စွမ်းရည်အသစ်
Vol. 1 Ch. 40
"အလောင်းအစားတစ်ခု ... ဟားဟား"
သိုင်းခန်းမ၏ ခမ်းနားသော အခန်းတစ်ခု အတွင်းတွင် သိုင်းခန်းမ သခင်သည် အနီရောင် ငှက်မွေးများနှင့် ငှက်တစ်ကောင်အား စနောက်ကျီစယ်လျက် ရှိသည်။ သူသည် ကြီးကြပ်သူယန်ထံမှ တင်ပြချက်ကို ကြားသောအခါ သူ၏ ဘယ်ဘက် နားရွက်ပေါ်ရှိ နားကပ်လေး လှုပ်ယမ်းသွားသည်အထိ ရယ်နေခဲ့သည်။
ကြီးကြပ်သူယန်သည် သိုင်းခန်းမသခင် စိတ်တိုသွားသည်လား ကျေနပ်နေသည်လား ဟူသည်ကို မသိပေ။ ကျန်းရီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ လူသစ်လက်ခံပွဲ အလွန်တရာမှ သွားချင်နေခဲ့ပြီး သူသေရမည် ဆိုလျှင်တောင် ပါရမီရှင် ထိပ်ဆုံး ဆယ်ယောက်နှင့် လေ့ကျင့်ပေးလိုစိတ် ရှိပုံမရချေ။ ကြီးကြပ်သူယန်သည် ရွေးချယ်စရာ မရှိတော့ပဲ ထိုပြဿနာကို တင်ပြရတော့သည်။ သူတို့သည် ဂိုဏ်းကြီးငါးခုကို ဆန့်ကျင်မိလျှင် ဖြစ်ပေါ်လာသော အကျိုးဆက်ကို သူတာဝန်မယူနိုင်ပေ။
"သူကျရှုံးခဲ့ရင် သိုင်းလေ့ကျင့်ဖက် ဆယ်နှစ် လုပ်ပေးမယ်တဲ့လား''
သိုင်းခန်းမ သခင်သည် ဝါကျတစ်ခုကို တီးတိုး ရေရွတ်လိုက်ပြီး ကြီးကြပ်သူယန်ကို လှည့်ကြည့်လိုက်သည် ...
"အဲ့ကလေးကို ဒီကို ခေါ်လာခဲ့ပေး "
ကြီးကြပ်သူယန်၏ စိတ်သည် ပို၍ လှုပ်ရှားလာရပြီး ဆွံ့အစွာ ထွက်ခွာသွားခဲ့ရသည်။ သိုင်းခန်းမ သခင်သည် ထူးဆန်းသော စိတ်သဘောထား ရှိသည်။ သာမန်ဂိုဏ်းချုပ် တစ်ယောက်ပင် သူနှင့်တွေ့ရရန် မလွယ်ကူပေ။ သို့သော် သူသည် ကျန်းရီကို အမှန်တကယ်ပင် ဆင့်ခေါ်ခဲ့သည်။ သူသည် ကျန်းရီကို တကယ်ဒေါသ ထွက်လွန်း၍ သတ်တော့မည်လား
ကျန်းရီသည် မကြာခင်ပင် ထိုနေရာသို့ ခေါ်ဆောင်လာခြင်း ခံရသည်။ သူသည်လည်း ထိုကိစ္စမှာ သိုင်းခန်းမသခင်၏ နားသို့ ပေါက်ကြား သွားလိမ့်မည်ဟု ထင်ပုံမရချေ။ သူသာ ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ မဝင်ရောက်နိုင်လျှင် သူသည် ကောင်းကင် တောင်ပံမြို့မှ ထွက်သွားနိုင်တော့မည် မဟုတ်ပေ။ သူသည်အံကို တင်းတင်းကြိတ်ကာ ခမ်းနားသော အခန်းတွင်းသို့ ဝင်လာခဲ့လိုက်သည်။
"အထီးကျန် ဝံပုလွေက သိုင်းခန်းမသခင်ကို ဂါရဝ ပြုပါတယ်''
ကျန်းရီသည် ယခင်တစ်ခေါက် ကကဲ့သို့ပင် ဒူးမထောက်ခဲ့ပေ။ သူသည် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးခဲ့သည်။
သိုင်းခန်းမ သခင်သည် ကျန်းရီကို တစ်ချက်မှပင် ကြည့်မလာဘဲ လှောင်အိမ်အတွင်းမှ ငှက်ကိုသာ စနောက်နေခဲ့သည်။ သူ့မျက်နှာတွင် မည်သည့်အမူအရာမှ ရှိမနေခဲ့ပေ။ ကြီးကြပ်သူယန်နှင့် ကျန်းရီသည် စကားတစ်ခွန်းမှ မဆိုရဲဘဲ စိတ်ရှည်စွာသာ စောင့်ဆိုင်းနေခဲ့ကြသည်။
နှစ်မိနစ်ကြာပြီးနောက် သိုင်းခန်းမသခင်သည် လှည့်ကြည့်လာခဲ့သည်။ သူသည် ကျန်းရီကို အေးစက်စက် စိုက်ကြည့်ကာ အသာအယာပင် မေးလာခဲ့သည် ...
"ငါကြားတာ မင်းက သဘောတူညီမှုကို ဖောက်ဖျက်ချင် နေတယ်ဆို''
ကျန်းရီသည် ဆွံ့သွားခဲ့သော်လည်း သူသည် အလျင်အမြန်ပင် ရှင်းပြရန် ကြိုးစားလိုက်သည် ...
"အဲ့လို မဟုတ်ပါဘူး ... ခန်းမသခင် ... ."
"ရှင်းပြဖို့ မလိုဘူး"
သိုင်းခန်းမ သခင်သည် လက်ဟန်ပြလိုက်ကာ ကျန်းရီ၏ စကားများကို နှောင့်ယှက် လိုက်ခဲ့သည်။ သူသည် ဒေါသထွက်နေသော လေသံဖြင့် ပြောလာခဲ့သည် ...
"ငါက ဖြေရှင်းချက်တွေ နားမထောင်ချင်ဘူး ... ငါ့ကို အနာဂတ်မှာ ကျေးဇူးဆပ်မယ့် အကြောင်းတွေ ပြန်ပေးမယ့် အကြောင်းတွေ လာမပြောနဲ့ ... ငါတို့ သိုင်းခန်းမက ဘုန်းကြီးကျောင်း မဟုတ်ဘူး ... ငါတို့က ဆင်းရဲသားတွေ၊ လိုအပ်နေတဲ့ သူတွေကို ကယ်နေတာ မဟုတ်ဘူး ... သိုင်းခန်းမမှာ မိတ်ဆွေဆိုတာ မရှိဘူး ... လုပ်ဖော်ကိုင်ဖက်နဲ့ ရန်သူတွေပဲ ရှိတယ် ... မင်းက သဘောတူညီချက်ကို ဖောက်ဖျက်မယ်ဆိုရင် ငါတို့ရဲ့ ရန်သူဖြစ်လာမှာပဲ ... ငါမင်းကို နောက်ဆုံးတစ်ကြိမ် မေးမယ် ... မင်းက သဘောတူညီမှုကို ဖောက်ဖျက်ချင်တာ သေချာလား''
သိုင်းခန်းမ သခင်သည် စကားဆုံးသည်နှင့် ပြစ်ဒဏ် ချမှတ်တော့မည့်အလား တည်ရှိမှုသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။ အရှိန်အဝါ အနည်းငယ်မျှဖြင့် ကျန်းရီသည် ခက်ခက်ခဲခဲ အသက်ရှူနေခဲ့ရပြီး သူ့တစ်ကိုယ်လုံးသည် ဆုတ်ပြဲသွားတော့ မတတ်ပင်။ ခရမ်းရောင် နန်းတော်ရှင်အဆင့် အမြင့်ဆုံးသို့ ရောက်နေသော သိုင်းပညာရှင် တစ်ယောက်၏ အင်အားသည် အလွန်အားကောင်းပေသည်။ ထိုဖိအားအောက်တွင် ကျန်းရီ ဒူးမထောက်ပဲ နေခဲ့သည် ချီးကျူးစရာပင် ...
ကျန်းရီသည် အံကို တင်းတင်းကြိတ်၍ စကားတစ်လုံးချင်းစီကို အားစိုက်၍ ပြောလာခဲ့သည် ...
"ကျွန်တော်က သဘောတူညီမှုကို မဖောက်ဖျက်ချင်ပါဘူး ... ဒါပေမဲ့ ကျွန်တော် ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ လူသစ်လက်ခံပွဲမှာ ဝင်ပြိုင်ရပါမယ်"
ကျန်းဂိုဏ်းမှ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရမှုသည် ကျန်းရီ၏ စိတ်ရှည်သည်းခံ တတ်သော အမူအကျင့်ကို ပျက်စီး သွားစေခဲ့ပြီး သူ့ကို အလွန်တရာ ခေါင်းမာ လာစေခဲ့သည်။ သူသည် ကိစ္စတစ်ခုကို ဆုံးဖြတ်လိုက်ပြီးလျှင် ပြင်တော့မည် မဟုတ်ပေ။
"ဝှစ်"
ကြီးမားလှသော လက်ဝါးတစ်ချက်သည် ရောက်ရှိလာခဲ့သည်။ ကျန်းရီသည် သိုင်းခန်းမသခင် မည်သို့ လှုပ်ရှားလိုက်သည်ကို သေချာ မမြင်လိုက်ရဘဲ သူ့မျက်လုံးထဲသို့ အကန့်အသတ်မဲ့ ဝင်ရောက်လာသော လက်ဝါးကြီးတစ်ခုကိုသာ မြင်လိုက်ရသည်။
ကြီးကြပ်သူယန်သည် ဆွံ့အသွားခဲ့သော်လည်း စကားတစ်ခွန်းမှ ဝင်မပြောရဲပေ။ သိုင်းခန်းမသခင် အကြောင်းကို သူသေချာ သိသောကြောင့် ဖြစ်သည်။ ကြီးကြပ်သူယန်သည် သူသာ ဝင်ရောက် တောင်းပန်လိုက်လျှင် ဒုတိယ အသတ်ခံရမည့်သူမှာ သူဖြစ်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။
ကျန်းရီသည် လုံးဝ မလှုပ်ရှားခဲ့ပေ။ မျက်တောင်တောင် တစ်ချက်ခတ် မသွားခဲ့သလို အသံတစ်သံမှလည်း ထွက်မလာခဲ့ပေ။ သူသည် သေရန်အဆင်သင့် ဖြစ်နေသကဲ့သို့ ထင်ရသည်။
လက်ဝါးသည် တဖြည်းဖြည်း နိမ့်ဆင်းလာကာ ၎င်း၏ အရှိန်ကြောင့် ကျန်းရီ၏ ဝတ်ရုံနှင့် ဆံပင်တို့သည်ပင် လေထဲတွင် လူးလွန့်နေကြသည်။ လက်ဝါးသည် ကျန်းရီ၏ မျက်နှာ ရှေ့တည့်တည့်တွင် ရပ်တန့်သွားခဲ့သည်။ ဖိအားကြောင့် ကျန်းရီမှာ နောက်သို့ ခြေသုံး၊ လေးလှမ်းခန့်ပင် ဆုတ်သွားရသည်။
ကျန်းရီ၏ မျက်လုံးသည် တည်ငြိမ် နေခဲ့သော်လည်း သူ၏ နဖူးတွင် ချွေးစေးများ ထွက်နေခဲ့ပြီ ဖြစ်သည်။ သူ့ကျောမှ အဝတ်အစားများ သည်လည်း ချွေးများဖြင့် ရွှဲနေခဲ့ပြီ ဖြစ်သည်။
သိုင်းခန်းမ သခင်သည် ကျန်းရီရှေ့တွင်ရပ်ကာ သူ့ကို ခံစားချက် ကင်းမဲ့သော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူသည် အေးစက်စွာ ပြောလိုက်သည် ...
"သေရမှာကို မကြောက်ဘူး ... ကောင်းတယ် ... ငါမင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ် ... ငါမင်းရဲ့ အလောင်းအစားကို လက်ခံနိုင်တယ် ... ဒါပေမဲ့ အခြေအနေတွေကိုတော့ ငါဆုံးဖြတ်မယ်"
"ဟူး ... "
ကျန်းရီသည် အသက်တစ်ချက် ရှူလိုက်သည်။ စောစောက သူ့စိတ်သည် မတုန်မလှုပ် ဖြစ်နေခဲ့သည် မဟုတ်သော်လည်း သိုင်းခန်းမသခင်သည် သူ့ကို မသတ်လောက်ဟု မျှော်လင့် ထားခဲ့ပေသည်။ သူ့ကိုသာ သတ်လိုက်လျှင် သိုင်းခန်းမဘက်မှလည်း ဆုံးရှုံးသွားမည်သာ ဖြစ်သည်။
ကျန်းရီသည် ခဏရပ်လိုက်ပြီး စကားပြော လာခဲ့သည် ...
"ခန်းမသခင် ... အခြေအနေတွေကို ဆုံးဖြတ်ပါ"
သိုင်ခန်းမသခင်သည် ခေါင်းညိတ်လိုက်ကာ ပြောလာခဲ့သည် ...
"မင်းက မင်းရဲ့ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့် အင်အားနဲ့ နေရာငါးနေရာမှာ တစ်နေရာ ရမယ်လို့ သေချာနေမှတော့ ငါတို့ အလောင်းအစားကို ပိုကြီးလိုက်ရင် မကောင်းဘူးလား ... မင်းသာ နေရာတစ်နေရာ ရခဲ့မယ်ဆိုရင် သိုင်းခန်းမက ငါးနှစ်တာ သဘောတူညီမှုကို ဖျက်သိမ်းပေးရုံတင် မကဘူး ... ငါကမင်းကို မြေကမ္ဘာအဆင့် အဆင့်နိမ့် ဆေးလုံး အလုံးတစ်ရာ၊ မြေကမ္ဘာအဆင့် အဆင့်နိမ့် ကျင့်စဉ် သုံးခုနဲ့ အဖိုးတန် လက်နက်တစ်ခုပါ လက်ဆောင်ပေး လိုက်မယ် ... ဒါပေမဲ့ ... မင်း ရှုံးနိမ့် သွားမယ်ဆိုရင် သိုင်းခန်းမမှာ တစ်သက်လုံး ကျွန်ခံပေးရမယ်"
"သိုင်းခန်းမမှာ တစ်သက်လုံး ကျွန်ခံပေးရမယ်''
ကျန်းရီသည် သိုင်းခန်းမသခင်၏ ပြတ်သားမှုကို ဆွံ့အသွားရသည်။ သူသာ ရှုံးသွားလျှင် သူသည် ကျွန်တစ်ယောက် အဖြစ်နှင့် တစ်ဘဝလုံး သိုင်းခန်းမအတွက် အလုပ်လုပ်ပေးရပေမည်
ကြီးကြပ်သူယန်သည် ကျန်းရီကို တစ်ချက်ကြည့်လိုက်ကာ သက်ပြင်း အသာချလိုက်သည်။ ဘယ်လိုပင် ကြည့်ကြည့် ကျန်းရီသည် အသက်ဆယ့်ငါးနှစ်သာ ရှိသေးသော ကလေးတစ်ယောက် ဖြစ်သည်။ သိုင်းခန်းမသခင်သည် ကျန်းရီကျဆင်းရန် ထောင်ချောက်ဆင် လိုက်သည်မှာ ရက်စက်လွန်းလှသည်။
ကျန်းရီ၏ အင်အားလောက်နှင့် မည်သို့ တစ်နေရာ ရနိုင်မည်နည်း ကျီထင်ယွီ၊ ကျန်းဟန်ရွှေနှင့် လမ်ချမ်ချမ့်တို့သည် တစ်နေရာစီ ရကြမည်မှာ သေချာသည်။ မာဟေးချီ၊ လျှိုဟဲနှင့် လျှိုကျန်းတို့သည်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်တွင် ရှိကြလေသည်။ ကျန်းရီ၏ လှုပ်ရှားမှုများသည် ဘယ်လောက်ပင် မြန်မြန် အင်အားချင်း ယှဉ်လျှင် လုံးဝ ရှုံးနိမ့်ရမည်သာ ... .
"ကောင်းပြီလေ"
ကျန်းရီသည် ထိုမျှ မြန်မြန် ဆုံးဖြတ်လိုက်မည်ဟု မည်သူက ထင်ထားမည်နည်း ...
သိုင်းခန်းမ သခင်သည် ပြုံးလိုက်သည်။ ထိုအပြုံးသည် မျက်စိကျိန်း လောက်အောင် တောက်ပနေခဲ့သည်။ သူသည် လက်ယမ်းပြလိုက်ပြီး နောက်လှည့်ကာ သူ၏ ငှက်လေးနှင့် ဆက်ကစားနေခဲ့သည်။ သူသည် ကြီးကြပ်သူယန်ကို မျက်လုံးထောင့် ကပ်ပြီး ကြည့်လိုက်ကာ ညွှန်ကြားခဲ့သည် ...
"ကြေညာချက်တစ်ခု ထုတ်ပြန်လိုက် ... အထီးကျန်ဝံပုလွေက ပါရမီရှင် ထိပ်ဆုံးဆယ်ယောက်ရဲ့ လေ့ကျင့်ဖို့ ဖိတ်ကြားချက်တွေကို လက်မခံတော့ဘူးလို့ ... စာရင်း ပေးထားပြီးသား လူတွေကို သုံးဆ ပြန်လျော်ပေးလိုက် ... သူတို့ မကျေနပ်ရင် ငါ့ကို လာရှာခိုင်းလိုက် ... သွားနိုင်ပြီ"
"အထီးကျန်ဝံပုလွေ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ လူသစ်လက်ခံပွဲ အခမ်းအနားက နှစ်ပတ်အတွင်း စတင်တော့မယ် ... ကြိုပြီး ပြင်ဆင်ထားတော့ ... ငါမင်းရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေမယ်"
"ကျေးဇူးတင်ပါတယ် ... ခန်းမသခင်"
ကျန်းရီသည် လက်နှစ်ဖက်ကို ဆုပ်ကာ ရိုရိုသေသေ နှုတ်ဆက်လိုက်ပြီး ကြီးကြပ်သူယန်နှင့် ထွက်ခွာသွားခဲ့သည်။
"ဟူး ... .''
ခမ်းနားလှသော အခန်းထဲမှ ထွက်လာလိုက်သည်နှင့် ကြီးကြပ်သူယန်သည် ခေါင်းယမ်းလိုက်ကာ နူးညံ့သော လေသံနှင့် စကားပြောလာခဲ့သည် ...
" အထီးကျန်ဝံပုလွေ ... ကလေး ... မင်းက အလျင်စလို ဆုံးဖြတ်ချက် လုပ်လိုက်တာပဲ"
"အလျင်စလို ... ကျွန်တော်တော့ ဒီလို မထင်ဘူး"
ကျန်းရီသည် အသာအယာပြုံးကာ ငြင်းပယ်လိုက်သည်။ သူ့တွင် အခြား ရွေးချယ်စရာလည်း မရှိခဲ့ပေ။ သူသာ အလောင်းအစားတွင် ရှုံးနိမ့် သွားခဲ့လျှင်လည်း အဆိုးကြီးတော့ မဟုတ်ပေ။ အနည်းဆုံးတော့ သူသည် သိုင်းခန်းမအတွက် အဖိုးတန် နေခဲ့သေးသည်။ ကျန်းဂိုဏ်းနှင့် မာဂိုဏ်းမှ သူ့ကို ထိလာပါက သိုင်းခန်းမသည် ထိုင်ကြည့်နေမည် မဟုတ်ပေ။
***
အထီးကျန် ဝံပုလွေသည် ပါရမီရှင် ထိပ်ဆုံးဆယ်ယောက်နှင့် ထပ်မံမလေ့ကျင့်တော့ ဟူသော ကြေညာချက်သည် ထွက်ပေါ်လာခဲ့သည်။ မာဟေးချီသည် သွေးအန်လု မတတ်ပင် စိတ်ဓာတ် ကျသွားရသည်။ ကျန်းဟန်ရွှေသည်လည်း စိတ်ဓာတ်ကျသွား ခဲ့လေသည်။ အခြားသခင်လေး၊ သခင်မလေးများ သည်ကား သူတို့သည် သနားစရာ ကောင်းသည်ဟု တွေးနေခဲ့ကြသည်။ သို့သော် သိုင်းခန်းမသခင်၏ တိုက်ရိုက်အမိန့် ဖြစ်နေရာ မည်သူမျှ ထင်မြင်ချက်တို့ကို ထုတ်မပြောရဲကြပေ။ သူသည် ကောင်းကင် တောင်ပံမြို့ တစ်ခုလုံး၏ နံပါတ်(၂) စစ်သည်တော် ဖြစ်ပြီး သူ့နောက်တွင် သိုင်းခန်းမတစ်ခုလုံး နောက်ခံရှိနေပေသည်။
ကျန်သခင်လေး၊ သခင်မလေးများသည် အတော်လေး သဘောကျ နေခဲ့ကြသည်။ ပါရမီရှင် ထိပ်ဆုံး ဆယ်ယောက်သည် အထီးကျန်ဝံပုလွေနှင့် လေ့ကျင့်ရန် မတောင်းဆိုနိုင်သော အချိန်တွင် သူတို့ တောင်းဆိုနိုင်ကြ ပေသည်။ အထူးသဖြင့် ပါရမီရှင် ထိပ်ဆုံး ဆယ်ယောက်နှင့် အင်အားတူညီလု နီးပါး ဖြစ်နေကြသော လူများပင်။
ကျန်းရီသည် အတော်လေး အလုပ်များ နေခဲ့သည်။ လေ့ကျင့် တိုက်ခိုက်ချိန်များမှ တစ်ပါး သူသည် ကျင့်ကြံသည်၊ သူ၏ ချိပ်ပိတ်သင်္ကေတ ပေါ်ရှိ အက္ခရာများကို ပယ်ဖျက်သည်၊ သူ့အင်အား အလုံးစုံကို တိုးတက် လာနိုင်စေမလား ဟူသော မျှော်လင့်ချက်ဖြင့် အနက်ရောင် အတွင်းအားကို လေ့လာသည်။
ကျန်းရီသည် ရှစ်ရက်ကြာ ကျင့်ကြံပြီးနောက် ကြီးကြပ်သူယန် သူ့ကိုပေးသော ဆေးအားလုံးသည် ကုန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ရန် ဝေးကွာနေဆဲပင် ဖြစ်သည်။ ရှေးဟောင်းအက္ခရာ များသည်လည်း အလားတူ ကျန်ရှိနေခဲ့ပြီး အချိန်တိုလေး အတွင်းတွင် ပယ်ဖျက်ရန် မျှော်လင့်ချက် မရှိခဲ့ပေ။ သူ၏ ကျင့်ကြံနှုန်းသည်ကား တိုးတက်လာခဲ့သည်။ သို့သော် သူ့အတွက်တော့ နှေးကွေးနေဆဲပင် ဖြစ်သည်။
အနက်ရောင် အတွင်းအားအတွက်မူ သူသည် ၎င်းကို ခန္ဓာကိုယ်၏ အစိတ်အပိုင်း အားလုံးတွင် ကြိုးစားကြည့်ခဲ့ သော်လည်း အခြားသော စွမ်းရည်များကို ရှာမတွေ့ခဲ့ပေ။ အတွင်းအားပေါက်ကွဲ လက်ဝါး ကျင့်စဉ်သည်လည်း ရက်ပေါင်းများစွာ လေ့လာသည့်တိုင် ဘာမှမတိုးတက်ပဲ ရှိနေခဲ့သည်။
"မေ့ထားလိုက် ... မေ့ထားလိုက် "
ကျန်းရီသည် မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် အချိန်တိုလေးအတွင်း အင်အားအများကြီး တိုးလာရန်မှာ မဖြစ်နိုင်တော့ပေ။ သူသည် လက်ရှိ ခွန်အားကိုပင် အားကိုးနိုင်၍ နိုင်မည်၊ ရှုံးမည်ကို ကံတရားကသာ စီရင်ပေလိမ့်မည်။
"ဖျန်း ... ဖျန်း"
ကျန်းရီသည် သူ့နဖူးသူ ရိုက်လိုက်ပြီး သူ့ကိုယ်သူ အပြစ်တင်လိုက်သည် ...
"ငါက ငါ့ရဲ့ အတုမရှိ ပြိုင်ဘက်ကင်း စွမ်းရည်အပေါ် စိတ်ကြီးဝင်နေပြီး အတွင်းအားပေါက်ကွဲ လက်ဝါးကို နားလည်နိုင် လိမ့်မယ်လို့ ထင်နေတာပဲ ... ငါက မိုက်မဲလွန်းခဲ့တယ်နဲ့ တူတယ် ... ငါထင်တယ် ... ငါ့ဦးနှောက်က ဆယ်ဆလောက် ပိုပြီး အလုပ်လုပ်ရင်တောင် ငါတစ်ခုမှ နားလည်မှာ မဟုတ်ဘူး"
"ဟမ်''
အတွေးတစ်ခုသည် သူ့ခေါင်းထဲ ဝင်လာသည်နှင့် သူ့ကိုယ်သည် အားတက်မှုကြောင့် တုန်ခါသွားခဲ့သည်။ သူသာ အနက်ရောင် အတွင်းအားကို ဦးနှောက်ဆီသို့ ပို့ဆောင်လိုက်ပါလျှင် သူ့ဦးနှောက်သည် ပို၍ စွမ်းဆောင်နိုင်လာပြီး သိုင်းပညာများကို ပို၍ မြန်မြန် နားလည် လာလေမလားဟု သူတွေးမိခဲ့သည်။
"မဖြစ်ဘူး ... ဦးနှောက်က လူ့ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းပဲ ... ငါ ဂရုမစိုက်ပဲ ဖြစ်သလို လုပ်လို့ မဖြစ်ဘူး"
ကျန်းရီသည် ခေါင်းယမ်းကာ ရေရွတ်လိုက်သည်။ ကျန်းရီသည် အနက်ရောင်အတွင်းအားကို သူ့ဦးနှောက်နှင့် ပေါင်ကြားတစ်နေရာမှ တစ်ပါး အစိတ်အပိုင်း အားလုံးဆီသို့ ပို့ဆောင် စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ သူသည် အနက်ရောင် အတွင်းအားကို ထိုနှစ်နေရာ အနီးသို့ပင် မရောက်စေခဲ့ပေ။ သူသည် ဉာဏ်မမီသောသူ ဖြစ်ရမည်ကိုနှင့် သူ့ကိုယ်ပိုင် အစိတ်အပိုင်းသည် ထူးကဲစွာ ဆင့်ကဲပြောင်းလဲ သွားမည်ကို ကြောက်နေခဲ့သည်။
"ပြဿနာတော့ မရှိလောက်ပါဘူး ... ဟုတ်တယ်မလား ... ငါအနက်ရောင် အတွင်းအားကို စပြီး ကျင့်ကြံကြည့်တဲ့ အချိန်တည်းက ဒါက ငါ့ကို ဘယ်တော့မှ မနာကျင်စေဖူးဘူး ... ငါ့စွမ်းအားတွေပဲ တိုးတက်လာခဲ့တာ ... ပြီးတော့ အပြာရောင် အတွင်းအားတောင် ဦးနှောက်နားကို ရောက်နိုင်သေးတာပဲ ... အနက်ရောင် အတွင်းအားကရော ဘာလို့ မရနိုင်ရမှာလဲ ... ''
သူသည် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်းရီသည် အနက်ရောင် အတွင်းအားကို ဦးနှောက်ဆီသို့ ဂရုတစိုက် ပို့ဆောင်ခဲ့လိုက်သည်။ အနက်ရောင် အတွင်းအားသည် ဦးနှောက်ထဲသို့ ဝင်ရောက်သွားချိန်တွင် သူ့စိတ် တစ်ခုလုံးသည် တုန်ခါသွားခဲ့သည်။ သူသည် မျက်တောင်ခတ်ကြည့် လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမှ မတွေ့ခဲ့ရပေ။ သူသည် မကြာမီပင် ကွဲပြားမှု တစ်ခုကို စတင်ခံစားခဲ့ လိုက်ရသည်။
သူ၏ အတွေးများသည် ရှင်းလင်းသွားခဲ့သည်။ သူ့စိတ်သည် သူ့စိတ် မဟုတ်တော့သလို ကြောက်စရာ ကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။ သူသည် ကျေနပ်သွားကာ အတွင်းအားပေါက်ကွဲ လက်ဝါးကို အာရုံစိုက်လိုက်သည်။ ရလဒ်သည်ကား ထိတ်လန့်စရာပင်။
သူသည် အတွင်းအား ပေါက်ကွဲ လက်ဝါး၏ ဖြစ်ပေါ်ပုံကို တွေ့မြင်သွားခဲ့သည်။ သူသည် သူ့စိတ်အတွင်းတွင် ပုံရိပ်တစ်ခု ဖော်လိုက်ရာ အတွင်းအား ဘယ်လောက် ပမာဏကို သုံးရမည်၊ ဘယ်သွေးကြောမှ ဖြတ်၍ ထုတ်ဖော်ရမည်၊ ဘယ်လမ်းကြောင်းကို အသုံးပြုသင့်သည်၊ လက်မှ မည်သို့ ထုတ်ဖော်ရမည်ကို သူမြင်လာခဲ့သည်။ ပုံရိပ်သည် သူ့စိတ်အတွင်း ဖြစ်ပေါ်လာခဲ့ သော်လည်း ပျက်စီးသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အတွင်းအားကို ဘယ်လို စုစည်းရမည် ဟူသည့် အပိုင်းမှာ ပျက်စီးနေခဲ့သောကြောင့် ဖြစ်သည်။
မကြာခင်မှာပင် ကျန်းရီသည် သူ့စိတ်၏ ဆန်းကြယ်သော စွမ်းရည်ကို အသုံးပြုကာ ကျိုးကြောင်း ဆင်ခြင်၍ ကောက်ချက်ချ အတည်ပြုလိုက်သော် ပျက်စီးနေသော အပိုင်း၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ် လာခဲ့လေသည်။ ၎င်းသည် အတွင်းအားပေါက်ကွဲ လက်ဝါးကို ပြီးပြည့်စုံအောင် နားလည်သွားစေကာ အလွယ်တကူ ထုတ်ဖော် အသုံးပြုနိုင် သွားစေသည်။ တစ်နည်းအားဖြင့် ... သူသည် ပျက်စီးနေသော အပိုင်း၏ လျှို့ဝှက်ချက်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
*****