← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 89 Ch. 1235

တန်ပြန်တိုက်ခိုက်မှု

Vol. 89 Ch. 1235

မန်ဟိုက ရုတ်တရက် နောက်လှည့်ကြည့်ပြီးနောက် မြေကြီးကို ငုံ့ကြည့်လိုက်သည်။ မြေကြီးထဲမှ ထိုမျက်လုံးတစ်စုံက သူ့မျက်လုံးများကို စိုက်ကြည့်နေသော်လည်း မန်ဟိုမှာ မူမမှန်သည့်အရာတစ်ခုမှ မတွေ့ရပေ။

သို့သော် တစ်ယောက်ယောက် သူ့ကို စိုက်ကြည့်နေသည့် ခံစားချက်ကိုတော့ သူ ခေါင်းထဲမှ ထုတ်မရဖြစ်နေသည်။

သူက ဤနေရာ၏ဆန်းကြယ်မှုကို ဆက်လက်စဉ်းစားနေရင်း အရိပ်များဖြင့် အဝိုင်းခံထားရသော ရွှမ်တောက်စစ်နှင့် ဟုန်ချိန်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ့ဒဏ်ရာများကို ဆက်လက်ကုစားနေလိုက်၏။

သူ့အနောက်ရှိ မြေကြီးထဲက မျက်လုံးတစ်စုံက ကျဉ်းမြောင်းသွားသည်။

“ဘယ်လောက်အာရုံခံကောင်းလိုက်သလဲ... ဒီလိုခန္ဓာကိုယ်မျိုးက ငါ့အတွက် ကွက်တိပဲ။ ငါသာ သူ့ကို ပူးကပ်နိုင်ရင် ... ဒီသောက်နေရာကနေ ထွက်နိုင်ပြီ”

တစ်နာရီပြီးတစ်နာရီ ကုန်ဆုံးသွားသည်။ မန်ဟို့ဒဏ်ရာများမှာ အဆက်မပြတ်ကုစားခြင်း ခံနေရ၍ တစ်ဝက်ကျော်ပင် သက်သာပျောက်ကင်းသွားခဲ့လေပြီ။ အရိပ်များစွာ အုံလာသဖြင့် ရွှမ်တောက်စစ်နှင့် ဟုန်ချိန်တို့ဘက်မှ တဖောင်းဖောင်းပေါက်ကွဲသံများ ဆူညံနေသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် အရိပ်တချို့က တာအိုနယ်ပယ်လှိုင်းဂယက်များကိုပင် ထုတ်လွှတ်ကာ အသက်ရှိစဉ်တုန်းက တာအိုနယ်ပယ်ပညာရှင်များ ဖြစ်ခဲ့ကြောင်း ညွှန်ပြနေ၏။

၎င်းတို့၏အနှစ်သာရစွမ်းအားမှာ တစတစ ကုန်ခမ်းလာခဲ့သော်လည်း အသိစိတ်များ ကျန်ရှိနေသေးသည့်အပြင် ထိုသေခြင်းအရှိန်အဝါကြောင့် သူတို့ကား ယခင်ထက်ပို၍ပင် ချောက်ချားဖွယ်ကောင်းနေလေသည်။ ရွှမ်တောက်စစ်ပင် သတိကပ်ထားရသည်။

ဟုန်ချိန်မှာမူ ကြောက်လန့်တုန်ရီစွာဖြင့် သူနှင့်အတူ ပူးပေါင်းကာ ပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ ပြည့်နှက်နေစေသော နတ်ဘုရားစွမ်းရည်မျိုးစုံ ထုတ်လွှတ်နေတော့သည်။

ဤအချိန်တစ်ဝိုက်တွင်  မီးခိုးမြူငွေ့များသည် အရာအားလုံးကို ပိတ်ဖုံးရင်း မြေကြီးမှ မြောက်တက်စပြုလာ၏။ ထိုမြူငွေ့များ ဗြုန်းစားကြီး ပေါ်လာခြင်းက မန်ဟို့ဆံပင်မွှေးများအား ထောင်သွားစေသည်။ သူက တွန့်ဆုတ်မနေဘဲ ထရပ်ပြီး ထိုင်နေသောနေရာမှ ခွာလိုက်သည်။

သူသည် နောက်ပြန်လှည့်ကြည့်ရင်း နတ်မီးတောက်အနှစ်သာရကို သူ စောစောက ထိုင်နေခဲ့သော နေရာအား ရိုက်ခတ်သွားစေသည်။ သို့သော် မည်သည့်အရာမှဖြစ်မလာ။

သူ့မျက်လုံးများ တောက်ပလာပြီး သတိပိုရှိလာသည်။ စောစောက အမျိုးအမည်မသိသောအအေးဓာတ်တစ်မျိုး သူ့ထံ လာနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရလေသည်။

သူသာ ထိုင်နေရာမှ မခွာလိုက်လျှင် ထိုအအေးဓာတ်က သူ့အား ခဲသွားစေခဲ့လိမ့်မည်။ သို့သော် တစ်စုံတစ်ခုသည် အအေးဓာတ်ကို မခံစားမိအောင် ဖုံးကွယ်ထားခဲ့၏။ မူမမှန်သည့်အရာတစ်ခုမှ မရှိသယောင်ပင်။

မန်ဟိုက ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီးနောက် မီးခိုးမြူများထဲ ပျောက်ကွယ်သွားတော့သည်။

မန်ဟို မသိလိုက်သည်မှာ ယခုလေးတင် သူ ထိုင်နေခဲ့သောနေရာတွင် ဝိုးတိုးဝါးတားအရိပ်တစ်ခု ရှိနေသည်ကိုပင်။ အရိပ်သည် မြူများဖြင့် ဖွဲ့စည်းထားဟန်တူသော်လည်း နီရဲနေသောမျက်လုံးများက မန်ဟို့ကို စိုက်ကြည့်ရင်း ရှင်းလင်းတောက်ပနေ၏။

“သူက ငါ သူ့အနား ကပ်လာတာကို ခံစားရတယ်ပေါ့လေ...” အရိပ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူ့နတ်ဘုရားအာရုံက အတော်လေး အားကောင်းတယ်ဖြစ်တယ်။ ကိစ္စမရှိဘူး။ အားကောင်းလေလေ၊ ငါ သူ့ကို ပူးကပ်လိုက်ရင် ပိုအားကောင်းလေလေ ဖြစ်လိမ့်မယ်။ ငါ ဒီနေရာမှာ အချုပ်ခံထားရတာ အင်မတန့် အင်မတန် ကြာခဲ့ပြီ။ ဒီကနေ မရ,ရအောင် ထွက်မှဖြစ်မယ်။ လိုအပ်ရင် လူသတ်ရမယ်ဆိုလည်း သတ်ပစ်ရမှာပဲ” အရိပ်က တွန့်လိမ်သွားပြီးနောက် မီးခိုးမြူများထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

မန်ဟိုက အမြင့်ဆုံးအရှိန်ဖြင့် တရိပ်ရိပ်ရွေ့လျားနေသည်။ ဤကမ္ဘာထဲတွင် သူ ခံစားနေရသော အသက်အန္တရာယ်က သူ့အား ပုံမှန်ထက်ပို၍ သတိရှိနေစေသည်။ သူသည် တရိပ်ရိပ်ရွေ့လျားနေစဉ် လင်းလက်နေသောမျက်ဝန်းများဖြင့် မြူခိုးများကို ဝေ့ကြည့်လိုက်၏။

“ဒီနေရာက ငါ့အတွက်ရော၊ တခြားသူတွေအတွက်ရော အန္တရာယ်များတယ်။ ဒီမြူတွေပေါ်လာတာက ... ပြန်တိုက်ခိုက်ရမယ့်အခွင့်အရေး ငါ့လက်ထဲရောက်လာပြီလို့ ဆိုလိုတယ်” သူက လှစ်ခနဲ ဦးတည်ရာပြောင်း၍ ရွှမ်တောက်စစ်နှင့် ဟုန်ချိန်တို့ တိုက်ခိုက်နေသောနေရာသို့ သွားလိုက်သည်။

မကြာခင် အရှေ့မှ တိုက်ခိုက်နေသံများကို ကြားလာရသည်။ ရွှမ်တောက်စစ်၏ ဟိန်းဟောက်သံက အရပ်လေးမျက်နှာတွင် ပဲ့တင်ရိုက်ခတ်နေပြီး မှော်အတတ်တစ်ခု၏လှိုင်းဂယက်များ ဖြာထွက်လာသည်။ သို့သော် မြူများက အလင်းကို ပိတ်နေရာ မန်ဟို့အနေဖြင့် မည်သည့်အရာကိုမှ ပြတ်ပြတ်သားသား မမြင်ရပေ။ သို့သော် သူ့မျက်လုံးများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် အချိန်နှင့်အမျှ အားကောင်းလာနေ၏။

နောက်ဆုံးတော့ သူက မျက်လုံးများကို ပိတ်လိုက်တော့သည်။ တဖြေးဖြေး သူ့စိတ်ထဲတွင် ပုံရိပ်ဆယ့်ကိုးခုပေါ်လာသည်။ ၎င်းတို့အားလုံးက မတူညီသောအရပ်များတွင် ရှိကြပြီး မီးခိုရောင်ကမ္ဘာကြီးဖြင့် ဝန်းရံခံထားရလေသည်။

ထိုအရာများက ရှင်ခြင်းသေခြင်းမန္တန်ဖြင့် သူ ထိန်းချုပ်ခဲ့သော ဖြစ်တည်မှုများပင်။ တည်ရှိနေသေးသည့်အရာများက ယခုတွင် သူ၏စိတ်မျက်လုံးထဲ၌ ပေါ်လာပြီး သူ့မျက်လုံးများ ဖြစ်လာကြသည်။

သူက အင်အားအကြီးဆုံး အသေကောင်အရိပ်များကို ရှောင်ရင်း မြူအတွင်းရှိ ဖြစ်တည်မှုအမျိုးမျိုးဆီ တိတ်ဆိတ်စွာ ပျံသန်းသွားသည်။ အသက်ဆယ့်နှစ်ရှိုက်ကျော်ကြာသော် သူက အရှိန်တင်လိုက်၏။ ထို့နောက် သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သတ်ဖြတ်လိုစိတ်တို့ တဟုန်းဟုန်း တောက်လောင်နေတော့သည်။ သူသည် ညာလက်ကို လက်သီးဆုပ်ရင်း ရှေ့သို့ တက်လိုက်၏။ လောကပါလတာအိုအင်မော်တယ်တန်ခိုးနှင့်တကွ အပြင်အားကိုယ်ခွန်အားနှင့်အတူ သူက နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ထုတ်လွှတ်လိုက်လေသည်။

ထိုလက်သီးချက်က ဟုန်ချိန်၏အရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာသည်။

ဟုန်ချိန်မှာ သူမကို တိုက်ခိုက်နေသော အသေကောင်အရိပ်များကို ခုခံရန် မှော်အစွမ်းမျိုးစုံအသုံးပြုနေသော ခုလတ်တွင် ဖြစ်သည်။ သူမ ခြေကုန်လက်ပန်းကျနေစဉ် မန်ဟိုက ရုတ်တရက် တိုက်ခိုက်လိုက်ရာ သူမမျက်နှာအပေါ်တွင် ထိပ်ပျာသွားသောအမူအရာတစ်ခု ပေါ်လာတော့သည်။ ဖြစ်ပျက်နေသည့်အရာကို သုံးသပ်ရန်ပင် အချိန်မရခင် နတ်ဘုရားသုတ်သင်ခြင်းလက်သီးက သူမအပေါ် ရောက်လာခဲ့လေပြီ။

အုန်းးးးး။ လက်သီးသည် သူမရင်ဘတ်ကို ထိုးနှက်၍ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူမက မျက်လုံးအပြူးသားနှင့် ဒယိမ်းဒယိုင်ဆုတ်ရင်း ခပ်စူးစူး အော်လိုက်၏။ “မန်ဟို”

မန်ဟို၏ အလစ်တိုက်ကွက်ကြောင့် နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သူမသည် မှော်ပစ္စည်းများထုတ်ပြီး ပြန်တိုက်ခိုက်ဖို့ နတ်ဘုရားစွမ်းရည်များကို ပြင်လိုက်၏။ သို့သော် မြူကို ဖြတ်၍ သူမထံ လာနေသည်ကား ... ချွန်ထက်ထက်ခြေသည်းများဖြင့် သူမကို ပိုင်းချလိုက်သော မိုးပြာရောင်သိမ်းငှက်တစ်ကောင်ပင်။

ရွှစ်

ရွှမ်တောက်စစ်ပင် အံ့အားသင့်သွားသည်။ သူ သွားအကူအညီပေးရန် လှည့်လိုက်သည့်အချိန် အသေကောင်အရိပ်ဆယ်ကောင်ကျော်က သူ့ကို အမဲဖြတ်တော့မည့်အလား ခုန်အုပ်လိုက်ကြသည်။

“ဖယ်စမ်း” ရွှမ်တောက်စစ်က ဟိန်းဟောက်လိုက်၏။

တစ်ဆက်တည်းမှာပင် ဟုန်ချိန်၏စူးစူးဝါးဝါး အော်သံက ထပ်မံထွက်ပေါ်လာသည်။ “ကယ်ပါဦး” သူမမှာ ကြောက်လန့်နေပြီး သူမပတ်ဝန်းကျင်တွင် ဘာဖြစ်နေသလဲပင် မမြင်ရ၍ အထိတ်တလန့် နောက်ဆုတ်လိုက်သည်။ သူမရင်ဘတ်သည် သွေးတို့ရဲပလောင်းခတ်၍ စုတ်ပြတ်နေပြီး ခြေသည်းကြောင့် ပေါက်သွားသော ခေါင်းအပေါက်သုံးပေါက်ထဲမှ နို့နှစ်ရောင်နှင့်အနီရောင်ရောနေသည့် သွေးများ စီးကျလာသည်။

မန်ဟိုလည်း အခြေအနေသိပ်မဟန်ပေ။ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများ စက်လက်ကျနေသည်။ သူ၏မူလဒဏ်ရာများမှာ အကောင်းပကတိ မပျောက်ကင်းသေးသည် မဟုတ်ပါလော။ ဤအဘွားကြီးကို သတ်ဖို့ကြိုးစားခြင်းက သူ့ဒဏ်ရာများကို ဆွလိုက်လေသည်။ သို့သော် သူ့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် နည်းနည်းလေးမျှ လျော့နည်းမသွားခဲ့သလို၊ ပို၍ပင်အာရုံစူးစိုက်လာ၏။

သူက ရင်သပ်ရှုမောဖွယ်အမြန်နှုန်းဖြင့် နတ်မီးတောက်အနှစ်သာရအား ဆုတ်ခွာနေသော ဟုန်ချိန့်ကို ဝိုင်းလိုက်စေသည်။

ဟုန်ချိန်သည် အံတင်းတင်းကြိတ်ရင်း အရပ်မျက်နှာတစ်ခွင်ရှိ အနှစ်သာရစွမ်းအားများကို ထုတ်ဖော်ရန် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သို့သော် မန်ဟိုက မူလနေရာတွင် မရှိတော့ဘဲ ပါရာဂွန်တံတားကို သူမအပေါ် ကျဆင်းစေခဲ့လေသည်။ သူမ စူးစူးဝါးဝါးအော်ရင်း ထွက်ပြေးလိုက်စဉ် သူမခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲတော့မည့်လက္ခဏာများ ပြနေပြီဖြစ်သည်။ ယခုတွင် ရွှမ်တောက်စစ်က သူ့ကို ဝိုင်းထားသော အသေကောင်အရိပ်များကို ချေမှုန်းခဲ့ပြီး သူတို့ထံ တဟုန်ထိုးလာနေလေပြီ။

မန်ဟိုက ဘယ်လက်ကိုမြှောက်ကာ စတုတ္ထနိဗ္ဗာနသစ်သီးအား သူ့နဖူးပေါ် ဖိချလိုက်သည်။ ရုတ်ခြည်းဆိုသလို သူ၏အမြန်နှုန်းသည် ကြောက်ခမန်းလိလိ မြင့်တက်သွား၏။ သူက ဟုန်ချိန်ဆီ ဦးတည်၍ ဖမ်းဆုပ်သည့်လက်ဟန်လုပ်ကာ ကြေးမုံအား ဆင့်ခေါ်လိုက်သည်။ သက်ပြင်းတဟင်းဟင်းချရင်း ကြက်တူရွေးလည်း ထွက်လာသည်။ ၎င်းက ရပ်မနေဘဲ မန်ဟို့အလိုအတိုင်း စစ်လက်နက်အသွင်ပြောင်းလိုက်သည်။

ထိုအခြင်းအရာက မန်ဟို၏စွမ်းအင်ကို တရှိန်ထိုး မြင့်တက်သွားစေသည်။ စစ်လက်နက်ကို မြှောက်ရင်း သူသည် ဟုန်ချိန့်ထံ ပိုင်းချလိုက်၏။ ရွှမ်တောက်စစ်က အချိန်ကို နောက်ပြန်ဆွဲရင်း အပြေးလာနေသော်လည်း ဖြစ်ပျက်နေသောအရာကို တုံ့ပြန်သည့်အနေဖြင့် ဟိန်းဟောက်ရုံသာ တတ်နိုင်လိုက်လေသည်။

ဟုန်ချိန်လည်း သူမကိုယ်သူမ ကာကွယ်ဖို့ အစွမ်းကုန်ကြိုးပမ်းရင်း ဟိန်းဟောက်လိုက်သည်။ သို့သော် သူမမှာ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကြောင့် ဒဏ်ရာထားခဲ့ပြီးဖြစ်သည့်အပြင် ကျင့်ကြံအဆင့်လည်း ကျဆင်းထားခဲ့၏။ မန်ဟို၏အလစ်တိုက်ကွက်ကျေးဇူးကြောင့်လည်း အရှိန်သေနေသော မြားတစ်စင်းသဖွယ် ဖြစ်နေခဲ့သည်။ မန်ဟိုက သူမ ပြန်တိုက်ခိုက်ဖို့ အသုံးပြုလိုက်သော မှော်ပစ္စည်းများ၊ နတ်ဘုရားစွမ်းရည်များကို အဖက်မလုပ်ပေ။ သူသည် သူ၏အပြင်အားကိုယ်ခွန်အားအလုံးစုံကို ထုတ်လွှတ်ရင်း စစ်လက်နက်အား ပိုင်းချလိုက်တော့သည်....

ဟုန်ချိန်ခေါင်းသည် သူမ၏လည်တိုင်မှ ပြတ်ထွက်သွားပြီး သူမ၏ခေါင်းပြတ်ကိုယ်လုံးကြီးက အရုတ်ကြိုးပြတ် လဲကျသွားသဖြင့် အော်သံများ တိခနဲ ရပ်သွားသည်။ သူမ၏အနုသုခုမနတ်ခန္ဓာ ထွက်ပြေးတော့မည့်အချိန် စစ်လက်နက်က ၎င်းကို ပိုင်းချလိုက်၏။ တာအိုနယ်ပယ်ပညာရှင်နောက်တစ်ယောက်ကား ... မန်ဟို့လက်ချက်ကြောင့် ကြွေလွင့်ရပြန်လေပြီ။

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မျက်နှာတွင် သွေးမရှိတော့ပေ။ စောစောက အသုံးပြုခဲ့သော မှော်ပစ္စည်းများနှင့် နတ်ဘုရားစွမ်းရည်များက သူ့ဒဏ်ရာများ၏ ပြင်းထန်မှုကို ပိုမိုဆိုးရွားသွားစေသည်။ သူက မျက်လုံးများ နီရဲနေလျက် အဝေးသို့ ထွက်သွားတော့သည်။

“မန်ဟို” ရွှမ်တောက်စစ်က ကြိမ်းဝါးလိုက်သည်။ ကြိမ်းဝါးသံက မြူခိုးငွေ့များကြားထဲ ပဲ့တင်ထပ်၍ တစ်ကမ္ဘာလုံးတွင် ဟိန်းထွက်သွားသည်။

ခပ်လှမ်းလှမ်းရှိ မန်မျိုးနွယ်များမှာလည်း အသေအပျောက်များနေသည်။ မန်ချိန်ကား တစ်ကိုယ်လုံးသွေးတို့စိုရွှဲနေလျက် ပျံသန်းနေ၏။

ဟန်ချင်းလဲ့သည်လည်း အသိနှင့်သတိကပ်ထားရင်း မြူခိုးများအတွင်းတွင် ရှိနေသည်။ သူ၏နောက်လိုက်တချို့မှာ အသတ်ခံခဲ့ကြရပြီး သူကိုယ်တိုင်လည်း ငရဲဘုံ ၃၃ ဘုံကို ကြောက်လန့်နေမိသည်။

သို့သော် ဤလူများသာ ရှိနေခြင်းမဟုတ်။ တခြားသူတွေလည်း ရှိသေးသည်။ ထိုမျှသာမက ဤသည်မှာ ငရဲဘုံ ၃၃ ဘုံ စပွင့်ရုံသာရှိသေးသည့်အတွက် တောက်ပသောအကွဲကြောင်းအားလုံး ပွင့်မလာသေး။ သုံးလေးငါးကြောင့်ခန့်သာ ပွင့်သေးသည်။ ထို့ကြောင့် အရေအတွက် သိပ်တော့မများလှသော်လည်း အပြင်ရှိ ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူအချို့က ရဲဆေးတင်၍ ဝင်ဖို့ ရွေးချယ်ခဲ့ကြလေသည်။

သူတို့ထဲမှ နှစ်ဆယ်သုံးဆယ်ရာခိုင်နှုန်းက မန်ဟိုဝင်သွားခဲ့သော အကွဲကြောင်းကို ရွေးချယ်ခဲ့သည်။

ဝင်လာရဲသူများမှာ ကျင့်ကြံခြင်းအဆင့်အရ တော်ရုံတန်ရုံမဟုတ်ကြပေ။ အနည်းဆုံး ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့်တွင် ဖြစ်ကြသည်။ တစ်ဝက်တစ်ပျက်တာအိုပညာရှင်တချို့ပင် တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူများအား မသေအောင် ထိန်းသိမ်းပေးနိုင်မည့် ဒဏ္ဍာရီလာပစ္စည်းတစ်မျိုးကို ရှာဖွေဖို့ ကြိုးစားနေကြသည်။

တာအိုနယ်ပယ်ပညာရှင်အနည်းငယ်လည်း တောက်ပသောအကွဲကြောင်းအမျိုးမျိုးထဲ ဝင်ရောက်သွားကြလေသည်။

ထို့ကြောင့် ရွှမ်တောက်စစ်၏ကြိမ်းဝါးသံကြီး ပဲ့တင်ရိုက်ခတ်လာသောအခါ မြူထဲရှိ ကျန်ကျင့်ကြံသူများလည်း ကြားလိုက်ရ၍ ရင်တဒိန်းဒိန်းခုန်သွားကြတော့သည်။

မန်ဟိုမှာ သွေးတစ်လုပ်အန်လိုက်ရသော်လည်း မြန်နိုင်သမျှမြန်မြန် ဆက်သွားနေဆဲပင်။ သူက စစ်လက်နက်ရော၊ စတုတ္ထနိဗ္ဗာနသစ်သီးကိုပါ ပြန်သိမ်းလိုက်သည်။ သူ့မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေသာ်လည်း သူ၏ချီနှင့်သွေးကား အားပြည့်လျက်ရှိ၏။

တစ်ချိန်လုံး သူ့နောက်လိုက်နေခဲ့သော အရိပ်မှာတော့ သူ့ကို ကြည့်ပြီး ပိုပို၍ လောဘတက်လာသည်။

မန်ဟိုသည် တရိပ်ရိပ်ပျံသန်းနေရင်း အသေကောင်အရိပ်တစ်ခုနှင့် ပက်ပင်းတိုး၏။

“သွေးမိစ္ဆာမဟာမှော်သိုင်းကို အသုံးမပြုရတာ တော်တော်တောင် ကြာခဲ့ပြီ” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အရှေ့ရှိ အရိပ်က ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မန်ဟို့ကို လှည့်ကြည့်၍ ဟိန်းဟောက်ရင်း သူ့အား ခုန်အုပ်လိုက်သည်။

မန်ဟိုက ရှင်ခြင်း-သေခြင်းမန္တန်အမှတ်အသားကို သူ့အပေါ်တွင် မစီရင်လိုက်ပေ။ ထိုအစား ရှေ့တက်၍ လက်ဝါးဖြင့် ရိုက်လိုက်သည်။ သူ့လက်ဝါးက ချက်ချင်း သွေးရောင်သမ်းလာပြီးနောက် အရိပ်အပေါ် ကျရောက်သွားသည့်အခါ အရိပ်မှာ တဆတ်ဆတ်တုန်ရင်း ခြောက်ကပ်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ပြာကျသွားခဲ့လေပြီ။

၎င်း၏မီးခိုးငွေ့များက မန်ဟို့ဆီ ပျံသန်းလာပြီးနောက် သူနှင့်တစ်သားတည်းဖြစ်ကာ သူ့အား ပို၍ပင် ပိန်ချုံးခြောက်ကပ်သွားစေသည်။ သူ၏ဒဏ်ရာများအတွက် နည်းနည်းလေးမှ အထောက်အကူမဖြစ်သည့်အလားပင်။

သူက ခေါင်းတခါခါနှင့် ရှေ့ဆက်ရွေ့လျားသွားသည်။ မကြာမီ သူ့မျက်လုံးများ လင်းလက်သွားပြီး သူ့အရှေ့တွင် ပေါ်လာခဲ့သော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူထံ လျှပ်စီးလို ပြေးဝင်သွားသည်။

ဤလူသည် မန်ဟို့ကို သတ်ဖို့ကြိုးစားခဲ့သော အဖွဲ့များထဲမှ တစ်ယောက်ဖြစ်ခဲ့၏။ အခြေအနေပြောင်းပြန်ဖြစ်သွားခဲ့သောအခါ သူက အမြီးကုပ်ထွက်ပြေးသွားခဲ့သော်လည်း ယခုတော့ ပြန်ရောက်လာခဲ့ပုံပေါ်သည်။ လောလောဆယ်တွင် သူသည် ဘေးဘီဝဲယာကို သတိကြီးကြီး ကြည့်နေသဖြင့် မန်ဟို သူ့အနားကပ်လာလျှင်ချင်း သူ့မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူ ဘာမှမလုပ်နိုင်ခင် မန်ဟို၏ သွေးရောင်လက်ကြီးက မြွေလိမ်မြွေကောက်ထွက်လာပြီး သူ၏ငယ်ထိပ်ကို ဆုပ်ကိုင်လိုက်လေပြီ။

ထိုလူ မအော်နိုင်ခင် မန်ဟိုက သူ့ပါးစပ်ကို ပိတ်လိုက်သည်။ ကျင့်ကြံသူမှာ ဒွန့်ဒွန့်လူးလျက် ခြောက်ကပ်ရှုံ့သွားတော့သည်။ သူ၏အသက်စွမ်းအား၊ အသွေးအသား၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်တို့အားလုံး တမုဟုတ်ချင်းစုပ်ယူခံလိုက်ရသည်။

မန်ဟို့မျက်နှာမှာ သွေးရောင်အတန်ငယ် ပြန်သမ်းလာသည်။ မကြာမီ သူ့လက်ထဲတွင် ရှုံ့တွနေသော အလောင်းတစ်လောင်းမှတစ်ပါး ဘာမှမကျန်တော့ပေ။ ၎င်းက အောက်သို့ကျကာ ပြာဖြစ်သွားတော့၏။ မန်ဟိုက နီရဲနေသောမျက်လုံးများဖြင့် နှုတ်ခမ်းသပ်ရင်း သူ့လမ်းသူ ဆက်ထွက်သွားလေသည်။

All Chapters