ဒုတိယအကြိမ် ကြည့်ရှုစောင့်ရှောက်ခြင်း
Vol. 30 Ch. 448
အပေးအယူ အချို့ ပြုလုပ်ပြီး နောက်တွင် အော့ခ်ဗိုလ်ကြီးက ထာဝရတိုင်းပြည်မှ ဂိမ်းမာများအား သူတို့၏ ဒန်ဂျင်အရှင်နှင့် တွေ့ဆုံခွင့် ရရှိရန် အတွက် လက်နက် ၁၀ လက် နှင့် ချပ်ဝတ် ၁၀ စုံကို ပေးချေ ခဲ့သည်။
အော့ခ်ဗိုလ်ကြီး သူ၏ လုပ်ရပ် အတွက် နောင်တ ရခဲ့သည်။ သူ ဂိမ်းမာများ နောက်သို့ လိုက်ပါကာ ဝိညာဉ်ကောလိပ်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာသို့ သွားရောက်သော အခါတွင် စာသင်ခန်းများနှင့် စမ်းသပ်ခန်းများ ထဲရှိ ပစ္စည်းများ သယ်ဆောင်နေသော အခြား ဂိမ်းမာများကို တွေ့ရှိ ခဲ့သည်။ ၎င်းသည် နွေဦးရာသီ သန့်ရှင်းရေး လုပ်ငန်း တစ်ခုနှင့်ပင် တူနေခဲ့ပြီး သူတို့က ကောလိပ်၏ ထောင့်တိုင်းကို စေ့စေ့စပ်စပ် ရှာဖွေ နေခဲ့ကြသည်။
ဓားပြ တစ်ဦးပင်လျှင် ဤသို့သော အရာကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။
အော့ခ်ဗိုလ်ကြီးက ဂိမ်းမာများကို ဓားပြများအဖြစ် မသတ်မှတ်ခဲ့ချေ၊ အကြောင်းမှာ သူတို့သည် ဒန်ဂျင်အရှင်၏ အမိန့်အရ ကောလိပ်ကို ပိုးသတ် သန့်စင်နေကြခြင်း ဖြစ်သောကြောင့်ပင်။ ဤသည်မှာ ဂိမ်းမာများ အခိုင်အမာ ဆိုခဲ့သည့် အရာလည်း ဖြစ်သည်။
အော့ခ်ဗိုလ်ကြီး အရှင်ရှားလော့ခ်ကို မြင်တွေ့လိုက် ရသော အခါတွင် ဒဏ္ဍာရီလာ အထက်တန်းစား နတ်ဆိုးသည် ရင်ပြင်၏ အလယ်တွင် ထိုင်နေ ခဲ့သည်။
ရှားလော့ခ်က အလွန် ပင်ပန်းနွမ်းနယ်နေပုံ ရပြီး သူ ဝိညာဉ်ပိုင်းဆိုင်ရာ အင်အား ကုန်ခမ်းနေသည့် အလား ထင်ရ၏။
၎င်းသည် သူ့ကို မျှော်လင့်ချက်မဲ့ကာ စိတ်ဓာတ် ကျဆင်းစေသည့် အရာ တစ်ခုလည်း ဖြစ်သည်။
အော့ခ်ဗိုလ်ကြီး သူ သူ၏ နိုင်ငံသားများ ဆုံးရှုံးသွားရသည့် အတွက် ဝမ်းနည်းနေခြင်း ဖြစ်နိုင်သည်ဟု ထင်မြင် မိသည်။
သူ ဤအထက်တန်းစား နတ်ဆိုးအပေါ် လေးစားမှုများဖြင့် ပြည့်နှက် နေခဲ့သည်။ အလွန် ဂရုစိုက်တတ်သော ခေါင်းဆောင် တစ်ဦး သာလျှင် ဤသို့သော အမူအရာမျိုး ရှိနေ ပေလိမ့်မည်။
ရှားလော့ခ်ကို ဝန်းရံထားသည်မှာ နီရဲ၍ ကြောက်မက်ဖွယ် ကောင်းသော အသားစိုင်များဖြင့် ပြည့်နှက်နေသော တိုက်ပွဲကွင်းပြင် တစ်ခုပင်။ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားသော ဂန်ဒမ်၏ ဖောက်ကွဲခြင်းကို ခံခဲ့ရသော ဖရန်ဂျီပန်နီ၏ ကိုယ်ခန္ဓာလည်း ဖြစ်သည်။
ရှားလော့ခ်၏ ရှေ့တွင်မူ ဂန်ဒမ် အပိုင်းအစများနှင့် ဓားရှည် တစ်ဝက်တစ်ပျက် ရှိနေခဲ့ပြီး ၎င်းမှာ ဂန်ဒမ်မှ ကျန်ရှိနေသေးသော တစ်ခု တည်းသော မပျက်မစီးသည့် အရာလည်း ဖြစ်သည်။
အော့ခ်ဗိုလ်ကြီး ရှားလော့ခ်ထံသို့ လျှောက်သွားပြီး လေးစားစွာ ဆို၏။ "ကုန်သည်မဟာမိတ် အဖွဲ့ရဲ့ ဗဟိုတပ်စောင့်တွေက ကျွန်တော်တို့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြလို ပါတယ်။ ထာဝရတိုင်းပြည်က ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အကျိုးပြုခဲ့တယ်လို့ အရှင့်ရဲ့ နိုင်ငံသားတွေ ဆီကနေ ကျွန်တော်တို့ သိရှိခဲ့ ရပါတယ်။ အရှင် ကမ္ဘာကြီးကို နောက်တစ်ခေါက် ထပ်မံ ကယ်တင်ခဲ့ ပြီးပါပြီ။ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေး နိုင်မလား။ ဒီလို စိတ်ဓာတ်ကျဆင်းနေတဲ့ အချိန်မှာ အရှင်ကို အနှောင့်အယှက် ပေးမိတဲ့ အတွက် ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ကျွန်တော်တို့ အခြေအနေကို ကုန်သည်မဟာမိတ် အဖွဲ့ကို ပြန်ပြီး သတင်းပို့ ရပါလိမ့်မယ်။"
"ခင်ဗျား အရာအားလုံးကို စနစ်တကျ သတင်း ပို့ရပါလိမ့်မယ်။ ဖရန်ဂျီပန်နီကို အနိုင်ယူဖို့ အတွက် ထာဝရတိုင်းပြည်က ကြီးမားတဲ့ ဈေးနှုန်း တစ်ခု ပေးချေခဲ့ ရပါတယ်။ ကုန်သည်မဟာမိတ် အဖွဲ့က ကျွန်တော်တို့ရဲ့ အသေအပျောက်တွေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေ အတွက် လျော်ကြေး ပြန်ပေးရ ပါလိမ့်မယ်။ ခင်ဗျား ကျွန်တော့်ရဲ့ ဆုံးရှုံးမှုတွေကို ခင်ဗျားရဲ့ အထက်အရာရှိကို သတင်းပို့ပေး လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။"
ရှားလော့ခ်၏ မျက်လုံးများ အော့ခ်ဗိုလ်ကြီးကို ကြည့်လိုက်သောအခါတွင် အရောင်တောက် လာခဲ့ပြီး ရေနစ်နေသော လူ တစ်ဦး အသက်ကယ် ကောက်ရိုး တစ်မျှင်ကို ဆုပ်ကိုင်မိလိုက်သည့် အလားပင် ထင်ရ၏။
"ဒါပေါ့၊ အရှင်ရှားလော့ခ်။ အရှင် ကမ္ဘာကြီး အတွက် အရှင်ရဲ့ အပိုင်းကို လုပ်ဆောင်ခဲ့ ပြီးပါပြီ။ ကုန်သည်မဟာမိတ် အဖွဲ့က အရှင်ရဲ့ အကျိုးပြုမှုကို မမေ့လျော့ပါဘူး။ ဝိညာဉ် ကော်မတီက အရှင်ရဲ့ အနစ်နာခံမှုတွေ အတွက် လျော်ကြေး ပေးပါလိမ့်မယ်။" အော့ခ်ဗိုလ်ကြီးက ဝိညာဉ်ကောလိပ်၏ သနားစရာ ကောင်းသော အခြေအနေကို ဝေ့ဝဲ ကြည့်ရှုရင်း ဆို၏။ အပျက်အစီးများအရ တိုက်ပွဲ၏ ပြင်းထန်မှုနှင့် ရက်စက် ကြမ်းကြုတ်မှုကို ခန့်မှန်းကြည့်ရန် လွယ်ကူလှ၏။
အကယ်၍ သူသာ သူ၏ အဖွဲ့ကို ဤသို့သော တိုက်ပွဲ နေရာမျိုးသို့ ဦးဆောင် တိုက်ခိုက်ခဲ့ရမည် ဆိုပါက သူတို့ ရှင်သန်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။ ထာဝရတိုင်းပြည်မှ စစ်သည်တော်များမှာမူ ပျော်ရွှင် နေခဲ့ကြပြီး တိုက်ပွဲအပြီးတွင် မည်သည့် တင်းမာမှု သို့မဟုတ် စိတ်ဓာတ်ကျဆင်းမှု ကိုမျှ မပြသ ခဲ့ကြချေ။ သူတို့က မည်သည့် ဆုံးရှုံးမှုမျှ မရှိဘဲ တိုက်ပွဲ တစ်ခုကို အနိုင်ရရှိခဲ့သည့် အလားပင်။
ထာဝရတိုင်းပြည်ကား ကြောက်မက်ဖွယ် ကောင်းလှ၏။
...
မနက်ခင်း နေရောင်ခြည်က အကွက်ဖော်ထားသော ပြတင်းပေါက် တစ်ခုမှ ထိုးကျလာစဉ် သူ၏ ကိုယ်ခန္ဓာ တစ်ခုလုံးတွင် ပတ်တီးများ စည်းနှောင် ထားသော အရိုးစုကောင် တစ်ကောင် အိပ်ရာ တစ်ခု ပေါ်တွင် ထိုင်နေခဲ့သည်။
ပရော်ဖက်ဆာ ဘေကွန် ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့် လိုက်သည်။ ၎င်းမှာ တည်ငြိမ် အေးချမ်းလှ၏။
လွန်ခဲ့သော နှစ်ရက်က သူ သေလုမျောပါး ဖြစ်ခဲ့ရသည်ကို မည်သူက စိတ်ကူး မိမည်နည်း။
သူ ထိုအကြောင်းကို စဉ်းစားကြည့်သော အခါတွင် ပရော်ဖက်ဆာ ဘေကွန် အိပ်မက်ဆိုး တစ်ခု ကဲ့သို့ ခံစားလိုက် ရသည်။
သူ ဆောင်းတောင်ကုန်းမြို့၏ ပွဲချင်းပြီးသေဆေးရုံ၏ လူနာဆောင်တွင် ရှိနေခဲ့သည်။
ဤမျှ ကြီးမားသော ဆေးရုံတွင် မည်သူမျှ မရှိသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။ သူတို့၏ ခွဲစိတ်မှုများကို စောင့်ဆိုင်းရင်း အိပ်ရာများ ပေါ်တွင် အနားယူနေသော လူနာများသာ ရှိနေခဲ့သည်။
လူနာ အများစုကို ခွဲစိတ်ခန်းသို့ တိုက်ရိုက် ပို့ဆောင် ခဲ့သည်။ ခွဲစိတ်မှု အပြီးတွင် သူတို့ ဈာပန ကျင်းပရန် အတွက် ဆေးရုံဆင်းခွင့် လုပ်ထုံးလုပ်နည်းများကို ဆက်လုပ်နိုင်သည်။
ပရော်ဖက်ဆာ ဘေကွန်က ဈေးကြီးသော ခွဲစိတ်မှုကို ငြင်းပယ်ခဲ့သော ကြောင့်သာ လူနာဆောင်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
သမားတော်က သူ၏ ကိုယ်ခန္ဓာကို ကုသရန် အတွက် အရိုးပြိုကွဲခြင်း ခွဲစိတ်မှုကို ခံယူရန် တောင်းဆိုသော အခါတွင် ပရော်ဖက်ဆာ ဘေကွန် ငြင်းပယ် ခဲ့သည်။ သူ ခွဲစိတ်မှု၏ အန္တရာယ်များကို မကြောက်ရွံ့ခဲ့ချေ။ သူ ဤမျှ များပြားသော ငွေကြေးကို ခွဲစိတ်ရန် သုံးစွဲမည့် အစား ပို၍ လိုအပ်နေသူများ အတွက် ထိုငွေကြေးကို သုံးစွဲနိုင်သည်ဟု သူ ရိုးရှင်းစွာ ခံစားခဲ့သည်။
ဥပမာအားဖြင့်... ထိုသနားစရာ ကောင်းသော ကျောင်းသူများ ကဲ့သို့ပင်။
သမားတော် ခေါင်းညိတ် လိုက်ပြီး ဆို၏။ "ခင်ဗျားရဲ့ ကြင်နာတဲ့ လုပ်ရပ်တွေ အတွက် ဆုချီးမြှင့်ခြင်း ခံရပါလိမ့်မယ်၊ ပရော်ဖက်ဆာ ဘေကွန်။"
...
ပရော်ဖက်ဆာ ဘေကွန် ပြတင်းပေါက် အပြင်ဘက်မှ မြင်ကွင်းကို နှစ်သက် ခံစားရင်း လွန်ခဲ့သော ရက်အနည်းငယ် အတွင်းမှ အဖြစ်အပျက်များကို ပြန်လည် အမှတ်ရနေစဉ် မှာပင် တံခါးခေါက်သံများကို ကြားလိုက် ရသည်။
"ပရော်ဖက်ဆာ ဘေကွန်၊ တစ်ယောက်ယောက် ခင်ဗျားကို လာတွေ့ ပါတယ်။"
ဂနိုမ်း သူနာပြု တစ်ဦး၏ အသံကို ကြားလိုက် ရသည်။
အခန်းတံခါး ပွင့်လာခဲ့သည်။ ဂနိုမ်းသူနာပြုက အထက်တန်းစား နတ်ဆိုး တစ်ပါး၊ နဂါး တစ်ကောင်၊ ကြက်တူရွေး တစ်ကောင်၊ အနက်ရောင် ကြောင်ပေါက်စ တစ်ကောင်နှင့် လိပ် တစ်ကောင်တို့ကို ဦးဆောင်၍ ခေါ်ဆောင် လာခဲ့သည်။
အထက်တန်းစား နတ်ဆိုးမှာ အရှင်ရှားလော့ခ်ပင်။
ပရော်ဖက်ဆာ ဘေကွန် အရှင်ရှားလော့ခ် အလွန် ပင်ပန်းနွမ်းနယ် နေသည်ကို သတိပြုမိလိုက်သည်။ သူ လုံးဝ အနားယူခြင်း မပြုရသေးသည့် အလား ထင်ရ၏။
ပရော်ဖက်ဆာ ဘေကွန် သူ၏ အိပ်ရာမှ ထရပ် လိုက်ပြီး ရှားလော့ခ်ထံသို့ လျှောက်သွားကာ ဆို၏။ "အရှင်ရှားလော့ခ်၊ ခင်ဗျား ဘယ်လို နေလဲ။ ခင်ဗျား ကြည့်ရတာ မကောင်းဘူးရော။ ကျွန်တော် ခင်ဗျားကို ဘယ်လို ကူညီပေးနိုင်မလဲ။ လာပါ၊ ဒီမှာ ထိုင်ပါ။"
ပရော်ဖက်ဆာ ဘေကွန် နေမကောင်းသည့်ပုံ မပေါ်ခဲ့ချေ။ သူ ရှားလော့ခ်ကို အိပ်ရာ၏ ဘေးသို့ ဆွဲခေါ်သွားပြီး ရှားလော့ခ်အား ထိုင်ခိုင်းရန် ပြင်ဆင် နေသော်လည်း ရှားလော့ခ် သူ၏ လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်၏။ "မလိုအပ်ပါဘူးဗျ။ လူနာက ခင်ဗျားလေ၊ ကျွန်တော် မဟုတ်ပါဘူး။"
ရှားလော့ခ် ရိုးသားစွာ ပြောဆိုလိုက်ပြီး ဘေးမှ ထိုင်ခုံ တစ်လုံးတွင် ထိုင်လိုက်ကာ ပရော်ဖက်ဆာ ဘေကွန်အား အိပ်ရာပေါ်တွင် လဲလျောင်း စေခဲ့သည်။
"ဝိညာဉ်ကောလိပ်ရော အခု ဘယ်လို နေလဲ။ ဖိုးဉာဏ်ကျယ် ကျွန်တော့်ကို တစ်ခါ လာတွေ့ခဲ့တယ်။ သူက ဝိညာဉ်ကောလိပ်မှာ ရှုပ်ထွေးနေတယ်လို့ ပြောခဲ့တယ်။ ကျွန်တော် ကူညီပေးနိုင်ဖို့ ဆေးရုံ ဆင်းချင်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အရာတွေ အတွက် ကျွန်တော့်မှာ တာဝန် ရှိပါတယ်။"
ပရော်ဖက်ဆာ ဘေကွန် သက်ပြင်း ချလိုက်သည်။ သူ အပြစ်ရှိသလို ခံစားနေပုံ ရ၏။
"ဒါက ခင်ဗျားနဲ့ ဘာမှ မဆိုင်ပါဘူး။ ပရော်ဖက်ဆာ ဂေါ်ဖီထုပ်က ကျူးလွန်သူ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့် ထားခဲ့ပါဘူး။ ကျွန်တော်လည်း ကျောင်းအုပ်ကြီးလို့ပဲ ထင်ခဲ့တာပါ။" ရှားလော့ခ်က ပင်ပန်းနွမ်းနယ်စွာ သူ၏ လက်ကို ဝှေ့ယမ်းရင်း ဆို၏။
"ဒါပေမဲ့ အရှင်ရှားလော့ခ်က ခန့်မှန်း မိခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ပရော်ဖက်ဆာ ဂေါ်ဖီထုပ်ရဲ့ အကျဉ်းချခြင်းကို ခံနေရတုန်းက အရှင်ရှားလော့ခ်သာလျှင် ဝိညာဉ်ကောလိပ်ကို ကယ်တင် နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည် နေခဲ့ပါတယ်။"
ပရော်ဖက်ဆာ ဘေကွန်က ရှားလော့ခ်ကို ကြည့်လိုက်ပြီး ကျေနပ်စွာ ပြုံးလျက် ဆို၏။ "ခင်ဗျားကြောင့်ပဲ ဝိညာဉ်ကောလိပ် ကယ်တင်ခြင်း ခံခဲ့ ရပါတယ်။ မဟုတ်ရင် ဝိညာဉ်ကောလိပ်က ဖရန်ဂျီပန်နီရဲ့ ဝိညာဉ်စစ်တပ် ဖြစ်သွားနိုင်တယ်။"
"ကျွန်တော် မြေအောက်လောကသား တစ်ယောက် အနေနဲ့ ကျွန်တော့် လုပ်ရမယ့် အပိုင်းကို လုပ်ဆောင်ခဲ့ရုံ ပါပဲ။ ကျွန်တော် ခင်ဗျားကို ဂုဏ်ပြုရ ပါလိမ့်မယ်။ ခင်ဗျားက အခု ကျောင်းအုပ်ကြီး ဖြစ်သွားပြီ မဟုတ်ဘူးလား။" ရှားလော့ခ်က လိမ္မော်သီး တစ်လုံးကို အခွံခွာရင်း ဆို၏။
"အရှင်ရှားလော့ခ်၊ ခင်ဗျား သတင်းကြား ပြီးပြီလား။" ပရော်ဖက်ဆာ ဘေကွန်က စိုးရိမ်တကြီး ဆို၏။
ထို့နောက် သူ မျက်နှာကြက်ကို ကြည့်လိုက်ပြီး သက်ပြင်း ချကာ ဆို၏။ "ရိုးရိုးသားသား ပြောရရင် ကျွန်တော် ကျောင်းအုပ်ကြီး မဖြစ်ချင်ပါဘူးဗျာ။ ကျွန်တော် ယခင်ကျောင်းအုပ်ကြီးကို အထင်လွဲပြီး သူ့ကို ဖရန်ဂျီပန်နီရဲ့ နောက်ကွယ်က ကျူးလွန်သူလို့ ထင်ခဲ့မိ ပါတယ်။ အမှန်တကယ်တော့ သူ့မှာ အပြစ် မရှိဘူး။ ကျွန်တော် သူ့ကို အရှုပ်အထွေးထဲ ဆွဲသွင်းခဲ့မိတယ်။"
"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ဗျာ၊ ဒါက ခင်ဗျားနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့လည်း ကျောင်းအုပ်ကြီးကို သံသယဝင်ခဲ့ ကြတာပဲ။"
ရှားလော့ခ် ပရော်ဖက်ဆာ ဘေကွန်၏ ပခုံးကို ပုတ်လိုက်သည်။ သို့သော် ရှားလော့ခ် ၎င်းမှာ သိပ်ပြီးတော့ အကျိုးသက်ရောက်မှု မရှိကြောင်း သိရှိနေခဲ့သည်။
"ခင်ဗျား ဝိညာဉ်ကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာပြီးနောက်မှာ ခင်ဗျား ကောလိပ်ကို ပိုမို ကောင်းမွန်စွာ အမှု ထမ်းနိုင်မှာ မဟုတ်ဘူးလား။ ခင်ဗျားရဲ့ ဦးဆောင်မှု အောက်မှာ ဝိညာဉ်ကောလိပ် ပိုမိုပြီး အောင်မြင် လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။" ရှားလော့ခ် ဆိုလိုက်ပြီး စာရွက်စာတမ်း တစ်ခုကို ပရော်ဖက်ဆာ ဘေကွန်၏ လက်ထဲသို့ ထည့်ပေး လိုက်သည်။
"ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးဖို့ ဒီကို လာခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် ကျွန်တော်တို့ ရပ်တန့်နေလို့ မဖြစ်ဘူး။ ကျွန်တော်တို့ ရှေ့ကို ကြည့်ပြီး တောက်ပတဲ့ အနာဂတ် အတွက် ကြိုးစားပမ်းစား အလုပ်,လုပ်ရမယ်။ ဒီစာချုပ်ကို ကြည့်လိုက်ပါ။"
ပရော်ဖက်ဆာ ဘေကွန် ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်ကို ယူလိုက်ပြီး စစ်ဆေး ကြည့်ရှု လိုက်သည်။ ထို့နောက် သူ တစ်စုံတစ်ခုကို အမှတ်ရသွားပုံ ရ၏။ သူ ရှားလော့ခ်အား ဆိုလိုက်၏။ "ဟုတ်သား၊ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့က ကျွန်တော် ဝိညာဉ်ကော်မတီနဲ့ ဆွေးနွေး ပြီးပါပြီ။ စိတ်မပူပါနဲ့၊ အရှင်ရှားလော့ခ်၊ ကျွန်တော်တို့ ခင်ဗျားရဲ့ ဆုံးရှုံးမှုတွေ အတွက် လျော်ကြေးပေးပြီး ခင်ဗျားရဲ့ သူရဲကောင်းဆန်တဲ့ အကျိုးပြုမှုတွေ အတွက် ဆုချီးမြှင့် ပါ့မယ်။"
ရှားလော့ခ် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
"ခင်ဗျား အိမ်မွေးတိရစ္ဆာန်တွေကို အရမ်း သဘောကျတာလား၊ အရှင်ရှားလော့ခ်။ ခင်ဗျားမှာ အိမ်မွေးတိရစ္ဆာန်တွေ ဒီလောက် များများ ရှိတယ် ဆိုတာ ကျွန်တော် မသိခဲ့ဘူး။" ပရော်ဖက်ဆာ ဘေကွန် ရှားလော့ခ်၏ နဂါးနက်၊ ကြက်တူရွေး၊ အနက်ရောင် ကြောင်ပေါက်စနှင့် လိပ်တို့ကို ကြည့်ရင်း ပြောလိုက်သည်။
"အရှင်နဂါးနက်၊ အထင်မမှားပါနဲ့၊ ကျွန်တော် အရှင့်ကို ပြောနေတာ မဟုတ်ပါဘူး။" ပရော်ဖက်ဆာ ဘေကွန် သူ၏ စကားများ မသင့်တော်ဟု ခံစားလိုက် ရသောကြောင့် ကြက်ဥခေါင်းအား လျင်မြန်စွာ ပြန်ရှင်းပြ လိုက်သည်။
"ဟမ်၊ မင်း ဘာဆိုလိုတာလဲ။ မင်း ငါ့ကိုကျ အိမ်မွေးတိရစ္ဆာန်လို့ ပြောလိုက် တာလား။" ပိုလီယို ထရပ် လိုက်ပြီး ခါးထောက်ကာ ပရော်ဖက်ဆာ ဘေကွန်အား မေးခွန်း ထုတ်လိုက်သည်။
ပရော်ဖက်ဆာ ဘေကွန်က အနက်ရောင် ကြောင်ပေါက်စ စကားပြောတတ်မည်ဟု မမျှော်လင့် ထားခဲ့ချေ။ သူ၏ အသွင်အပြင်အရ အနက်ရောင် ကြောင်ပေါက်စမှာ ဉာဏ်ရည် ထက်မြက်သော သတ္တဝါ တစ်ကောင်နှင့် မတူနေခဲ့ချေ။
"ပရော်ဖက်ဆာ ဘေကွန် စကား မှန်တယ်လို့ ကျွန်တော် ထင်တယ်။ မင်းက အိမ်မွေးတိရစ္ဆာန် တစ်ကောင်ပဲ၊ ငါကသာ အရှင်ရှားလော့ခ်ရဲ့ အရည်အချင်း ရှိတဲ့ လက်ထောက်ပဲ။ မင်း အဲ့ဒါကို မှတ်ထားရမယ်။" ရှားလော့ခ်၏ ပခုံးပေါ်မှ ကြက်တူရွေး ကျယ်လောင်စွာ ပြောလိုက်သည်။
လိပ်သာလျှင် ပြန်တုံ့ပြန်ခြင်း မရှိခဲ့ချေ။ ၎င်း ရှားလော့ခ်၏ ခြေရင်းတွင် တွေဝေစွာ ရပ်နေခဲ့သည်။
"ဒီအကြောင်းကို မပြောကြနဲ့တော့။ ပရော်ဖက်ဆာ ဘေကွန်၊ ကောင်းကောင်းမွန်မွန် အနားယူပါ။ ကျွန်တော့်မှာ တခြား ကိစ္စတွေ ရှိနေသေးတယ်။ ခင်ဗျား ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို ဖတ်ရှုလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို အမြန်ဆုံး ပြန်ကြားချက် ပေးနိုင်မယ် လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ပူးပေါင်း ဆောင်ရွက်စရာ ကိစ္စတွေ အများကြီး ရှိနေပြီ။ ကျွန်တော်တို့ အချိန်ဖြုန်းနေလို့ မရဘူး။ ခင်ဗျားရော အဲ့ဒီလို မထင်မိဘူးလား။" ရှားလော့ခ်က ထရပ် လိုက်ပြီး အခွံခွာထားသော လိမ္မော်သီးကို သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်ရင်း ဆို၏။
"ဒါပေါ့၊ အရှင်ရှားလော့ခ်။ ကျွန်တော် စာချုပ်ကို အသေးစိတ် စစ်ဆေးပြီး ခင်ဗျားကို အမြန်ဆုံး ပြန်ကြားချက် ပေးပါ့မယ်။" ပရော်ဖက်ဆာ ဘေကွန် ခေါင်းညိတ်ကာ ရှားလော့ခ်အား ဆို၏။
ရှားလော့ခ် ပရော်ဖက်ဆာ ဘေကွန်အား သူ၏ လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက် လိုက်ပြီးနောက် ထွက်ခွာရန် ပြင်ဆင် နေခဲ့သည်။ ပရော်ဖက်ဆာ ဘေကွန်က ရုတ်တရက် ဆို၏။ "အရှင်ရှားလော့ခ်၊ ခဏနေပါဦး။"
ရှားလော့ခ် လှည့်လိုက်ပြီး ပရော်ဖက်ဆာ ဘေကွန်ကို ကြည့်လိုက်သည်။
"ဘာကိစ္စလဲ၊ ပရော်ဖက်ဆာ ဘေကွန်။"
"ကျေးဇူးတင်ပါတယ်၊ အရှင်ရှားလော့ခ်။ ဖိုးဉာဏ်ကျယ်ကို ဒီအချိန် ဒီတစ်လျှောက်လုံး စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားကြောင့်ပဲ သူ အများကြီး တိုးတက် ခဲ့ပါတယ်။" ပရော်ဖက်ဆာ ဘေကွန် သူ၏ ကျေးဇူးတင်မှုကို ပြသခဲ့သည်။
ရှားလော့ခ် ပြုံးလိုက်ပြီး ဘေကွန်အား ဝှေ့ယမ်းပြကာ ဆို၏။ "ဘာမှ မဟုတ်ပါဘူး။ သူ ကိုယ်တိုင် ကြိုးစားခဲ့လို့ ရလာတာပါ။"
"ဟုတ်ကဲ့၊ အရှင်ရှားလော့ခ်၊ ခင်ဗျားရဲ့ လိပ်နာမည်ကရော ဘာတဲ့လဲ။ ခင်ဗျား ဘယ်က ဝယ်ခဲ့တာလဲ။ ကျွန်တော် အဲ့ဒါက တော်တော်လေး ကောင်းတယ်လို့ ထင်ပြီး ကျွန်တော်လည်း တစ်ကောင် လိုချင်လို့ပါ။ ကျွန်တော် ဆေးရုံမှာ အချိန်အတော်ကြာ နေရဦးမှာ ဖြစ်ပြီး ဘယ်တော့မှ ဆေးရုံဆင်းရမလဲ ဆိုတာလည်း မသိဘူး။ အကယ်၍ ကျွန်တော့်မှာ အဖော်အဖြစ် လိပ်တစ်ကောင် ရှိခဲ့ရင် ကျွန်တော် ပိုနေကောင်းသလို ခံစားရလိမ့်မယ်။"
ပရော်ဖက်ဆာ ဘေကွန်က လိပ်ချစ်သူ တစ်ဦးနှင့် တူသည်။ ရှားလော့ခ် သူ၏ ဦးခေါင်းကို လှည့်လိုက်ပြီး ဆို၏။ "ဒါက လိပ် မဟုတ်ပါဘူး၊ လိပ်အိုကြီး တစ်ကောင်ပါဗျာ။ ကျွန်တော် မြေအောက် မြစ်တစ်စင်းထဲမှာ ရှာတွေ့ ခဲ့တာပါ။ သူ့ နာမည်က ဖရန်ဂျီပန်နီ တဲ့။"
...
ထာဝရတိုင်းပြည်၏ ဇာတ်လမ်း ပြီးဆုံး သွားခဲ့သည်။ ဂိမ်းမာများ ဖရန်ဂျီပန်နီကို အနိုင်ယူ ခဲ့ကြပြီး ရက်ရောသော ဂုဏ်သတင်း ရမှတ်များ နှင့် ဂိမ်းငွေကြေးများ ရရှိ ခဲ့ကြသည်။ သူတို့ မှော်ကျောက်တုံးများ သို့မဟုတ် ပစ္စည်း ကိရိယာများကိုတော့ ဆုလာဘ်အဖြစ် မရရှိ ခဲ့ကြသော်လည်း သူတို့က မှော်ကျောက်တုံးများ နှင့် ပစ္စည်း ကိရိယာများထက် ပိုမို ကောင်းမွန်သော ပစ္စည်း များစွာကို သိမ်းယူ နိုင်ခဲ့ကြသည်။
ဂိမ်းမာများ လိုအပ်နေသော စားပွဲများ၊ ကုလားထိုင်များနှင့် အိပ်ရာများ ကဲ့သို့သော အရာများပင်။ ပြတင်းပေါက်များ၊ ဗီရိုများနှင့် ဖန်ခွက်များကိုပင် သိမ်းယူခဲ့ကြသေးသည်။ ဂိမ်းမာများ ပရိဘောဂများကို သူတို့၏ အစည်းအရုံး ခံတပ်များတွင် ထားရှိ ခဲ့ကြသည်။ အစွမ်းထက်သော အစည်းအရုံး များစွာကမူ သူတို့၏ ပြတင်းပေါက်များကို ဝိညာဉ်ကောလိပ်မှ ရလာသော ပြတင်းပေါက် များဖြင့် ပြောင်းလဲ တပ်ဆင်ခဲ့ကြသည်။ ပြတင်းပေါက် အသစ်များမှာ ပိုမို ကြည့်ကောင်းကာ ပိုမို ကောင်းမွန်သော လုပ်ဆောင်ချက်များ ရှိနေခဲ့သည်။ သူတို့၏ အိမ်များမှာ ပြတင်းပေါက်များ မရှိသော အိမ်များထက် များစွာ ပိုမို ကောင်းမွန် နေခဲ့သည်။
ပရိဘောဂများ အပြင် ဂိမ်းမာများ အဂ္ဂိရိတ်နှင့် မာနာပစ္စည်း များစွာ ကိုလည်း တွေ့ရှိ ခဲ့ကြသည်။ သူတို့ ပစ္စည်းအချို့ကို ယခင်က မမြင်တွေ့ဖူး ခဲ့ကြဘဲ ၎င်းတို့ကို ဆောင်းတောင်ကုန်းမြို့တွင်ပင် မှော်ကျောက်တုံးများဖြင့် ရောင်းချ နိုင်ခဲ့သည်။ ဂိမ်းမာများ ပစ္စည်းများ ပြန်ရောင်းချခြင်းမှ အမြတ်အစွန်း များစွာ ရရှိ ခဲ့ကြသည်။
ဂိမ်းမာများ၏ ပျော်ရွှင်မှုကာလမှာ တိုတောင်းလှ၏၊ အကြောင်းမှာ သူတို့ ရရှိခဲ့သော အမြတ်အစွန်း အားလုံးကို ပြန်လည် ပေးဆပ် ခဲ့ရသောကြောင့်ပင်။
ဤသည်မှာ ဂန်ဒမ်၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း လုပ်ငန်းစဉ်ကို အသက်သွင်းခဲ့သော ဂိမ်းမာများ မစ်ရှင် အသစ် တစ်ခု ရရှိခဲ့သော ကြောင့်ပင်။
[မစ်ရှင်ခေါင်းစဉ်: ဂန်ဒမ် ပြုပြင်ခြင်း
မစ်ရှင်ဖော်ပြချက်: အရှင်ရှားလော့ခ်၏ အပြည့်အဝ ကူညီပံ့ပိုးမှုဖြင့် တည်ဆောက် ထားသော ဂန်ဒမ် ဖရန်ဂျီပန်နီ နှင့် တိုက်ပွဲအတွင်းတွင် ပျက်စီး သွားခဲ့သည်။ ထာဝရတိုင်းပြည်တွင် ဂန်ဒမ် မရှိဘဲ မဖြစ်နိုင်ချေ။ စစ်သည်တော်တို့၊ ငါတို့ ငါတို့ရဲ့ သယံဇာတတွေကို စုဆောင်းပြီး ငါတို့ရဲ့ ဒဏ္ဍာရီလာ လက်နက်ကို ပြန်လည် တည်ဆောက် ကြရမည်။
မစ်ရှင်ရည်မှန်းချက်: မှော်ကျောက်တုံး ၀/၁၀၀၀၀၀၀ တင်သွင်းပါ (အပြည့်အဝ ဝန်ဆောင်မှု )
မစ်ရှင်ပြစ်ဒဏ်: သင် ဂန်ဒမ် တစ်စီး ပိုင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။
မစ်ရှင်ဆုလာဘ်: မှော်ကျောက်တုံး အများဆုံး တင်သွင်းသော ထိပ်တန်းဂိမ်းမာ ၁၀ ဦးအား ယာဉ်မောင်းခွင့်ကို ဦးစားပေး ရရှိ လိမ့်မည်။ အခြား ပါဝင်ကူညီသော ဂိမ်းမာများကမူ သက်ဆိုင်ရာ ဂုဏ်သတင်း ရမှတ်များနှင့် ဂန်ဒမ် ယာဉ်မောင်းခွင့်အတွက် ကံစမ်းမဲ တစ်ခု ရရှိ လိမ့်မည်။]
ဂိမ်းမာများ ဤမစ်ရှင်ကြောင့် သွေးဆောင်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ သူတို့ ဂန်ဒမ်ကို မောင်းနှင်ခွင့် ရရှိနိုင်သောကြောင့်ပင်။ ထိပ်တန်း ပါဝင်ကူညီသော ဂိမ်းမာ ၁၀ ဦးက သေချာပေါက် ယာဉ်မောင်းခွင့် ရရှိ လိမ့်မည်။ ချမ်းသာသော ဂိမ်းမာများကမူ ထိပ်တန်း ပါဝင်ကူညီသူ ၁၀ ဦး စာရင်းဝင် ဖြစ်လာရန် ကြိုးပမ်းကြ ပေလိမ့်မည်။
သို့သော် မှော်ကျောက်တုံး ပမာဏမှာ အလွန် များပြားလှ၏။ မှော်ကျောက်တုံး ဆယ်သန်းပင် လိုအပ် ခဲ့သည်။ သာမန် ဂိမ်းမာ တစ်ဦး အတွက် မှော်ကျောက်တုံး တစ်တုံး ရရှိရန် သုံးရက်ကြာ အလုပ်,လုပ် ခဲ့ရသည်။
ခက်ခဲသော်ငြား ဂိမ်းမာများ စိတ်အားထက်သန် နေဆဲပင်။ ဂိမ်းမာများစွာ သူတို့၏ မှော်ကျောက်တုံးများကို ပါဝင်ကူညီရန် အတွက် ဒန်ဂျင်အရှင် ခန်းမဆောင်သို့ သွားရောက် ပေးအပ် ခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဂန်ဒမ် ယာဉ်မောင်းခွင့် ရရှိရန် ကြိုးပမ်း နေကြစဉ်မှာပင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကတော့ ဂိုးလ်ရှိုင်းယားမြို့မှ ရွှေဆုလာဘ်ကို ရရှိရန် အတွက် ဝိုင်ဗန်နဂါးကို အမဲလိုက်ရန် ပြင်ဆင် နေခဲ့ကြသည်။
သူတို့ ဝိုင်ဗန်နဂါးကို ခြေရာကောက် နေကြသည်။ ဂိမ်းမာ အများစု ဝိုင်ဗန်နဂါး၏ ခြေရာများကို ရှာဖွေနိုင်ခြင်း မရှိသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြသည်။