အနန္တကို စတေးတော့မည်လား
Vol. 140 Ch. 1804
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့က စကားဆက်မပြောတော့ဘဲ ကျောက်စိမ်းမြို့တော်ထဲက တိုက်ပွဲကိုသာ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ကောင်းကင်နတ်အရှင်ယွဲ့အနေဖြင့် ချင်မူအား အသက်ပေး၍ပင် ယုံကြည်နိုင်သည်။
ယခုအချိန်အထိ ချင်မူက သူမကို တစ်ခါမှ စိတ်မပျက်စေခဲ့ချေ။ ချင်မူ၏ စိုးရိမ်စိတ်ကိုလည်း သူမ နားလည်သည်။ ချင်မူမှာ ကောင်းကင်နတ်အရှင်ယွဲ့ သူ့အား မယုံကြည်မည်ကို စိုးရိမ်နေသော်လည်း သူမကမူ အမြဲတမ်း ယုံကြည်ထားခဲ့သည်။ သို့သော် သူ့အပေါ် သူမ ထားရှိသည့် စိတ်ရင်းကိုမူ ပြောခွင့်မသာခဲ့ပေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ချင်မူက ခြေတစ်လှမ်းဖြင့် မြို့တော်ထဲသို့ ၀င်ရောက်သွားသည်။ သူက သခင်လေးလေး ထိန်းချုပ်ထားသော တာအိုသိုင်းပညာရှင်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့ကလည်း လေထဲတွင် လွင့်မြောနေသော သစ်ရွက်ကြွေပမာ လေနှင့်အတူ မြောလွင့်လျက် သူ့နောက်မှ လိုက်ပါသွားသည်။
အဝေးမှ အနန္တအဘိုးအိုသည် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်အေးသွား၏။ သူလည်း ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်ကာ သခင်လေးသုံးလင်းရှောင် ထိန်းချုပ်ထားသော ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ တဟုန်ထိုး ပြေး၀င်သွားတော့သည်။
အင်အားကြီးမားသော အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းလိုက်သဖြင့် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ အန္တရာယ် ဆိုက်ရောက်နေလေပြီ။
ဤနှစ်များအတွင်း ကျောက်စိမ်းမြို့တော်သည် သွေးယဇ်ပူဇော်ခြင်းစွမ်းအင်များကို စုဆောင်းနေခဲ့သည်။ သို့သော် ခန်းမသခင်နှင့် တာအိုသိုင်းပညာရှင်အသစ်များ ဆင်းသက်လာခြင်း မရှိခဲ့ပေ။ အကြောင်းရင်းက သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ တာအိုလက်နက်များ ဆင်းသက်လာပြီး ချင်မူ၊ အနန္တအဘိုးအိုတို့နှင့် ရင်ဆိုင်နိုင်သည့် အင်အားရရှိရန်ပင်။
သခင်လေးများ ကိုယ်တိုင် ဆင်းသက်လာနိုင်ခြင်း မရှိသည့် အခြေအနေတွင် သခင်လေးများ၏ တာအိုလက်နက်တို့အား ပို့ဆောင်ခြင်းသည် အင်အားကြီးအဖွဲ့နှစ်ဖွဲ့ကို ရင်ဆိုင်ရန် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။
ထိုမျှသာမက သခင်လေးနှစ်ယောက်အနေဖြင့် ခန္ဓာကိုယ်အငှားများဆီသို့ ဆင်းသက်နိုင်သေးပြီး ထိုသူတို့၏ ရုပ်ခန္ဓာမှတဆင့် အတိုက်အခိုက်စွမ်းရည် တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်နိုင်သေးသည်။
သို့သော် ချင်မူနှင့် အနန္တအဘိုးအိုတို့ ပူးပေါင်း၍ ကျောက်စိမ်းမြို့တော်ကို ဝိုင်းဝန်းတိုက်ခိုက်ခြင်းက ဖိအားအတော်လေး ကြီးမားလာစေသည်။
ချင်မူက သခင်လေးသုံး၊ သခင်လေးလေးတို့နှင့် တိတ်တဆိတ် တွေ့ဆုံခဲ့ပြီး အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ကို ရှင်းလင်းရန် သဘောတူခဲ့သော်လည်း လုံးဝ ညှာတာခြင်း မရှိချေ။ သခင်လေးကျစ်ရှောင်ကို အပြင်းအထန် တိုက်ခိုက်ရင်း အသတ်နှုတ်တိုက်ကွက်များလည်း အဆက်မပြတ် ထုတ်ဖော်နေသည်။
ဒေါင်
ချင်မူက ခေါင်းလောင်းကြီးကို ထောင်လိုက်ရာ ခေါင်းလောင်းသံ ပျံ့နှံ့သွားသည်။ ပတ်ဝန်းကျင်မှ နယ်မြေအသီးသီး တုန်ခါသွားပြီး ၎င်းတို့ထဲမှ တစ်ခုသည် ချင်မူ၏ ခေါင်းလောင်းသံတစ်ချက်တည်းဖြင့် ကျိုးကြေပျက်စီးသွားတော့မည့် လက္ခဏာများ ပြနေ၏။
"အစ်ကိုလေး၊ ဒီတစ်ခေါက် ကျွန်တော်တို့ မဟာမိတ်အဖွဲ့က မမကြီးနှစ်နဲ့ အနန္တအဘိုးအိုကို လှည့်စားပြီး သတ်ဖို့ပဲ"
ချင်မူက သခင်လေးကျစ်ရှောင်ကို အပြင်းအထန် လှုပ်ခါလိုက်ရာ ချီနှင့် သွေးများပင် ဆူပွက်သွားစေသည်။ သို့သော် သူ၏ လက်ထဲတွင် ရုတ်တရက် ထိုက်ယီနတ်ပုဆိန် ဖွဲ့တည်လာသည်။ ထို့နောက် ထိုက်ယီသစ်ခုတ်သိုင်းကွက်ကို အသက်သွင်းလျက် သခင်လေးကျစ်ရှောင်ကို ခုတ်ပိုင်းလိုက်ရင်း အသံနှိမ့်၍ ပြောသည်။ "အစ်ကိုလေး နည်းနည်းလောက် ညှာပေးပါဦး… ဒါမှ မမကြီးနှစ် ထွက်လာရင် ကျွန်တော်တို့ သူ့ကို ရင်ဆိုင်ဖို့ အင်အား ရှိကြမှာ"
"ကောင်းပြီ"
သခင်လေးကျစ်ရှောင်သည် လက်မြှောက်၍ လက်ချောင်းသုံးချောင်းဖြင့် ဗျပ်စောင်းကြိုးသုံးချောင်းကို ဆွဲကိုင်လိုက်၏။ သူက ညှာတာခြင်း မရှိဘဲ ဗျပ်စောင်းကြိုးများကို လွှတ်လိုက်သည်။ ဗျပ်စောင်းကြိုးများထဲမှ ကောင်းကင်နတ်သိုင်းများက ဓားသွားများသဖွယ် တချွင်ချွင် မြည်လျက် ပုဆိန်သွားပေါ်သို့ ကျရောက်လာချေပြီ။ သိုင်းကွက်တို့နှင့်အတူ နယ်ပယ်များလည်း လိုက်ပါလာသည်။
ထိုနယ်ပယ်များကား ပါးလွှာသော မှန်ချပ်များအလားပင်။ ချင်မူ ခုတ်ပိုင်းလိုက်သည့်အခါ ၎င်းတို့က ချင်မူ၏ ဘေးနှစ်ဖက်မှ လွင့်ထွက်သွားပြီး သူ့အနောက်တွင် ပြန့်ကားလျက် ဧရာမ မဟာခြုံလွှမ်းကောင်းကင်ဘုံကြီးများအဖြစ် ပြောင်းလဲသွားသည်။
ချင်မူ၏ ကြွက်သားများ ဖောင်းကားလာသည်။ ထိုက်ယီပုဆိတ်ခုတ်သိုင်းက ထိုနယ်ပယ်တို့အား ခုတ်ပိုင်းပြီး၍ သခင်လေးကျစ်ရှောင်၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားသည်။ သခင်လေးကျစ်ရှောင်၏ လက်ဖဝါးမှာ ပုဆိန်ဖြင့် တစ်ချက်တည်း ခုတ်ဖြတ်ခံလိုက်ရချေပြီ။ သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး လက်ပြတ်တစ်ဖက်သာ ကျန်ရစ်ခဲ့သည်။ နောက်တစ်ခဏတွင် သူက ချင်မူ၏ နောက်ကျော၌ ဖွဲ့တည်လာခဲ့သော မဟာခြုံလွှမ်းကောင်းကင်ဘုံများထဲတွင် ပေါ်လာသည်။ ဗျပ်စောင်းကြိုးက လှုပ်ခါသွားပြီး ချင်မူ၏ လည်ပင်းကို ဖြတ်တောက်သွားသည်။
ချင်မူ၏ ဦးခေါင်းပြတ်က ကောင်းကင်သို့ မြောက်တက်သွားပြီး ဘုန်းခနဲ ပေါက်ကွဲကာ ဖရိုဖရဲချီလုံးအဖြစ် ပြောင်းလဲသွား၏။ ဖရိုဖရဲချီထဲမှ ဖရိုဖရဲဓားတစ်လက် ထွက်ပေါ်လာပြီး ချင်မူ၏ လက်ထဲသို့ ကျရောက်သွားသည်။
ချင်မူ၏ လည်ပင်းတွင် ဦးခေါင်းအသစ် ပေါက်လာသည်။ သူက ခြေနှစ်ဖက်ကား ကား၍ တျန်းတု- လောကဖန်ဆင်းဓားအား ထုတ်ဖော်လိုက်သည်။
သခင်လေးကျစ်ရှောင်၏ ဗျပ်စောင်းက သူ့ပတ်ပတ်လည်တွင် ပျံဝဲနေပြီး ဗျပ်စောင်းကြိုးများကလည်း တီးခတ်သူမရှိလင့်ကစား တုန်ခါနေသည်။ တခဏအတွင်း ကောင်းကင်တွင် နယ်ပယ်များ ပြည့်နှက်သွားပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံများအဖြစ် ပြောင်းလဲကာ ချင်မူ၏ တိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။
သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဖြတ်သန်းသွားသည့်အခါ တစ်ကိုယ်လုံး သွေးများ စီးကျနေကြချေပြီ။
သခင်လေးကျစ်ရှောင်၏ မျက်နှာက တည်ငြိမ်နေပြီး ဒေါသထွက်ခြင်း မရှိပေ။ ချင်မူနှင့် တိုက်ခိုက်ရာတွင် ညှာတာခဲ့ပါက ချင်မူ၏ လက်ချက်ဖြင့် သေသည်အထိ အရိုက်ခံရမည်မှာ သေချာသည်။
ချင်မူ့ကို အခွင့်အရေး ပေးလိုက်ပါက ချင်မူသည် သူ၏ရတနာကို သေချာပေါက် လုသွားလျှင် လု၊ မလုလျှင် ဖျက်စီးပစ်ပေလိမ့်မည်။
ထိုစဉ် သခင်လေးကျစ်ရှောင်၏ မျက်လုံးထောင့်စွန်းများ လှုပ်ခတ်သွားပြီး သူ၏ အကြည့်က ချင်မူ၏ နောက်ကျောတွင် လေနှင့် အတူ မျောလွင့်နေသော ကောင်းကင်နတ်အရှင်ယွဲ့ဆီသို့ ကျရောက်သွားသည်။ ထိုကောင်းကင်နတ်အရှင်ယွဲ့သည် သူ၏ ကွယ်လွန်သွားသော ဇနီးသည်၏ ဗျပ်စောင်းတေးသံကို အကြိမ်ကြိမ် တီးခတ်ရင်း သူ့တာအိုနှလုံးသားကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ကာ ကျောက်စိမ်းမြို့တော်၏ စစ်ဆင်ရေးများစွာအား ရှုံးနိမ့်စေခဲ့၏။
သခင်လေးကျစ်ရှောင်အနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ရန် လူများစွာ စေလွှတ်ခဲ့ဖူးသော်လည်း သူမက အကြိမ်ကြိမ် လွတ်မြောက်သွားခဲ့သည်။
‘ခုနစ်က ဘာလုပ်ချင်နေတာလဲ… ငါတို့နဲ့ ပူးပေါင်းပြီး အစ်မတော်နှစ်ကို ရင်ဆိုင်မယ် ဆိုပြီး ဒီမိန်းမကိုလည်း ခေါ်လာတယ်… ခုနစ်ရဲ့ နှလုံးသားက မရိုးသားဘူး'
သူ့တွင် စဉ်းစားနေရန် အချိန်မရှိချေ။ ချင်မူ၏ အတွေးများက ကပေါက်ကချာ နိုင်လွန်း၍ သူ၏ စိတ်ကို ခန့်မှန်းရန် မလွယ်။ ဥပမာအနေဖြင့် ချင်မူသည် အနန္တအဘိုးအိုနှင့် ပူးပေါင်းပြီး ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်ကာ သခင်လေးလေး၏ တာအိုလက်နက် ဆင်းသက်လာခြင်းကို တားဆီးလိမ့်မည်ဟု ကျောက်စိမ်းမြို့တော်မှ သိုင်းပညာရှင်အားလုံး ထင်ခဲ့ကြ၏။
သို့သော် ချင်မူ ကျောက်စိမ်းမြို့တော်သို့ ရောက်လာပြီး ကျောက်စိမ်းမြို့တော်နှင့် ပူးပေါင်းကာ အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ကို ရင်ဆိုင်တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ တွေးမထားခဲ့ကြပေ။
ချင်မူကဲ့သို့ ထူးဆန်းသော ဦးနှောက်ရှိသူ တစ်ဦး၏ အတွေးများကို ခန့်မှန်းလိုပါက ကိုယ့်ဦးနှောက်ကိုလည်း ချင်မူကဲ့သို့ ထူးဆန်းအောင် ပြောင်းလဲရလိမ့်မည်။ သခင်လေးကျစ်ရှောင်သည် သူ့ကိုယ်သူ အထင်ကြီးသူ ဖြစ်ရာ သူ၏ အဆင့်အတန်းကို နှိမ့်ချမည် မဟုတ်ပေ။
'ဒါပေမဲ့ ဒီမိန်းမကိုတော့ မဖြစ်မနေ ဖယ်ရှားပစ်ရမယ်'
သခင်လေးကျစ်ရှောင်၏ မျက်လုံးများ လင်းလက်သွားပြီး သခင်လေးလင်းရှောင်ဆီ အသံပို့လွှတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကျောက်စိမ်းမြို့တော်မှ ခန်းမသခင်များမှာ အပြင်းအထန် တိုက်ခိုက်နေရပြီး တာအိုသိုင်းပညာရှင်များမှာလည်း အင်အား မရှိကြတော့ပေ။ သခင်လေးလင်းရှောင် တစ်ယောက်တည်းသာ သခင်လေးနှစ် ထွက်ပေါ်လာသည့် အချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ဖြတ်ပြီး နောက်ဆက်တွဲ ပြဿနာများကို ရှင်းလင်းနိုင်မည့် အင်အားရှိတော့၏။
သူနှင့် ချင်မူမှာမူ အသက်နုတ်တိုက်ကွက်များ အဆက်မပြတ် ထုတ်ဖော်နေကြသောကြောင့် တခဏအတွင်း နှစ်ယောက်လုံး ဒဏ်ရာရသွားကြသည်။
သခင်လေးကျစ်ရှောင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ဧကရာဇ်အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ဗျပ်စောင်းသံထဲမှ ကောင်းကင်နတ်သိုင်းများက နယ်ပယ်တစ်သောင်းအား ဖွဲ့တည်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ၎င်းနယ်ပယ်များ၏ မည်သည့်နေရာတွင်မဆို အချိန်မရွေး ပေါ်လာနိုင်ကာ စကြဝဠာပေါင်းများစွာ၏ ဧကရာဇ်မင်းတစ်ပါးသဖွယ် ဖြစ်နေတော့သည်။
ဗျပ်စောင်းကြိုးများ တုန်ခါနေခြင်းက သူ၏ ကောင်းကင်နတ်သိုင်းများကို ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်စေသဖြင့် သူ့အား ခုခံရန် မလွယ်ပေ။
ဤသည်မှာ တာအိုအဆင့် နယ်ပယ်များကို အထွတ်အထိပ်အထိ ကျင့်ကြံထားခြင်း၏ ရလဒ်များပင် ဖြစ်သည်။
သူ၏ နယ်ပယ်ကို နယ်ပယ်ဟုခေါ်ဆို၍ မရတော့ပေ။ တာအိုနယ်ပယ်ဟု ခေါ်ဆိုရပေလိမ့်မည်။
နယ်ပယ်တစ်ခုသည် တာအိုအဆင့်အတိုင်း တိုးတက်လာနိုင်၏။ တာအိုအဆင့် အရေအတွက်အတိုင်း နယ်ပယ်များ ရှိ၏။ ကောင်းကင်ဘုံ ၃၆ ဘုံအထိ ကျင့်ကြံပြီးနောက် ၃၆ ခုမြောက် နယ်ပယ်ကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်လိုက်ပါက မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်လာသည်။
သို့သော် သခင်လေးကျစ်ရှောင်၏ နယ်ပယ်ကား အခြားသူများနှင့် မတူပေ။ သူ၏ ကျင့်စဉ်မှာ တစ်မူထူးခြားပြီး မဟာတာအိုမှာလည်း အလွန် ဆန်းကြယ်လှသည်။ တာအိုနယ်ပယ်ပေါင်းများစွာအဖြစ် ပြောင်းလဲနိုင်ပြီး တာအိုနယ်ပယ်တိုင်းကလည်း မဟာခြုံလွှမ်းကောင်းကင်ဘုံ တစ်ခုအလားပင်။ သို့သော် ထိုတာအိုနယ်ပယ်များထဲတွင် တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးများ မရှိချေ။
တာအိုနယ်ပယ်တစ်ခုစီတိုင်းသည် မတူညီသော မဟာတာအို ကောင်းကင်နတ်သိုင်းများနှင့် ညီမျှ၏။ တာအိုကျင့်စဉ် အောင်မြင်မှုတွင် သခင်လေးကျစ်ရှောင်က သခင်လေးတစ်၊ သခင်လေးနှစ်နှင့် သခင်လေးသုံးတို့အောက် နိမ့်ကျခြင်းမရှိချေ။ အမှန်တွင် သူတို့ထက် ပို၍ပင် သာလွန်နိုင်သည်။
နယ်ပယ်တစ်ခုတွင် မီလော့နန်းတော်အရှင်သခင်ပင် မရောက်နိုင်သော အောင်မြင်မှုကို ရယူနိုင်လျှင် သခင်လေး ဟူသော ဂုဏ်ထူး အပ်နှင်းခံရသည်။ သခင်လေးကျစ်ရှောင်သည် နယ်ပယ်အရာ၌ မီလော့နန်းတော်အရှင်သခင်ပင် မရနိုင်ခဲ့သော အောင်မြင်မှုများကို ရရှိခဲ့၏။
တာအိုနယ်ပယ်ပေါင်းများစွာထဲတွင် သခင်လေးကျစ်ရှောင်က ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ကို တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်လိုက်သည်။ သခင်လေးလင်းရှောင် ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ဖြတ်ရန်မှာ အရံအစီအစဉ်သာ ဖြစ်၏။ ကျစ်ရှောင်သည် သူ၏ တာအိုနှလုံးသားကို နှောင့်ယှက်နိုင်သည့် ရန်သူတော်၊ ကောင်းကင်နတ်အရှင်ယွဲ့အား ကိုယ်တိုင်ဖယ်ရှားပစ်နိုင်ရန် မျှော်လင့်ထား၏။
ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့ကို ခေါ်လျက် နယ်ပယ်အမျိုးမျိုးထဲသို့ သတ်ဖြတ်ဝင်ရောက်သွားပြီး သူ၏ ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းလိုက်သည်။ ထို့နောက် နယ်ပယ်၏ အလယ်ဗဟိုတွင် မားမားမတ်မတ် ရပ်တည်နေသည်။ သခင်လေးကျစ်ရှောင် မည်သည့်အရပ်မျက်နှာမှ တိုက်ခိုက်လာသည်ဖြစ်စေ သူ အလွယ်တကူ ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
သို့သော် သခင်လေးကျစ်ရှောင်၏ ခွန်အားမှာ သူ မျှော်မှန်းထားသည်ထက် သာလွန်နေသည်။ တာအိုတစ်သောင်းနယ်ပယ် သူ၏ နယ်ပယ်ထဲသို့ ကျူးကျော်၀င်ရောက်လာသည့်အချိန်တွင် သူ၏နယ်ပယ် ပတ်ပတ်လည်တွင် ကြည်လင်တောက်ပသည့် မှန်ချပ်များ ချိတ်ဆွဲထားသကဲ့သို့ ထင်ရသည်။။ မှန်ချပ်များထဲတွင် မတူညီသော ကမ္ဘာလောကများ ရှိနေလေသည်။
သခင်လေးကျစ်ရှောင်၏ ပုံရိပ်က ကမ္ဘာလောကများထဲတွင် ပေါ်လာပြီး သူ့ကို တိုက်ခိုက်ကာ သူ၏နယ်ပယ်ကို ဖျက်ဆီးနေသည်။
ပို၍ ခက်ခဲစေသည်မှာ သခင်လေးကျစ်ရှောင်၏ ကောင်းကင်နတ်သိုင်းများက ကောင်းကင်နတ်အရှင်ယွဲ့ကို တိုက်ခိုက်နေခြင်း ဖြစ်သဖြင့် ချင်မူမှာ ကောင်းကင်နတ်အရှင်ယွဲ့ကို ကာကွယ်ရန် ပိုမိုအာရုံစိုက်နေရ၏။ ရလဒ်အနေဖြင့် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများက ပိုပို၍ ပြင်းထန်လာသည်။
သူတို့ကဲ့သို့ ထိပ်သီးသိုင်းပညာရှင်များ တိုက်ခိုက်ရာတွင် အာရုံထွေပြားရန် မဆိုထားနှင့်၊ တစ်ချက်မျှ သတိလက်လွတ် ဖြစ်သွားရုံဖြင့် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်း ခံရနိုင်သည်။
ကောင်းကင်နတ်အရှင်ယွဲ့ကို ကာကွယ်ပေးနေရခြင်းက သူ့ကို ခံစစ်အနေအထားသို့ ရောက်နေစေသည်။
သခင်လေးကျစ်ရှောင်၏ ရုပ်ခန္ဓာမှာ မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်သာ ဖြစ်ပြီး အောင်မြင်မှုများက မမြင့်မားလှချေ။ သို့သော် ဗျပ်စောင်းကြောင့် သူ၏ စွမ်းဆောင်ရည်များက ချင်မူ့ထက် သာလွန်နေသည်။
ကောင်းကင်နတ်အရှင်ယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူမက ချင်မူ့အနောက်တွင် ရပ်နေရသဖြင့် ချင်မူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုမို များပြားလာသည်ကို မြင်နေရ၏။ သို့သော် ချင်မူက သူမကို တိုက်ခိုက်ရန် မပြောသဖြင့် ရပ်နေရုံသာ တတ်နိုင်သည်။
ရုတ်တရက် ချင်မူက လက်မြှောက်လိုက်ရာ ကောင်းကင်မှ ဖရိုဖရဲပင်လယ်က တဟုန်ထိုး ဆင်းချလာသည်။
သူ၏ ဖရိုဖရဲပင်လယ်နှင့် အဆုံးသတ်မြို့ပျက်ကြာပန်းတို့သည် အဆုံးသတ်မြို့ပျက် အသူချောက်နက်ကို ဖိနှိပ်ထားပြီး သခင်လေးနှစ်ကို ခုခံကာကွယ်နေခဲ့၏။ ယခုမူ သခင်လေးကျစ်ရှောင်ကို မခုခံနိုင်တော့သဖြင့် ဖရိုဖရဲပင်လယ်နှင့် အဆုံးသတ်မြို့ပျက်ကြာပန်းတို့ကို ပြန်လည် ဆင့်ခေါ်ကာ အထွတ်အထိပ်အခြေအနေသို့ ပြန်မြှင့်တင်ရပေတော့မည်။
အဝေးတွင် အနန္တအဘိုးအိုနှင့် သခင်လေးလင်းရှောင်တို့၏ တိုက်ပွဲမှာလည်း သေရေးရှင်ရေးအခြေအနေသို့ ရောက်နေသည်။ အနန္တအဘိုးအို၏ အတိုက်အခိုက်စွမ်းရည်မှာ အလွန်တရာ မြင့်မားလှ၍ ချင်မူသာ ဖရိုဖရဲမြစ်၏စွမ်းအားကို မငှားယူထားပါက သူ၏ ပြိုင်ဘက်မဟုတ်ချေ။
သခင်လေးလင်းရှောင်၌ တာအိုလှံ ရှိနေသော်လည်း အနန္တအဘိုးအိုက လောကသစ်ပင်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ထားသည်။ ကောင်းကင်နတ်သိုင်းနှင့် တာအိုကျင့်စဉ်အမျိုးမျိုး တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသဖြင့် သခင်လေးလင်းရှောင်မှာ ပင်ပန်းလွန်း၍ အားပျက်လာသည်။
'ခွေးကောင်ဖရိုဖရဲက ဖရိုဖရဲပင်လယ်နဲ့ အဆုံးသတ်မြို့ပျက်ကြာပန်းကို ပြန်ဆင့်ခေါ်လိုက်ပြီ… ကြည့်ရတာ အစွမ်းကုန် ထုတ်သုံးနေပြီ ထင်တယ်'
အနန္တအဘိုးအို၏ မျက်လုံးများ လင်းလက်သွားသည်။ 'သူ့ရဲ့ ဖိနှိပ်မှု မရှိတော့ရင် သခင်လေးနှစ် ထွက်လာလို့ ရပြီ…. ဒီတစ်ခါတော့ မီလော့နန်းတော်နဲ့ ဖရိုဖရဲဆိုတဲ့ ရန်သူတော်နှစ်ယောက်ကို ဖယ်ရှားနိုင်ပြီ”
သူ ထိုသို့တွေးလိုက်သော်လည်း ဘိုးဘေးနန်းတော်၏ ကောင်းကင်မှာ ပြောင်းလဲလာခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။ သခင်လေးနှစ်က သူ မျှော်လင့်ထားသလို ချက်ချင်း မတိုက်ခိုက်လာခဲ့ချေ။
အနန္တအဘိုးအို ခေါင်းနပန်းကြီးလာသည်။ သခင်လေးလင်းရှောင်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ လောကသစ်ပင်၏ အမြစ်များကို ဖောက်ထွင်းပစ်သည်။ တာအိုလှံထိပ်က စကြာကဲ့သို့ လည်ရင်း မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများအား ဖောက်ထွင်း၍ အနန္တအဘိုးအို၏ မျက်ခုံးနှစ်ဖက်ကြားသို့ တိုးဝင်လာချေပြီ။
အနန္တအဘိုးအို ဆက်တိုက် နောက်ဆုတ်သွားရသည်။ သူ၏ နှလုံးသားမှာ ရှုပ်ထွေးလာချေပြီ။ 'သခင်လေးနှစ်လည်း တာအိုဖီဆန်သူပဲ… သူက ငါနဲ့ သခင်လေးလင်းရှောင်တို့ နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားတဲ့အထိ စောင့်နေတာ… ပြီးမှ ဝင်တိုက်ပြီး ငါတို့ကို တစ်ချက်တည်း ရှင်းပစ်လိမ့်မယ်’
တာအိုနှလုံးသား မတည်ငြိမ်တော့သဖြင့် တိုက်ကွက်များက ချက်ချင်းပင် ပရမ်းပတာ ဖြစ်သွားသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက မြင့်မားသော်လည်း တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံခြင်းဖြင့် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ထားသည့် တာအိုသိုင်းပညာရှင်များထံမှ အဓိက ရထားသည့်အရာ မဟုတ်ပါလော။ အနန္တအဘိုးအို ကိုယ်တိုင်ကမူ တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံပြီး တာအိုနှလုံးသားကို အဆင့်မြှင့်တင်ခြင်း မရှိပေ။
ထို့ကြောင့် သူ၏ တာအိုနှလုံးသားက သူ၏စွမ်းဆောင်ရည်များနှင့် လိုက်မမှီနိုင် ဖြစ်လာသည်။ အမှန်တွင် ဤအချက်ကို သတိထားမိခဲ့သည်မှာ ကြာလေပြီ။
အနန္တအဘိုးအိုမှာ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုမို များပြားလာပြီး နောက်သို့ အဆက်မပြတ် ဆုတ်နေရ၏။ ကျောက်စိမ်းမြို့တော် အပြင်ဘက်သို့ပင် ရောက်တော့မည်။ သူက ချက်ချင်း အော်ပြောလိုက်၏။ "ဖရိုဖရဲ၊ ရန်သူ လဲကြမယ်"
ချင်မူက ဖရိုဖရဲပင်လယ်နှင့် အဆုံးသတ်မြို့ပျက်ကြာပန်းတို့ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး ခေါင်းလောင်းကြီးကို အသက်သွင်းလိုက်သည်။ ခေါင်းလောင်းကြီးသည် အဆက်အပြတ် ပြောင်းလဲလျက် သခင်လေးကျစ်ရှောင်၏ တာအိုနယ်ပယ်ပေါင်းများစွာမှ ထွက်ပေါ်လာသော ကောင်းကင်နတ်သိုင်းတို့အား ခုခံလိုက်၏။
သူ၏ နောက်ကျောတွင် ဖရိုဖရဲခန်းမ ထွက်ပေါ်လာပြီး လောကသစ်ပင်က ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းထဲတွင် အမြစ်တွယ်ထားသည်။ တာအိုသစ်သီးနှင့် တာအိုပန်းပွင့်များသည် တောက်ပနေပြီး စွမ်းအားများ အဆက်မပြတ် စီးဝင်လာ၏။ နောက်ဆုံးတွင် သခင်လေးကျစ်ရှောင်၏ တိုက်ကွက်ကို တားဆီးနိုင်သွားသည်။
အနန္တအဘိုးအိုက ပျံသန်းလာသည်။ လောကသစ်ပင်အမြစ်များသည် နဂါးများ ပျံဝဲနေသကဲ့သို့ ယှက်ဖြာသွားကာ သခင်လေးကျစ်ရှောင်၏ တာအိုနယ်ပယ်တို့အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွား၏။ "ငါ ကျစ်ရှောင်ကို ရင်ဆိုင်မယ်၊ မင်း လင်းရှောင်ကို သွား ရင်ဆိုင်"
"ကောင်းပြီ"
ချင်မူလည်း လိုက်လံသတ်ဖြတ်နေသော လင်းရှောင်ကို သွားရောက် ရင်ဆိုင်လိုက်သည်။
အနန္တအဘိုးအိုမှာ ချက်ချင်းပင် စိတ်ထဲတွင် ငိုချမိသွားသည်။ သူ၏ ကောင်းကင်နတ်သိုင်းများသည် ကျစ်ရှောင်ထက်ပင် ပို၍ များပြားသော်လည်း ကျစ်ရှောင်နှင့် တိုက်ခိုက်မိသောအခါ နက်နဲမှုအရာတွင် ကျစ်ရှောင်ကို လုံးဝ မမီကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ လောကသစ်ပင်၏ အမြစ်များမှာ ကျစ်ရှောင်၏ လက်ချက်ဖြင့် မည်မျှ ဖြတ်တောက်ခံလိုက်ရမှန်း မသိတော့ပေ။
အခြားတစ်ဖက်တွင် ချင်မူမှာ သခင်လေးလင်းရှောင်ကို ရင်ဆိုင်ရာတွင် ချက်ချင်းပင် အထိနာသွားသည်။ သခင်လေးလင်းရှောင်၏ တာအိုလှံက သူ၏ ခေါင်းလောင်းကြီးကို အကြိမ်ကြိမ် ထိုးစိုက်၍ သူ၏ ခေါင်းလောင်းကြီးကို ထိုးဖောက်လိုက်သောကြောင့် ရတနာ၏စွမ်းအား လျော့ကျသွားသည်။
ချင်မူက ကျစ်ရှောင်ကို ရင်ဆိုင်ပြီး အနန္တအဘိုးအိုက လင်းရှောင်ကို ရင်ဆိုင်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သော်လည်း ယခု ပြိုင်ဘက် လဲလိုက်သောအခါ နှစ်ဦးစလုံး၏ အားသာချက်များ ပျောက်ကွယ်သွားသည်။
ချင်မူနှင့် အနန္တအဘိုးအိုတို့မှာ အလွန်သနားစရာကောင်းနေသည်သာမက ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများလည်း ပိုမို ပြင်းထန်လာသည်။ ထိုအချိန်တွင် ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်၌ မျက်လုံးကြီးတစ်စုံ ပေါ်လာပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲမှ တိုက်ပွဲများကို စိတ်ဝင်တစား ကြည့်ရှုနေလေသည်။
ထိုမျက်လုံးများက တဖြည်းဖြည်း နိမ့်ကျလာကာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ အပေါ်ဘက်သို့ ဖိနှိပ်ထားသည့်အလား ဖြစ်နေသည်။
"အားနည်းတဲ့သူတွေရဲ့ အငွေ့အသက်တွေ..."
သခင်လေးနှစ်၏ ခန္ဓာကိုယ်က ကောင်းကင်ယံတွင် ပေါ်လာပြီး သူမ၏ နောက်ကျောဘက်တွင် အဆုံးသတ်မြို့ပျက်ကြာပန်းများက အဆုံးသတ်မြို့ပျက်ချောက်နက်ကြီးတစ်ဆယ့်ခြောက်ခုထဲတွင် မားမားမတ်မတ် ရပ်တည်နေသည်။ သူမက ရယ်မောနေသည်။ "သုံး၊ လေး၊ ခုနစ်၊ အနန္တ… နင်တို့ဆီမှာ အားနည်းတဲ့သူတွေရဲ့ အငွေ့အသက်တွေ ပြည့်နေလို့ပါလား”
သူမ၏ နောက်ကျောဘက်တွင် အနီရောင်ကြိုးထုံးများဖြင့် ဖွဲ့စည်းထားသော သံကြိုးများသည် သူမကို ချည်နှောင်ထားသော်လည်း သူမ၏ ကျင့်ကြံမှုအခြေခံနှင့် စွမ်းရည်ကို မဖိနှိပ်ထားနိုင်တော့ပေ။
"ထားလိုက်တော့… ငါ နင််တို့အားလုံးကို တစ်ခါတည်း လိုက်ပို့ပေးလိုက်မယ်"
သခင်လေးနှစ် ရယ်မောလိုက်သည့်အချိန် အဆုံးသတ်မြို့ပျက်ကြာပန်းများက တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားသည်။ အဆုံးသတ်မြို့ပျက်ချောက်နက်ကြီးများမှာလည်း တစ်ခုကို တစ်ခု မျိုချသွားပြီး ဧရာမချောက်နက်ကြီးအဖြစ် ပြောင်းလဲသွားမည့် လက္ခဏာများ ပြနေသည်။
သူမ၏ နောက်ကျောဘက်ရှိ အနီရောင်သံကြိုးများမှာ 'ဘုန်းဘုန်း' မြည်လျက် ပေါက်ကွဲထွက်သွားပြီး ချင်မူ ချန်ထားခဲ့သော ချိတ်တံဆိပ်မှာလည်း တမုဟုတ်ချင်း ပြိုကွဲသွားသည်။ ကျန်တံဆိပ်များမှာမူ အနန္တအဘိုးအို၏ လက်ချက်ဖြင့် တစ်ဝက်ခန့် ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။
ယခုအချိန်တွင် သခင်လေးနှစ်အား မည်သူမျှ ထပ်မံ ဖိနှိပ်နိုင်တော့မည် မဟုတ်ပေ။
"လုပ်လိုက်တော့"
ချင်မူ၊ သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး တိုက်ခိုက်နေသော သုံးယောက်သား၏ ကောင်းကင်နတ်သိုင်းများက ရုတ်တရက် ပြောင်းလဲသွားကာ အနန္တအဘိုးအိုထံသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာချေသည်။
အနန္တအဘိုးအိုမှာ မျှော်လင့်မထားခဲ့သဖြင့် သခင်လေးသုံးယောက်၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို မည်သို့ ခုခံနိုင်မည်နည်း။
တခဏအတွင်းမှာပင် အနန္တအဘိုးအိုမှာ သုံးယောက်သား၏ လက်ချက်ဖြင့် ဖိနှိပ်ခံလိုက်ရသည်။
"အနန္တကို စတေးကြ"
သုံးယောက်သား ပြိုင်တူအော်ဟစ်လိုက်ကြပြီး အနန္တအဘိုးအိုနှင့် လောကသစ်ပင်အား ကောင်းကင်ယံမှ အဆုံးသတ်မြို့ပျက်ချောက်နက်ကြီးထဲသို့ ပစ်လွှတ်လိုက်သည်။
အနန္တအဘိုးအို၏ စိတ်ထဲတွင် ဗလာကျင်းသွားတော့သည်။