၁၂ ကြိမ်မြောက် ဆင့်ကဲပြောင်းလဲခြင်း အပိုင်း(၂)
Vol. 109 Ch. 1526
ဝမ်ဝေ့ ရှာဖွေတွေ့ရှိခဲ့သော နောက်ထပ် လျှို့ဝှက်ချက်သည် စိတ်ဝင်စားစရာ ကောင်းလှသည်။ သူ ငယ်စဉ်က မသိနားမလည်သေးသည့်အချိန်တွင် မကောင်းဆိုးဝါးနတ်ဘုရားများသည် စံပြများနှင့် တိုက်ခိုက်ရာတွင် သူတို့၏ကမ္ဘာဦးစည်းမျဉ်းနှင့် ကမ္ဘာဦးဆန္ဒအားဖြည့်မှုကို လိုအပ်သည်ဟု ယူဆခဲ့သည်။ သို့သော် သူ ဗဟုသုတ ကြွယ်ဝလာသည်နှင့်အမျှ မကောင်းဆိုးဝါးနတ်ဘုရားများသည် သူတို့၏ခန္ဓာကို အားကိုး၍ စံပြများနှင့် တန်းတူ တိုက်ခိုက်နိုင်ကြောင်း နားလည်လာခဲ့သည်။
ဒါဆို ကမ္ဘာဦးစည်းမျဉ်းနဲ့ ကမ္ဘာဦးဆန္ဒ အားဖြည့်မှုရဲ့ ရည်ရွယ်ချက်က ဘာလဲ …
ထိုအရာများသည် သူတို့ကို အားသာချက် ပေးရန် ဖြစ်သည်။ ကမ္ဘာဦးဟွင်သွမ်းကား သူတို့၏ အိမ် ဖြစ်ပေသည်။ ဆိုလိုသည်မှာ မကောင်းဆိုးဝါးနတ်ဘုရားနှင့် တိုက်ခိုက်ခြင်းသည် အိမ်ကွင်း၏ အားသာချက်ကို ဆုံးရှုံးလိုက်ရခြင်းသာ ဖြစ်၏။ ချွင်းချက်ကား ဟွင်းသွမ်းကမ္ဘာအတွင်း စစ်ပွဲဖြစ်ပျက်ခဲ့သည့်အခါ ဖြစ်သည်။
ဝမ်ဝေ့က သွေးမျိုးဆက်ကို လေ့လာနေစဉ် အလွန်ထူးချွန်သော အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရား အချို့ကိုသာ ပေးအပ်ထားသော ကမ္ဘာဦးဥဟု လူသိများသည့် ထူးခြားအရည်အချင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ရိုးရှင်းစွာ ပြောရလျှင် ဤစွမ်းရည်သည် မကောင်းဆိုးဝါးနတ်ဘုရားတချို့အား သူတို့၏ နှလုံးသားအတွင်း၌ ကမ္ဘာဦးဟွင်သွမ်း၏ အရင်းအမြစ်ကို ပေါင်းစပ်နိုင်စေသည်။ ပို၍ အရေးကြီးသည်မှာ ကမ္ဘာဦးဥ သို့မဟုတ် ကမ္ဘာဦးဟွင်သွမ်း အရင်းအမြစ် က ကမ္ဘာဦးဆန္ဒကို သယ်ဆောင်နိုင်လေသည်။
ဤစွမ်းရည်ရှိထားသော မကောင်းဆိုးဝါးနတ်ဘုရားများသည် မည်သည့်အရာတွင်မဆို၊ မည်သည့်နေရာတွင်မဆို ကမ္ဘာဦးဆန္ဒ၏ ကောင်းချီးမင်္ဂလာနှင့် အားဖြည့်မှုကို အသုံးပြုနိုင်ကြသည်။ ဆိုလိုသည်မှာ သူတို့သည် ဟွင်သွမ်းကမ္ဘာအတွင်း တိုက်ခိုက်ရသည့်အခါ ကန့်သတ်မခံရပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ပြင်ပပတ်ဝန်းကျင်များတွင်ပင် သူတို့၏ အားသာချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြသည်။
ဒါက စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်ဆိုပေမဲ့ ငါ တကယ် မလိုဘူး …
ဝမ်ဝေ့က တွေးလိုက်သည်။ သူ့စွမ်းအားအရင်းအမြစ်မှာ ဗလာနတ္ထိဖြစ်ပြီး ထိုစွမ်းအားသည်လည်း ပတ်ဝန်းကျင်၏ မည်သည့်သက်ရောက်မှုကိုမှ မခံရပေ။ ဗလာနတ္ထိသည် နေရာတိုင်းတွင် ရှိနေ၏။ ဆိုလိုသည်မှာ ဝမ်ဝေ့က သူ သွားလာသည့် မည်သည့်နေရာတွင်မဆို ထိုအရာ၏ စွမ်းအား သို့မဟုတ် အားဖြည့်မှုကို ရယူနိုင်သည်။
ကမ္ဘာပေါ်မှာ အကြွင်းမဲ့ဆိုတာ မရှိဘူး။ ဒါကြောင့် လိုအပ်ရင် အလားတူ ခန္ဓာစွမ်းရည်တစ်ခု ပြင်ဆင်ထားသင့်တယ် …
ဒါ့အပြင် ငါက ဒီအားဖြည့်မှုကို မလိုအပ်ပေမဲ့ တခြား မျိုးနွယ်ဝင်တွေမှာ ငါ့ရဲ့ အားသာချက်မျိုး မရှိကြဘူး …
ဝမ်ဝေ့က ခွဲခြမ်းစိတ်ဖြာသည်။ အဆင့်မြှင့်တင်ရခြင်း၏ အဓိကအချက်မှာ လူတိုင်းက သူ့ဗလာနတ္ထိ စွမ်းအားကို အသုံးမပြုနိုင်၍ ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် သွေးမျိုးဆက် အဆင့်မြှင့်တင်မှုကို လူအများစုအတွက် ဖြစ်နိုင်သမျှ အသုံးပြုနိုင်စေဖို့ လိုအပ်နေခဲ့သည်။
ဝမ်ဝေ့က ဤအဆင့်မြှင့်တင်မှုကို ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။ နေနှင့် လတို့ ထွက်ပေါ်ပြီး ပြန်ဝင်သွားသော်လည်း သူ နက်ရှိုင်းသော အာရုံစူးစိုက်မှုအခြေအနေအတွင်း ကျရောက်နေသည့်အခါ အချိန်သည် သူ့အတွက် အဓိပ္ပာယ်မရှိတော့ပေ။ လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါမှ ပြန်လည်သတိကပ်လာသည်။
ဟင် .. တခြားတစ်ယောက်ယောက်က ငါ့ရဲ့ အရင်အလုပ်ကို ပြုပြင်မွမ်းမံထားတာပဲ …
ဝမ်ဝေ့က သွေးမျိုးဆက် ဇစ်မြစ်တွင် အပြောင်းအလဲအသစ်များကို သတိပြုမိပြီး တွေးလိုက်မိသည်။ သူ စစ်ဆေးကြည့်ပြီးနောက် မနာလိုမှု ရောထွေးသော အပြုံးဖြင့် ပြုံးလိုက်သည်။ တစ်စုံတစ်ယောက်က သူ ရွေးချယ်ခဲ့သည့် ငါးဆအစား သွေးမျိုးဆက်၏ ကြီးထွားနှုန်းကို ဆယ်ဆ တိုးမြှင့်ထားလေ၏။
ဒီလို ရက်စက်တဲ့ ချဉ်းကပ်မှုကို အသုံးပြုဖို့ အကြံပြုခဲ့တာ ယန်းအိုက် ဖြစ်လိမ့်မယ်လို့ ငါ လောင်းရဲတယ် …
ဝမ်ဝေ့က တွေးလိုက်သည်။ ယခုမှစ၍ မျိုးနွယ်ဝင်အားလုံးအတွက် လေ့ကျင့်မှုပြင်းအားသည် ဆယ်ဆ ပိုမို ကြမ်းတမ်းလာမည်ကို သူ စိတ်ကူးနိုင်သည်။ ကပ်ဘေးနီးကပ်လာနေပြီဟု ဆိုလိုသည်မှာ ဂိုဏ်းသည် အရင်းအမြစ်များကို အသုံးပြုရာတွင် ပိုမို ရက်ရောလာမည်ဖြစ်သော်လည်း လေ့ကျင့်မှုတွင် ပိုမို ကြမ်းတမ်းလာတော့မည် ဖြစ်၏။
ယခု ဂိုဏ်းတစ်ခုလုံး၌ ထိုမျှ အစွမ်းထက်သောသွေးမျိုးဆက်ကို ရရှိထားသောကြောင့် ထိုသူများ၏ ပါရမီ၊ အရည်အချင်းများကို ညှစ်ထုတ်ပြီး ရှေ့တွင်ရှိနေသော မည်သည့်ဘေးအန္တရာယ်နှင့်မဆို ရင်ဆိုင်နိုင်ရန် တတ်နိုင်သမျှ မြန်မြန် ကြီးထွားလာစေဖို့ သေချာအောင် လုပ်ဆောင်ရလိမ့်မည်။
ကောင်းပြီလေ … အားလုံး ကံကောင်းကြပါစေ …
ဝမ်ဝေ့က တွေးလိုက်ပြီး သူ့လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သွေးမျိုးဆက်မှ သူ ရှာဖွေတွေ့ရှိခဲ့သော နောက်ထပ် လျှို့ဝှက်ချက်သည် သူ့အား အလွန် စိတ်လှုပ်ရှားစေခဲ့သည်။ မကောင်းဆိုးဝါးနတ်ဘုရားများသည် အချိန်မြစ်ကြောင်း၏ အရေးပါမှုကို ရှောင်လွှဲ၍ မရနိုင်ပေ။ ကမ္ဘာဦးဟွင်သွမ်းက သူတို့၏ မိခင် ဖြစ်သည့်အတွက် သူတို့သည် သွားလာရန် အချိန်မြစ်ကြောင်းကို အသုံးပြုရန် လိုအပ်နေသေး၏။ သို့သော် အချိန်စိတ်ဝိညာဉ်နှင့် အချိန်အမှတ်အသားတို့၏ တိုက်ပွဲမှ မလွတ်မြောက်နိုင်ပေ။
ကမ္ဘာဦးဆန္ဒသည် မကောင်းဆိုးဝါးနတ်ဘုရား၏ အချိန်အမှတ်အသားကို အလိုအလျောက် ကာကွယ်ပေးလိမ့်မည်။ ထို့ကြောင့် အခြားသူများအတွက် ထိုအရာကို ရှာဖွေရန် ပိုမို ခက်ခဲစေသည်။ ထိုကာကွယ်မှုက အလိုအလျောက်ဖြစ်ပြီး မကောင်းဆိုးဝါးနတ်ဘုရားတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းကို ထည့်မတွက်ထားပေ။ ထို့အပြင် ဝမ်ဝေ့က အချို့သော အထွတ်အထိပ်သွေးမျိုးဆက်တွင် သူ့ဝိဇ္ဇာကာကွယ်မှုနှင့် ဆင်တူသော စွမ်းရည်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုစွမ်းရည်ကို ဟွင်သွမ်း၏ ပွေ့ဖက်မှုဟုခေါ်ဆိုပြီး ထိုအရာက ထူးချွန်သော မကောင်းဆိုးဝါးနတ်ဘုရားတချို့အား စက္ကန့် ၃၀ ကြာ ကာကွယ်မှုကို ပေးအပ်ထားသည်။ ထိုပမာဏသည် ဝိဇ္ဇာကာကွယ်မှု၏ မိနစ်သုံးဆယ်နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးသော်လည်း ပြန်လည်အားဖြည့်ရန်အတွက် ကုသိုလ် မလိုအပ်ပေ။ အသုံးပြုပြီးသည့်နောက်တွင်ပင် ပြန်လည်ဖွဲ့စည်းရန်အတွက် အချိန်သာ လိုအပ်သည်။
ငါ ဒါကို သေချာပေါက် ကူးယူရမယ် …
ဝမ်ဝေ့က စတင်လုပ်ဆောင်နေရင်း တွေးလိုက်သည်။ ဂိုဏ်းတွင် တတိယအဆင့် အသက်ရှည်အရင်းအမြစ်များ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို အကြွင်းမဲ့တားမြစ်ချက်အတွက် အသုံးပြုခဲ့ကြ၍ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က အသက်ကယ်စွမ်းရည်များကို ရရှိရန် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်ခံမည် မဟုတ်ပေ။
သူ့ဝိဇ္ဇာကာကွယ်မှုမှ ဗဟုသုတများက ဖြစ်စဉ်ကို ပိုမိုလွယ်ကူစေသည်။ ထို့ကြောင့် အမည်မသိအချိန်တစ်ခုကြာမြင့်ပြီးသည့်နောက် ဝမ်ဝေ့က သူ့ဗလာနတ္ထိဆန္ဒကို အသုံးပြုကာ မကောင်းဆိုးဝါးနတ်ဘုရားများ၏ အချိန်ဝိညာဉ်ကို အားကောင်းစေပြီး အချိန်အမှတ်အသားကို ကာကွယ်ပေးသည့် အလိုအလျောက်စွမ်းရည်ကို ပြန်လည်ဖန်တီးခဲ့သည်။
အဆင့်မြှင့်တင်မှုသည် ပြီးဆုံးလုနီးပါး ဖြစ်လာပြီ ဖြစ်၏။ ဝမ်ဝေ့ လုပ်ဆောင်ရမည့် နောက်ဆုံးအရာမှာ ၁၁ ကြိမ်မြောက် ဆင့်ကဲပြောင်းလဲခြင်းမှ တချို့သောစွမ်းရည်များကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရန် ဖြစ်သည်။ သို့သော် သူ့အနေနှင့် လျို့ဝှက်ဆန်းကြယ်မှုတစ်ခုလိုဖြစ်နေသည့် မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်၏ တစိတ်တပိုင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက ပုံကြမ်းကို လေ့လာကြည့်သော်လည်း သွေးမျိုးဆက်၏ ထိုအစိတ်အပိုင်း၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။
ဝမ်ဝေ့က ထိုကဏ္ဍကို သူ့သွေးမျိုးဆက်အတွက် ရိုးရိုးရှင်းရှင်း မကူးယူရဲခဲ့ပေ။ ထို့ကြောင့် သူက သေချာစောင့်ကြည့်ပြီး နောက်ပိုင်းတွင် အချိန်ရပါက စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ ယခု သူ့သွေးမျိုးဆက် မြင့်မားလာပြီဖြစ်သောကြောင့် သူ ကျင့်ကြံရမည့် အချိန်ရောက်ရှိလာလေပြီ။ သူက ကံကြမ္မာ ငါးမျှားနေစဉ်အခါက ခိုးယူခဲ့သော ကုသိုလ်ကို အသုံးပြု၍ လဲလှယ်ရေးစာရင်းမှ ဝယ်ယူထားသည့် မူလအဆီအနှစ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။
သူက ထိုအရာကို စုပ်ယူလိုက်ပြီး အာနိသင်ပြနေစဉ်အတွင်း သူ့အလိုဆန္ဒစွမ်းအားကို လေ့ကျင့်ရန် ဗလာနတ္ထိဆန္ဒကို ဆင့်ခေါ်လိုက်သည်။ သူက ကျယ်ပြန့်ကာ မတည်ရှိခြင်း၊ ပျက်သုဉ်းခြင်းစသည့် အခြေအနေတို့ကို ကိုယ်စားပြုသည့် သဘောတရားနှင့် ရင်ဆိုင်နေရချိန်တွင် သူ့စိတ်မှ စုစည်းနိုင်သည့် ခွန်အားအားလုံးဖြင့် ခုခံခဲ့သည်။
အချိန် ကုန်လွန်သွားပြီး ဝမ်ဝေ့၏ ခန္ဓာကိုယ်က အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရား၏ သတ္တမမြောက်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိခဲ့သည်။ သူ့စိတ်ဆန္ဒစွမ်းအားသည် ၉၉ ရာခိုင်နှုန်းသို့ ရောက်ရှိရန် အချိန်တိုလေးသာ လိုအပ်သည်။
မလုံလောက်သေးဘူး …
ဝမ်ဝေ့က သူ့ကိုယ်သူ နာကျင်မှုစွမ်းရည်ကို အသက်သွင်းရင်း တွေးလိုက်သည်။ သူက သူ့စိတ်ဆန္ဒစွမ်းအားကို တတ်နိုင်သမျှ အမြန်ဆုံး အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်နိုင်ရန် ချဉ်းကပ်မှုနှစ်မျိုးကို အသုံးပြုလိုက်သည်။
ဝမ်ဝေ့၏ လည်ပင်း၌ အစိမ်းရောင် သွေးပြန်ကြောများ ပေါ်လာပြီး သူ့မျက်နှာရောင်က ခရမ်းရောင်ပြောင်းလဲသွားသည်။ သူက ဝက်သားပြား တစ်ပန်းကန်ကို ထုတ်လိုက်ရင်း အံ့ကြိတ်ထားလိုက်သည်။ ပုံမှန်အားဖြင့် သူက အနံ့ကို ချက်ချင်း ခံစားရမည်ဖြစ်သော်လည်း အစားအစာ၏ ရနံ့ကား သူ့စိတ်ထဲမှ အဝေးဆုံး ဖြစ်နေသည်။ ဝူဟုန်က သူ့အား အသေးစိတ် ရှင်းပြခဲ့သော်လည်း ဤအစားအစာအတွက် မည်သည့် ဝက်အမျိုးအစား အသုံးပြုခဲ့သည်ကိုပင် ဝမ်ဝေ့ မမှတ်မိနိုင်တော့ပေ။
ဝမ်ဝေ့က တူဖြင့် နည်းနည်း စားရန် ကြိုးစားလိုက်သော်လည်း သူ့လက်က အလွန်တုန်ယင်နေလေ၏။ သူက ပါးစပ်ကို ဟပြီး အစာကို မျိုချရန်သာ ရွေးချယ်စရာ ကျန်တော့သည်။ သူ့အဆီအနှစ်ပန်းပွင့် စွမ်းရည်က အသက်ဝင်လာပြီး ပြင်းထန်သည့် အရသာကို သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ရောက်ရှိစေသည့် အာဟာရစွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်သည်။
အာဟာရဖြစ်စေသော ခံစားမှုသည် နာကျင်မှုမှ ခဏတာ သက်သာရာရစေသော်လည်း ထိုအရာကို ကျော်လွှားရန် မလုံလောက်သေးပေ။ ဆန့်ကျင်ဘက်အားဖြင့် နာကျင်မှု နှင့် သက်သာရာရမှု၏ စဉ်ဆက်မပြတ် လည်ပတ်နေမှုသည် အခြေအနေကို ပိုဆိုးစေသည်။ ကံကောင်းထောက်မစွာဖြင့် စွမ်းအား ရုတ်တရက် ပြင်းထန်စွာ တိုးလာခြင်းက ဖြစ်စဉ်ကို ပိုမို ခံနိုင်ရည် ရှိသွားစေသည်။
ဝမ်ဝေ့၏ ခန္ဓာကိုယ်က အဌမကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားပြီး သူ့စိတ်ဆန္ဒစွမ်းအားသည်လည်း ၉၉ ရာခိုင်နှုန်း အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ ဝမ်ဝေ့က ဆက်လက် ကျင့်ကြံတော့မည့်ဆဲဆဲတွင် ဗလာနတ္ထိစွမ်းအားက ပြင်းထန်လာသောကြောင့် ခဏ ရပ်တန့်လိုက်ရသည်။ သူက ဗလာနတ္ထိအဆင့်၏ တတိယအဆင့် အထွတ်အထိပ်ဖြစ်သော ဟင်းလင်းပြင်အဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
ငါ ပိုပြီး ဂရုစိုက်ဖို့ လိုတယ် …
ဝမ်ဝေ့က ကျင့်ကြံမှုကို ခဏ ရပ်တန့်ပြီး သူ့စိတ်ဆန္ဒစွမ်းအားကို မြှင့်တင်ရန်နှင့် သူ့ဗလာနတ္ထိစက်ဝန်းထဲသို့ စွမ်းအားပိုမို စုပ်ယူရန် အာရုံစိုက်ထားလိုက်သည်။ အချိန်သည် သူ့အတွက် အဓိပ္ပာယ် မရှိသည့်အတွက် အာရုံမစိုက်ခဲ့ပေ။
အချိန်မည်မျှကုန်လွန်သွားသည်ကို သူ မသိသော်လည်း သူ့စိတ်ဆန္ဒစွမ်းအားသည် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သူ့ဟင်းလင်းပြင်အဆင့်သည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ဒီခံစားချက်...
ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ယခု ဗလာနတ္ထိစွမ်းအားနှင့် ထူးဆန်းသော ဆက်နွယ်မှုတစ်ခု ရှိနေပြီ ဖြစ်၏။ မကောင်းဆိုးဝါးနတ်ဘုရားများသည် ကမ္ဘာဦးဟွင်သွမ်း၏ ချစ်မျက်ရှုလေးများ ဖြစ်သကဲ့သို့ သူကလည်း ယခု ဗလာနတ္ထိ၏ ချစ်သားတော်လေး ဖြစ်နေလေပြီ။
ကံကြမ္မာရဲ့ သားတော်ထက် ဗလာနတ္ထိရဲ့ သားတော် ဖြစ်တာက ပိုကောင်းပါတယ် …
သူ မှတ်ချက်ပေးလိုက်သည်။ သူ့ဆက်နွယ်မှုအသစ်သည် စစ်ပွဲတွင်ဖြစ်စေ၊ သူ့အနာဂတ် ကျင့်ကြံရေးအတွက်ဖြစ်စေ အားသာချက်များစွာ ယူဆောင်လာပေးလိမ့်မည်။
ဟမ် …
ဝမ်ဝေ့က အခြားအရာတစ်ခုကို သတိပြုမိပြီး တီးတိုးရေရွတ်လိုက်သည်။
ငါ့ရဲ့ ကံကြမ္မာမျိုးစေ့ အနေအထားက ပိုပြီး လျော့ကျသွားပြီ …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ဗလာနတ္ထိနှင့် တိုးလာသော ဆက်နွယ်မှုသည် သူ့ထံမှ ကံကြမ္မာ၏ ချည်နှောင်မှုအချို့ကို ဖယ်ရှားပေးခဲ့ပုံရသည်။
"အရမ်းကောင်းတယ်"
ဝမ်ဝေ့က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ သူ့လွတ်လပ်ခွင့်ကို အာမခံနိုင်မည့် နောက်ထပ်နည်းလမ်းတစ်ခုကို တွေ့လိုက်ရသည်။ သူက သူ့ခန္ဓာကိုယ်သာလွန်ခြင်းကို ဖွဲ့စည်းပြီး အစစ်အမှန် ဗလာနတ္ထိအဆင့်သို့ ဝင်ရောက်သည့်အခါ မျိုးစေ့၏ ကျန်ရှိသော အကျိုးသက်ရောက်မှုများကို ဖယ်ရှားပစ်နိုင်သင့်သည်။
ဝမ်ဝေ့က စိတ်အခြေအနေကောင်းမွန်နေမှုကို အခွင့်ကောင်းယူပြီး ဆက်လက် ကျင့်ကြံခဲ့သည်။ သူက အကြောင်းတရားကျမ်းမှတဆင့် ကံကြမ္မာမြစ်ကြောင်းပုံရိပ်ကို ဆင့်ခေါ်ခဲ့သည်။ မြစ်ကြောင်းမှ မီးခိုးရောင် တံတားတစ်ခုကို တည်ဆောက်ခဲ့ပြီး ဝမ်ဝေ့ဆီသို့ တိုက်ရိုက် ဦးတည်နေလေ၏။ သူ ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းလာကတည်းက တွေ့ကြုံခဲ့ရသည့် အရာအားလုံး၏ မြင်ကွင်းများသည် မြစ်ထဲတွင် တလက်လက်ထနေကာ ဖြစ်စဉ်အတွင်း တံတားမှတစ်ဆင့် အမည်မသိစွမ်းအားတစ်ခုကို ထုတ်လွှတ်လာသည်။.
ဝမ်ဝေ့က ထိုစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်သည်။
"ဒီစွမ်းအားက စစ်ဆေးမှုတုန်းက ရတဲ့ စွမ်းအားလောက် အစွမ်းထက်ပြီး စွယ်စုံသုံး မဟုတ်ပေမဲ့ ဒါကလည်း ကောင်းနေပါသေးတယ်။ ငါ နှစ်ခုကို ပေါင်းစပ်နိုင်မလား မသိဘူး"
သူက မှတ်ချက်ပေးလိုက်သည်။
ဤစွမ်းအားဖြင့် ဝမ်ဝေ့၏ ကျင့်ကြံရေးသည် မကြာမီ နဝမမြောက်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိခဲ့လေ၏။ သူတွင် စွမ်းအင်များစွာ ကျန်ရှိနေသေးသည်။
ဒါကို ဘာလုပ်ရမလဲ …
ဝမ်ဝေ့က သာလွန်ခြင်းအဆင့်တွင် ကျင့်ကြံရန် စွမ်းအင်/စွမ်းအားအတွက် ပြင်းထန်သည့် လိုအပ်ချက်ကို ကြိုတင်ခန့်မှန်းထားခဲ့သည်။ မဟာတာအိုအနေနှင့် ရှေးဦးခန္ဓာစံအိမ် တည်ထောင်သူနှင့် အဖြစ်အပျက်အပြီးတွင် အမှားဟောင်းများမှ သင်ယူခဲ့ပုံရသည်။ ထို့ကြောင့် ပိုမိုမြင့်မားသော ကိုယ်အဖြစ်သို့ ပြောင်းလဲခြင်းကို လွယ်ကူချောမွေ့စေရန်အတွက် မဟာတာအိုအရင်းအမြစ်မှ စွမ်းအားများကို စုပ်ယူဖို့ ကျင့်ကြံသူများအား ခွင့်ပြုမည် မထင်ပေ။
ငါ့မှာ မာလီချိုးရဲ့ ဝိညာဉ် စွမ်းအားသိုလှောင်မှု ရှိတယ် … ဆိုလိုတာက ငါ့ရဲ့ ဝိညာဉ်သာလွန်ခြင်းအဆင့်အတွက် ပြဿနာ ရှိမှာမဟုတ်ဘူး။
ဒါပေမဲ့ ငါ အနာဂတ်အတွက် ပြင်ဆင်ထားသင့်တယ် …
ဝမ်ဝေ့က တွေးလိုက်သည်။ အမြဲတမ်းလိုပင် သူက သူ့ရွယ်တူများထက် ရှေ့ရောက်နေခဲ့သည်။ မေတ္တယျက တခြားသောအချိန်စက်ဝန်းမှ ပုံစံကွဲအများအပြား၏ ဝိညာဉ်များမှ စွမ်းအင်ကို အသုံးပြုခဲ့ရပြီး အချိန်မြစ်ကြောင်းမှလည်း ခိုးယူခဲ့ပုံရသည်။ အန္တိမသဟဇာတက ကံကောင်းထောက်မစွာဖြင့် ကောင်းကင်တာအို၏ ကမ္ဘာ့အရင်းအမြစ်ကို ရရှိခဲ့သော်လည်း ထိန်းချုပ်ဖို့ရာ ရုန်းကန်ခဲ့ရသည်။
သို့သော် ဝမ်ဝေ့က သူ့အဆင့်မြင့်တင်မှုအတွက် စွမ်းအင်များစွာကို သိုလှောင်ထားပြီး ဖြစ်ရာ ထိုအရာတို့သည် လူတစ်ဦးထက်ပို၍ လုံလောက်နိုင်သည်။ ဤနည်းစနစ်မှ အကြောင်းတရားစွမ်းအားသည် သူ့အနာဂတ်ကျင့်ကြံရေးအတွက် နောက်ထပ် စွမ်းအားရင်းမြစ်တစ်ခု ဖြစ်သည်။
ဒီအရင်းအမြစ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်က သူ့ဘာသာ ပြန်လည်အားဖြည့်နိုင်ပြီး ကံကင်းမဲ့တာပဲ …
ဝမ်ဝေ့က တွေးလိုက်သည်။ အကြောင်းတရားစွမ်းအားသည် သူက ကမ္ဘာကို ပြောင်းလဲခြင်းမှ ဆင်းသက်လာတာ ဖြစ်၏။
မဟာတာအိုက မြင့်မားတဲ့အရင်းအမြစ်တွေကို တင်းတင်းကြပ်ကြပ် စီမံခန့်ခွဲနိုင်မယ်တူတယ် … အဲလိုဆိုရင် ကံမဲ့ အရင်းအမြစ်တွေက အလွန်တန်ဖိုးရှိလာလိမ့်မယ် …
သူက တွေးလိုက်သည်။ ဝမ်ဝေ့က အနာဂတ် အသုံးပြုရန်အတွက် စွမ်းအင်သိုလှောင်မှုကို ထိန်းသိမ်းထားရန်နှင့် သူ့ဝိညာဉ်သာလွန်ခြင်းကို ဖွဲ့စည်းပြီးသည့်နောက် သူ့နည်းစနစ်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။