← Chapters

ထူးကဲသာလွန်ခေတ်ကာလ၏ ကန့်သတ်ချက်ဘောင်

Vol. 109 Ch. 1524

ထူးကဲသာလွန်ခေတ်ကာလ၏ ကန့်သတ်ချက်ဘောင်

Vol. 109 Ch. 1524

မြောင်ယွဲ့က ရှက်ရွံ့နေဟန်ပေါ်သည်။

"တစ်ခုခု မှားနေတာလား" ဝမ်ဝေ့က မေးသည်။

"ငါ အဲဒီရာထူးကို ရချင်ရင် မင်းက ငါရဲ့ မြေးဖြစ်နေလို့ အကျိုးခံစားရမဲ့အစား ဒီအကြံဉာဏ်အတွက် ဂုဏ်ပြုခံရဖို့လိုတယ်" သူမက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး" ဝမ်ဝေ့က ကုဗတုံးကို သူမလက်ထဲ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။

"မင်းရဲ့ ပစ္စည်းတွေကို ယူရတာ စိတ်မကောင်းဘူး" မြောင်ယွဲ့က အားနာစွာ ပြောလာသည်။

"ရပါတယ်။ ကျွန်တော်တို့က မိသားစုတွေပဲ မဟုတ်လား" ဝမ်ဝေ့က ပြုံးသည်။

"ဒီလိုဆိုရင်တောင် မင်းရဲ့ ပင်ပန်းမှုတွေကို ငါ အခွင့်ကောင်း ယူလို့ မရဘူးလေ" မြောင်ယွဲ့က ပြန်ဖြေသည်။

"မင်း ဒါကို ကုသိုလ်ရဖို့အတွက် တင်ပြချင်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါက ငါနဲ့ မင်းရဲ့ အဖိုးအတွက် အများစုကို သုံးခဲ့ပြီးပြီ။"

"အဘွား စိတ်ပူစရာ မလိုပါဘူး" ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။

မြောင်ယွဲ့က သူမ၏ လက်ကို ဝှေ့ယမ်းပြီး သူမ၏ အာကာပြင်လက်စွပ် ဝင်ရောက်ခွင့်ပေးလိုက်သည်။

"ငါရဲ့ ရာထူးကြောင့် အတွင်းပိုင်းမှာပဲ အရောင်းအဝယ်လုပ်တဲ့ အချို့အရာတွေကို ဝင်ရောက်ခွင့် ရထားတယ်။ မင်း ကြိုက်တာရွေး … ဒါက မလုံလောက်သေးဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အခုအတွက်တော့ ဒီလောက်ပဲ ရဦးမယ်။ ငါ ရာထူးယူပြီးတာနဲ့ မင်းအတွက် ပိုကောင်းတဲ့ ဆုလာဘ်တစ်ခု ပြင်ဆင်ပေးပါ့မယ်။"

"ဟုတ်ကဲ့ပါ အဲဆို လက်ခံလိုက်ပါ့မယ်" ဝမ်ဝေ့က သဘောတူလိုက်ပြီးနောက် သူ့အံ့ဖွယ်အသိစိတ်ကို အသုံးပြု၍ ဒိုင်မေးရှင်းကို စစ်ဆေးကြည့်လိုက်သည်။ ရရှိနိုင်သည့် အရာအများစုက သံသရာအပေါ် အခြေခံထားလေ၏။ ဤသည်က နားလည်၍ ရပေသည်။ ပိုအရေးကြီးသည်မှာ သူက ရှားပါးသောအရာများ သို့မဟုတ် မကြားဖူးသေးသော အရာများစွာကို တွေ့ခဲ့ရသည်။

ပထမဆုံး ဝမ်ဝေ့ ရွေးချယ်ခဲ့သောအရာမှာ သံသရာလေ့ကျင့်ရေးအဆောင်ဟု ခေါ်သော အရာတစ်ခု ဖြစ်ပေသည်။ သူ့အဘွား၏ အဆိုအရ ထိုအရာသည် ယမမင်းများကို လေ့ကျင့်ရန် အသုံးပြုသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်၏။ ထိုအဆောင်ကို အသက်သွင်းခြင်းဖြင့် ဝမ်ဝေ့က ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည့် သူ့ကိုယ်သူ့ပုံစံတစ်မျိုးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုပုံစံနှင့် တိုက်ခိုက်ခြင်းဖြင့် သူ့အနေနှင့် ထိုထိုကျွမ်းကျင်မှုများကို သင်ယူနိုင်လိမ့်မည်။ ဝမ်ဝေ့၏ အဆောင်ကို ရှေးဦးစံပြအတွက် အကြွင်းမဲ့တာအိုဆန္ဒအသုံးပြုမှုများကို လေ့ကျင့်ရန် အသုံးပြုနိုင်သည်။

ဝမ်ဝေ့က အဆောင်ကို ရွေးချယ်ပြီးနောက် သူ့အကြည့်များ တောက်ပလာသည်။ ရှေးဦးစံပြအဆင့်သို့ သွားရာ သူ့လမ်းကြောင်းသည် တိုတောင်းသွားခဲ့လေပြီ။ သူ ရွေးချယ်ခဲ့သော ဒုတိယပစ္စည်းမှာ ကံကြမ္မာဂြိုဟ်ဆိုးကျောက်တုံးဟု ခေါ်သော ရှားပါးပစ္စည်းတစ်ခု ဖြစ်သည်။ ထိုပစ္စည်းတွင် ရည်ရွယ်ချက်များစွာ ရှိသော်လည်း ဝမ်ဝေ့က ထိုအရာ၏ ကံကြမ္မာစွမ်းရည် မြှင့်တင်နိုင်စွမ်းနှင့် ကံကြမ္မာနည်းစနစ် အာရုံခံခြင်း သို့မဟုတ် အခြားသော နိမိတ်ဖတ်ခြင်း ပုံစံများမှ ကာကွယ်ပေးနိုင်ခြင်းတို့အတွက် လိုချင်ခဲ့ခြင်း ဖြစ်ပေသည်။ ကပ်ဘေးအတွက် သူတွင် အစီအစဉ်တစ်ခု ရှိထားပြီး ဤပစ္စည်းသည် သူ့အတွက် အလွန်အကျိုးရှိလာလိမ့်မည်။

နောက်ဆုံးတွင် ဝမ်ဝေ့၏ အကြည့်များသည် အာကာသထဲရှိ အနက်ရောင် စိန်တုံးတစ်ခုပေါ်တွင် စွဲမြဲနေသည်။ ထိုအရာမှ သံသရာ၏ အနှစ်သာရကို သူ ခံစားလိုက်ရသည်။

"ဒါက ဘာလဲ"

"သံသရာ မူလဇစ်မြစ်ကျောက်တုံး"

မြောင်ယွဲ့က ပြန်ဖြေသည်။

"ဒါက ငါတို့ တာအိုနယ်ရှင် မဖြစ်ဘဲ သံသရာနဲ့ ဆက်စပ်နေတဲ့ တာအိုအားလုံးကို နားလည်ဖို့ အသုံးပြုတဲ့အရာပဲ"

ထို့နောက် သူမက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းရဲ့ ကျင့်ကြံရေးက အထွတ်အထိပ် ရောက်နေပြီလေ။ ဘာလို့ ဒါကို လိုတာလဲ"

"ဒီကျောက်တုံးထဲမှာ ဝှက်ထားတဲ့ အငွေ့အသက်တစ်ခုက ကျွန်တော့်ကို တစ်ခုခု သတိရစေလို့ပါ"

ဝမ်ဝေ့က ထုတ်ဖော်ပြောလိုက်သည်။ ထိုအရာကို မြင်သည်နှင့် သူက ဝူဟုန်၏ မပြီးပြည့်စုံသော တာအိုသာလွန်ခြင်းစည်းတံဆိပ်များကို သတိရလိုက်သည်။ ဤအရာမှ ဝှက်ထားသော အငွေ့အသက်သည် သူ့မပြီးပြည့်စုံသော တာအိုသာလွန်ခြင်းကို ဖွဲ့စည်းရာ၌ အခွင့်အရေးကို တိုးမြှင့်ပေးနိုင်သည်ဟု ခံစားလိုက်ရသည်။

"အဘွားမှာ ပိုပြီး အစွမ်းထက်တာမျိုး ရှိလား ဒါမှမဟုတ် တစ်တုံးထက် ပိုများလား" သူက မေးလိုက်သည်။

"အကြွင်းမဲ့အရည်းအချင်းတွေကို လေ့ကျင့်ဖို့ အသုံးပြုတဲ့ ပိုကြီးတဲ့ ကျောက်တုံး ရှိတယ်။ ဒါပေမဲ့ ငါ့မှာတော့ မရှိဘူး။ ခဏစောင့်ဦး … ငါ တစ်တုံး ချေးလို့ ရမယ် ထင်တယ်"

မြောင်ယွဲ့က မျက်လုံးများ မှိတ်လိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူမက အနည်းငယ် ပိုမည်းမှောင်သော ကျောက်တုံးတစ်လုံးကို ကိုင်ဆောင်လျက် လက်ကို မြှောက်လိုက်သည်။

ဝမ်ဝေ့၏ အကြည့်များက ချက်ချင်းပင် တောက်ပလာသည်။ သူ ခံစားခဲ့ရသော ဝှက်ထားသော အငွေ့အသက်သည် ပို၍ ပြင်းထန်လာသည်။

"ကျွန်တော် ဒါကို ယူပါ့မယ်" ဝမ်ဝေ့က ချက်ချင်း ပြောလိုက်သည်။

"မင်း သဘောပါပဲ" မြောင်ယွဲ့က ခေါင်းညိတ်ပြီး ကျောက်တုံးများကို လွှဲပြောင်းပေးလိုက်သည်။

"ငါ ပြောခဲ့သလိုပဲ … ငါ ရာထူးရတာနဲ့ မင်းအတွက် ပိုကောင်းတဲ့ ဆုလာဘ်တစ်ခု ပြင်ဆင်ပေးပါ့မယ်။"

"ဒါဆိုရင် အဘွား အောင်မြင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်"

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် နှစ်ဦးသား နာရီအနည်းငယ်ကြာ စကားပြောဆိုပြီး ဝမ်ဝေ့က မြေအောက်လောကမှ ထွက်ခွာကာ သီးသန့်ကျင့်ကြံရေးအခန်းသို့ ပြန်လာခဲ့သည်။ ယခု သူ သိလိုက်ရသော သတင်းကို ပြောပြဖို့ရာ အဆောင်နှစ်ခုကို ချက်ချင်း ပို့လွှတ်ခဲ့သည်။ တစ်ခုက သူ့ဂိုဏ်းအတွက်ဖြစ်ပြီး နောက်တစ်ခုက သူ့ဇနီးလောင်းအတွက် ဖြစ်ပေသည်။ သူက သုံ့လီဖန်း၏ အခြေအနေကို စစ်ဆေးရန် ဂိုဏ်းဆီ တောင်းဆိုခဲ့သည်။

နောက်ဆုံးတွင် သူက သံသရာ မူလဇစ်မြစ်ကျောက်တုံးကို ဝူဟုန်ထံ ပေးပို့လိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ့အာရုံခံစားမှုက မှန်၊ မမှန် သူမ အတည်ပြုပေးနိုင်မည် ဖြစ်၏။ သူက သူ့အာရုံခံစားမှုအပေါ် ယုံကြည်သော်လည်း သူမက စစ်မှန်သော မပြီးပြည့်စုံသော တာအိုသာလွန်ခြင်းကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူ့ထက် ပိုမို ဖော်ထုတ်နိုင်လိမ့်မည်။

ဝမ်ဝေ့က သူ တစ်ယောက်တည်း ရှိနေပြီဖြစ်၍ သူ့အဘွားထံမှ ရရှိသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန် ဤအခွင့်အရေးကို ယူလိုက်သည်။

ငရဲဘုံဧကရာဇ် ရာထူးတစ်ခုတည်းကိုပဲ ဖန်တီးမှာ မဟုတ်လောက်ဘူး …

ဟွင်သွမ်းစကြာဝဠာကို ရပ်ဝန်းများအဖြစ် ပိုင်းခြားခြင်းသည် ပိုမို ထိန်းချုပ်နိုင်သောစနစ်ကို ဆိုလိုသည်။ ရပ်ဝန်းတစ်ခုစီတွင် ကာဒီနယ်များကို အခြေခံသည့် ရာထူးအသစ်တစ်ခု ရှိလာနိုင်ဖွယ် ရှိသည်။ ကောင်းကင်ကာဒီနယ် သံတမန်သည် သူတို့ရပ်ဝန်းရှိ ဟွင်သွမ်းကမ္ဘာအားလုံးကို တာဝန်ယူပြီး ထိုကမ္ဘာများ၏ ကောင်းကင်စည်းမျဉ်းများကို ထိန်းသိမ်းလိမ့်မည်။

ကမ္ဘာဦးကာဒီနယ် သံတမန်သည် သူတို့သက်ဆိုင်ရာ ရပ်ဝန်းရှိ ကမ္ဘာဦးဟွင်သွမ်းများကို စီမံခန့်ခွဲလိမ့်မည်။ ကံကြမ္မာ၊ အချိန်၊ နှင့် ချီ ကာဒီနယ် သံတမန်တို့သည်လည်း အလားတူ ဖြစ်နိုင်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ကံကြမ္မာ၊ အချိန်၊ နှင့် ချီတို့နှင့် ပတ်သက်၍ လုံးဝမသေချာပေ။ ဤယန္တရားများကို သူတို့၏ လက်ရှိဖွဲ့စည်းပုံအတိုင်း ထားလိုက်ခြင်းက ပို၍ ကောင်းနိုင်သည်။ ပြောရမည်ဆိုလျှင် ပိုင်းခြမ်းခြင်းသည် သူတို့၏ စုပေါင်းစွမ်းအားကို မြှင့်တင်မည့်အစား အားနည်းသွားစေနိုင်၏။ အထူးသဖြင့် ကံကြမ္မာနှင့် အချိန်အတွက် ဖြစ်ပေသည်။

ကောင်းပြီလေ အဲဒီယန္တရားတွေကို မပိုင်းခြားရင်တောင် သံတမန်တွေတော့ သေချာပေါက် ရှိလာလိမ့်မယ် …

ဝမ်ဝေ့က ဆန်းစစ်လိုက်သည်။ ဤသံတမန် ရာထူးများ၏ ရည်ရွယ်ချက်မှာ မဟာယန္တရားအားလုံး၏ စနစ်နာမည် ဖြစ်သည့် မဟာကန့်သတ်ချက်ဘောင်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရန်အတွက်သာ မဟုတ်ပေ။ သူတို့၏ ရည်ရွယ်ချက်က ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် ဖြစ်သည်။

ထူးကဲသာလွန်ခေတ်ကာလက သာလွန်ခြင်းအဆင့် ပုဂ္ဂိုလ်တွေနဲ့ ပြည့်နေလိမ့်မယ် …

မဟာတာအိုက ဒီလူတွေကို စစ်ဆေးဖို့အတွက် ဥပဒေစိုးမိုးသူတွေ လိုအပ်တယ် …

ဝမ်ဝေ့က တွေးမိသွားသည်။

ဒီလူတွေရဲ့ တည်ရှိမှုဟာ ကာဒီနယ်တွေရဲ့ စွမ်းအားကို အားနည်းစေဖို့အတွက်တင် မကဘဲ ဟွင်သွမ်းစကြာဝဠာရဲ့ ကိစ္စရပ်တွေမှာ ပိုပြီး ဝင်ရောက်စွက်ဖက်နိုင်အောင် သူတို့ကို လွတ်လပ်စေဖို့လည်း ဖြစ်နိုင်တယ်

ဝမ်ဝေ့က အနာဂတ် မည်မျှ ရှုပ်ထွေးလာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။ ကျင့်ကြံသူ တစ်ဦးသည် စွမ်းအား ပိုရှိလေလေ ပို၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေလေ ဖြစ်၏။ သို့သော် မဟာတာအိုသည် အစီအစဉ်ကျမှုနှင့် ရှုပ်ထွေးမှုများကို ထိန်းချုပ်ဖို့သာ အာရုံစိုက်လေသည်။ ဤလူများကို အစစ်အမှန် ထူးကဲသာလွန်မှုလမ်းစဉ်ကို လိုက်ရန် တစ်ယောက်တည်း ထားခဲ့လျှင် ဘာဖြစ်လာမည်ကို သိခဲ့ပြီးသားဖြစ်၍ သူတို့ကို လွတ်လပ်စွာ လွှတ်ပေးထားမည် မဟုတ်ပေ။

ဒါက ငါ ဒါမှမဟုတ် တခြား ကျင့်ကြံသူတွေအတွက် သတင်းကောင်း မဟုတ်ဘူး …

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဝမ်ဝေ့၏ စနစ်က ပို၍ ပြီးပြည့်စုံလေလေ ထူးကဲသာလွန်မှုကို ရရှိရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မဟာတာအိုသည် လူများအား သူ့စည်းမျဉ်းများ၊ ကန့်သတ်ချက်များအတွင်းတွင် လုပ်ဆောင်စေလိုသောကြောင့်ပင် ဖြစ်၏။

ထူးကဲသာလွန်သော လမ်းစဉ်က ယခုပင် ခက်ခဲနေပြီ ဖြစ်ရာ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များအားလုံးဖြင့် ကြိုးစားကြည့်ရမည်ဆိုလျှင် …

ဝမ်ဝေ့က ညည်းတွားလိုက်မိသည်။ သူ့လက်ရှိကိုယ်အနေဖြင့် လာမည့် ဖိနှိပ်သောစနစ်ကို ရပ်တန့်ရန် မည်သည့်အရာမှ မလုပ်နိုင်သော်လည်း ဖြစ်လာနိုင်သော ပုံစံများကို ခွဲခြမ်းစိတ်ဖြာပြီး ကြိုတင်ပြင်ဆင်နိုင်ပေသည်။

ငါသာ မဟာတာအိုဆိုရင် ဒီစနစ်ကို ဘယ်လို တည်ထောင်မလဲ။ အကြွင်းမဲ့အင်အားကို အသုံးပြုတာက အဆိုးဆုံး ချဉ်းကပ်မှုပဲ …

ဘာလို့လဲဆိုတော့ လူတော်တော်များများက ပုန်ကန်လာရင် တန်ပြန်ခံရနိုင်ခြေများလို့ပဲ။ ဒါကြောင့် သူတို့ကို စနစ်ထဲကို ဖြည်းဖြည်းချင်း ပေါင်းစည်းနိုင်တာမျိုး ပိုပြီး သိမ်မွေ့တဲ့ နည်းလမ်းတစ်ခု လိုအပ်လိမ့်မယ်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

သံသရာကာဒီနယ် သံတမန်ရာထူးကို အတွင်းလူများထဲကနေ ရွေးချယ်နိုင်ပေမဲ့ တခြားသူတွေအတွက်တော့ အဲဒီလို ဖြစ်စရာ မလိုဘူး။

မဟာတာအိုသည် ရည်မှန်းချက်ကြီးပြီး သူ့၏ ညစ်ပတ်သော အလုပ်များကို လုပ်ဆောင်လိုသော လူများအား ရာထူးကို ကမ်းလှမ်းနိုင်သည်။ သို့သော် သူတို့က သာလွန်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည်ဟု အာမခံနိုင်ခြင်း မရှိပေ။ ဆိုလိုသည်မှာ ထိုကမ်းလှမ်းချက်သည် ကျင့်ကြံသူ ၉၉ရာခိုင်နှုန်းအတွက် ဆွဲဆောင်မှုရှိနေသည်။

အခု လူတိုင်းက သူတို့ရဲ့ ဝိညာဉ်နဲ့ လွတ်လပ်ခွင့်ကို မဟာတာအိုဆီ ရောင်းချချင်ကြတာ မဟုတ်တော့ဘူး။ ဒါကြောင့် လူတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ စနစ်ရဲ့ ဒုတိယအဆင့်မှာ လွတ်လပ်ခွင့်များများ ဖန်တီးထားမိမှာ … ဥပမာအနေနဲ့ဆိုရင် မြေကမ္ဘာဧကရာဇ်နဲ့ ကောင်းကင်ဧကရာဇ် ရာထူးတွေလိုပေါ့ …

ငရဲဘုံဧကရာဇ်နဲ့ ကောင်းကင်ကာဒီနယ် သံတမန်တို့က ရပ်ဝန်းတစ်ခုကို တာဝန်ယူနေချိန်မှာ သူတို့ကတော့ တစ်ဦးချင်း အရင်းအမြစ်ဟွင်သွမ်းကမ္ဘာတွေကို ထိန်းချုပ်မဲ့ မြေကမ္ဘာဧကရာဇ်နဲ့ ကောင်းကင်ဧကရာဇ် ပုံစံမျိုး လက်အောက်ခံတွေ ရှိနိုင်ပြီး အာဏာချုပ်ကိုင်မှု လျှော့ချနိုင်တယ် …

မဟုတ်ဘူး … ငါ မှားသွားပြီ …

ဒုတိယအဆင့် စနစ်က လွတ်လပ်မှုရဲ့ ဆွဲဆောင်မှုနဲ့ လူတွေကို သွေးဆောင်ဖို့ မဟုတ်ဘူး … အဲဒါနဲ့ ဆန့်ကျင်ဘက်ပဲ။

မြေကမ္ဘာနဲ့ ကောင်းကင်ဧကရာဇ် ရာထူးတွေက အန္တိမသဟဇာတရဲ့ အခြေအနေနဲ့ ဆင်တူနိုင်တယ်။ အဲဒီမှာ သူတို့က ဝိညာဉ်သာလွန်ခြင်း ခွန်အားကို ရရှိဖို့ သူတို့ကိုယ်သူတို့ ကောင်းကင်တာအို ဒါမှမဟုတ် သံသရာနဲ့ ပေါင်းစပ်ကြရလိမ့်မယ် …

ထိုသို့သော ချဉ်းကပ်မှုသည် သူတို့၏ ခွန်အားကို ကန့်သတ်ထားပြီး သူတို့ကို တစ်နေရာတည်းတွင် ချည်နှောင်ထားမည်ဖြစ်သောကြောင့် ပိုမို စီမံခန့်ခွဲနိုင်လိမ့်မည် ဖြစ်သည်။ ဤရာထူးများအတွက် မဟာတာအို၏ ပစ်မှတ်မှာ ထူးကဲသာလွန်လမ်းစဉ်ကို လျှောက်လှမ်းရန် အရည်အချင်းမရှိသူ သို့မဟုတ် တွန်းအားမရှိသူများ ဖြစ်သည်။ ထိုသူများသည် စွမ်းအားရရှိရန် အခွင့်အရေးအတွက် သူတို့၏ ဝိညာဉ်နှင့် လွတ်လပ်ခွင့်ကို စွန့်လွှတ်ပြီး မဟာတာအို၏ အစောင့်ခွေးများ ဖြစ်လာရန် ဆန္ဒရှိကြလိမ့်မည်။

ဝမ်ဝေ့က သူ့မှန်းဆချက်နှင့် ပတ်သက်ပြီး မပျော်ပေ။ သူ မှန်သည်ဆိုပါက မဟာတာအိုတွင် မြေကမ္ဘာဧကရာဇ် ၃၈၀၀ နှင့် ကောင်းကင်ဧကရာဇ် ၃၈၀၀ ရှိလာလိမ့်မည်။ အားလုံးသည် ဝိညာဉ်သာလွန်ခြင်းအဆင့်တွင် ရှိပြီး ထူးကဲသာလွန်ခေတ်ကာလတွင် စည်းမျဉ်းစည်းကမ်းများ တည်ထောင်ရန်အတွက် အသုံးပြုနိုင်မည်။ သူတို့ထက် ပိုမိုအစွမ်းထက်ပြီး ပိုမိုကြီးမားသော အာဏာရှိသည့် သံတမန် အယောက် ၃၀ ကို ထည့်သွင်းမပြောရသေးပေ။

လူသားဧကရာဇ်တွေကရော … သူတို့က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မှာလဲ …

ဝမ်ဝေ့က သူ့ကိုယ်သူ မေးသည်။

သူတို့ဟာ ဝိဇ္ဇာတွေရဲ့ ထူးကဲသာလွန်မှုလမ်းစဉ်ပဲ … ကုသိုလ်ရဲ့ လမ်းစဉ်ပေါ့။

သူတို့သည် မဟာတာအိုက ခွင့်ပြုထားသော သို့မဟုတ် အားပေးထားသော ထူးကဲသာလွန်မှု၏ မှန်ကန်သော သို့မဟုတ် လက်ခံနိုင်သော နည်းလမ်းများထဲမှ တစ်ခုကို ကိုယ်စားပြုပေ၏။

တစ်စုံတစ်ယောက်က အရင်းအမြစ် ဟွင်သွမ်းကမ္ဘာတစ်ခုအတွက် လူသားဧကရာဇ်ဂုဏ်ပုဒ်ကို ရရှိရန် လုံလောက်စွာ အထောက်အကူပြုပြီး တတိယအဆင့် ကုသိုလ်ရွှေခန္ဓာကို ပိုင်ဆိုင်ထားပါက သူတို့သည် ဝိဇ္ဇာဧကရာဇ်ရာထူးအတွက် အရည်အချင်း ပြည့်မီလိမ့်မည်။ ပြောရမည်ဆိုလျှင် ထိုအရာသည် ဝိညာဉ် သာလွန်ခြင်းအဆင့်နှင့် ညီမျှနေပေသည်။

All Chapters