← Chapters

ဓား၏ အသွားနှစ်ဖက်

Vol. 140 Ch. 1803

ဓား၏ အသွားနှစ်ဖက်

Vol. 140 Ch. 1803

ဘိုးဘေးနန်းတော်

ပထမလူသားဧကရာဇ်တို့ ဤနေရာသို့ ရောက်လာကြချေပြီ။ သူတို့သည် "ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း" ကို ဖတ်ရှုခဲ့ဖူးပြီး ဘိုးဘေးနန်းတော်၏ ကြီးကျယ်ခမ်းနားမှုကို သိထားသော်လည်း ကိုယ်တိုင် မြင်တွေ့ရသည့်အခါတွင်မူ အလွန်တရာ တုန်လှုပ် အံ့ဩသွားကြသည်။

ကောင်းကင်မှ ဖရိုဖရဲပင်လယ်နှင့် ဧရာမကြာရွက်ကြီးများကလည်း သူတို့ကို အံ့ဩမှင်သက်စေခဲ့သည်။

သို့သော်

ခေါင်းလောင်းကြီး ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ကာ လောကသစ်ပင်ကို တိုက်ခိုက်ခြင်း၊ လောကသစ်ပင်အမြစ်များကို တွယ်တက်နေသည့် မရေမတွက်နိုင်သော အတိတ်စကြဝဠာ သိုင်းပညာရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို မမြင်တွေ့လိုက်ရသဖြင့် အလွန် နှမြောတသ ဖြစ်နေကြသည်။

ကျူစန်းထုံ၏ "ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း"တွင် ဖော်ပြထားခဲ့သည့် အဆိုပါခမ်းနားကြီးကျယ်သည့် မြင်ကွင်းများ သူတို့ကို အတော်လေး စိတ်လှုပ်ရှားမိစေသည်။

သူတို့ရောက်ရှိလာသည့်အချိန်တွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၌ တာအိုသိုင်းပညာရှင်တစ်ဦး၏ တာအိုလက်နက်တစ်လက် အတိတ်စကြဝဠာမှ ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ၎င်းကလည်း အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

ထိုအရာမှာ ရှေးဟောင်းဗျပ်စောင်းတစ်ခု ဖြစ်၏။ ဆင်းသက်လာသည့်အချိန်တွင် တီးခတ်သူမရှိဘဲ အလိုလို တီးခတ်နေသည်။ ဂီတသံစဉ်များက တုန်ခါလျက် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ပတ်ဝန်းကျင်နှင့် ကောင်းကင်တွင် ဆန်းကြယ်သော ကမ္ဘာလောကများအား ပုံဖော်နေသည်။

"ကျွန်တော် လောကသစ်ပင်အောက် သွားပြီး အနန္တအဘိုးအိုနဲ့ တွေ့ရမယ်"

ချင်မူက အားလုံးကို ပြောသည်။ "အနန္တအဘိုးအိုကို သခင်လေးလေးရဲ့ တာအိုလက်နက် ဆင်းသက်လာတာ တားဆီးဖို့ ကျွန်တော်နဲ့ ပူးပေါင်းဖို့ ပြောရမယ်… သခင်လေးသုံးရဲ့ တာအိုလှံက ဆင်းသက်လာပြီးပြီ… သခင်လေးလေးရဲ့ ဗျပ်စောင်းပါ ထပ်ရောက်လာရင် အနန္တအဘိုးအိုအတွက်ရော၊ ကျွန်တော်တို့အတွက်ရော ခြိမ်းခြောက်မှု အကြီးအကျယ် ဖြစ်လာလိမ့်မယ်"

အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ကြသည်။

ကျူစန်းထုံက စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိသည်။ ‘သိပ်မကြာခင်ကပဲ သခင်လေးခုနစ်က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်နဲ့ ပူးပေါင်းပြီး အနန္တအဘိုးအိုကို တိုက်ခိုက်ခဲ့တယ်… အခုကျတော့ အနန္တအဘိုးအိုနဲ့ ပူးပေါင်းပြီး ကျောက်စိမ်းမြို့တော်ကို ပြန်တိုက်မလို့တဲ့… တော်တော် အရှက်မရှိပါလား’

ခိုင်ဧကရာဇ်ချင်ယဲ့၊ ခိုင်ဧကရာဇ်တိရီယွဲ့နှင့် အခြားသူများက ကမန်းကတန်း တားကာ အနန္တအဘိုးအိုထံ သွား၍ ဒုက္ခမရှာရန် နားချကြသည်။

ပထမလူသားဧကရာဇ်နှင့် အခြားသူများကလည်း ဝိုင်းတားကြသည်။

သူတို့အားလုံး "ဘိုးဘေးနန်းတော် တာအိုမှတ်တမ်း" ကို ဖတ်ဖူးကြသဖြင့် ချင်မူသည် ကျောက်စိမ်းမြို့တော်နှင့် ပူးပေါင်း၍ အနန္တအဘိုးအိုကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်ကို သိထားကြ၏။ ထိုအဖြစ်အပျက်ကို “လှည့်ဖြားခြင်းအခန်း" တွင် မှတ်တမ်းတင်ထားလေသည်။

ကျူစန်းထုံက ထိုစာအုပ်ထဲတွင် ဤအကြောင်းအရာကို အသေးစိတ် မှတ်တမ်းတင်ထားပြီး အဘွားစစ်က သူ့ကို ထိုအခန်းအား ဖျက်ပစ်ရန် ခြိမ်းခြောက်ခဲ့သည်ကိုပင် ထည့်သွင်း ရေးသားထားသည်။ "လှည့်ဖြားခြင်းအခန်း" တွင် အနန္တအဘိုးအိုမှာ မရှုမလှ တိုက်ခိုက်ခံခဲ့ရပြီး ချင်မူနှင့် ကျောက်စိမ်းမြို့တော်တို့၏ လက်ချက်ဖြင့် အမြစ်ပင် နှုတ်ခံရမတတ် ဖြစ်ခဲ့ရလေသည်။

တိုက်ပွဲ၏ အရေးကြီးဆုံးအချိန်တွင် ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိုင်းပညာရှင်ပေါင်းများစွာကို ဦးဆောင်ပြီး သစ္စာဖောက်ခဲ့သည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ နောက်ကျောအား ဓားဖြင့် ထိုး၍ ကျောက်စိမ်းမြို့တော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည််။ အနန္တအဘိုးအိုလည်း ထိုအချိန်မှသာ လွတ်မြောက်သွားနိုင်ခဲ့သည်။

ထို့ကြောင့် အနန္တအဘိုးအို ဖြစ်စေ၊ မီလော့နန်းတော် ကျောက်စိမ်းမြို့တော်မှ သိုင်းပညာရှင်များ ဖြစ်စေ ချင်မူကို ကြည့်မရတော့ချေ။

"တရားမျှတမှု ရှိတဲ့ နေရာဆိုရင် လူပေါင်းထောင်သောင်းချီ ခုခံနေပါစေ ကျွန်တော် သွားရမယ်"

ချင်မူက ဖြောင့်မတ်တည်ကြည်စွာ ပြော၏။ " အနန္တအဘိုးအို တရားမျှတမှုကို နားလည်သဘောပေါက်ပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ကျွန်တော်နဲ့အတူ ရင်ဆိုင် တိုက်ခိုက်လာအောင် သွားနားချမယ်”

ထိုသို့ပြောပြီးနောက် တစ်ယောက်တည်း လောကသစ်ပင်ဆီသို့ ထွက်ခွာသွားသည်။

အားလုံ ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ခိုင်ဧကရာဇ်ချင်ယဲ့က သတိပေးသည်။ "မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်တာမလို့ ကြိုတင် ပြင်ဆင်ထားကြပါ"

အားလုံး သဘောတူကြလေသည်။ "ကောင်းကင်နတ်အရှင်မူ ဒီတစ်ခေါက် အရှင်ပြန်လာနိုင်ဖို့ မလွယ်လောက်ဘူး… အနန္တအဘိုးအိုသာ သူ့ကို ဖမ်းထားနိုင်ရင် ကျန်တဲ့လူတွေကို ကျုပ်တို့ဆီ လာတိုက်ခိုင်းပြီး အရင်ဆုံး ရှင်းပစ်လိမ့်မယ်"

နေဝင်ချိန်တွင် ချင်မူ ပြန်ရောက်လာသည်။ သူ၏ မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမည်းနေပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေ၏။ သူက အားလုံးကို ပြောသည်။ "အနန္တအဘိုးအိုက ပူးပေါင်းဖို့ သဘောတူလိုက်ပြီ… မနက်ဖြန် ကျောက်စိမ်းမြို့တော်ကို တိုက်မယ်"

အားလုံး အံ့ဩမှင်သက်သွားကြသည်။

"မူအာ သေအောင် အထိုးမခံခဲ့ရဘူးလား"

ရွာသူကြီး စုမူကျဲက အံ့ဩတကြီး မေးလေသည်။ "သူ့ရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာပြန်ပြီ ထင်တယ်… ငါက သူ အနန္တအဘိုးအို လက်ထဲမှာ သေပြီတောင် ထင်နေတာ"

အားလုံး ခေါင်းညိတ်ကြ၏။ "ကောင်းကင်နတ်အရှင်မူရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာပြန်ပြီ"

ဒုတိယနေ့တွင် ပထမလူသားဧကရာဇ်နှင့် အခြားသူများ ကျောက်စိမ်းမြို့တော်ကို ဝိုင်းတိုက်ခိုက်ကြသည်။ အနန္တအဘိုးအိုကလည်း အတိတ်စကြဝဠာမှ သိုင်းပညာရှင် တစ်သောင်းကို ဦးဆောင်၍ ရောက်လာပြီး တာအိုသိုင်းပညာရှင်အချို့လည်း ပါဝင်၏။

အနန္တအဘိုးအိုကိုယ်တိုင် တိုက်ပွဲထဲ ဝင်၍ ချင်မူနှင့် ဘေးချင်းယှဉ် ရပ်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ "မီလော့နန်းတော်က ခုနစ်…. အရင်တစ်ခါက မင်း ကျောက်စိမ်းမြို့တော်နဲ့ ပူးပေါင်းပြီး ငါ့ကို လာတိုက်တယ်… မင်းမျက်နှာကို သေချာကြည့်စမ်းမယ်…. မင်းက မဟာမိတ်တွေကို နောက်ကျော ဓားနဲ့ ထိုးတာ ကျွမ်းကျင်တဲ့ကောင်… ငါ မင်းကို ယုံရခက်တယ်… ဒီတစ်ကြိမ် မင်းက သခင်လေးလေးရဲ့ ဗျပ်စောင်းကို တာဝန်ယူ၊ ငါက သခင်လေးသုံးရဲ့ တာအိုလှံကို တာဝန်ယူမယ်… ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်ဘူး… ဘယ်သူမှ စည်းကျော်မလာနဲ့"

ချင်မူ၏ မျက်နှာတွင် ဖူးယောင်နေသည့် ဒဏ်ရာများ မပျောက်သေးချေ။ "တာအိုနောင်တော်… အရင်တစ်ခါ ကျွန်တော် ကျောက်စိမ်းမြို့တော်ကို နောက်ကျောဓားထိုးခဲ့တာ‌ နောင်တော့်ကို ကယ်ဖို့ မဟုတ်လို့လား… ကျေးဇူးတင်ရမယ့်အစား ကျွန်တော့်မျက်နှာက ရွံစရာကောင်းတယ်လို့ ပြောနေတယ်… နောင်တော်ကရော ဘာထူးလို့လဲ"

အနန္တအဘိုးအို၏ မျက်နှာတွင်လည်း ဒဏ်ရာများ မပျောက်သေးချေ။ "ငါ့ကို ကယ်ဖို့ ဟုတ်လား…” သူက အေးစက်စွာ ရယ်မောလိုက်သည်။ “ကယ်ဖို့တဲ့လား…. ငါ့ကို တိုက်တာလည်း မင်းပဲ၊ ငါ့ကို ကယ်တာလည်း မင်းပဲ… ငါက ဘာအပြစ်မှ မရှိဘူး… ဖရိုဖရဲ၊ မင်းက နာမည်အတိုင်းပဲ… လုပ်ရပ်တွေကို ဖရိုဖရဲဖြစ်အောင် လုပ်တော့ တခြားသူတွေ ရှင်းရှင်းလင်းလင်း မမြင်ရဘူး… တကယ်တော့ မင်းက မီလော့နန်းတော်အရှင်သခင်လိုပဲ ငါ့စကားကို နားထောင်သင့်တာ… ငါ မင်းနဲ့ မင်းရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ပေးနိုင်တယ်… မင်းကို နောက်ထပ် မီလော့နန်းတော်အရှင်သခင်တစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်တယ်"

"နောက်ထပ် မီလော့နန်းတော်အရှင်သခင်တဲ့လား"

ချင်မူ ဟားတိုက် ရယ်မောလိုက်သည်။

အနန္တအဘိုးအို၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာ၏။ ချင်မူက အရယ်ရပ်လိုက်ရင်း ခေါင်းခါကာ ပြောသည်။ "နောင်တော်အနန္တ… ကျွန်တော် မီလော့နန်းတော်အရှင်သခင် ဖြစ်လာမှာ မဟုတ်ဘူး… ပြီးတော့ မီလော့နန်းတော်အရှင်သခင်ကလည်း ခင်ဗျားစကားကို နားထောင်ခဲ့တာ မဟုတ်ဘူး… ခင်ဗျားက မီလော့နန်းတော်အရှင်သခင်ရဲ့ တာအိုသစ်ပင်က ခင်ဗျားကို အတုယူထားတာလို့ ဝါကြွားနေပေမယ့် ခင်ဗျားကိုယ်တိုင်တောင် သူ့ကို ဆရာလို့ ခေါ်ရတယ်… သူသာ တာအိုကျင့်စဉ်တွေ၊ တာအိုအဆင့်တွေကို မဖန်တီးခဲ့ရင် ခင်ဗျားက သစ်ပင်တစ်ပင် သက်သက်ပဲ… ဘာမှ နားမလည်၊ ဘာမှ မသိတဲ့ သစ်ပင်တစ်ပင်ပေါ့… သူက ခင်ဗျားကို အောင်မြင်စေခဲ့တာ… ခင်ဗျားက သူ့ကို အောင်မြင်စေခဲ့တာ မဟုတ်ဘူး"

အနန္တအဘိုးအို၏ မျက်နှာက ဖြူလျော့သွားသော်လည်း ပြန်လည်ချေပခြင်း မရှိပေ။

ချင်မူက လက်နောက်ပစ်လျက် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲမှ ရှေးဟောင်းဗျပ်စောင်းကို ကြည့်လိုက်သည်။ ဗျပ်စောင်းသံများ တီးခတ်နေပြီး ကျောက်စိမ်းမြို့တော်ကို ကာကွယ်ကာ မည်သူမျှ မထိုးဖောက်နိုင်သော အထွတ်အမြတ်နယ်မြေအဖြစ် ပြောင်းလဲထား၏။

"ဒါပေမဲ့ တာအိုနောင်တော် စိတ်ချပါ… မီလော့နန်းတော်က အင်အားကြီးနေသရွေ့ ကျွန်တော်တို့က မဟာမိတ်တွေပဲ… ကျွန်တော် ခင်ဗျားကို သေခွင့်ပြုမှာ မဟုတ်ဘူး" ချင်မူက မှင်သေသေ ပြောသည်။

အနန္တအဘိုးအိုလည်း သဘောပေါက်သွားပြီး ပြော၏။ "ငါတို့သာ ကျောက်စိမ်းမြို့တော်ကို အတူတူ တိုက်ခိုက် အနိုင်ယူလိုက်ရင် ငါ့ရဲ့ အင်အားက အကြီးမားဆုံး ဖြစ်သွားမယ်… အဲ့ဒီအချိန်ကျရင် မင်းက ကျောက်စိမ်းမြို့တော်နဲ့ ပြန်ပူးပေါင်းပြီး ငါ့ကို လာတိုက်မှာ… ငါ နားလည်တာ မှန်တယ် မဟုတ်လား"

ချင်မူ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

အနန္တအဘိုးအိုက တံတွေးထွေးလိုက်၏။ "ဖရိုဖရဲ… မီလော့နန်းတော်သခင်က ငါ့ကို အနန္တ (ဝူယ) လို့ ခေါ်တယ်… ငါ့ရဲ့ သက်တမ်းက အဆုံးအစမရှိ ငါ့ရဲ့ တာအိုကလည်း အဆုံးအစမရှိလို့ ပေးခဲ့တာပဲ… ငါလည်း မင်းကို နာမည်တစ်ခု ပေးမယ်… 'ဝူချီ' (အရှက်မရှိ) လို့ ခေါ်မယ်… မွေးကတည်းက အရှက်မရှိသလို တာအိုကလည်း အရှက်မရှိဘူး"

"တာအိုနောင်တော်က ချီးကျူးလွန်းနေပါပြီ" ချင်မူက နှိမ့်ချစွာ တုံ့ပြန်လေသည်။

အနန္တအဘိုးအိုမှာ ဒေါသအမျက် တချောင်းချောင်း ထွက်နေပြီး သူ့ကို ချက်ချင်း ဆွဲဆုတ်ပစ်ချင်နေသည်။ သို့သော် ကျောက်စိမ်းမြို့တော်ကို မဖြစ်မနေ တိုက်ခိုက်ရပေမည်။ သခင်လေးနှစ်ယောက်၏ တာအိုလက်နက်များ ဘိုးဘေးနန်းတော်သို့ ဆင်းသက်လာပါက သူတို့အားလုံး အန္တရာယ် ရှိလာနိုင်၏။

"တော်သေးလို့ပေါ့… မင်းအပြင် ငါ့မှာ နောက်ထပ် မဟာမိတ်တစ်ယောက် ရှိသေးတာ"

အနန္တအဘိုးအို၏ မျက်လုံးများ လင်းလက်သွားပြီး ကောင်းကင်ကို တစ်ချက် ကြည့်၍ အော်ဟစ်လိုက်သည်။ "လုပ်လိုက်တော့"

သူ၏ စကားသံ ဆုံးသည်နှင့် ရုတ်တရက် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် အပြင်ဘက်ရှိ မြေကြီးများ အက်ကွဲသွား၏။ ကမ္ဘာမြေက လှုပ်ခါလာပြီး တောင်တန်းများ ခါယမ်းလာသည်။ ဧရာမအမြစ်များ မြေကြီးထဲမှ ထိုးထွက်လာပြီး သခင်လေးကျစ်ရှောင်၏ ဂီတသံများဖြင့် ဖွဲ့စည်းထားသော နယ်မြေကို ထိုးဖောက် ဝင်ရောက်သွားသည်။

လောကသစ်ပင်၏ အမြစ်များနှင့် သခင်လေးလေး၏ နယ်မြေထဲရှိ ကောင်းကင်နတ်သိုင်းများ တိုက်မိသောအခါ နေရာဟင်းလင်းပြင် လှုပ်ခတ်သွားသည်။ ၎င်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လောကသစ်ပင်အမြစ်များသည် အနန္တအဘိုးအို၏ မရေမတွက်နိုင်သော လက်များသဖွယ် ဖြစ်နေပြီး ကောင်းကင်နတ်သိုင်းမျိုးစုံကို ထုတ်ဖော်ကာ သခင်လေးလေး၏ ကောင်းကင်နတ်သိုင်းများကို ရင်ဆိုင် တိုက်ခိုက်နေသည်။

အနန္တအဘိုးအို လက်အောက်မှ အတိတ်စကြဝဠာသိုင်းပညာရှင်များနှင့် တာအိုသိုင်းပညာရှင်များက ချက်ချင်း တဟုန်ထိုး ပြေးဝင်သွားကြသည်။ သူတို့က လောကသစ်ပင် အမြစ်များကို နင်းလျက် နဂါးကြီးများသဖွယ် ခမ်းနားသော တောင်တန်းများထက်တွင် လျှောက်လှမ်းနေကြသည်။ ပျံသန်းနေသည့်အလား အရှိန်ပြင်းစွာ လှုပ်ရှား၍ မြို့တော်ထဲသို့ ဝင်ရောက်သွားကြချေပြီ။

မြို့တော်ထဲတွင် ခန်းမသခင် ဆယ့်နှစ်ဦးနှင့် တာအိုသိုင်းပညာရှင် ကိုးဆယ့်ခြောက်ယောက်တို့က အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်လာသည်ကို အသင့်စောင့်ဆိုင်းနေကြသည်။ အခြေအနေကို မြင်သောအခါ ချက်ချင်း ထွက်လာကြသည်။

တစ်ချိန်တည်းမှာပင် ချင်မူ့အနောက်၌ ဖရိုဖရဲခန်းမ ပေါ်လာပြီး ခေါင်းလောင်းကြီးက သူ့လက်ဖဝါးထဲသို့ ကျရောက်လာသည်။

ဖရိုဖရဲချီများ ရုတ်တရက် လှိုင်းထန်လာပြီး ဖရိုဖရဲပင်လယ်အဖြစ် ပြောင်းလဲသွား၏။

ချင်မူက ခေါင်းလောင်းကြီးကို မြှောက်ကိုင်လိုက်ပြီး လက်ဖဝါးဖြင့် ရှေ့သို့ ရိုက်ထုတ်လိုက်သည်။

ခွမ်း

ခေါင်းလောင်းနှုတ်ခမ်းဝက ကျောက်စိမ်းမြို့တော်ကို မျက်နှာမူထားပြီး စကြဝဠာတစ်ခု ပွင့်လာသည့် မြင်ကွင်း ထွက်ပေါ်လာသည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ကျောက်စိမ်းမြို့တော်၏ မြို့တံတိုင်းများ မြောက်တက်လွင့်စင်သွား၏။ အကောင်းဆုံး နတ်သတ္တုများဖြင့် သွန်းလုပ်ထားသော မြို့ရိုးအုတ်ချပ်များ လေထဲသို့ လွင့်ပျံတက်သွားကာ နောက်သို့ လွင့်ထွက်သွားကြသည်။

ထိုက်ငါးပါး ဆင့်ကဲပြောင်းလဲ၍ ကြယ်တာရာများ ပေါ်ထွက်လာ၏။ ကြယ်တာရာများက ခေါင်းလောင်းပုံသဏ္ဍာန် ဖွဲ့တည်၍ မြို့တော်ထဲသို့ တိုးဝင်သွားသည်။

"သတ်"

ခိုင်ဧကရာဇ်က ဓားဆွဲထုတ်ပြီး ဟစ်ကြွေးလိုက်၏။ သူက ခေါင်းလောင်းအတွင်းသို့ ထိပ်ဆုံး ခုန်၀င်လိုက်ပြီး ခေါင်းလောင်းအတွင်းနံရံကို နင်း၍ ရှေ့သို့ သတ်ဖြတ် ဝင်ရောက်သွားသည်။

"သတ်ကြ”

လန်ယွီတျန်းနှင့် အခြားသူများလည်း နောက်မှ လိုက်ပါသွားကြပြီး ခေါင်းလောင်းကြီးထဲသို့ ပြေးဝင်သွားကြ၏။

ဤမြင်ကွင်းက ပထမလူသားဧကရာဇ်ကဲ့သို့ အသစ်ရောက်လာသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သိုင်းပညာရှင်များ၏ သွေးများကို ဆူပွက်လာစေသည်။ ချင်ဖုန်းကျင့်က အော်ပြောလိုက်၏။ "အသစ်တွေ… ကျုပ်နဲ့ ကောင်းကင်ယင်နတ်ဘုရားမ နောက်က ကပ်လိုက်ခဲ့… သေခါနီးရင် ကြိုပြောကြ”

ပထမလူသားဧကရာဇ်၊ တောင်နတ်မင်းနှင့် အခြားသူများ၏ နှလုံးသားများ အေးစက်သွားသည်။ ကျူစန်းထုံက သူတို့နောက် လိုက်သွားလေသည်။ "စိတ်မပူကြပါနဲ့…. မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနဲ့ ကောင်းကင်ယင်နတ်ဘုရားမတို့မှာ နည်းလမ်းတွေ အများကြီး ရှိတယ်… ခင်ဗျားတို့ သေဖို့ မလွယ်ဘူး … ကျွန်တော့်စာအုပ်ထဲမှာ ရေးထားပြီးသား… အဆိုးဆုံး အခြေအနေရောက်ရင်တောင် ဆေးဆရာ ရှိသေးတယ်"

အားလုံး သတ္တိမွေး၍ ရှေ့သို့ တက်သွားကြသည်။ ရှေ့ဆုံးတွင် ခိုင်ဧကရာဇ်၊ လန်ယွီတျန်းတို့နှင့် အခြားတာအိုသိုင်းပညာရှင်များက ကျောက်စိမ်းမြို့တော်မှ သိုင်းပညာရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေပြီ ဖြစ်သဖြင့် သူတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

ချင်မူက မြို့တော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသော ကောင်းကင်နတ်အရှင်ယွဲ့ကို လှမ်းတားကာ ခေါင်းခါပြသည်။

ကောင်းကင်နတ်အရှင်ယွဲ့လည်း သဘောပေါက်သွားပြီး သူ၏ ဘေးတွင် နေရစ်ခဲ့သည်။ ချင်မူ မြို့တော်ထဲသို့ လှမ်းကြည့်လိုက်ရာ မီလော့နန်းတော် သခင်လေးသုံးသည် ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ကို ထပ်မံထိန်းချုပ်ပြီး တာအိုလှံအား ကိုင်စွဲထားသည်ကို တွေ့လိုက်ရ၏။ အခြားတစ်ဖက်တွင် သခင်လေးလေးကလည်း တာအိုသိုင်းပညာရှင်တစ်ဦးကို ရွေးချယ်ပြီး သူ၏ ရှေးဟောင်းဗျပ်စောင်းကို ကာကွယ်ထားသည်။

မြို့တော်ထဲမှ ဗျပ်စောင်းသံများ ဖြာထွက်လာကာ နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေ၏။ သခင်လေးလေး၏ ဗျပ်စောင်းသံမှာ ထူးကဲလှသည် မဟုတ်သော်လည်း သူ၏ အမှန်တကယ် ထူးကဲမှုက ဗျပ်စောင်းသံကို အသုံးပြု၍ ကောင်းကင်နတ်သိုင်းများ အသက်သွင်းခြင်းပင်။ အလွန်တရာ ဆန်းကြယ်၍ နားလည်ရခက်၏။

သခင်လေးသုံး လင်းရှောင်၏ လှံက တစ်လောကလုံးတွင် အင်အားအကြီးဆုံးလက်နက် ဖြစ်ပြီး ချင်မူ၏ ခေါင်းလောင်းကြီးပင်လျှင် ၎င်းကို မတားဆီးနိုင်ပေ။

သခင်လေးကျစ်ရှောင်၏ ဗျပ်စောင်းသည်လည်း အပြည့်အဝ ဆင်းသက်မလာသေးသည့်တိုင် စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ချင်မူ၏ အကြည့်များ ဖျတ်ခနဲ လက်သွားပြီး အနန္တအဘိုးအိုကို တစ်ချက်ကြည့်လိုက်၏။ "ဒီတစ်ခေါက်… ကျွန်တော် အနန္တအဘိုးအိုကို သွားတွေ့တာအပြင် ကျောက်စိမ်းမြို့တော်ဆီလည်း တစ်ခေါက် သွားခဲ့တယ်"

ကောင်းကင်နတ်အရှင်ယွဲ့သည် အံ့ဩသံသယဖြစ်‌နေသော မျက်နှာအမူအရာဖြင့် သူ၏ မျက်နှာကို လှည့်ကြည့်လာ၏။ အနန္တအဘိုးအိုနှင့် ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်ရန် ဆွေးနွေးပြီးနောက် အဘယ်ကြောင့် ကျောက်စိမ်းမြို့တော်သို့ ထပ်သွားခဲ့သည်လဲကိုတော့ မေးမြန်းခြင်း မရှိပေ။

ချင်မူက သင့်တင့်သော အဖြေတစ်ခု ပေးမည်ဖြစ်ကြောင်း သူမ သိထားလေသည်။

ချင်မူ ဆက်ပြောသည်။ "အနန္တအဘိုးအို လက်အောက်မှာ တာအိုသိုင်းပညာရှင်တွေ ပိုပြီး များလာတယ်… ကျွန်တော်တို့နဲ့ ကျောက်စိမ်းမြို့တော်က လောကသစ်ပင်ကို အဆက်မပြတ် တိုက်ခိုက်ပြီး သူ့ရဲ့ အင်အားစု တစ်စိတ်တစ်ပိုင်းကို ရှင်းလင်းခဲ့ပေမယ့် သူက စကြဝဠာ တစ်ဆယ့်ခြောက်ခုကို နောက်ခံထားတော့ သူ့နောက်လိုက်တွေက အဆုံးမရှိဘူး…. သူ ဒီနောက်လိုက်တွေကို ၁၇ စင်းမြောက် စကြ၀ဠာမှာ တာအိုရအောင် လုပ်ပေးနိုင်တာ သူ့မှာ နောက်ထပ် မဟာမိတ်တစ်ယောက် ရှိနေလို့ပဲ"

ကောင်းကင်နတ်အရှင်ယွဲ့၏ စိတ်ထဲတွင် လှုပ်ရှားသွားမိသည်။ ကောင်းကင်ကို မော့ကြည့်ချင်သော်လည်း ထိုပုဂ္ဂိုလ် သတိထားမိမည်စိုးသောကြောင့် မကြည့်ရဲပေ။

"သခင်လေးနှစ်က သူ့ကို ကူညီနေတာ… သူကလည်း သခင်လေးနှစ် လွတ်မြောက်အောင် ကူညီပေးနေတယ်"

ချင်မူက ရှင်းပြသည်။ "ကျွန်တော်နဲ့ မီလော့နန်းတော် အစ်ကိုသုံး၊ အစ်ကိုလေးတို့က လောကကို ကယ်တင်မယ့် သဘောတရားချင်း မတူလို့သာ တိုက်ခိုက်နေကြတာ... အစ်ကိုသုံးနဲ့ အစ်ကိုလေးက ကျွန်တော့်ကို သတ်လိုက်ရင်တောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဒုက္ခပေးမှာ မဟုတ်ဘူး… လောကအားလုံးကိုလည်း ဒုက္ခပေးမှာ မဟုတ်ဘူး… မီလော့နန်းတော်အရှင်သခင်ရဲ့ ခံယူချက်အတိုင်းပဲ ဆက်သွားကြလိမ့်မယ် … ဒါပေမဲ့ နှစ်က မတူဘူး… နှစ်က လောကကို ဖျက်ဆီးပြီး အရာအားလုံးကို ဖျက်ဆီးလို့ ပြီးပြည့်စုံတဲ့ လောကတစ်ခုကို ဖန်တီးချင်နေတာ… ဒါကြောင့် ကျွန်တော် အစ်ကိုသုံးနဲ့ အစ်ကိုလေးဆီ သွားတွေ့ခဲ့တယ်"

ကောင်းကင်နတ်အရှင်ယွဲ့၏ အသံက ခပ်တိုးတိုး ထွက်လာ၏။ "နင် သူတို့နဲ့ မဟာမိတ် ဖွဲ့ခဲ့တာလား"

ချင်မူက မဆိုစလောက် ခေါင်းညိတ်လိုက်သည်။ "သခင်လေးနှစ်က အစ်ကိုသုံးကြောင့် ဖြစ်လာတဲ့ ဒုက္ခပဲ… သူ တာဝန်ယူရမယ်… ကျွန်တော် ပြင်ခဲ့တဲ့ အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို ကျွန်တော် အာရုံခံကြည့်ခဲ့တယ်… ကျွန်တော့်ရဲ့ သင်္ကေတတွေကို သခင်လေးနှစ် တစ်ခုမှ မထိရသေးဘူး… ဆိုတော့ အနန္တအဘိုးအို သူ့ကို ကူညီပြီး ချေဖျက်ပေးနေတာက အနီရောင်ကြိုးထုံးထဲက ကျန်တဲ့သင်္ကေတတွေပဲ ဖြစ်ရမယ်… တခြားသင်္ကေတတွေကိုသာ သူတို့နှစ်ယောက် ချေဖျက်ပြီးသွားရင် ကျွန်တော့်ရဲ့ သင်္ကေတတွေကို ချေဖျက်ဖို့က လွယ်လွယ်လေးပဲ"

ကောင်းကင်နတ်အရှင်ယွဲ့က ပြော၏။ "ဒါကြောင့် အကြီးဆုံး အန္တရာယ်က သခင်လေးကျစ်ရှောင်ရဲ့ ဗျပ်စောင်း မဟုတ်ဘူးပေါ့"

ချင်မူ ခေါင်းညိတ်သည်။ "အကြီးဆုံး အန္တရာယ်က နှစ်ဆီက လာတာပဲ… ကျွန်တော်တို့အတွက်ပဲ ဖြစ်ဖြစ်၊ မီလော့နန်းတော်အတွက်ပဲ ဖြစ်ဖြစ် နှစ် လွတ်မြောက်သွားတာက ကပ်ဘေးဖြစ်စေလိမ့်မယ်… ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သခင်လေးနှစ်ကို မျှားခေါ်ဖို့… ကျွန်တော် အစ်ကိုသုံး၊ အစ်ကိုလေးတို့နဲ့ ပူးပေါင်းပြီး သူ့ကို ထပ်ပြီး ချိပ်ပိတ်မယ်… ဒါမှမဟုတ် သတ်ပစ်မယ်"

ကောင်းကင်နတ်အရှင်ယွဲ့မှာ တုန်လှုပ်သွားသည်။ "ဒါပေမဲ့ နှစ်ကို သတ်လို့ မရဘူးလေ"

ချင်မူက ပြောသည်။ "နှစ်ကို သတ်နိုင်တာ နှစ်ယောက်ပဲ ရှိတယ်… တစ်ယောက်က မီလော့နန်းတော်အရှင်သခင်… နောက်တစ်ယောက်က အနန္တအဘိုးအိုပဲ"

သူ၏ မျက်လုံးများ အေးစက်သွားသည်။ "ဒီတစ်ခေါက် အနန္တအဘိုးအိုရဲ့ရဲ့ လက်နဲ့ နှစ်ကိုရော အနန္တအဘိုးအိုကိုပါ သတ်မယ်… ဒီလို အခွင့်ကောင်းကို အစ်ကိုသုံးနဲ့ အစ်ကိုလေးတို့ လက်လွတ်ခံမှာ မဟုတ်ဘူး"

ကောင်းကင်နတ်အရှင်ယွဲ့မှာ နားမလည်နိုင် ဖြစ်သွားသည်။ "ဒါဆို နင် ငါ့ကို ဒီမှာနေခိုင်းတာ ဘာလုပ်ဖို့လဲ"

"ကျွန်တော် နှစ်နဲ့ အနန္တအဘိုးအိုကို အခု သေခွင့် မပြုနိုင်သေးဘူး… သူတို့ သေသွားရင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် တစ်ခုလုံးနဲ့ သခင်လေးသုံး၊ သခင်လေးလေးတို့ ဆင်းသက်လာနိုင်တယ်… ကျွန်တော် သူတို့ကို ဆင်းသက်ခွင့် မပြုနိုင်ဘူး"

ချင်မူက သူမကို လှည့်ကြည့်ကာ ညင်သာစွာ ပြော၏။ “အရေးကြီးတဲ့ အချိန်မှာ သခင်လေးကျစ်ရှောင်ကို နှောင့်ယှက်ဖို့ မမကြီးကို လိုတယ်… ဒါပေမဲ့ မမကြီး သေသွားနိုင်တယ်"

ကောင်းကင်နတ်အရှင်ယွဲ့က တိတ်ဆိတ်သွားပြီး ရုတ်တရက် ခေါင်းမော့ကာ ပြောသည်။ "ဘာလုပ်ရမလဲ ပြောပါ"

ချင်မူက သူမကို တိတ်ဆိတ်စွာ ကြည့်နေပြီး ပြုံးလိုက်၏။ "ဒါပေမဲ့ ကျွန်တော် မမကြီးကို သေခွင့်ပြုမှာ မဟုတ်ဘူး… မမကြီး ကျွန်တော့်ကို ယုံကြည်ရင် ကျွန်တော် အနာဂတ်ကနေ အတိတ်ကို ပြန်လာပြီး အခုဒီအခိုက်အတန့်မှာ ကယ်တင်ပါ့မယ်… မမကြီးယွဲ့"

သူက ကောင်းကင်နတ်အရှင်ယွဲ့၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူမ၏စိတ်များ လှုပ်ရှားသွားသည်။ ချင်မူက ခပ်တိုးတိုး ပြော၏။ "ကျွန်တော်တို့ အတိတ်စကြဝဠာမှာ ပြန်ဆုံကြမယ်"

ကောင်းကင်နတ်အရှင်ယွဲ့က သူ၏ လက်ထဲမှ သူမ၏ လက်ကို ရုန်းဖယ်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

All Chapters