← Chapters

ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း

Vol. 140 Ch. 1802

ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း

Vol. 140 Ch. 1802

"အနန္တအဘိုးအိုရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေက များပေမယ့် တစ်ခုမှ အဲ့ဒီလောက် အစွမ်းထက်တာ မဟုတ်ဘူး... ဖြေရှင်းနည်း ရှာလို့ ရနိုင်တယ်"

ချင်မူက ကျူစန်းထုံနှင့် ထိုက်ရှီတို့၏ စကားကို နားထောင်နေရင်း ပြောသည်။ "အနန္တအဘိုးအိုက ကျုပ်တို့နဲ့ အများဆုံး တိုက်ခိုက်ခဲ့တာ... ဒါကြောင့် အများဆုံး မှတ်တမ်းတင်နိုင်ခဲ့တယ်... သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေက သခင်လေးတွေနဲ့ ယှဉ်ရင် နက်နဲမှု မရှိဘူး... 'များ'တယ် ဆိုတာပဲ ရှိတယ်... သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သခင်လေးတွေထက် နက်ရှိုင်းပေမယ့် ဒီနှစ်တွေအတွင်း ဘိုးဘေးနန်းတော်မှာ ဟင်းလင်းပြင်ကို တံဆိပ်ခတ်နှိပ်နိုင်တဲ့ တာအိုသိုင်းပညာရှင်အသစ် မရှိတော့တာကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက လုံးဝတိုးတက်မှု မရှိခဲ့ဘူး... သူက အင်အားကြီးနှစ်ဖွဲ့ထဲမှာ အားအနည်းဆုံး ကွင်းဆက်ပဲ"

လန်ယွီတျန်းလည်း ခေါင်းညိတ်သည်။ နှစ်သုံးထောင်ကြာ သေမင်းနှုတ်ခမ်းဝတွင် လျှောက်နေရသော အတွေ့အကြုံက သူ့ကို ယခင်ကထက် ပိုမို တည်ငြိမ်စေခဲ့သည်။ သူက ပြော၏။ "အနန္တအဘိုးအိုကို ရင်ဆိုင်လို့ ရနိုင်ပါတယ်... ပြီးတော့ လောကသစ်ပင်က အဲ့ဒီနေရာမှာ အမြစ်တွယ်ထားတာဆိုတော့ မရွှေ့နိုင်တဲ့ ပစ်မှတ်တစ်ခုကို ထောင်ထားသလိုပဲ... နိုင်ရင်တိုက်၊ မနိုင်ရင်ဆုတ်ပေါ့... အနန္တအဘိုးအို ဘယ်လောက် အင်အားကြီးကြီး ကျွန်တော်တို့ အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပါတယ်... ဒါပေမဲ့ မီလော့နန်းတော်က သခင်လေးတွေက ပြောင်းလဲမှု များလွန်းတော့ ရင်ဆိုင်ရ ပိုခက်တယ်"

ရှုရှန်းဟွာက ဝင်ပြောသည်။ "အခု သခင်လေးသုံးရဲ့ တာအိုလှံ ဆင်းသက်လာပြီဆိုတော့ ပိုပြီး ရင်ဆိုင်ရ ခက်သွားပြီ"

ချင်မူမှာ အလွန် ကျေနပ်နေမိသည်။ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ကား သူတို့ကိုယ်တိုင် တာဝန်ယူရပ်တည်နိုင်ကြပြီ ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် တာအိုသိုင်းပညာရှင်များ ပိုပို၍ များပြားလာလိမ့်မည်။ အနန္တအဘိုးအိုကို ဓားသွေးကျောက်အဖြစ် အသုံးပြုပြီး အနာဂတ်တွင် တာအိုသိုင်းပညာရှင်များ ပိုမို ထွက်ပေါ်လာမည်မှာ သေချာသည်။ ခန်းမသခင်၊ သခင်လေးကဲ့သို့သော ပုဂ္ဂိုလ်များပင် ထွက်ပေါ်လာပြီး မီလော့နန်းတော်ကို ရင်ဆိုင်နိုင်လာနိုင်ပေလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာက ထောက်ပံ့ပေး‌ထားသရွေ့ ဘိုးဘေးနန်းတော်၏ အခြေအနေကို အချိန်ဆွဲထားလေလေ အောင်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။

"ပိုပြီး အရေးကြီးတာက မီလော့နန်းတော်က အနန္တအဘိုးအိုကို ချန်ထားမှာ မဟုတ်ဘူး"

ဆေးဆရာက ချင်မူ၏ ဒဏ်ရာများကို ချုပ်ပေးလိုက်သဖြင့် ချင်မူ မတ်တပ်ရပ်လိုက်သည်။ "သခင်လေးတွေ ဆင်းသက်ချင်ရင် အလွယ်ဆုံး နည်းလမ်းက အနန္တအဘိုးအိုကို ဖယ်ရှားပြီး စွမ်းအင်မှန်သမျှ ရှင်းလင်းပစ်ဖို့ပဲ... အဲ့ဒါမှ သူတို့ ဆင်းသက်ဖို့ လိုအပ်တဲ့ စွမ်းအင် ရမှာ…. ကျုပ်ကို ဖယ်ရှားဖို့က မဖြစ်နိုင်ဘူး... ခင်ဗျားတို့ကို ဖယ်ရှားရင်လည်း စွမ်းအင်က နည်းလွန်းတယ်... ဒါကြောင့် အနန္တအဘိုးအိုကိုပဲ စလုပ်ရမှာ"

သူက သင်္ဘောဦးတွင် ရပ်လျက် လောကသစ်ပင်ကို လှမ်းကြည့်ကာ ပြောသည်။ "အနန္တအဘိုးအို သေလို့ မဖြစ်ဘူး... သူ အသက်ရှင်နေမှ မီလော့နန်းတော်က သခင်လေးတွေ မဆင်းသက်လာနိုင်မှာ... လိုအပ်လာရင် ကျုပ်တို့လည်း အနန္တအဘိုးအိုနဲ့ ပူးပေါင်းပြီး မီလော့နန်းတော်ကို ရင်ဆိုင်တိုက်ခိုက်ရမယ်"

ရုတ်တရက် ဟင်းလင်းပြင် လှုပ်ခတ်သွားသည်။ ချင်မူမှာ အံ့ဩမှင်သက်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

ထိုနေရာ၌ ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်လိုက်သော တာအိုသိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါ ထွက်ပေါ်လာသည်။

သင်္ဘောပေါ်ရှိ လူတိုင်း မျက်နှာပျက်သွားကြချေပြီ။ သူတို့ အနန္တအဘိုးအိုကို ရင်ဆိုင်ရာတွင် တိုက်လိုက်၊ ဆုတ်လိုက် လုပ်နိုင်ခြင်းမှာ အနန္တအဘိုးအိုအနေဖြင့် အင်အားကြီးမားသော်လည်း သူ၏ လက်အောက်တွင် တာအိုသိုင်းပညာရှင် များများစားစား မရှိသောကြောင့် ဖြစ်၏။

အတိတ်စကြဝဠာမှ သိုင်းပညာရှင်အများစုသည် စကြဝဠာ မပျက်စီးခင်တွင် တာအို မရရှိနိုင်ခဲ့‌ချေ။ အန္တိမဟင်းလင်းပြင်ကိုလည်း မျိုးဆက်ဟောင်း တာအိုသိုင်းပညာရှင်များက ချုပ်ကိုင်ထားခဲ့သည်။ စကြဝဠာအသစ်သို့ ရောက်မှသာ မျှော်လင့်ချက် ရှိတော့သည်။

ချင်မူ ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်လိုက်ခြင်းက သူတို့၏ မျှော်လင့်ချက်ကို ပြတ်တောက်သွားစေသည်။

ယခုမူ တစ်စုံတစ်ယောက်က တာအိုရရှိရန် ဟင်းလင်းပြင်ကို စတင်တံဆိပ်ခတ်နှိပ်နေပြီ ဖြစ်သည်။ ဤသည်မှာ ချင်မူ၏ ချိပ်တံဆိပ်တွင် ကြီးမားသော ပြစ်ချက်ကြီးတစ်ခု ရှိကြောင်း ပြသနေ၏။

" သတ္တဝါကြီးနှစ်ကောင် ပူးပေါင်းသွားကြပြီ"

ချင်မူ၏ မျက်နှာထား တင်းမာသွားသည်။ အခြားသူများလည်း သူ့စကား ကြားသောအခါ ရင်ထဲတွင် လေးလံသွား၏။ သတ္တဝါကြီးနှစ်ကောင်ဆိုသည်မှာ အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ကို ဆိုလိုခြင်းပင်။ သူတို့နှစ်ဦး ပူးပေါင်းလိုက်ပါက ချင်မူ၏ ချိပ်တံဆိပ်ကို အမှန်တကယ် ဖျက်ဆီးနိုင်သောကြောင့် အနန္တအဘိုးအို၏ လက်အောက်မှ သိုင်းပညာရှင်များ အန္တိမဟင်းလင်းပြင်၌ တံဆိပ်ခတ်နှိပ်နိုင်သည့် အခွင့်အရေး ရသွားပေလိမ့်မည်။

ချင်မူသည် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို အသုံးပြုပြီး ဟင်းလင်းပြင် သုံးဆယ့်ခြောက်လွှာကို ချိပ်ပိတ်ခဲ့ရာ မည်သူမျှ ဟင်းလင်းပြင်တွင် တံဆိပ်မခတ်နှိပ်နိုင်ခဲ့ချေ။ သခင်လေးနှစ်မှာမူ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ထိန်းချုပ်သူ ဖြစ်၏။

အနန္တအဘိုးအိုနှင့် ပူးပေါင်းလိုက်ပါက အနန္တအဘိုးအို လက်အောက်မှ အင်အားကြီးသိုင်းပညာရှင်များ ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်၍ တာအိုသိုင်းပညာရှင် ဖြစ်လာနိုင်သည့် အခွင့်အရေး ရသွားနိုင်သည်။

ဤလောကတွင် အနန္တအဘိုးအို၏ ထိန်းချုပ်မှုမှ လွတ်မြောက်သော နည်းလမ်းသုံးခုသာ ရှိသည်။ တစ်မျိုးမှာ မီလော့နန်းတော်၏ ရတနာခန်းမ၊ နောက်တစ်ခုမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အတွင်းမှ တာအိုရရှိခြင်းနှင့် နောက်ဆုံးတစ်ခုမှာ အဆုံးသတ်မြို့ပျက် တာအိုရရှိခြင်း ဖြစ်၏။

အများဆုံး ကျင့်ကြံကြသည့် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ပြီး တာအိုသစ်ပင်နှင့် တာအိုသစ်သီး ဖော်‌ဆောင်သည့် နည်းလမ်းကတော့ အနန္တအဘိုးအို၏ စွမ်းဆောင်ရည်ကို ကြီးထွားစေလိမ့်မည်။

တာအိုသိုင်းပညာရှင် များပြားလာလေ၊ အနန္တအဘိုးအို၏ စွမ်းဆောင်ရည်များ ပိုမိုပြည့်ဝလာလေလေ ဖြစ်ကာ အထွတ်အထိပ် အခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။

"ကိစ္စမရှိပါဘူး"

ရုတ်တရက် ချင်မူက စိတ်ဓာတ် တက်ကြွလာပြီး ဟားတိုက် ရယ်မောလိုက်သည်။ "အနန္တအဘိုးအိုရဲ့ စွမ်းဆောင်ရည်နဲ့ ဩဇာအာဏာ ပိုပိုပြီး ကြီးမားလာတာက ကျုပ်တို့အတွက် ကောင်းတဲ့ကိစ္စပဲ... ဒီလိုမှ ကျုပ်တို့ကို ဖိအား ပိုပေးနိုင်ပြီး ကျုပ်တို့ ကျင့်ကြံဖို့၊ သိမြင်နားလည်ဖို့ တွန်းအားပေးနိုင်မှာ"

ကျူစန်းထုံက ထိုက်ရှီကို မေး၏။ "သခင်လေးခုနစ်က အမြဲတမ်း ဒီလောက် အကောင်းမြင်တတ်တာလား"

ထိုက်ရှီက ခေါင်းညိတ်ပြီး ခပ်တိုးတိုး ဖြေသည်။ "အမြဲတမ်းပဲ… သူ တစ်ခါပဲ ရှုံးနိမ့်ဖူးတယ်... ကောင်းကင်နတ်အရှင်ဟောင်က ယိုတုကို သိမ်းပိုက်ခဲ့တဲ့ အကြိမ်တုန်းက"

"ကောင်းကင်နတ်အရှင်ဟောင်လား"

ကျူစန်းထုံမှာ ယိုတုတိုက်ပွဲကို မကြုံတွေ့ခဲ့ရပေ။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မူလတန်းနှင့် တက္ကသိုလ်အားလုံးတွင် သမိုင်းအား ပညာရပ်တစ်ခုအဖြစ် သင်ကြားပြီး ထိုတိုက်ပွဲအကြောင်း မှတ်တမ်းတင်ထားသည်။ သို့သော် ချင်မူ ရှုံးနိမ့်ခဲ့သည့်အကြောင်းကိုမူ မှတ်တမ်းတင်ထားခြင်း မရှိဘဲ ကောင်းကင်နတ်အရှင်မူ၏ ထက်မြက်မှုနှင့် အတိုက်အခိုက်စွမ်းရည်တို့ကိုသာ မှတ်တမ်းတင်ထား၏။

"ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်ရင် ဘိုးဘေးနန်းတော်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို စာအုပ်တစ်အုပ် ရေးရမယ်"

ကျူစန်းထုံ ဆုံးဖြတ်ချက် ချလိုက်သည်။ "အသက်ရှင်လျက် ပြန်သွားနိုင်သရွေ့ပေါ့"

ချင်မူက ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက် အားလုံးနှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု ရလဒ်များကို လေ့လာသည်။ ထို့နောက် အနန္တအဘိုးအို၊ သခင်လေးလင်းရှောင်၊ သခင်လေးကျစ်ရှောင်တို့၏ ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများကို ဆွေးနွေးကြသည်။ ကျူစန်းထုံ၊ အဘွားစစ်နှင့် အခြားသူများမှာ အသစ်ရောက်လာသူများ ဖြစ်သဖြင့် ဝင်ရောက်မဆွေးနွေးနိုင်ကြပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု ရလဒ်များကို ပြောသည့်အခါမှသာ လူတိုင်းကို ဝင်ရှင်းပြနိုင်သည့် အခွင့်အရေး ရကြသည်။

လောကပေါင်းကူးရွှေသင်္ဘောကား အထွတ်အမြတ်မြေတစ်ခုအလား ဖြစ်နေပြီး အားလုံး အသိပညာများ ဖလှယ်နေကြသည်။

နောက်ထပ် လအနည်းငယ် ကြာပြီးနောက် အားလုံး အကျိုးကျေးဇူးများစွာ ရသွားကြသည်။ ထိုအချိန်၌ ဟင်းလင်းပြင်ထဲမှ တာအိုလှိုင်းဂယက်များ ခုနစ်ကြိမ် ထွက်ပေါ်လာခဲ့၏။

လောကသစ်ပင်အောက်တွင် အတိတ်စကြဝဠာမှ သိုင်းပညာရှင် ခုနစ်ဦး တာအိုရရှိသွားသည့် အဓိပ္ပာယ်ပင်။

ရွှေအနှင့် ကျန်သူများကလည်း ဤအခွင့်အရေးကို အသုံးချ၍ ချင်မူ့အား‌ ခေါင်းလောင်းကြီးအား ကူညီပြင်ပေးခဲ့ကြသည်။

ချင်မူက စိတ်အားတက်ကြွလာပြီး ရယ်မောနေသည်။ "ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က မလှုပ်ရှားဘဲ နေမှတော့ ကျုပ်တို့ လှုပ်ရှားကြတာပေါ့... အနန္တအဘိုးအိုကို သွားတိုက်မယ်"

ဤတိုက်ပွဲတွင် ကျူစန်းထုံ၊ အဘွားစစ်နှင့် အခြားသူများလည်း ပါဝင်ကြသည်။ ချင်မူက အနန္တအဘိုးအို၏ တိုက်ကွက်များကို တားဆီးထားပြီး ‌ခေါင်းလောင်းကြီးဖြင့် လမ်းဖွင့်ထားပေး၏။ အားလုံးက အနက်ရောင်တောင်တန်းကြီးထဲသို့ သတ်ဖြတ်ဝင်ရောက်ပြီး မရေမတွက်နိုင်သော အတိတ်စကြဝဠာ သိုင်းပညာရှင်များနှင့် တိုက်ခိုက်ကြသည်။

ကျူစန်းထုံမှာ အားအနည်းဆုံး ဖြစ်သဖြင့် အချိန်မရွေး သေဆုံးသွားနိုင်သည်ကို စိုးရိမ်နေမိသည်။ ကံကောင်းစွာဖြင့် သူနှင့်အတူ ကောင်းကင်နယ်စားမင်း၊ ချင်ဖုန်းကျင့်၊ ကောင်းကင်ယင်နတ်ဘုရားမနှင့် ဆေးဆရာတို့ ပါဝင်သဖြင့် သူ့ကို အဘက်ဘက်မှ ကယ်တင်ကုသပေးနိုင်သည်။

ဖရိုဖရဲစွမ်းအင်အဖြစ် ပြောင်းမသွားသရွေ့ သူ အကြိမ်တစ်ထောင် သေလျှင်တောင်မှ ပြန်လည် ကယ်တင်နိုင်၏။

ဤတိုက်ပွဲတွင် ကျူစန်းထုံခမျာ ဆယ့်ခြောက်ကြိမ် အသတ်ခံခဲ့ရသည်။ တိုက်ပွဲ ပြီးဆုံးသွားသောအခါ ကျူစန်းထုံသည် တစ်ကိုယ်လုံး ‌သွေးအလိမ်းလိမ်းဖြင့် လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ပြန်ရောက်လာပြီး တစ်သက်တာ ကြာမြင့်သွားသည့်အလား ခံစားနေရတော့၏။

ရွှေသင်္ဘောပေါ်တွင် အားလုံး ဒဏ်ရာများကုသနေကြရင်း တိုက်ပွဲမှ ရရှိလာသည့် အတွေ့အကြုံများကို အချင်းချင်း ဆက်လက် ဖလှယ်နေကြသည်။ သူတို့ကား အလွန် တက်ကြွနေလေသည်။

အချိန်များ ကုန်ဆုံးသွားပြီး အနန္တအဘိုးအို၏ စွမ်းဆောင်ရည်များကား ပိုမိုမြင့်မားလာ‌တော့သည်။

လောကသစ်ပင်အောက်တွင် သိုင်းပညာရှင်များလည်း ပိုမို များပြားလာသည်။ ကျူစန်းထုံသည် အားလပ်ချိန်တွင် လောကသစ်ပင်ကို တိုက်ခိုက်သည့် တိုက်ပွဲတိုင်းကို မှတ်တမ်းတင်ထား၏။ သူ ဘိုးဘေးနန်းတော်မှ ထွက်ခွာသည့်အခါ စာအုပ်ပြုစုကာ ဘိုးဘေးနန်းတော်တိုက်ပွဲအကြောင်း ဖြန့်ဝေရန် စဉ်းစားထားသည်။

နှစ်နှစ်ထောင်အတွင်း အနန္တအဘိုးအိုမှာ ချင်မူပင် ရင်ဆိုင်မတိုက်ခိုက်နိုင်သည်အထိ အင်အားကြီးမားလာခဲ့ချေပြီ။ ထို့ကြောင့် ချင်မူသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ဝင်ရောက်ပြီး သခင်လေးသုံး၊ သခင်လေးလေးတို့နှင့်အတူ လောကသစ်ပင်ကို ပူးပေါင်း တိုက်ခိုက်ရန် ဆွေးနွေးခဲ့သည်။

ဤတစ်ကြိမ်တွင် ကျူစန်းထုံက ချင်မူ့နောက်သို့ လိုက်ပါ၍ ကျောက်စိမ်းမြို့တော်သို့ ဝင်ရောက်ကာ ဆွေးနွေးပွဲကို မှတ်တမ်းတင်ခဲ့သည်။ သူ့မှာ ဤကိစ္စနှင့်ပတ်သက်၍ နားမလည်နိုင် ဖြစ်နေ၏။ မူလက ချင်မူသည် အနန္တအဘိုးအိုနှင့် ပူးပေါင်း၍ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်မည်ဟု ဆိုခဲ့သည်။ ယခုအခါ ပြောင်းပြန် ဖြစ်သွားပြီး ကျောက်စိမ်းမြို့တော်နှင့် ပူးပေါင်း၍ အနန္တအဘိုးအိုကို တိုက်ခိုက်ပေတော့မည်။

ကျူစန်းထုံသည် ဆွေးနွေးပွဲအစအဆုံးကို မှတ်တမ်းတင်ခဲ့သဖြင့် အဘွားစစ်က ထိုစာမူကို ဖျက်ပစ်ရန် ခြိမ်းခြောက်ခဲ့သည်။

ကျူစန်းထုံမှာ ဆရာမ,ဖြစ်သူနှင့် ရင်ဆိုင်ရသောအခါ တရိုတသေဖြင့် စာမူအား ဖျက်ပစ်ဟန်ဆောင်ခဲ့သည်။ သို့သော် တိတ်တဆိတ် သိမ်းဆည်းထားခဲ့ပြီး ကျောက်စိမ်းမြို့တော် ဆွေးနွေးပွဲအား "လှည့်ဖြားခြင်းအခန်း" ဟု နာမည်ပေးခဲ့၏။

နောက်ထပ် နှစ်ရာဂဏန်းမျှ ကြာပြီးနောက် ကျန်းပိုင်ကွေ့သည် ကမ္ဘာခေတ်နှောင်းတာအို အောင်မြင်သွား၏။ နောက်တစ်သုတ်အနေဖြင့် ဘိုးဘေးနန်းတော်သို့ ဝင်ရောက်လာသော ကောင်းကင်နတ်အရှင်အချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျန်းပိုင်ကွေ့နှင့် ရှုရှန်းဟွာတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ကာ သူတို့၏ တာအိုကျင့်စဉ်အသီးသီးကို ဖြန့်ဝေပေးကြသည်။

ရွှမ်းဝူနတ်မင်းနှစ်ပါးလည်း ပြန်လိုက်သွားပြီး ရှေးဟောင်းနတ်ဘုရား၏ မဟာတာအိုအဖြစ် အသွင်းပြာင်း၍ ဘ၀ပြန်ဝင်စားရန် ပြင်ဆင်ကြသည်။

ကျူစန်းထုံမှာ တာအိုမရသေးသော်လည်း မျက်နှာပြောင် တိုက်ကာ သူတို့နှင့် လိုက်ပါသွားသည်။

ကျန်းပိုင်ကွေ့နှင့် ရှုရှန်းဟွာတို့ ဤတစ်ကြိမ် ပြန်သွားခြင်းမှာ သူတို့၏ အသိပညာများကို ဖြန့်ဝေရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်အသစ်များ ရှိ၊ မရှိ ကြည့်ရှုပြီး ဘိုးဘေးနန်းတော်သို့ လေ့ကျင့်ရန် ခေါ်ဆောင်သွားရန်လည်း ပါသည်။

ထို့အပြင် သူတို့တွင် မိသားစု အသီးသီး ရှိကြသဖြင့် အိမ်ပြန်ရန်လည်း လိုအပ်၏။

ရွှမ်းဝူနတ်မင်းနှစ်ပါးကလည်း သူတို့၏သားတော် မင်းသားယိုမင်းထံ သွား‌ရောက်လည်ပတ်ကြသည်။ လူမဝင်စားခင် မှာစရာ ရှိသည်များကို မှာကြား၏။

ကျူစန်းထုံလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်ပြီးနောက် သူတို့နှင့် လမ်းခွဲလာခဲ့သည်။ မိတ်ဆွေဟောင်း တုံးယန်တို့ကို အရင် သွားရောက် တွေ့ဆုံ၏။ မကြာမီ သူ၏အဖေ မဟူရာတောင်နက်ဝက်မင်း၏ အိမ်သို့ ပြန်လာခဲ့သည်။

မဟူရာတောင်နက်ဝက်မင်းကား ထုံးစံအတိုင်း ဝမ်းမြောက်ပျော်ရွှင်နေပြီး မိတ်ဆွေများကို ဖိတ်ခေါ်ကာ သားဖြစ်သူအား ကြိုဆို၏။ ပွဲက အလွန် စည်ကားလှသည်။

သို့သော် ထိုသို့ပျော်ပါးပြီးနောက် ကျူစန်းထုံက စာကြည့်ခန်းထဲတွင် အခန်းအောင်း၍ အပတ်တကုတ် စာမူ ရေးသားတော့သည်။

မဟူရာတောင်နက်ဝက်မင်းသည် မူလက သူ့ကို ခေါ်ဆောင်၍ နေရာအနှံ့ရှိ မိတ်ဆွေများထံ သွားရောက်ကာ သားဖြစ်သူကို ကြွားဝါပြီး တစ်ဆက်တည်း အိမ်ထောင်ဖက် ရှာပေးရန် ကြံရွယ်ထားခဲ့၏။ သို့သော် ကျူစန်းထုံမှာမူ ပြန်ရောက်လာပြီးနောက် အိမ်ပြင်မထွက်ဘဲ တစ်ချိန်လုံး စာသာ ရေးနေသည်။

မဟူရာတောင်နက်ဝက်မင်း ဒေါသထွက်နေသည်။ "စန်းထုံ... အဲ့ဒီ စာအုပ် ရေးနေတာ ငွေဘယ်နပြား ရမှာမို့လို့လဲ... ငါ မင်း စာရေးပြီး ပိုက်ဆံရှာဖို့ မမျှော်လင့်ဘူး... ငါ့မှာ ကျောက်တွင်းတွေ ရှိတယ်ကွ"

ကျူစန်းထုံက မင်တံကို ချလိုက်ပြီး ရယ်မောကာ ပြောသည်။ "ဖေဖေ... ကျွန်တော်တို့ ကျောက်တွင်း ဘယ်လောက်များများ သားရဲ့ ဇာတ်လမ်းလောက် စိတ်ဝင်စားစရာ မကောင်းဘူး"

မဟူရာတောင်နက်ဝက်မင်း ဒေါသတကြီး နှာမှုတ်လိုက်သည်။ "မင်းကို အနိုင်မတိုက်နိုင်လို့ပေါကွာ… မဟုတ်ရင် သေချာပေါက် ဆုံးမပစ်တယ်... မင်းကို ပညာသင်ဖို့ လွှတ်လိုက်တာ စာဂျပိုး ဖြစ်လာရတယ်လို့" သူက ထိုသို့ ပြောပြီးနောက် ဒေါသတကြီး ထွက်သွားသည်။

ဆယ်ရက်ကျော် ကြာပြီးနောက် "ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း" ဟူသော စာအုပ် ထွက်လာခဲ့လေသည်။ စာအုပ်ထဲတွင် ကျူစန်းထုံ ဘိုးဘေးနန်းတော်တွင် တွေ့မြင်ခဲ့ရသည်များနှင့် ဖြတ်သန်းခဲ့ရသော သွေးသံတရဲရဲ တိုက်ပွဲများအကြောင်း ပါဝင်သည်။ စာအုပ်ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အချိန်တစ်ခုအထိ အုတ်အော်သောင်းနင်း ဆူညံသွားခဲ့လေသည်။

ဧကရာဇ်ယန်ဖုန်းလည်း စာအုပ်အတွဲများ ဝယ်ဖတ်ပြီး အလွန် နှစ်ခြိုက်သဖြင့် မှူးမတ်များကို မိန့်ကြားသည်။ "ဒါမှ ငါ့ရဲ့ သမက်လေးကွ”

ဧကရာဇ်ယန်ဖုန်း၏ ထောက်ခံမှုကြောင့် "ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း" မှာ အ‌တော်လေး နာမည်ကြီးသွားခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပုံနှိပ်ထုတ်ဝေရေးဌာနလည်း အကြိမ်ပေါင်းဒါဇင်ကျော် ထပ်မံ ပုံနှိပ်ခဲ့ရသည်။ အချိန်တစ်ခုအထိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နေရာအနှံ့မှ စာအုပ်ဆိုင်တိုင်းတွင် ရောင်းချခဲ့လေသည်။

စာအုပ်ထဲတွင် ရွှေသင်္ဘောပေါ်မှ တာအိုဆွေးနွေးပွဲအကြောင်းလည်း မှတ်တမ်းတင်ထားပြီး ချင်မူ၊ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြား တာအိုသိုင်းပညာရှင်များ၏ တာအိုအမေးအဖြေများကို အနည်းငယ်မျှ ရေးသားထားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များစွာမှာ အားကျစွာဖြင့် ဘိုးဘေးနန်းတော်သို့ ချက်ချင်း ပျံသန်း သွားရောက်သင်ယူလိုစိတ်များ ဖြစ်ပေါ်လာကြသည်။

"ဖေဖေ... ဖေဖေ့အိမ်မှာ ကျောက်တွင်းဘယ်လောက် များများ သား စာအုပ်ရဲ့ ဂုဏ်သတင်းကို ကျော်နိုင်မှာ မဟုတ်ဘူး"

ကျူစန်းထုံက ဂုဏ်ယူစွာဖြင့် ဝက်မင်းအား ကြွားဝါနေသည်။ "ဖေဖေ သေသွားရင် ဖေဖေ့ကိုရော ဖေဖေ့ ကျောက်တွင်းကိုရော ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး... သား သေသွားရင်တော့ အားလုံး သားကို မှတ်မိနေကြဦးမှာ"

မဟူရာတောင်ဝက်မင်းသည် ဒေါသူပုန်ထသွားပြီး သံဆူးတုတ်ကို ဆွဲကိုင်ကာ သူ့နောက်သို့ လိုက်ရိုက်တော့၏။ ရိုက်ပြီးနောက်တွင်မူ စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားပြီး သူ၏ အမည်မသိ ဘိုးဘေးများအား အမွှေးတိုင်များ ထွန်းညှိပူဇော်လိုက်သည်။

"ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း" ၏ ဩဇာသက်ရောက်မှုမှာ အလွန် ကြီးမားလှပေသည်။ ကျူစန်းထုံ အထုပ်ပြင်၍ ဘိုးဘေးနန်းတော်သို့ နောက်တစ်ကြိမ် သွားရောက်ရန် ပြင်ဆင်ချိန်တွင် ဘိုးဘေးနန်းတော်သို့ သွားရောက်မည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သိုင်းပညာရှင်များမှာ အတော်‌လေး များပြားနေသည်။

ပထမလူသားဧကရာဇ်၊ ‌တောင်နတ်မင်းကျုချွဲ၊ မင်းသားယိုမင်း၊ ဝေစွေ့ဖုန်း၊ ၀မ့်မူရန်၊ လင်းရွှမ်၊ တထာဂတကျန်းခုံးနှင့် အခြားမျိုးဆက်ဟောင်းများအပြင် ဟွာရွှမ်းရှို့၊ ကျန်းယွင်ကျန့်၊ ရှူမုန့်ချင်း၊ လူငယ်ဂိုဏ်းချုပ်၀မ်ယွမ် စသော အရွယ်ကောင်း နာမည်ကြီးသိုင်းပညာရှင်များအပြင် တုံးယန်တို့ကဲ့သို့ မျိုးဆက်သစ်များလည်း ပါလာသည်။

ဤတစ်ကြိမ် ဘိုးဘေးနန်းတော်သို့ ထပ်မံ ဝင်ရောက်ရာတွင် ကျူစန်းထုံမှာ ပြောမပြတတ်အောင် စိတ်လှုပ်ရှားနေမိသည်။ "ဘိုးဘေးနန်းတော် တာအိုမှတ်တမ်းရဲ့ ဒုတိယတွဲကို ရေးလို့ ရနိုင်လောက်တယ်... ရောင်းကောင်းဦးမှာပဲ…”

All Chapters