအတွက် ထည့်သွင်းစဉ်းစားခံရစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလယ်ငရဲဘုံဧကရာဇ်အနေနှင့် သူတို့၏ တရားစီရင်ပိုင်ခွင့်သည် ရပ်ဝန်းတစ်ခုလုံး ဖြစ်သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို အနီးကပ် အာရုံစိုက်ရမည် ဖြစ်သည်။ မေတ္တယျအဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းသည် ငရဲဘုံဧကရာဇ်၏ အလုပ်ကို ပိုမိုလွယ်ကူစေလိမ့်မည်။
ဤသို့ ဆက်သွယ်မှုမျိုးရှိသော်လည်း မြောင်ယွဲ့အပေါ် ထည့်သွင်းစဉ်းစားပေးမှုသည် ထိုမျှ အရေးမကြီးခဲ့ပေ။ ထို့နောက် လီကျွင်း၏ လက်ရာက သူမအား ထိုရာထူးအတွက် ထိပ်တန်း ပြိုင်ဘက် ၁၀ ဦးထဲသို့ မြှင့်တင်ပေးခဲ့သည်။ ယခု ဝမ်ဝေ့၏ ပံ့ပိုးမှုဖြင့် သူမက ထိုရာထူးအတွက် အာမခံချက်ရှိလာကြောင်း သိရှိလိုက်သည်။
"ကျွန်တော် အဘွားရဲ့ စိတ်ကူးတွေကို ပျက်စီးအောင် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ ကာဒီနယ်တွေနဲ့ ဆက်ဆံရေးက မကောင်းဘူး။ ကျွန်တော့်ကြောင့် အဘွား ဒီအခွင့်အရေးကို ဆုံးရှုံးသွားနိုင်တယ်"
ဝမ်ဝေ့က ဖြည်းညှင်းစွာ ပြောသည်။
"ကောင်းပြီလေ။ ဒါက အပြည့်အဝ မှန်တာတော့ မဟုတ်ဘူး။ သူတို့က ကျွန်တော်ကို ဆန့်ကျင်ဖို့ အဘွားကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားပြီး ရာထူးကို ပေးတာလဲ ဖြစ်နိုင်တယ်။"
မြောင်ယွဲ့က သူ့ကို ကြည့်လိုက်သည်။
"မင်းက အခုမှ စံပြအဆင့်ပဲ ရှိသေးတာ။ ခုံရုံးက လူတွေနဲ့ ဘယ်လိုလုပ် ဆက်ဆံရေးမျိုး ရှိနေရတာလဲ"
"ရှုပ်ထွေးတယ်။ ဒါပေမဲ့ အဘွား သိဖို့ လိုတာက ကံကြမ္မာ ကာဒီနယ်နဲ့ စတင်ခဲ့ပြီး ကျန်တဲ့သူတွေ အကုန်လုံးလည်း ပါဝင်နေပြီလို့ ကျွန်တော် ထင်တယ်"
ဝမ်ဝေ့က ရှင်းပြလိုက်သည်။ မြောင်ယွဲ့က ညည်းတွားလိုက်မိ၏။ အခြားသူ တစ်ယောက်ယောက်က ပြောလာလျှင် သူမ ယုံမည်မဟုတ်ပေ။ သို့သော် သူမ၏ မြေးသည် ပြဿနာကို ဆွဲဆောင်တတ်သူအဖြစ် နာမည်ကြီးကြောင်း သူမ ကောင်းကောင်းကြီး သိထားလေ၏။
"အဲဒါကို စိတ်ပူစရာ မလိုပါဘူး" မြောင်ယွဲ့က စိတ်ချစေသည်။
"အဘွား ဒါက အရေးကြီးတယ်"
"ငါ မင်းကို တစ်ခု မေးပါရစေဦး" မြောင်ယွဲ့က ဆက်လက်၍ တည်ငြိမ်စွာ ပြောသည်။
"အချိန်က တသမတ်တည်းဆိုရင် ခုံရုံးက ပျောက်ဆုံးခေတ်ကာလကတည်းက တည်ရှိခဲ့တာ။ နှစ်ပေါင်းများစွာကြာအောင် ကာဒီနယ်ခြောက်ယောက်က မဟာစက်ယန္တရားတွေနဲ့ ဟွင်သွမ်းစကြာဝဠာကို ပြဿနာမရှိဘဲ စီမံခန့်ခွဲခဲ့တယ်။ ဒါဆို ဘာလို့ သူတို့ ရုတ်တရက် အကူအညီ လိုအပ်လာရတာလဲ"
"အာဏာချုပ်ကိုင်မှု လျှော့ချတာပေါ့" ဝမ်ဝေ့က ပြန်ဖြေသည်။
"တစ်စုံတစ်ယောက်က သူတို့ အလုပ်ကို ကောင်းကောင်း မလုပ်ဘူး ဒါမှမဟုတ် အာဏာ အရမ်းများနေတယ်လို့ ယူဆပြီး သူတို့ဆီကနေ တစ်စိတ်တစ်ပိုင်းကို လျှော့ချနေတာ"
"အတိအကျပဲ။ ဒီလုပ်ငန်းစဉ်မှာ ကြီးကျယ်ခမ်းနားတဲ့ ရှုပ်ထွေးမှုတွေ ရှိတယ်။ မင်းရဲ့ ရန်ငြိုးက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပေမဲ့ မင်း ထင်သလောက် ကြီးမားမှာ မဟုတ်လောက်ဘူး" မြောင်ယွဲ့က ပြောသည်။
ဝမ်ဝေ့က သူ့အဘွားက သူ့အနာဂတ်ကိုယ်နှင့် ဤကာဒီနယ်များ၏ ပဋိပက္ခကို နားမလည်ကြောင်း သိရှိခဲ့သော်လည်း သူမ၏ စကားများတွင် အမှန်တရားတချို့ ရှိနေသည်။
မဟာတာအို၏ ထူးကဲသာလွန်ခေတ်ကာလအတွက် ပြင်ဆင်ရန် ဤမျှကြီးမားသောအတိုင်းအတာဖြင့် ဟွင်သွမ်းစကြာဝဠာအပေါ် သက်ရောက်စေရန် ဆုံးဖြတ်ချက်သည် လွယ်လွယ်ကူကူ ချမှတ်ခဲ့ခြင်း မဟုတ်ပေ။
မဟာတာအိုသည် ဝမ်ဝေ့နှင့် ကာဒီနယ်များ မရောက်နိုင်သော အဆင့်အထိ မတွေးနိုင်သော အရာများကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သူတို့ကြားက ထိပ်တိုက်ရင်ဆိုင်မှုသည် ထည့်သွင်းစဉ်းစားရမည့် အရာများထဲမှ တစ်ခု ဖြစ်နိုင်သော်လည်း ထိုအရာ၏ အရေးပါမှုနှင့် ငရဲဘုံဧကရာဇ် ရာထူးရွေးချယ်မှုအပေါ် မည်သို့ သက်ရောက်စေမည်ကို သူတို့ အလွယ်တကူ သတ်မှတ်နိုင်သည့် အရာမဟုတ်ပေ။
မဟာတာအိုဆီက ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်တွေကို တွေးတောဖို့ လုံလောက်တဲ့ သတင်းအချက်အလက် ဒါမှမဟုတ် ခွန်အား ငါ့မှာ မရှိပေမဲ့ ငါ့ရဲ့ အခြားကိုယ်တွေရော ဘယ်လိုလဲ …
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့ခန့်မှန်းချက်အရ သူသည် သူ့ကိုယ်သူ ပုံစံနှစ်မျိုးကို တွေ့ဆုံခဲ့ပြီးပြီ ဖြစ်၏။
လူအိုကြီးထျန်းကျိကို တားဆီးခဲ့ပြီး ကာဒီနယ်များကိုပင် ကြောက်လန့်စေခဲ့သူသည် သာလွန်ခြင်းအဆင့်၏ ဒုတိယအဆင့်ရှိ သူ့အနာဂတ်ကိုယ် ဖြစ်သင့်သည်။ ဆိုလိုသည်မှာ သူသည် ဝိညာဉ်သာလွန်ခြင်းနှင့် ခန္ဓာကိုယ်သာလွန်ခြင်းကို ဖွဲ့စည်းထားပြီးပြီ ဖြစ်၏။
ထို့နောက် မဟာတာအိုနှင့် တိုက်ခိုက်နေပြီး အလုံးစုံကောင်းကင်ကံကြမ္မာကပ်ဘေးအတွက် တာဝန်ရှိသူဖြစ်နိုင်သည့် နောက်ထပ်တစ်ယောက်လည်း ရှိနေသည်။ ဤသူသည် တတိယအဆင့်တွင် ရှိနေသင့်ပြီး … ဆိုလိုသည်မှာ တာအိုသာလွန်ခြင်းအဆင့်ကို ရောက်ရှိထားပြီးသူ ဖြစ်၏။