တာအိုအဆင့် ကောင်းကင်ဘုံ ၃၆ ဘုံ
Vol. 140 Ch. 1806
သခင်လေးနှစ်သည် အမှန်တကယ်ပင် ဆိုးဝါးပြင်းထန်စွာ ဒဏ်ရာရသွားခဲ့၏။ သူမနှင့် အနန္တအဘိုးအိုမှာ အနီရောင်ကြိုးထုံး၏ ချိတ်တံဆိပ်များအား ခုနစ်ဆယ် ရာခိုင်နှုန်းမှ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ဖျက်စီးခဲ့ပြီးသော်လည်း လက်ကျန်စွမ်းအား ပေါက်ကွဲထွက်လာသည့်အခါ သူမအား အကြီးအကျယ် ဒဏ်ရာရစေခဲ့သည်။
ချင်မူက နဖူးရှိ ဒေါင်လိုက်မျက်လုံးမှတစ်ဆင့် ဖရိုဖရဲပင်လယ်အောက်ခြေတွင် ဖြစ်ပျက်သမျှကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
မီလော့နန်းတော်သခင်၏ အနီရောင်ကြိုးထုံးလက်ကျန်စွမ်းအားက သခင်လေးနှစ်အား ပင်လယ်ကြမ်းပြင်အထိ ရိုက်ချပစ်ခဲ့သည်။ ထိုလက်ဝါးရိုက်ချက်၏ စွမ်းအားကြောင့် သခင်လေးနှစ် စိစိညက်ညက် ကြေမွသွားရန် အနည်းငယ်သာ လိုသည်။
နှစ်မှာ နည်းလမ်းမျိုးစုံဖြင့် ခုခံချေဖျက်ခဲ့သော်လည်း အချည်းနှီးပင်။
မီလော့နန်းတော်သခင်၏ လက်ဝါးရိုက်ချက်က သူမ၏ တစ်ကိုယ်လုံးအား ပျက်စီးလုဆဲဆဲ ဒဏ်ရာရသွားစေသည်။ အနီရောင်ကြိုးထုံး၏ အပြောင်းအလဲများက ချိတ်တံဆိပ်တစ်ခုလောက် မရိုးရှင်းပေ။ အတွင်းရှိ သင်္ကေတများ၏ အသွင်ကူးပြောင်းမှုများက အံ့မခန်း နက်နဲလှလေသည်။ သင်္ကေတတစ်ခုချင်းစီက သခင်လေးနှစ်၏ ချီစွမ်းအင်တစ်မျှင်စီတိုင်းအပေါ်တွင် ခတ်နှိပ်ထားရင်း သူမ၏ ကျင့်ကြံခြင်းအခြေခံအား တင်းတင်းကြပ်ကြပ် ချုပ်ထားခြင်း ဖြစ်သည်။
အနီရောင်ကြိုးထုံး၏ သင်္ကေတအများစုကိုသာ မဖျက်စီးထားခဲ့လျှင် မီလော့နန်းတော်သခင်၏ ချိတ်တံဆိပ်က သခင်လေးနှစ်၏ ကျင့်ကြံခြင်းအခြေခံကို အပြီးတိုင်ဖျက်စီး၍ သူမကိုလည်း တစ်ခါတည်း သတ်ပစ်နိုင်လိမ့်မည်။
ချင်မူက ဤမြင်ကွင်းကို မြင်ခဲ့သောကြောင့် ထိုမျှ သေချာနေခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤအခိုက်အတန့်တွင် သခင်လေးသုံးနှင့် သခင်လေး,လေးအား သေချာပေါက် ထားရစ်ခဲ့ပြီး ထွက်သွားလိမ့်မည်သာ။
မီလော့နန်းတော်သခင်ကား စကြဝဠာခေတ် ဆယ့်ခြောက်ခေတ်တွင် အတုမရှိသော ပြိုင်ဘက်ကင်း နံပါတ်တစ်ပုဂ္ဂိုလ် ဆိုသည်မှာ ယုံမှားစရာမရှိပေ။ သူ၏ ကောင်းကင်နတ်သိုင်းများအား တိုင်းတာ၍ပင် မရနိုင်။
သခင်လေးကျစ်ရှောင်နှင့် သခင်လေးလင်းရှောင်တို့၏ အကြည့်များက နှစ်အပေါ်သို့ ကျရောက်သွားကာ မျက်လုံးများ အရောင်တောက်လာတော့သည်။ အခွင့်အရေး ရောက်လာချေပြီ။ သခင်လေးနှစ်နှင့် အနန္တအဘိုးအိုကို ဖယ်ရှားနိုင်လျှင် သူတို့နှစ်ယောက်စလုံး အပြည့်အ၀ ဆင်းသက် နိုင်ပေမည်။ ချင်မူကိုပါ ဤနေရာတွင် ထားခဲ့နိုင်လျှင် သူတို့အတွက် မည်သည့် အတားအဆီးမျှ ရှိတော့မည် မဟုတ်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သူမက အားလုံး၏ မျက်နှာအမူအရာများနှင့် လှုပ်ရှားမှုသေးသေးလေးကအစ မျက်ခြည်မပြတ် ကြည့်ကာ တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား ရှာနေ၏။ ထိုအခိုက်အတန့်တွင် အနန္တအဘိုးအိုနှင့်် သခင်လေးနှစ်က တစ်ဦးကိုတစ်ဦး သုတ်သင်ရန် ကြိုးစားနေကြသည်။ အနန္တအဘိုးအို၏ အစွမ်းအစများမှာ တရစပ် ကျဆင်းလာနေပြီး သခင်လေးနှစ်၏ အရှိန်အဝါမှာလည်း အားနည်းလာနေသည်။
သို့သော် ချင်မူက အချက်မပြသေးသောကြောင့် ယွဲ့မှာ မနေတတ် မထိုင်တတ် ပူပန်လာတော့သည်။
အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ၌ မည်သူမျှ မလှုပ်ရှားကြပေ။ လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက် အပြန်အလှန် ဖျက်ဆီးနေသည့်အခါ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ် လှိုင်းလုံးများသာ အကြမ်းပတမ်း ထကြွနေသည်။
ရုတ်တရက် ဗျပ်စောင်းသံ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သခင်လေးကျစ်ရှောင်၏ ပတ်ပတ်လည်တွင် တာအိုနယ်ပယ်များ ဖွဲ့တည်လာကာ ကြီးကျယ်ခမ်းနားသော မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ဘုံအဖြစ် ပြောင်းလဲသွား၏။
သခင်လေးလင်းရှောင်ကမူ တာအိုလှံကို မြှောက်ကာ ဖရိုဖရဲပင်လယ်ထဲ ထိုးသွင်းလိုက်သည်။ လှံသည် အုံ့ကြွလှုပ်ရှားနေသော ဖရိုဖရဲပင်လယ်၏ လှိုင်းဂယက်များအား ငြိမ်ကျသွားစေ၏။
အနန္တအဘိုးအိုမှာ လောကသစ်ပင်အား အစွမ်းကုန် လှုံ့ဆော်ရင်း လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက်တို့ အပြန်အလှန် ဖျက်ဆီးနေသည့် ဖြစ်စဉ်အား တည်ငြိမ်စေရန် ကြိုးစားနေသည်။ သူ့အခြေအနေမှာ လက်ရှိအခိုက်အတန့်၌၌ အဆိုးရွားဆုံး ဖြစ်နေသည်။
အနန္တအဘိုးအို ရွှေထီးဆောင်းခဲ့သော အချိန်ကား ဆယ့်ခြောက်စင်းမြောက် စကြဝဠာခေတ်၏ အဆုံးပိုင်းဟု ဆိုရမည်။ ထိုအချိန်က တာအိုရခဲ့သော သိုင်းပညာရှင်များစွာ ပေါ်ထွန်းခဲ့သည့်အတွက် သူ၏ စွမ်းအားမှာလည်း အစွမ်းအထက်ဆုံး ဖြစ်ခဲ့သည်။ သူ၏ ဩဇာသည် ပြိုင်ဘက်ကင်းခဲ့၏။
သို့သော် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာခေတ်သို့ ရောက်လာသောအခါ ထိုက်ယီက ခိုးဝင်လာပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ ထိုက်ယီနေရာတွင် ဝင်နေခဲ့သည်။ ထို့အပြင် အဘိုးအို၏ ပင်စည်ကို ပုဆိန်ဖြင့် ခုတ်လှဲကာ မီးရှို့ ပစ်ခဲ့လေသည်။
အနန္တအဘိုးအိုမှာ ပြန်လည် ရှင်သန်လာခဲ့သော်လည်း လောကသစ်ပင်သည် အထွတ်အထိပ်ကာလသို့ ဘယ်တော့မှ ပြန်မရောက်ခဲ့ပေ။ သူ၏ လက်ရှိစွမ်းအားက အထွတ်အထိပ်ကာလ၏ တစ်ရာခိုင်နှုန်းပင် မရှိတော့ပေ။
ဤနေရာတွင် သေဆုံးရပါက မည်မျှရှက်စရာကောင်းလှမည်နည်း။
အနန္တအဘိုးအို အပေါ်ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ အဝကို ပိတ်ထားခဲ့သည့် ချင်မူ၏ ကြာရွက်မှာ မီလော့နန်းတော်သခင်၏ အနီရောင်ကြိုးထုံးစွမ်းအားကြောင့် ပျက်စီးသွားခဲ့ချေပြီ။ ထို့ကြောင့် သူ ထွက်ပြေးရန် အခွင့်အရေး ရှိသေးသည်။
သို့သော် ချင်မူနှင့် အခြားသူများ မလှုပ်မရှားသေးသောကြောင့် သူလည်း မလှုပ်ရှားရဲပေ။
ဤအချိန်တွင် မည်သူ အရင် လှုပ်ရှားသည်ဖြစ်စေ၊ အခြားသူများ ဝိုင်းသတ်ခြင်း ခံရလိမ့်မည်။
သခင်လေးနှစ်က ဒဏ်ရာများကို ဖိနှိပ်ထားရင်း ပတ်ဝန်းကျင်အား ကြည့်၍ ခနဲ့သလို ပြုံးသည်။ “ဆရာတောင်မှ ငါ့ကို မသတ်နိုင်ခဲ့ဘူး... နင်တို့ဆို စိတ်တောင် မကူးနဲ့... အနန္တဘိုးတော်၊ နင်လည်း ငါ့ကို အထင်သေးလွန်းရာ မရောက်နေဘူးလား”
သူမ၏ ခြေဖဝါးအောက်တွင် ကွဲကြေနေသော ကြာပလ္လင် ပေါ်လာပြီး အဆက်မပြတ် လည်ပတ်ရင်း အလိုအလို ပြန်ဆက်သွားသည်။ ပင်လယ်ပြင်ထက်၌ ပြန့်ကြဲနေသော ကြာရွက်များသည်လည်း တစ်ဖန် ပြန်လည် ကောင်းမွန်လာကြချေပြီ။
သခင်လေးလင်းရှောင်၏ လက်ထဲရှိ လှံမှာ ဖရိုဖရဲပင်လယ်ကို ဖိနှိပ်ထားရင်း တဆတ်ဆတ် တုန်နေသည်။ လှံကား ဆက်၍ ထိန်းထားနိုင်တော့မည်မဟုတ်။ လင်းရှောင်၏ အမူအရာက လေးနက်လာသည်။
သခင်လေးနှစ်သည် ဤမျှ ဒဏ်ရာရနေသော်လည်း သူ လိုက်မမီနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသေး၏။
သခင်လေးကျစ်ရှောင်က လက်ကို ဗျပ်စောင်းပေါ် တင်သည်။ ဗျပ်စောင်း၏ အဆုံးက ရွှမ်းခနဲ ပွင့်ထွက်သွားကာ ဓားလက်ကိုင်ရိုးတစ်ခု ပေါ်လာသည်။ သခင်လေးကျစ်ရှောင်က ဓားရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သဖြင့် သူ၏ လက်ဖမိုးပေါ်ရှိ သွေးကြောများ ဖောင်းကြွ လာသည်။
ဗျပ်စောင်းသည် ကွယ်လွန်သူဇနီး၏ တာအိုလက်နက် ဖြစ်သော်လည်း ဗျပ်စောင်းထဲမှ ဓားသည်သာ သူ၏ အစစ်အမှန် တာအိုလက်နက် ဖြစ်သည်။
ကျစ်ရှောင်မှာ မီလော့နန်းတော်၏ သခင်လေးလေး ဖြစ်လာပြီးနောက် ကွယ်လွန်သူ ဇနီးကို မေ့မရသဖြင့် တာအိုလက်နက်အား အဆက်မပြတ် မွမ်းမံခဲ့သည်။ ရှေးဟောင်းဗျပ်စောင်း၏ စွမ်းအားက လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းကထက် မြင့်မားနေခဲ့ချေပြီ။
သို့သော် သူ အမှန်တကယ် အားကိုးရသော လက်နက်က ဗျပ်စောင်းထဲမှ ဓားပင် ဖြစ်သည်။ ဗျပ်စောင်းထဲမှ ဓားသည် သူ စကြဝဠာဧကရာဇ်မင်း ဖြစ်စဉ်က တာအိုရရှိခဲ့သော လက်နက် ဖြစ်၏။ ဤဓားဖြင့် ထိုစကြဝဠာ၏ ရှည်လျားသော သမိုင်းကို အုပ်စိုးမင်းမူနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။
ချင်မူ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ ရင်ထဲတွင် လှုပ်ခတ်သွားပြီး အလျင်အမြန် ဘေးဖယ်ပေးလိုက်သည်။ သူမအနောက်၌ ရှိနေခဲ့သော ဖရိုဖရဲခန်းမထဲမှ တာအိုသစ်သီးများ၏ အလင်းရောင်က ဖရိုဖရဲခန်းမတစ်ခုလုံးအား လင်းထိန်လာစေကြောင်း တွေ့လိုက်ရလေသည်။
တာအိုသစ်သီးအတွင်း ရောယှက်နေသော တာအိုသံကြိုးများကလည်း ချင်မူ၏ လောကသစ်ပင်အား တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပလာစေသည်။ လောကသစ်ပင်၏ အကိုင်းအခက်များ၊ အရွက်များအပေါ်ရှိ သင်္ကေတများကလည်း အဆက်မပြတ် စီးဆင်းလာနေသည်။
"မူလည်း နည်းလမ်းအကုန် သုံးနေပြီ”
ကောင်းကင်နတ်အရှင်ယွဲ့ ရင်ထဲတွင် လေးလံလာသည်။ ချင်မူ၏ တာအိုသစ်သီးသုံးလုံးနှင့် တာအိုပန်းပွင့်သုံးပွင့်က ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းနှင့် ဆင်တူသော မြင်ကွင်းအား ဖော်ဆောင်နေသည်။
ဤသည်မှာ ချင်မူ၏ သုံးဆယ့်ခြောက်ဘုံမြောက် တာအိုအဆင့် ဖြစ်သော်လည်း မပြည့်စုံသေးပေ။
စကြဝဠာခေါင်းလောင်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က ချင်မူ ကျင့်ကြံပြီးစီးခဲ့သော သုံးဆယ့်ငါးဘုံမြောက် တာအိုအဆင့်ဖြစ်သည်။ သုံးဆယ့်ခြောက်ဘုံမြောက် တာအိုအဆင့်အတွက်မူ ချင်မူမှာ နှစ်ပေါင်းသုံးထောင်ကျော် အချိန်ပေးခဲ့သော်လည်း ရုပ်လုံးပေါ်ရုံသာ ရှိသေးသည်။ မပြီးမြောက်သေးပေ။
သုံးဆယ့်ငါးဘုံမြောက် တာအိုအဆင့်အတွက် ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ ခိုင်ဧကရာဇ်နှင့် ထိုက်ရှိတို့အားလုံး ချင်မူအား များစွာကူညီခဲ့ကြသည်။ သို့သော် သုံးဆယ့်ခြောက်ဘုံမြောက် တာအိုအဆင့်သို့ ရောက်သောအခါ ရှုရှန်းဟွာ၊ လန်ယွီတျန်းတို့ပင် သူ့အား မကူညီနိုင်တော့သဖြင့် သူကိုယ်တိုင်သာ ဖြည်းဖြည်းချင်း သိမြင်နားလည်ခဲ့ရသည်။
ချင်မူအနေဖြင့် ဤတာအိုအဆင့်ကို ပြီးမြောက်စေရန် အတိတ်သို့ ပြန်သွားရလိမ့်မည်။ စကြဝဠာခေတ်ကြီး ဆယ့်ခြောက်ခေတ်ကို ဖြတ်သန်း ပြီးမှသာ ပြီးမြောက်နိုင်မည်ဟုပင် ထင်ရသည်။
သို့သော်လည်း သုံးဆယ့်ခြောက်ဘုံမြောက် တာအိုအဆင့် တွင် ကိန်းဝပ်နေသော ကောင်းကင်နတ်သိုင်းကား ဆန်းပြားသော စွမ်းအင်ကို ပိုင်ဆိုင်နေချေပြီ။
ချင်မူ ဤသိုင်းကွက်ကို ထုတ်သုံးရန် ပြင်နေခြင်းက လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သော ယုံကြည်မှု မရှိကြောင်း ထင်ရှားနေသည်။
ဤသိုင်းကွက်သည် မငြိမ်သက်သေးပေ။ မဆင်မခြင် သုံးလိုက်လျှင် ပြိုင်ဘက်သည် အလွယ်တကူဖျက်စီး၍ သူ့အား ခံစစ်အနေအထားသို့ ရောက်နိုင်စေလိမ့်မည်။
ဗွမ်း
အနန္တအဘိုးအိုက သူ၏ မျက်နှာပေါ်မှ သွေးများကို ဆေးကြောရန် ဖရိုဖရဲပင်လယ်ရေအား ခပ်ယူလိုက်ရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ သဘောကောင်းသည့်အသွင် မရှိတော့၊ အေးစက်တင်းမာနေသည်။ သူက ခနဲ့သလို ရယ်လိုက်သည်။ "နှစ်၊ ငါတို့မှာ လမ်းတစ်လမ်း ပဲ ရှိတယ်... အဲဒါကတော့ သူတို့အားလုံးကို သတ် ဖို့ပဲ... ပြီးရင် ငါ အဆုံးသတ်မြို့ပျက်ကနေ ထွက်သွားမယ်.. နင်လည်း လွတ်မြောက်မယ်”
သူ၏ စကားမဆုံးမီ သခင်လေးနှစ်က ရဲရဲတင်းတင်း တိုက်ခိုက်လိုက်သည်။
ဘုန်း
ဖရိုဖရဲပင်လယ်တစ်စင်းလုံး ဆူပွက်လာသောကြောင့် သခင်လေးလင်းရှောင်၏ လက်များ တဆတ်ဆတ် တုန်လာသည်။ သူ၏ တာအိုလှံသည် ဤဖရိုဖရဲပင်လယ်ကို လုံးဝ ထိန်းမထားနိုင် တော့ပေ။
လင်းရှောင်က အမြင့်သို့ ခုန်၍ လေထဲတွင် တစ်ပတ်လှည့်၍ တာအိုလှံဖြင့် သခင်လေးနှစစ်ဆီ ဝိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် သခင်လေးကျစ်ရှောင်ကလည်း ဗျပ်စောင်းထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။ ဗျပ်စောင်းတေးသံက ကျယ်လောင်စွာ မြည်ဟည်းလာကာ သူ့ပတ်ပတ်လည်တွင် လွင့်ပျံ့နေသည်။ ချက်ချင်းဆိုသလို သူ၏ ပုံရိပ်များသည် တာအိုနယ်ပယ်များ၏ နေရာအနှံ့ ရောက်သွားပြီး သခင်လေးနှစ်ဆီသို့ ထိုးချလိုက်၏။
တစ်ဖက်တွင် အနန္တအဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လောကသစ်ပင် ပျက်စီးမည်ကို ဂရုမစိုက်တော့ဘဲ လောကသစ်ပင်၏ အမြစ်တို့အား ဖရိုဖရဲပင်လယ်ထဲသို့ စိုက်သွင်းလိုက်သည်။ လောကသစ်ပင်ပေါ်တွင် တာအိုသစ်သီး ပုံရိပ်ယောင် အများအပြား ပေါ်လာသည်။ အနန္တအဘိုးအိုက ထို တာအိုသစ်သီး ပုံရိပ်ယောင် အကြားတွင် ပျံဝဲနေပြီး သူ၏ လက်မောင်းများကို အပြင်ဘက်သို့ ဖြန့်ကားလိုက်သည်။
ချက်ချင်းဆိုသလို လောကသစ်ပင်၏ အကိုင်းအခက်ပေါင်းများစွာကား လက်မောင်းများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ လောကသစ်ပင်မှာ လက်မောင်းတစ်ထောင် ဘီလူးတစ်ကောင် ကဲ့သို့ ဖြစ်နေပြီး လက်တစ်ဖက်စီတိုင်းက ကောင်းကင်နတ်သိုင်းများ အသုံးပြုကာ လင်းရှောင်၊ ကျစ်ရှောင်နှင့် ချင်မူတို့ကို တိုက်ခိုက်သည်။
ဤအချိန်တွင် ချင်မူက ကောင်းကင်နတ်သိုင်းတို့အား ရင်ဆိုင်ရင်း ခြေတစ်လှမ်း တိုးလိုက်သည်။ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းသည် သူ၏ပတ်ဝန်းကျင်၌ လည်ပတ်နေသည်။ အတိုင်းအဆမရှိသော အချိန်ကာလနှင့် နေရာဟင်းလင်းပြင်သည်လည်း တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်။ အနန္တအဘိုးအို၏ အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများမှာ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းကို ဖြတ်သန်းသွားသည့်အခါ အတိတ်စကြဝဠာထဲတွင် ပျောက်ကွယ်သွားကုန်လေသည်။
သူ၏ ကောင်းကင်နတ်သိုင်းများကား တကယ်တမ်း ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အချိန်နှင့် နေရာအား ဖြတ်သန်းနေဆဲ ဖြစ်သည်။ အချို့သည် နောက်တစ်စက္ကန့်တွင်ပင် ချင်မူအနီးသို့ ရောက်လာနိုင်သလို၊ အချို့ကား ချင်မူအနီးသို့ ရောက်ရန် နှစ်ပေါင်း သိန်းဂဏန်း သန်းဂဏန်း ကြာလိမ့်မည်။ အချို့သော ကောင်းကင်နတ်သိုင်းများမှာမူ ချင်မူအနီးသို့ ရောက်ရန် နှစ်ပေါင်း ဘီလီယံပေါင်းများစွာ ကြာနိုင်ပေသည်။
ထိုအချိန်တွင် အနန္တအဘိုးအို ရှိနေဦးမည်လား ဆိုသည်မှာပင် မေးခွန်းထုတ်စရာ ဖြစ်လိမ့်မည်။
ဤသည်ကား ချင်မူ၏ သုံးဆယ့်ခြောက်ဘုံမြောက် တာအို၏ ထူးခြားသော အသုံးဝင်မှုတစ်ခု ဖြစ်သည်။
ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းသည် ချင်မူ၏ ပတ်ပတ်လည်တွင် စက်ဝန်းများသဖွယ် လည်ပတ်နေ၏။ စက်ဝိုင်းများက ပြီးပြည့်စုံသော စက်ဝိုင်းများ မဟုတ်သော်လည်း တိုက်ကွက်တို့အား ခုခံပေးရန် လုံလောက် သည်။ မည်သည့်တိုက်ကွက်ကိုမဆို ခံနိုင်သည်ဟု ဆိုရမည်။
သခင်လေးနှစ်၏ အနား၌မူ ကြာရွက်များကား တောအုပ်ကြီးသဖွယ် မြင့်တက်လွင့်မျောနေကြသည်။ ထိုကြာတောအုပ်၏ အလယ်ဗဟိုတွင် သခင်လေးနှစ်နှင့် ဆယ့်ခြောက်လွှာ ကြာပလ္လင် ကိန်းအောင်းနေသည်။
သခင်လေးနှစ် အင်္ကျီလက်စများကို ဝှေ့ယမ်းလိုက်သည့်အခါ ဖရိုဖရဲပင်လယ်သည် ကောင်းကင်သို့ မြောက်တက်သွား၍ ဇောက်ထိုးလန်သွား၏။
ချင်မူ၊ လင်းရှောင်နှင့် ကျစ်ရှောင်တို့က ကြာရွက်တောအုပ်ထဲသို့ တိုးဝင်ကာ အပြင်းထန်ဆုံး တိုက်ကွက်များ ထုတ်ဖော်လိုက်ကြသည်။
သခင်လေးကျစ်ရှောင်၏ ဓားရောင်က အမြန်ဆုံးပင်။ ဓားရောင်သည် အရပ်လေးမျက်နှာမှ ဖြာဆင်း၍ ကြာရွက်တောအုပ်ကို ပြားကပ်သွားသည်အထိ အပိုင်းပိုင်း ဖြတ်တောက်လိုက်၏။ ထိုအချိန် သခင်လေးလင်းရှောင်က လှံဖြင့် သခင်လေးနှစ်၏ ဦးခေါင်းထိပ်သို့ ထိုးချလိုက်သည်။
သခင်လေးနှစ်၏ ခြေဖဝါးအောက်ရှိ ကြာပလ္လင်က တာအိုအလင်းတန်းများ ဖြန့်ကျက်ကာ အကာအကွယ်ဆယ့်ခြောက်ထပ်အား ဖော်ဆောင်သည်။ ကျစ်ရှောင်မှာ တာအိုနယ်ပယ်များအတွင်း၌ မလှုပ်ရှားနိုင်တော့သဖြင့် ကြာပလ္လင်၏ အကာအကွယ်အား မဖြိုခွင်းနိုင်တော့ပေ။
သို့သော် နောက်တစ်စက္ကန့်တွင် ချင်မူ၏ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းသည် ဆယ့်ခြောက်လွှာ ကြာပလ္လင်၏ အကာအကွယ်အား ထိုးဖောက်လိုက်ရာ သခင်လေးလင်းရှောင်၏ ဤလှံချက်ကား သခင်လေးနှစ်၏ ဦးခေါင်းထိပ်သို့ ထိမှန်သွား၏။
သခင်လေးကျစ်ရှောင်သည်လည်း ချက်ချင်းပင် တာအိုဓားကို ထိန်းချုပ်၍ ကြာပလ္လင်ထဲသို့ တိုက်ခိုက်ဝင်ရောက်လာသည်။
ဒုန်း
ဤလှံချက်ဖြင့် ထိုးသွင်းခံရသောကြောင့် သခင်လေးနှစ်၏ ဦးခေါင်းမှ သွေးများ ထွက်လာသည်။ သူမက ကြာရွက်၏ ရိုးတံတစ်ချောင်းအား ဆွဲယူပြီး လင်းရှောင်၏ ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်သည်။ နောက်တစ်ဖက်ဖြင့် တာအိုလှံ၏ ထိပ်ဖျားကို ဖမ်းဆုပ်ကာ လင်းရှောင်ကို ရုတ်တရက် လှည့်ပစ်၍ ချင်မူဆီသို့ ရိုက်ချလိုက်သည်။
ချင်မူနှင့် လင်းရှောင်တို့ လွင့်ထွက်သွားကြလေသည်။
ရွှပ်
အရပ်လေးမျက်နှာမှ ဓားရောင်များက သခင်လေးနှစ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွားကြသည်။ ထိုစဉ် ကောင်းကင်၌ ဇောက်ထိုးလန်နေသော ဖရိုဖရဲပင်လယ်သည် အောက်သို့ ဖိချလိုက်ရာ တာအိုနယ်ပယ်များ ပြိုကွဲကုန်၏။ သခင်လေးကျစ်ရှောင်မှာ ယိုင်ထိုးသွားတော့သည်။
ထိုအချိန် ပင်လယ်ထဲမှ ကြာမြစ်တစ်ချောင်းက မြင့်တက်လာပြီး ထူးဆန်းသော လေများ မှုတ်ထုတ်လိုက်သည်။ သခင်လေးကျစ်ရှောင်မှာ လေများအကြား၌ ပြာကျပြိုကွဲပေတော့မည်။ ချင်မူလည်း ဟန်ချက်ထိန်းကာ ကျစ်ရှောင်အား ကာကွယ်ရန် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းအား စေလွှတ်လိုက်ရသည်။
ဝေါ
ကြာမြစ်၏ အပေါက်ဆယ့်ခြောက်ပေါက်မှ မှုတ်ထုတ်လိုက်သော လေစီးကြောင်းသည် မြစ်တို့အား ဖြတ်သန်းသွားပြီး သခင်လေးကျစ်ရှောင်၏ ခန္ဓာကိုယ်ဆီ တိုက်ခတ်လိုက်သေး၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ထုတ်ချင်းပေါက်ကုန်၍ သွေးများက ဒဏ်ရာ၏ ရှေ့နှင့် နောက်မှ ဒလဟော စီးကျလာသည်။
သခင်လေးလင်းရှောင်က သခင်လေးနှစ်နှင့် ထိပ်တိုက်ပြန်ရင်ဆိုင်သည်။ သူ၏ လှံရိပ်သည် လေပွေကဲ့သို့ သခင်လေးနှစ်အား လှည့်ပတ်တိုက်ခိုက်နေသော်လည်း အကာအကွယ်အား မထိုးဖောက်နိုင်သေးပေ။
သူ၏ လှံချက်တိုင်းက အလွန်သေးငယ်သော အဆုံးသတ်မြို့ပျက် အသူရာချောက်နက်များနှင့် တွေ့နေရ၏။ လှံထိပ်ဖျားအား အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ထိုးသွင်းလိုက်လျှင် သခင်လေးနှစ်၏ မျက်လုံးများဆီမှ အလင်းတန်းနှစ်တန်း တောက်ပလာသည်။ အလင်းတန်းနှစ်တန်းအနက် တစ်တန်းက သူ့အပေါ်သို့ ထိုးကျလာပြီး ကျန်တစ်တန်းက တာအိုလှံအား ဦးတည်နေသည်။
လင်းရှောင်မှာ သွေးအန်ပြီး နောက်သို့ ပစ်လဲသွားသည်။ သူ၏ တာအိုလှံလည်း ကွေးကောက်သွားပြီး လှံတံတစ်လျှောက်တွင် တိုက်စားခံထားရသော အမှတ်အသားများ ပျံ့နှံ့နေသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ ရုပ်ခန္ဓာကိုယ်သည်လည်း အလင်း၏ ထိုးဖောက်မှုအောက်တွင် ပျက်စီးပြိုကွဲပေတော့မည်။
ချင်မူက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ ကယ်တင်ရန် ကြိုးစားသည်။ လင်းရှောင်ကို ကယ်တင်လိုက်သည်နှင့် တစ်ပြိုင်နက် သခင်လေးနှစ်က လက်ဝှေ့ယမ်းကာ ချင်မူ့ကိုယ်ပေါ်သို့ ရိုက်ချလိုက်ရာ ချင်မူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်မရလောက်အောင် ပြင်းထန်စွာ တုန်ခါလာပြီး "အုန်းခနဲ" ပေါက်ကွဲ သွားသည်။ သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ လျင်မြန်စွာ စကြဝဠာ ကြယ်တာရာကောင်းကင် အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်ကား ဖန်ဆင်းခြင်းကပ်ဘေး ဖြစ်သည်။ ဤကဲ့သို့သော မဟာဘေးအန္တရာယ် ကောင်းကင်နတ်သိုင်းကို ချင်မူပင်လျှင် ခုခံရန် မလွယ်ပေ။
ချင်မူကို ဖျက်ဆီးပစ်ရန် မဟာပျက်စီးခြင်းကပ်ဘေးအား သခင်လေးနှစ် အသုံးပြုတော့မည်အချိန်တွင် ဒဏ်ရာရထားသော သခင်လေးကျစ်ရှောင်က တိုက်ခိုက်လာသည်။ သူ၏ ဓားရောင်သည် သူမ၏ နောက်ကျောထဲ တိုးဝင်လာ၏။
သခင်လေးနှစ်က အင်္ကျီလက်စကို ဝှေ့ယမ်းလျက် ရိုက်ချလိုက်ရာ သခင်လေးကျစ်ရှောင်၏ ရုပ်ခန္ဓာမှာ လှုပ်ရှား သေးငယ်သော အစက်လေးအရွယ်အထိ ကျုံ့သွားသည်။ ထို့နောက် ပေါက်ကွဲ၍ ဖရိုဖရဲ အဖြစ်သို့ ပြောင်းလဲပေတော့မည်။
ချင်မူ ပြောင်းလဲသွားသော စကြဝဠာ ကြယ်တာရာကောင်းကင်က ရုတ်တရက် ပျက်စီးသွားပြီး ဖရိုဖရဲအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်။ ဖရိုဖရဲခန်းမ ပေါ်ထွက်လာပြီး ချင်မူက ခန်းမထဲမှ တိုက်ကွက်နှင့်အတူ ပြေးထွက်လာသည်။ သူက လက်ငါးချောင်းကို ဖြန့်ကားကာ သခင်လေးနှစ်၏ မျက်နှာပေါ်သို့ တံဆိပ်ခတ်နှိပ်သကဲ့သို့ ရိုက်ချလိုက်၏။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း ကို အသုံးပြုလျက် ဖရိုဖရဲအဖြစ် ပြောင်းတော့မည့် ကျစ်ရှောင်အား ကယ်တင်လိုက်သည်။
သခင်လေးနှစ်က လက်ကို ဝိုက်ချလိုက်သည်။ ချင်မူမှာ သွေးအန် ပြီး အရှိန်ဖြင့် လွင့်ထွက်သွားသောကြောင့် ပြေးလာနေသော လောကသစ်ပင်အား ဝင်တိုက်သွားမိသည်။
ဒုန်း ဒုန်း
ချင်မူ မြေပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ခပ်လေးလေး အရာနှစ်ခု ကျရောက်လာသော အသံနှစ်ချက် ထွက်ပေါ်လာသည်။ သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့လည်း လောကသစ်ပင်အား ဝင်တိုက်မိကြလေသည်။
အနန္တအဘိုးအိုက သူတို့သုံးဦးကို ချက်ချင်း တိုက်ခိုက်သော်လည်း နောက်တစ်စက္ကန့်တွင် အနန္တအဘိုးအိုမှာ သွေးအန်လျက် သစ်မြစ်ပေါ်တွင် ပက်လက်လှန်ကာ အသက်ရှူနေရလေသည်။
သူတို့သုံးယောက်က ခန္ဓာကိုယ်ကို ဟန်ချက်ထိန်း၍ သခင်လေးနှစ်ကို လှည့်ကြည့်လိုက်ရာ သခင်လေးနှစ်၏ မျက်နှာပေါ်တွင် သွေးရောင်လက်ဝါးရာသည် နက်ရှိုင်းစွာ ထင်းနေပြီး သူမ၏ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့ကို ဦးခေါင်းထဲအထိ နစ်ဝင်နေစေ၏။
၎င်းကား ချင်မူ ချက်ချင်း လေ့လာနားလည်ပြီး အသုံးပြုလိုက်သော အနီရောင်ကြိုးထုံးတံဆိပ်၏ စွမ်းအား ဖြစ်သည်။
လင်းရှောင်က တာအိုလှံကို ဖြောင့်အောင် ဆန့်ကာ သခင်လေးနှစ်ကို ကြာပလ္လင်ပေါ်တွင် သံမှိုရိုက်သလို ထိုးသွင်းထားလိုက်သည်။ ကျစ်ရှောင်၏ တာအိုဓားကမူ ကြာပလ္လင်၏ ကြာပွင့်ချပ်မှန်သမျှ ဖြတ်တောက်လိုက်သည်။
သခင်လေးနှစ်မှာ အဆက်မပြတ် သွေးအန်နေရသည်။ အတင်းအကျပ် ထရပ်ရန် ကြိုးစားသော်လည်း မတတ်နိုင်ပေ။
ကျစ်ရှောင်က ရှေးဟောင်းဗျပ်စောင်းကို ဆင့်ခေါ်သည်။ ဗျပ်စောင်းသံ ထွက်လာပြီး သခင်လေးနှစ်နှင့် အနန္တအဘိုးအိုတို့အား အဆုံးသတ်ပေတော့မည်။
တစ်ချိန်တည်းမှာပင်၊ ချင်မူ၏ အနောက်ဘက်ရှိ ဖရိုဖရဲခန်းမထဲမှလည်း ဗျပ်စောင်းသံ ပျံ့လွင့်လာသည်။
ကောင်းကင်နတ်အရှင်ယွဲ့သည် ခန်းမထဲ၌ ထိုင်နေ၏။ သူမ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သခင်လေးကျစ်ရှောင်၏ ကွယ်လွန်သူ ဇနီး စပ်ဆိုခဲ့သော တာအိုအောင်မြင်ခြင်း သံစဉ်ကို တီးခတ်နေလေသည်။