ငါတို့က မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်ပါတယ်
Vol. 89 Ch. 1236
မန်ဟိုသည် မဟူရာည၏အမှောင်ထုထဲက အဖော်မဲ့ဝံပုလွေသဖွယ် မြူခိုးများအကြား တရိပ်ရိပ် သွားနေ၏။ သူ လာနေကြောင်း သိသာစေသော အရိပ်အယောင်များမှာတော့ ရဲတောက်နေသော သူ၏မျက်လုံးများနှင့် သွေးမိစ္ဆာမဟာမှော်သိုင်း၏အခိုးအငွေ့များသာ ဖြစ်သည်။
သူ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားနေစဉ် မည်သည့်အော်သံကိုမှ မကြားပေ။ သွေးမိစ္ဆာမဟာမှော်သိုင်းကြောင့် မန်ဟိုသည် ဖြေးဖြေးချင်း သက်သာလာသော်လည်း ကမ္ဗည်းကျောက်စာတိုင်မှာတုန်းကကဲ့သို့တော့ မမြန်ပေ။ သို့သော် မန်ဟို အလိုရှိသည်ကား သူ၏ထာဝရအလွှာကို လှုံ့ဆော်ဖို့သာ ဖြစ်သည်။
ထာဝရအလွှာသာ အလုပ်လုပ်ပေးလျှင် သူ၏ကုစားမှုသည် ပို၍မြန်လာလိမ့်မည်။
သူသည် တွေ့သမျှ ကျင့်ကြံသူများ၏အသွေးအသားများကို စုပ်ယူရင်း ဆက်သွားနေ၏။ သူ့အနောက် လိုက်နေခဲ့သော ဝိုးတိုးဝါးတားအရိပ်ကမူ မန်ဟို့ကို တစ်ချက်တည်း အပိုင်ပူးကပ်နိုင်ဖို့ အခွင့်ကောင်းကို စောင့်နေလေသည်။
ထိုအရိပ်မှာ မန်ဟို ဟုန်ချိန်အား သတ်ခဲ့သည်ကိုသော်လည်းကောင်း၊ ရွှမ်တောက်စစ် မန်ဟို့နောက် လိုက်နေသည်ကိုသော်လည်းကောင်း မမြင်ရပေ။ သို့သော် မန်ဟိုထံမှ ထုတ်လွှတ်နေသည့် ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များကို သူ ခံစားရနိုင်ပြီး သွေးမိစ္ဆာမဟာမှော်သိုင်းအား မန်ဟို ထုတ်လွှတ်သည့်အခါ ချီနှင့်သွေးတို့ ဆူပွက်လာခြင်းက အရိပ်အား မန်ဟို့ကို ပူးကပ်လိုစိတ် ပိုမိုပြင်းထန်လာစေသည်။
“ငါ လောဘဟာ တစ်ဘဝလုံး ကံတရားရဲ့ မျက်နှာသာပေးတာကို ခံခဲ့ရတယ်” အရိပ်က ပြောသည်။ “ငါ ငယ်ငယ်တုန်းက ငါ့ရဲ့အကြီးမားဆုံးရန်သူကို တိုက်ခိုက်ရင်း သေလုမျောပါးဖြစ်နေတဲ့အချိန် ကောင်းကင်ကနေ အမည်မသိအအရာဝတ္ထုကြီးတစ်ခု ကျလာပြီး ငါ့ရန်သူကို ဖိသတ်ပစ်ခဲ့တယ်
“ငါ လောကကြီးထဲမှာ စွန့်စားခန်းထွက်တိုင်း ဘယ်တော့မှ လက်ဗလာနဲ့ ပြန်မလာရတဲ့အပြင် ငါသွားတဲ့နေရာတိုင်း ရတနာမိုးတွေ ရွာခဲ့တယ်။ ငါ့ကျင့်ကြံခြင်းအဆင့်တောင်မှ အတားအဆီးမရှိဘဲ ချောချောမွေ့မွေ့ အဆင့်တက်ခဲ့တယ်။ ဒါပေမဲ့ ငါ ထိပ်ဆုံးကို ရောက်တဲ့အချိန်မှာ သေသင့်တဲ့ ခွေးမသားတစ်ကောင်နဲ့ တွေ့ခဲ့ရတယ်
“သူက လွဲလို့ ဘယ်သူကမှ ငါ့ကို မဖမ်းချုပ်နိုင်ခဲ့ဘူး။ ဒီနေရာမှာ ပိတ်လှောင်ခံထားရတာလည်း ခဏတဖြုတ်ပဲ။ ငါဆိုတဲ့ လောဘက ဒီမှာ ထာဝရပိတ်မိနေမှာမဟုတ်ဘူး
“ဒီလူကတော့ ကောင်းကင်ဘုံကနေ ငါ့ကို ပေးအပ်ခဲ့တဲ့ လက်ဆောင်တွေထဲက အကောင်းဆုံးလက်ဆောင်ပဲ” သူ့မျက်လုံးထဲရှိ လောဘအရိပ်အယောင်များသည် ပို၍ပြင်းပြလာသည့်တိုင် သူက မလှုပ်ရှားသေးပေ။ သူ၏ပထမဆုံးတိုက်ကွက်က မအောင်မြင်ခဲ့သည့်အတွက် သူ့ရွေးချယ်ချက်ကား နောက်မှလိုက်ပြီး အခွင့်အရေးအား စောင့်ပြီးရင်း စောင့်နေဖို့သာ .....
မန်ဟိုက ဆက်လက်သတ်ဖြတ်နေဆဲ ဖြစ်သည်။ ယခုတွင် သူ့လက်ချက်ကြောင့် ကျင့်ကြံသူတစ်ဒါဇင်ကျော် သေသွားခဲ့လေပြီ။ လောလောဆယ်တွင် သူ့လက်သည် ကျင့်ကြံသူတစ်ယောက်၏ ငယ်ထိပ်ကို ဆုပ်ကိုင်ထားပြီး ထိုလူ့အသွေးအသားများကို သူ စုပ်ယူနေစဉ် ရုတ်တရက် သူ့ကိုယ်ပေါ်ရှိ အမွှေးအားလုံး ထောင်လာ၏။ သူက ကျင့်ကြံသူကို အပြီးအထိ မစုပ်ယူဘဲ အမြန်ဆုံးနောက်ဆုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လက်တစ်ဖက်သည် မြူခိုးများထဲမှ ဆန့်ထွက်လာ၏။ ၎င်းတွင် အမွှေးမည်းမည်းကြီးများ ဖုံးနေပြီး မယုံကြည်နိုင်ဖွယ်ရွေ့လျားလာကာ တစ်ဝက်တစ်ပျက်စုပ်ယူခံထားရသည့် ကျင့်ကြံသူကို ရက်ရက်စက်စက် ဖြစ်ညစ်လိုက်သည်။ ကျင့်ကြံသူမှာ ငယ်သံပါအောင် အော်နေပြီး မြူထဲဆွဲခေါ်ခံလိုက်ရ၏။ ထို့နောက် တကျွတ်ကျွတ်ဝါးသံများ ထွက်လာသည်။
“ဗိုက်ဆာတယ်... အရမ်းဆာတယ်...” အသံရှည်ဆွဲညည်းသံကြီးအနှင့်အတူ သံကြိုးအချင်းချင်းပွတ်တိုက်သံကဲ့သို့ အသံများ ကြားလာရသည်။ မြူအတွင်းထဲမှ လာနေသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မန်ဟို့မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့်အမူအရာ ပေါ်လာပြီး သူက လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
အတန်ကြာသော် အရှိန်အဝါသည် မှေးမှိန်ပျောက်ကွယ်သွားပြီး ညည်းသံကြီးလည်း အဝေးသို့ လွင့်မျောသွားတော့၏။
မန်ဟိုမှာ ဘေးဘီဝဲယာကို ကြည့်ရင်း ပို၍စိုးထိတ်လာသည်။ နောက်ဆုံးတော့ သူက ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူနောက်တစ်ယောက်ကို ရှာပြီး စုပ်ယူဖို့ လှည့်ထွက်သွားသည်။ အချိန်တွေကြာသွားသည်။ သူ သူ့အလုပ်သူဆက်လုပ်နေစဉ် ကြောက်မက်ဖွယ်လက်ကြီးနှင့် သုံးကြိမ်ထက်မနည်း ပက်ပင်းတိုးခဲ့ပြီး တစ်ကြိမ်တွင် သေစေနိုင်သောအခြေအနေအထိပင် ဖြစ်ခဲ့သည်။
သူသည် ပို၍သတိကြီးကြီးထားရင်း ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် စုပ်ယူနေသည့်အချိန် သူ့ကိုယ်ထဲတွင် ဝုန်းခနဲ မြည်လာပြီး သူ့မျက်လုံးများသည် မီးကဲ့သို့ တောက်ပလာတော့၏။
နောက်ဆုံးတော့ သူ၏ထာ၀ရအလွှာသည် ခမ်းခြောက်လျက် အိပ်စက်သော အခြေအနေမှ နိုးထလာခဲ့လေပြီ။ ၎င်းက ဖြည်းဖြည်းချင်း လည်ပတ်ရင်း သူ၏အသက်စွမ်းအားနှင့် အားအင်တို့ကို ဖြည့်တင်းပေးနေသည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးထဲရှိ သွေးရောင်အလင်းက ပျောက်ကွယ်သွားပြီ ဒဏ်ရာများလည်း ပုံမှန်အတိုင်း သက်သာစပြုလာသည်။
ထိုအချိန်ကား အပေါ်မှ နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း သူ့ထံသို့ ထိုးဆင်းလာသည့်အခိုက်အတန့်လည်း ဖြစ်သည်။ သူက နောက်ဆုတ်လိုက်သော်လည်း နတ်ဘုရားအာရုံသည် ပိုမြန်ပြီး သူ့ကို လျင်မြန်စွာ လွှမ်းခြုံရင်း ပတ်၀န်းကျင်တွင် စတင်စုဝေးလာ၏။
"ဆိုတော့ မင်းလည်း ဒီရောက်နေတာကိုး" ရှေးဆန်သောအသံတစ်သံက ပြောသည်။ ကြောက်ခမန်းလိလိ ဖိအားတစ်ခုက ပတ်၀န်းကျင်ရှိ မြူများကို တွန်းဖယ်ရင်း သက်ရောက်လာလေသည်။
မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ဖိအား၏ပြင်းအားပေါ် အခြေခံ၍ ထိုလူသည် တာအိုသခင်အဆင့်ထက် ကျော်လွန်ကြောင်း သူ ပြောနိုင်လိုက်သည်။ ထိုမျှသာမက ဤဖိအားနှင့် သူ ရင်းနှီးသည်။ ၎င်းကား ကောင်းကင်နတ်ဘုရားမဟာမိတ်မှ သူ ထွက်မသွားနိုင်အောင် တားခဲ့သော အဘိုးကြီးမှတစ်ပါး အခြားမဟုတ်ပေ။
သူ့အနေဖြင့် အကောင်းပကတိအတိုင်း ပြန်သက်သာ၍ ထိပ်ဆုံးအဆင့်သို့ ပြန်ရောက်ရှိသွားလျှင်တောင်မှ ဤလူ့အတွက် ပြိုင်ဘက်မဟုတ်သေးကြောင်း မန်ဟို သိသည်။ သူက တွန့်ဆုတ်မနေဘဲ မိုးပြာရောင်သိမ်းငှက်အသွင်ပြောင်း၍ ထွက်ပြေးတော့၏။
သို့သော် ဖိအားက မြားတစ်စင်းသဖွယ် မြူများကို ထိုးခွင်းရင်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။ အမှန်တွင် မြူများကြောင့်သာမဟုတ်လျှင် အဘိုးကြီးကား မျက်စိတစ်မှိတ်အတွင်း မန်ဟို့နောက် အမှီလိုက်နိုင်ခဲ့လေပြီ။
မန်ဟို ထွက်ပြေးလိုက်သည့်အချိန်မှာပင် ရွှမ်တောက်စစ်က သတ်ဖြတ်လိုသောမျက်၀န်းများဖြင့် မတူညီသောဘက်တွင် ပေါ်လာသည်။ သူသည် မြူအတွင်းထဲရှိ မန်ဟို၏တည်နေရာကို ရှာဖွေဖို့ သူ၏လျှို့ဝှက်အတတ်တစ်ခုကိုပင် သုံးခဲ့ရ၏။ ပေးဆပ်ခဲ့ရသည့်တန်ဖိုးမှာတော့ အလွန်များပြားသော အသက်စွမ်းအားနှင့် သက်တမ်းပမာဏဖြစ်ရာ သူ့အား အရိုးပေါ်အရေတင်လျက် ကျန်ခဲ့စေလေသည်။ သူ၏အရှိန်အဝါမှာ အားနည်းနေသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်ကတော့ လျော့ကျမသွားခဲ့ပေ။
"မန်ဟို ဒီတစ်ခေါက် မင်း သေစေရမယ်” သူက မန်ဟိုရှိရာသို့ လျှပ်စီးသဖွယ် ပြေးထွက်သွားရင်း ဟိန်းဟောက်လိုက်သည်။
မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူ့အနေဖြင့် ရွှမ်တောက်စစ်ကို ခဏတဖြုတ် တိုက်ခိုက်နိုင်သော်လည်း ဤအဘိုးကြီးမှာမူ မန်ဟို သူ့ကို ကြောက်ပင်ကြောက်မိသည်အထိ အစွမ်းထက်လေသည်။ မန်ဟိုမှာ အံတင်းတင်းကြိတ်ရင်း အမြန်ဆုံးထွက်သွားရန် ပြင်လိုက်သည်။ ဤအခိုက်အတန့်တွင် ဖိအား သူ့အနားရောက်လာသည့်အချိန်မှာပင် ညည်းနေသော ခပ်သဲ့သဲ့အော်သံက ပဲ့တင်ထပ်လာသည်။
"ဗိုက်ဆာတယ် .... အရမ်းဆာတယ် ...." အသံအပြင် သံကြိုးများ ရွေ့လျားနေသံကိုလည်း ကြားရနိုင်သည်။ ကောင်းကင်နတ်ဘုရားမိတ်အဖွဲ့မှ အဘိုးကြီး ပက်ပင်းတိုးသွားသည့်အရာက မည်သည့်အရာမှန်း သဘောပေါက်လိုက်သဖြင့် မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ထိုအခိုက်အတန့်တွင် သူ့အပေါ် ပစ်မှတ်ထားနေသော နတ်ဘုရားအာရုံမှာ ရုတ်တရက် ပြန်ဆုတ်သွားလေသည်။
သို့သော် ရွှမ်တောက်စစ်၏ အသတ်အဖြတ်စိတ်ဆန္ဒက သူ့ဆီ ပြေး၀င်လာနေဆဲ ဖြစ်သည်။ မန်ဟိုက မျက်လုံးများ အေးစက်စက်တောက်ပနေလျက် ချာခနဲ လှည့်၍ ညာလက်ကို ဝှေ့ယမ်းရင်း နတ်မီးတောက်အနှစ်သာရနှင့် အင်မော်တယ်တောင်များကို ဆင့်ခေါ်ပြီး ရွှမ်တောက်စစ်အား ပြန်တိုက်ခိုက်လိုက်သည်။
တဝုန်းဝုန်း မြည်သံများ ကြားလိုက်ရပြီး မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွား၏။ သူ တွန်းအားကို ငှားယူ၍ ဆုတ်တော့မည့်အချိန်မှာပင် ရွှမ်တောက်စစ်က မန်ဟို၏ကြိုးပမ်းမှု မအောင်မြင်အောင် ထိုတွန်းအားကို ပြိုကွဲသွားစေသည်။
"မင်း ဒီလိုလုပ်လိမ့်မယ်ဆိုတာ ငါ ထင်ထားပြီးသား" ရွှမ်တောက်စစ်က တဟားဟားရယ်ရင်း ပြော၏။ ရုတ်တရက် သူ၏အချိန်အနှစ်သာရ ပေါ်ထွက်လာကာ အချိန်စီးကြောင်းများအတွင်း လမ်းလျှောက်နေသည့်အလား သူ၏ခန္ဓာကိုယ်ကို ဝေဝါးသွားစေသည်။ မန်ဟို၏မျက်နှာ ပျက်ယွင်းသွားပြီး ချက်ချင်းပင် သူလည်း သူ၏လမ်းလျှောက်ပညာရပ်ကို သုံးလိုက်၏။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ဖို့ အချိန်တာအိုကို သုံးနေသဖြင့် မြူများတဖွေးဖွေးလှုပ်ကာ ဖြည်းဖြည်းချင်း ဝဲတစ်ဝဲ ဖြစ်လာတော့သည်။
ဝဲသည် ကြီးသထက်ကြီးမားလာပြီး တဝေါဝေါမြည်သံများသည်လည်း ဧရာမပေါက်ကွဲသံကြီးများသဖွယ် ပြင်းထန်ကျယ်လောင်လာ၏။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ဘေးသို့ လည်ထွက်သွားသည်။ ရွှမ်တောက်စစ်၏ပါးစပ်မှလည်း သွေးများ ပန်းထွက်သွားသော်လည်း သူက လက်မလျှော့ပေ။ သူသည် ဒဏ်ရာရထားပြီးဖြစ်သည့်တိုင် သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေပြီး သူ့နှလုံးသားသည် တဒိန်းဒိန်း ခုန်နေ၏။ ယခုလေးတင် သူ၏အနှစ်သာရက ပြင်းထန်သော မျှော်လင့်ချက်တို့ဖြင့် လှုပ်ရှားလာခဲ့လေသည်။
မန်ဟို ထပ်ထွက်ပြေးဖို့ ကြိုးစားနေသည်ကို မြင်လျှင် အေးစက်သောအလင်းရောင်က သူ့မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူက ရုတ်တရက် ခေါင်းနောက်လှန်၍ အော်လိုက်သည်။ "ဒီနေရာမှာရှိတဲ့ တာအိုရောင်ရင်းအားလုံး ကျုပ်က ရွှမ်တောက်စစ်ပါ။ မန်ဟို့ကို တားပြီး ကျုပ်ကို ကူညီပေးကြပါ။ ခင်ဗျားတို့ သူ့ကို တွေ့ရင် ကျုပ်ကို ချက်ချင်း အကြောင်းကြားပါ။ ကျေးဇူးတင်တဲ့အနေနဲ့ တစ်နက်နဲဂိုဏ်းက ကူညီပေးတဲ့ ဘယ်သူကိုမဆို တစ်၀က်တစ်ပျက်တာအိုရတနာတစ်ပါး ချီးမြှင့်ပေးပါ့မယ်"
ရွှမ်တောက်စစ်သည် မန်ဟိုက ငါးရှဥ့်လိုအကောင်ဖြစ်ကြောင်း သိ၏။ လွတ်သွားသည်နှင့် ထပ်မံရှာတွေ့ဖို့ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူက မြူထဲရှိ လူအားလုံး၏ အကူအညီကို တောင်းခံဖို့ မယုံနိုင်ဖွယ်ဆုကြေးအား ကြေညာခဲ့လေသည်။
ရွှမ်တောက်စစ်၏ ကျင်ကြံခြင်းအခြေခံစွမ်းအားမှ အားဖြည့်ပေးထားသော သူ၏အသံသည် တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်ကာ လူတိုင်း၏နားထဲသို့ ရောက်ရှိလာ၏။ အကုန်လုံး မျက်လုံးများလင်းလက်သွားကြသည်။ မန်ဟို၏တည်နေရာကို ရွှမ်တောက်စစ်ကို အသိပေးရုံလေးက မန်ဟို့ကို သတ်ဖို့ ကြိုးစားခြင်းထက် များစွာ လွယ်ကူလေသည်။ သူတို့လုပ်ရမည်မှာ သတင်းပါးရုံသာ မဟုတ်ပါလော။ ထိုသတင်းက ရွှမ်တောက်စစ်ကို မန်ဟို့အား ဖမ်းနိုင်အောင် ကူညီပေးခဲ့လျှင်တော့ သူတို့သည် တစ်၀က်တစ်ပျက်တာအိုရတနာတစ်ပါးပင် ချီးမြှင့်ခံကြရလိမ့်မည်။
လူတိုင်း စိတ်လှုပ်ရှားကုန်ကြတော့သည်။
မန်ဟို့မျက်နှာမှာတော့ မည်းမှောင်သွားပြီး သူသည် မြန်မြန်နိုင်သမျှ မြန်မြန် ဆက်သွားနေ၏။ သို့သော် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်နှင့် ပက်ပင်းတိုးရန် သိပ်မကြာလိုက်ပေ။ ထိုလူက မန်ဟို့ကို မြင်လျှင်ချင်း အင်မတန် ဝမ်းသာပျော်ရွှင်သွားပြီး အော်လိုက်သည်။၊
“မန်...”
သို့သော် သူ့ပါးစပ်မှ စကားလုံးတစ်လုံး ထွက်သေးသည်၊ မန်ဟိုက လျှပ်စီးလို ရိပ်ခနဲ လှုပ်ရှားကာ သူ့လက်ကို ထိုလူ၏ငယ်ထိပ်ပေါ် တင်၍ သွေးမိစ္ဆာမဟာမှော်သိုင်းအား ထုတ်လွှတ်လိုက်လေပြီ။ ချီနှင့်သွေး၊ အသက်စွမ်းအား၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်တို့ မန်ဟို၏စုပ်ယူခြင်းခံနေရသဖြင့် ကျင့်ကြံသူမှာ ဒွန့်ဒွန့်လူးတုန်ရီနေတော့သည်။
သို့ထိတိုင် ထိုစကားလေးတစ်လုံးက ရွှမ်တောက်စစ်နှင့် ကျန်အစွမ်းထက်ပညာရှင်တချို့အား အော်သံကြားရာအရပ်သို့ ချက်ချင်း ပျံသန်းလာစေသည်။
မန်ဟို့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ပိုမိုပြင်းထန်လာ၏။ သူ ထွက်ပြေးတော့မည့်အချိန် ဝမ်းသာအားရအော်သံတစ်သံက မြူခိုးများကို ဖြတ်၍ ဟိန်းထွက်လာသည်။
“မန်ဟို ဒီမှာဗျို့”
အသံသည် တကယ်တော့ မန်ဟို အမှန်ရောက်နေသောနေရာနှင့် လှမ်းလေသည်။ အသံကြောင့် သူ့ဘက်သို့ အပြေးအလွှားလာနေကြသည့် လူများက တုံ့ခနဲ ရပ်လိုက်ကြသည်။ ရွှမ်တောက်စစ် မျက်မှောင်ကြုတ်လိုက်သည့်အချိန်မှာပင် နောက်တစ်သံ ထွက်လာပြန်သည်။ “သူ ဒီမှာ မြန်မြန်။ ဒီနေရာရောက်နေတယ်”
ထို့နောက် နောက်အသံတစ်သံက မတူညီသောဘက်မှ အလောတကြီး ထွက်လာသည်။ “မန်ဟို့ကို တွေ့ပြီဗျို့၊ ဒီနားလေးမှာပဲ”
သူ့ကို ကူညီနေသောလူများ ရှိနေကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို ပါးစပ်အဟောင်းသားဖြစ်သွားသည်။
စဉ်းစားနေရန် အချိန်မရှိပေ။ သူသည် ချက်ချင်း ပြေးရန် လှည့်လိုက်သော်လည်း ပိုင်ရှင်မှ ဖုံးကွယ်မထားသည့် ရင်းနှီးသောအခိုးအငွေ့များ ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသဖြင့် တုံ့ခနဲ ရပ်လိုက်၏။
“ဟန်ချင်းလဲ့...” မန်ဟို တစ်လုံးချင်း ပြောလိုက်စဉ် ဟန်ချင်းလဲ့သည် အနီးနားရှိ မြူခိုးများအထဲမှ ထွက်လာ၏။ သူတို့က တစ်ယောက်ထံမှ မီတာတစ်ဒါဇင်မျှအကွာတွင် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရပ်နေကြလေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်” အကုန်လုံးအဖြေပေါ်သွားသဖြင့် မန်ဟိုက ပြောလိုက်သည်။ သူသည် လက်နှစ်ဖက်ယှက်၍ ဟန်ချင်းလဲ့အား အရိုအသေပေးလိုက်သည်။
ဟန်ချင်းလဲ့က ရှုပ်ထွေးနေသောခံစားချက်များဖြင့် မန်ဟို့ကို ပြန်ကြည့်သည်။ မန်ဟို့အခြေအနေမှာ သိသိသာသာ ဆိုးရွားနေလေသည်။ လေဟုန်ခွင်းလောကမှာတုန်းကထက်ပင် ဆိုးရွားနေ၏။ သူ့ဒဏ်ရာများက ပြင်းထန်နေပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေသည်။ ဆေးလုံးများနှင့် အားဖြည့်ပေးလျှင်တောင်မှ၊ ဒဏ်ရာများ ပျောက်သွားလျှင်တောင်မှ သက်သာလာမည်မဟုတ်သော အလွန်ပင်ပန်းနွမ်းနယ်နေမှုအား သူ့မျက်နှာပေါ်တွင် မြင်ရနိုင်သည်။ အပြည့်အဝသက်သာလာဖို့ အချိန်လိုအပ်လိမ့်မည်။
သို့ထိတိုင် ဟန်ချင်းလဲ့၏ရှုပ်ထွေးနေသော ခံစားချက်များထဲတွင် လေးစားမှုရှိနေသည်။ သူသည် မန်ဟို ကောင်းကင်နတ်ဘုရားမဟာမိတ်၏ သားကောင်ဖြစ်လာခဲ့ပုံ၊ တာအိုနယ်ပယ်ပညာရှင်များကိုပင် သတ်ခဲ့ပုံအစရှိသဖြင့် မန်ဟို ယခုတလော လုပ်ခဲ့သမျှသတင်းအားလုံး ကြားခဲ့ပြီးလေပြီ။
အဆိုပါလုပ်ရပ်များကြောင့် မန်ဟို့နာမည်ကား ကောင်းကင်နတ်ဘုရားမဟာမိတ်တခွင် ဟိုးလေကျော်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဟန်ချင်းလဲ့က အေးတိအေးစက် မျက်နှာထားဖြင့် မန်ဟို့ကို ကြည့်ရင်း ပြောသည်။ “ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး။ ငါ ရှိနေသရွေ့ မင်းကို သတ်ပိုင်ခွင့်ရှိတဲ့သူတွေက အက်ရှလွန်ကျင့်ကြံသူတွေပဲ ဖြစ်စေရမယ်
“မင်းအတွက် ငါ မင်းကို ကယ်ခဲ့တာမဟုတ်ဘူး။ ငါ့သိက္ခာအတွက် ကယ်ခဲ့တာ။ ဒါကြောင့် ကျေးဇူးတင်စကားကို ပြန်ရုပ်သိမ်းလိုက်။ ငါ့အတွက် မလိုအပ်ဘူး။ တကယ်တမ်း မင်းဆီက ကျေးဇူးတင်စကားကို လက်ခံရတာက ငါ့သိက္ခာကို ထိခိုက်တယ်။ မင်းက ငါ့ကို ကျေးဇူးတင်ဖို့အထိ အရည်အချင်းမပြည့်မှီသလို၊ ဘောင်လည်း မဝင်ဘူး။ မိုးနဲ့မြေက ဘယ်သူမှ ဟန်ချင်းလဲ့ကို ကျေးဇူးတင်ဖို့ အရည်အချင်းမပြည့်မှီဘူး။ အဲဒါက ငါဆိုတဲ့ ဟန်ချင်းလဲ့ပဲ။ နောင်တစ်ချိန်မှာ ငါဟာ အနှိုင်းမဲ့ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်
“တစ်ရက်ကျရင် မင်းနဲ့ငါ မသေမချင်း တိုက်ခိုက်ကြမယ်။ အဲဒီတိုက်ပွဲမှာ ငါက မင်းကို အနိုင်ယူမှာ" မောက်မာတင်စီးမှုတို့ ပြည့်နေသည့် သူ၏စကားလုံးများ ပဲ့တင်ထပ်နေစဉ် ဟန်ချင်းလဲ့သည် ကျောနောက် လက်ပစ်၍ အံကြိတ်လိုက်၏။
မန်ဟိုက သက်ပြင်းချလိုက်သည်။ ဟန်ချင်းလဲ့ သူ့အား ကယ်ပေးခဲ့သည်ကို သူ ဘယ်တော့မှ မေ့မည်မဟုတ်သော်လည်း ယခုလို မောက်မာတင်စီးဝင့်ကြွားပြနေသည်ကို မြင်လျှင် သူ့မှာ မချုပ်တည်းနိုင်တော့ဘဲ ပြောလိုက်မိ၏။ “မင်းသိလား ငါ မင်းကို နာနာလေးတီးပေးချင်အောင် အခုလို မင်း လေကြီးလေကျယ် ပြောမနေရင် ငါတို့ မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်လောက်တယ်”
{လောဘ- လောဘဆိုတဲ့လူက နှောင်ဖွဲ့ကင်းတန်ခိုးရှင်မှာ အရန်ဇာတ်ကောင်တစ်ကောင်အဖြစ် ပါခဲ့ဖူးပါတယ်}