ဒုတိယအကြိမ် စောင့်ကြည့်ခြင်း
Vol. 30 Ch. 450
ထာဝရတိုင်းပြည်မှ ဂိမ်းမာများ လုံ့လဝီရိယ ရှိစွာ အလုပ်,လုပ် နေကြစဉ် ဒန်ဂျင်အရှင် ခန်းမဆောင် အတွင်း၌ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက် အကြံအစည် တစ်ခု ပေါ်ပေါက် လာခဲ့သည်။
ဖရန်ဂျီပန်နီက ပတ်ဝန်းကျင်ကို အကဲခတ် နေ၏။ ဤသေးငယ်သော ဒန်ဂျင်အရှင် ခန်းမဆောင် အတွင်း၌ များပြားလှသော အန္တရာယ်များ ပုန်းကွယ် နေသည်။
ဥပမာအားဖြင့် ကြက်ဥခေါင်း လက်ဖက်ရည် သောက်ရန် အသုံးပြုသော သတ္တုဘူးခွံကို စင်ပေါ်တွင် ကောင်းကောင်းမွန်မွန် မတင်ထားဘဲ အစွန်းနားတွင် ကပ်တင်ထား၏။
ဖရန်ဂျီပန်နီက ထိုအရာသည် ထောင်ချောက် တစ်ခု ဖြစ်ရမည်ဟု ယုံကြည်သည်။ အကယ်၍ သူသာ ရေကန်ကို ပြင်းပြင်းထန်ထန် ရိုက်ခွဲ လိုက်ပါက သတ္တုဘူးခွံ ပြုတ်ကျလာမည် ဖြစ်ပြီး ထိုအသံက ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်ရှိ ဂိမ်းမာများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ကာ သူတို့က သူ့ကို ဝင်ရောက် ဖမ်းဆီး ကြလိမ့်မည်။
"ဟမ့်၊ ဒီလို အပေါစား ထောင်ချောက်မျိုးက ငါ့ကို ခြောက်လှန့်နိုင်မှာ မဟုတ်ဘူး"
ဖရန်ဂျီပန်နီက ဤထောင်ချောက်ကို အရေးမစိုက်ခဲ့ပေ။ သူက သူ၏ ခေါင်းကို ရှေ့သို့ တွန်းထုတ်ကာ ရှားလော့ခ် ဆိုင်တစ်ဆိုင်မှ ဝယ်လာသော ဖန်ရေကန်ကို ရိုက်ခွဲ လိုက်၏။ ထိုရေကန်က ခိုင်ခံ့သော ရေကန် မဟုတ်သဖြင့် ဖရန်ဂျီပန်နီ ရိုက်ခွဲလိုက်သည်နှင့် ကွဲအက် သွားသည်။
သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖန်ရေကန်ကို ရိုက်ခတ်မှုကြောင့် သတ္တုဘူးခွံ ပြုတ်ကျ လာ၏။ သို့သော် ဖရန်ဂျီပန်နီက ကြိုတင် ပြင်ဆင်ထားသည်။ သူက သတ္တုဘူးခွံကို သူ၏ ပါးစပ်ဖြင့် ဖမ်းကိုက် လိုက်၏။
ကောင်းပြီ၊ သူက ပထမ ထောင်ချောက်ကို ချေဖျက် နိုင်ခဲ့ပြီ။
အပြင်ဘက်မှ ဂိမ်းမာများ၏ အသံများ ထွက်ပေါ်လာသည်။
"မင်းတို့ ကြားလိုက်လား။ ဒန်ဂျင်အရှင် ခန်းမဆောင်ထဲမှာ တစ်ခုခု ကွဲသွားတဲ့ အသံ ငါ ကြားလိုက်ရတယ်"
"ငါလည်း ကြားတယ်။ ဇာတ်လမ်း အသစ် တစ်ခုခုများ ဖြစ်မလား"
ဖရန်ဂျီပန်နီ တောင့်ခဲ သွား၏။ ရှားလော့ခ်က ဤမျှ လိမ္မာပါးနပ် လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။ သူက ဖန်ရေကန်ကို ခေါင်းဖြင့် ရိုက်ခွဲမည့် သူ၏ အကြံအစည်ကို သိရှိ သွားခြင်းလား။ ကြောက်စရာ ကောင်းသော နတ်ဆိုး ပါတကား။
ဖရန်ဂျီပန်နီက ထိုနေရာတွင် ထိုင်ကာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း နေ၏။ ဂိမ်းမာများ ပြေးဝင်လာပြီး အရှင်ရှားလော့ခ်ထံမှ ဆုလာဘ် ရရှိရန် သူ့ကို ဖမ်းဆီးကြမည့် အကြောင်း သူ စိတ်ကူး ကြည့်နေမိသည်။ သူ အချိန်အကြာကြီး စောင့်ဆိုင်း နေသော်လည်း ဘာမှ မဖြစ်လာခဲ့ပေ။ ဂိမ်းမာများက ပေါ့ပေါ့ပါးပါး စကားပြောဆို နေကြရုံသာ။ သူတို့က ဒန်ဂျင်အရှင် ခန်းမဆောင်အတွင်း၌ ဘာဖြစ်ခဲ့သည်ကို ဝင်စုံစမ်းရန် ရည်ရွယ်ချက် မရှိကြပေ။
ဘာဖြစ်သွားတာလဲ။ ဒီကောင်တွေ လာမကြည့် ကြဘူးလား။
ထာဝရတိုင်းပြည်၏ လုံခြုံရေးက အလွန် ပေါ့လျော့ လှသည်။
ဖရန်ဂျီပန်နီက ဤကဲ့သို့သော သနားစရာ ကောင်းသည့် သတ္တဝါ တစ်စုကြောင့် ရှုံးနိမ့် ခဲ့ရသည်ကို မယုံနိုင်ခဲ့ပေ။ ထာဝရတိုင်းပြည်၏ သာမန် နိုင်ငံသားများကို ဒန်ဂျင်အရှင် ခန်းမဆောင်အတွင်းသို့ ဝင်ခွင့်မပြုထားသည်မှာ မှန်သော်လည်း အကယ်၍ ထူးဆန်းသော အသံများ ထွက်ပေါ် လာပါက သူတို့က စုံစမ်းသင့်သည်။
ဖရန်ဂျီပန်နီက သူ၏ ပထမအဆင့်ကို ပြီးမြောက်ခဲ့ပြီ။ နောက်တစ်ဆင့်မှာ ဒုတိယအဆင့်ကို အကောင်အထည် ဖော်ရန် ဖြစ်ပြီး ၎င်းက ထာဝရတိုင်းပြည်မှ ထွက်ပြေးရန် ဖြစ်သည်။
သူက ဖြစ်နိုင်ခြေ ရှိသော လမ်းကြောင်းများကို ကြိုတင်စူးစမ်း ထားခဲ့ပြီး ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်သို့ ထွက်ခဲ့သည့် အကြိမ် အနည်းငယ်အတွင်း အသေးစိတ် အစီအစဉ် တစ်ခုကို ရေးဆွဲ ထားခဲ့ပြီး ဖြစ်သည်။
သူက နံရံ အောက်ခြေတစ်လျှောက် ထွက်ပြေးရန် ကြံရွယ်ထား၏။
ဖရန်ဂျီပန်နီက သူ၏ အစီအစဉ်အပေါ် အလွန် ယုံကြည်မှု ရှိသည်။ မည်သို့ပင်ဖြစ်စေ သူ၏ အခွံက နံရံအောက်ခြေ နှင့် အရောင် တူနေ၏။ ထို့အပြင် ထာဝရတိုင်းပြည်၏ အလင်းရောင်က မှိန်ဖျော့ နေသည်။ အကယ်၍ သူကသာ ဒန်ဂျင်အရှင် ခန်းမဆောင်မှ မည်သူမျှ မသိအောင် ထွက်ပြေး လွတ်မြောက်ပြီး နံရံအောက်ခြေ တစ်လျှောက် ကပ်သွားပါက ဒန်ဂျင်အရှင် ခန်းမဆောင်နှင့် အနီးဆုံး ဖြစ်သော ဝင်ပေါက်အမှတ် ၁ မှ တစ်ဆင့် ထွက်ပြေးနိုင်မည် ဖြစ်သည်။
ဖရန်ဂျီပန်နီက သူ၏ ထွက်ပြေးမည့် အစီအစဉ်ကို ဆင်ခြင် သုံးသပ်ပြီး အသက်ပြင်းပြင်း ရှူလိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူက လိပ်သွားနှုန်းဖြင့် တံခါးဆီသို့ တွားသွားပြီး နံရံအောက်ခြေ တစ်လျှောက် ဝင်ပေါက်အမှတ် ၁သို့ ရောက်ရန် အလွန် ကြိုးစား အားထုတ် ခဲ့ရသည်။ သူက ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရ၏။ လိပ်တစ်ကောင်က ယုန်တစ်ကောင်ကဲ့သို့ ဘယ်လိုလုပ် မြန်နိုင်မည်နည်း။
သို့သော် ဖရန်ဂျီပန်နီက လက်လျှော့မည် မဟုတ်ပေ။ သူက သူ့ အစီအစဉ်၏ ကြီးမားသော တစ်ဝက်ကို ပြီးမြောက်လု နီးပါး ဖြစ်နေလေပြီ။ သူ၏ အစီအစဉ်၏ ဒုတိယပိုင်းမှာ မခက်ခဲ ခဲ့ပေ။ သူ ဇွဲရှိသရွေ့ ဤနေရာမှ ထွက်ပြေး နိုင်မည် ဖြစ်သည်။ ရှားလော့ခ်ကို သတ်ဖြတ်မည့် တတိယအဆင့် အတွက်မူ သူ သေသေချာချာ စဉ်းစား ရမည် ဖြစ်ပြီး ထိုအရာက အခုလောက် မလွယ်ကူနိုင်ပေ။
သူက အရှင်ရှားလော့ခ်နှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ ဖူးသော်လည်း ထိုနတ်ဆိုးသည် ကြောက်မက်ဖွယ်ရာ ပြိုင်ဘက် တစ်ဦး ဖြစ်ကြောင်းတော့ သူ သိရှိခဲ့ရသည်။
သူ့ကို အပိုင်းပိုင်း ဖြစ်အောင် ဖောက်ခွဲပစ်ခဲ့သော သတ္တုဘူးခွံ မွန်းစတား အကြောင်းမှာမူ ထပ်ပြောနေစရာ မလိုပေ။ ကံကောင်းစွာဖြင့် ထိုသတ္တုဘူးခွံ မွန်းစတားက ပျက်စီးသွား ခဲ့လေပြီ။
ခေတ်ကာလများ ဤမျှလောက် တိုးတက်ပြောင်းလဲ သွားလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။
ဖရန်ဂျီပန်နီမှာ စဉ်းစားချိန် မရှိခဲ့ပေ။ သူက တွားသွားရင်း ဝင်ပေါက်အမှတ် ၁ ဆီသို့ ရှေ့ဆက် ချီတက် နေသည်။
အလုပ်များနေသော ဂိမ်းမာများက သူ့တည်ရှိမှု သတိမပြုမိ ခဲ့ကြပေ။
ဖရန်ဂျီပန်နီ ထွက်ပြေး လွတ်မြောက်ရန် နီးကပ်လာစဉ် တစ်စုံတစ်ယောက်က "အိုး၊ ဟိုဟာ အရှင်ရှားလော့ခ်ရဲ့ အိမ်မွေးတိရစ္ဆာန် အသစ် မဟုတ်ဘူးလား။ သူက ဘာလို့ ဒီမှာ ရောက်နေ တာလဲ"ဟု အော်ဟစ် လိုက်သည်ကို ကြားလိုက် ရသည်။
"သူ့ကို ဖမ်းကြ။ အထူးမစ်ရှင် တစ်ခုခု ဖြစ်ရမယ်။ သူ့ကို အရှင်ရှားလော့ခ်ဆီ ပြန်ပို့ပေးလိုက်။ ပစ္စည်း ကိရိယာ ဒါမှမဟုတ် တစ်ခုခု ဆုရနိုင်တယ်"
ဂိမ်းမာများက ဖရန်ဂျီပန်နီကို တွေ့ရှိလိုက်သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ် ကြ၏။
ဖရန်ဂျီပန်နီက တစ်ခုခု မှားနေပြီဟု ခံစားမိသည်။ သူက ထွက်ပြေး လွတ်မြောက် လိုသော်လည်း သူ၏ လိပ်ခန္ဓာကိုယ်ကြောင့် ကန့်သတ် ခံထားရ၏။ ဂိမ်းမာများက သူ့ကို ဖမ်းဆီးရန် ပြေးလာကြသော်လည်း သူက ဉာဏ်ရှိ နေသေးသည်။
ရှားလော့ခ်က သူ့ အပေါ် အမျိုးမျိုးသော ကန့်သတ်ချက်များနှင့် မှော်အက္ခရာ မာနာစွမ်းအင်များ ထားရှိခဲ့၏။ ရက်အနည်းငယ် သုတေသန ပြုလုပ်ပြီးနောက်တွင် သူက မှော်အက္ခရာ မာနာစွမ်းအင်ကို ဖယ်ရှားနိုင်မည်ဟု ခံစားမိသည်။ အနည်းဆုံးတော့ ထိုသို့ သူ ထင်ခဲ့သည်။
လိပ်က ဝမ်းချုပ်နေ သကဲ့သို့ ယက်ကန်ယက်ကန် ဖြစ်နေသော်လည်း ဘာမှတော့ မဖြစ်လာခဲ့ပေ။
"သူ နေမကောင်းတာ ဒါမှမဟုတ် နေလို့ မကောင်းတာ ဖြစ်မယ်၊ ဒါကြောင့် ထွက်လာတာ" ဂိမ်းမာ တစ်ဦးက ဖရန်ဂျီပန်နီ၏ မျက်နှာပေါ်မှ နာကျင်မှုကို မြင်တွေ့သောအခါ မှတ်ချက် ပြုလိုက်သည်။
"သူ အိမ်သာသွားချင်လို့ နေမှာ။ သူ့ ဝမ်းချုပ်တာကို ငါတို့ သက်သာအောင် လုပ်ပေး ကြမလား"
"မလုပ်တာ ပိုကောင်းမယ်။ မင်း သူ့ကို သတ်လိုက်မိရင် အထူးမစ်ရှင် အတွက် ငါတို့ မျှော်လင့်ချက်တွေ ပျက်စီး သွားလိမ့်မယ်"
"ရယ်စရာ ကောင်းလိုက်တာ၊ ဂိမ်းထဲက လိပ်က ဝမ်းချုပ်ပါ့မလား။ ဘယ်သူ့ အိမ်မှာ လိပ်မွေးထားလဲ။ လာပြီး ကူညီကြပါဦး"
ဂိမ်းမာများက ပျားများ ပျားရည်ဆီသို့ လာသကဲ့သို့ လိပ်ရှေ့တွင် စုရုံး နေကြ၏။ ဂိမ်းမာ တစ်ဦးက ဖရန်ဂျီပန်နီကို ဖမ်းဆီးရန် သူ၏ လက်ကို ဆန့်ထုတ် လိုက်သော်လည်း ဖရန်ဂျီပန်နီက သူ၏ လက်ကို လှမ်းကိုက်လိုက်သည်။
ဖရန်ဂျီပန်နီက အကိုက်ခံရသော လက် ပြန်မရုတ်သိမ်းသည့် အတွက် အံ့ဩသွား၏။ ထိုအစား ဂိမ်းမာက "ဒီလိပ်က ငါ့ ဟာ၊ ဒီလိပ်က ငါ့ ဟာ"ဟု အော်ပြော လိုက်သည်။
ဂိမ်းမာ၏ လက် အကိုက်ခံရပြီးနောက် အခြား လက်တစ်ဖက်က ဖရန်ဂျီပန်နီကို ဆုပ်ကိုင် လိုက်၏။ လိပ်ကို ကိုင်ထားသော ဂိမ်းမာက အပြင်သို့ ပြေးထွက် သွားသည်။ ဂိမ်းမာများစွာက သူ့ကို တားဆီးလိုကြပြီး သူ့ နောက်မှ အော်ဟစ်၍ လိုက်ကြသည်။
"လိပ်အိုကြီးကို ငါ့ ဆီရောင်းပါ။ လုပ်ပါကွာ၊ ဈေးကြီးပေးပါ့မယ်"
"မင်း ဘယ်လောက်နဲ့ ရောင်းမှာလဲ။ မှော်ကျောက်တုံး ၁၀ တုံး ဆိုရင်ရော။ ငါ ဈေးထပ်တင်ပေးနိုင်တယ်"
"ငါသာ လက်နဲ့ အရင် ဖမ်းလိုက်မိရင် ကောင်းမှာ။ ငါ အရမ်း နှေးတာ စိတ်မကောင်းစရာပဲ"
ဖရန်ဂျီပန်နီက ဒန်ဂျင်အရှင် ခန်းမဆောင်သို့ ဒီရေလှိုင်းများ အလား ရောက်ရှိလာသော ဂိမ်းမာများ၏ ရက်စက် ကြမ်းကြုတ်သော အကြည့်များ အောက်တွင် ဖမ်းဆီး ခံလိုက်သည်။ သို့သော် အခန်းထဲတွင်တော့ မည်သူမျှ မရှိခဲ့ပေ။
ဂိမ်းမာများက အရှင်ရှားလော့ခ်ကို ရှာဖွေရန် ဟန်ပြင်လိုက်စဉ် ဖိုးဉာဏ်ကျယ်က သူတို့ နောက်မှ ပေါ်လာ၏။
"အရှင်ရှားလော့ခ်က လိပ်ကို ငါ့ကို ယူသွား ခိုင်းလိုက်တယ်" ဖိုးဉာဏ်ကျယ်က သူ၏ အိတ်ကပ်ထဲမှ အမှုန့်အချို့ကို ထုတ်ယူရင်း ဂိမ်းမာများကို ပြောလိုက်သည်။ ထိုအမှုန့်တွင် ကိုယ်ပျောက်အစွမ်း ရှိပြီး အဂ္ဂိရိတ် ထုတ်ကုန် တစ်ခု ဖြစ်သည်။
"ဒါ မင်းတို့အတွက် ဆုလာဘ်ပဲ"
ဖိုးဉာဏ်ကျယ်က ဂိမ်းမာများကို ဆုချီးမြှင့်သည့် လုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင် နေသည်။
ဂိမ်းမာများ၏ မျက်လုံးများက မမြင်ဖူးသေးသော ဆုလာဘ်ကို မြင်တွေ့ လိုက်သောအခါ အရောင်တောက် လာ၏။ လိပ်ကို ဖမ်းမိသော ဂိမ်းမာက "လေလံတင်တယ်၊ ငါ လေလံတင်တယ်။ မစ်ရှင် ဆုလာဘ်က ဖိုးဉာဏ်ကျယ် လက်ထဲကဟာ။ မှော်ကျောက်တုံး ၁၀ တုံးနဲ့ စတင်လေလံဆွဲမယ်"ဟု အော်ပြော လိုက်သည်။
လေလံဆွဲမှု အကြိမ် အနည်းငယ် ပြုလုပ်ပြီးနောက် ဆယ်ဗားနပ်စ်က လိပ်ကို ရရှိ သွားသည်။
ဖိုးဉာဏ်ကျယ်က အဂ္ဂိရိတ် အမှုန့်ကို ဆယ်ဗားနပ်စ်ထံ ပေးလိုက်ပြီး သူမထံမှ လိပ်ကို ယူလိုက်၏။
ဂိမ်းမာများ အမှုန့်၏ အသုံးပြုပုံကို သုတေသနပြု စမ်းသပ်နေစဉ် ဖိုးဉာဏ်ကျယ်က လိပ်ကို သူ၏ သင်္ချိုင်းခန်းမသို့ ယူဆောင် သွားသည်။
"မင်း ဘာလုပ်နေ တာလဲ" လိပ်က ဖိုးဉာဏ်ကျယ်ကို သတိကြီးစွာ ထား၍ အကဲခတ်ရင်း မေးလိုက်သည်။ ဖိုးဉာဏ်ကျယ်က စမ်းသပ်စင် ပေါ်တွင် ကိရိယာများနှင့် ပစ္စည်းများ ပြင်ဆင်နေ၏။
"ငါ စမ်းသပ်မှု လုပ်ဖို့ ပြင်ဆင်နေတာ။ ကျေးဇူးတင်ပါတယ်။ မင်းလို ရှေးဦး သတ္တဝါမျိုးကို နတ်ဆိုး ဒါမှမဟုတ် တခြားသော မြေအောက်လောက သတ္တဝါလို့ အမျိုးအစား ခွဲခြား သတ်မှတ်လို့ မရဘူး။ မင်းက ဂြိုလ်သား သတ္တဝါ ဒါမှမဟုတ် တခြားလောက,က သတ္တဝါ လိုမျိုးလို့ ငါ ထင်တယ်"
ဖိုးဉာဏ်ကျယ်က ချွန်ထက်သော လွှများစွာကို ဘေးတွင် ထားရင်း ပြောလိုက်သည်။ "ငါ မင်းကို ခွဲစိတ်ကြည့်မယ်။ နည်းနည်းတော့ နာကျင်ရနိုင်ပေမယ့် မင်းလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်မျိုးက ဒီလို နာကျင်မှုမျိုးကို ကြောက်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်"
ဖိုးဉာဏ်ကျယ်က ခံစားချက်မပါဘဲ စကားပြောဆိုလိုက်၏။ ဖရန်ဂျီပန်နီက ဖိုးဉာဏ်ကျယ် လက်စား ချေနေသည်ဟုသာ ခံစားမိသည်။ ဖရန်ဂျီပန်နီ၏ အစီအစဉ် (က) ရှုံးနိမ့် ခဲ့သော်လည်း သူ၌ အခြား ပြီးပြည့်စုံသော အခြား အစီအစဉ် တစ်ခု ရှိနေသေးသည်။ ဖိုးဉာဏ်ကျယ်က သူ့ စကားကို နားထောင် ရလိမ့်မည်။
ရှေးဟောင်း နတ်ဘုရားများ တပ်မှ တပ်မှူး တစ်ဦး အနေဖြင့် သူက ဝိညာဉ်သတ္တဝါ အားလုံးကို ထိန်းချုပ်နိုင်၏။ ရှေးဟောင်း နတ်ဘုရားများ ကမ္ဘာကို သိမ်းပိုက်စဉ်က ယခင် လစ်ခ်ျများ အားလုံး သူ၏ လက်အောက်တွင် ရှိခဲ့ကြသည်။
ဖရန်ဂျီပန်နီ၏ ဝိညာဉ်များကို ထိန်းချုပ်နိုင်စွမ်းကို ရှားလော့ခ်၏ မာနာစွမ်းအင်က တားဆီး ထားသော်လည်း ဖရန်ဂျီပန်နီက ထိုအရာကို ကျော်လွှားပြီး ဖိုးဉာဏ်ကျယ်ကို ထိန်းချုပ် နိုင်လိမ့်မည်ဟု ယုံကြည်သည်။
ဖရန်ဂျီပန်နီက သူ၏ အာရုံကို စူးစိုက်ကာ ရှားလော့ခ်၏ မာနာစွမ်းအင်မှ လွတ်မြောက်ရန် ကြိုးစား လိုက်၏။
လိပ်က ဝမ်းချုပ်နေ သကဲ့သို့ ယက်ကန်ယက်ကန် ဖြစ်နေသော်လည်း ဘာမှ မဖြစ်ခဲ့ပေ။
ဖိုးဉာဏ်ကျယ် မျက်မှောင် ကြုတ်လိုက်၏။ သူက လိပ်ကို အရေးမစိုက်တော့ဘဲ နောက်ဆက်တွဲ စမ်းသပ်မှုများ အတွက် သူ၏ ပြင်ဆင်မှုကို ဆက်လက် လုပ်ဆောင် နေသည်။
...
ရှားလော့ခ်က ဆောင်းတောင်ကုန်းမြို့တွင် ဒန်ဂျင်အရှင် နီကိုလပ်စ်နှင့် ကိစ္စရပ်များ ဆွေးနွေးနေသည်။
ဘရုက ဒန်ဂျင်အရှင် ခန်းမဆောင် အတွင်းမှ ဖရန်ဂျီပန်နီ၏ လှုပ်ရှားမှုများကို စောင့်ကြည့် နေသောကြောင့် သူ ဖရန်ဂျီပန်နီ၏ ထွက်ပြေးမည့် အစီအစဉ်ကို သိရှိထားပြီး ဖြစ်သည်။
လိပ်တစ်ကောင် အတွက် ထာဝရတိုင်းပြည်မှ တိတ်တဆိတ် ထွက်ပြေး လွတ်မြောက်နိုင်ရန် ခက်ခဲသည်။ အထူးသဖြင့် ဒန်ဂျင်အတွင်း၌ ဂိမ်းမာများစွာ အလုပ်,လုပ်နေချိန်တွင် ဖြစ်သည်။
ရှားလော့ခ်က ဖရန်ဂျီပန်နီကို အရေးမစိုက်ခဲ့ပေ။ သူက ဖိုးဉာဏ်ကျယ်ကို ထိုကိစ္စကို ကိုင်တွယ် ခိုင်းလိုက်ပြီး ဖရန်ဂျီပန်နီအပေါ် စမ်းသပ်မှုများ ပြုလုပ်ခွင့် ပေးလိုက်၏။ စမ်းသပ်မှုများက ဖိုးဉာဏ်ကျယ်အား ထာဝရတိုင်းပြည်တွင် ဆက်နေထိုင်ရန် တွန်းအားပေးထားသည့် အရာလည်း ဖြစ်သည်။
ရှားလော့ခ်က နီကိုလပ်စ်နှင့် တွေ့ဆုံနေခြင်းမှာ နီကိုလပ်စ်က သူ့ကို ပြောစရာ တစ်ခုခု ရှိသောကြောင့် ဖြစ်သည်။
"အရှင်ရှားလော့ခ်၊ ဒါက ကုန်သည်မဟာမိတ် အဖွဲ့ရဲ့ ဌာနချုပ်က ဖိတ်ကြားလွှာပါ။ အရှင် အလုပ်များနေတယ် ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အရှင် ကျွန်တော်တို့ရဲ့ ပွဲကို တက်ရောက်ဖို့ အချိန် ပေးရပါလိမ့်မယ်" နီကိုလပ်စ်က ရှားလော့ခ်ကို ကြည့်ရင်း လေးနက်စွာ ပြောဆိုကာ ဖိတ်ကြားလွှာ တစ်စောင်ကို ရှားလော့ခ်ထံ ပေးအပ် လိုက်သည်။
ဖိတ်ကြားလွှာပေါ်တွင် "ပူးပေါင်း ဆောင်ရွက်သော ကုန်သည်များ အတွက် ကုန်သည်မဟာမိတ် အဖွဲ့၏ နှစ်ပတ်လည် ညစာစားပွဲ " ဟူသော စာသားများ ရေးထိုး ထား၏။
ရှားလော့ခ်က ဖိတ်ကြားလွှာကို စစ်ဆေး ကြည့်ရှု လိုက်သည်။ ထိုအရာက စာတစ်စောင်၏ ပုံစံ ရှိနေ၏။
"လေးစားရပါသော အရှင်ရှားလော့ခ်:
ကျွန်ုပ်တို့ ကုန်သည်မဟာမိတ် အဖွဲ့၏ ပူးပေါင်း ဆောင်ရွက်သော ကုန်သည်များ အတွက် နှစ်ပတ်လည် ညစာစားပွဲသို့ အရှင်အား လေးလေးနက်နက် ဖိတ်ကြားအပ် ပါသည်။ အရှင် ပွဲသို့ တက်ရောက်မည်ဟု မျှော်လင့် ပါသည်။ ကျေးဇူးအထူး တင်ရှိပါသည်"
"ဒါပေမဲ့ ငါက ကုန်သည် မဟုတ်ဘူးလေ၊ ငါ ပွဲကို တက်ရောက်လို့ ရပါ့မလား" ရှားလော့ခ်က ဖိတ်ကြားလွှာကို ချထားရင်း နီကိုလပ်စ်ကို စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဟုတ်ကဲ့၊ ဒါက ကုန်သည်မဟာမိတ် အဖွဲ့ရဲ့ ဌာနချုပ်ကို ကျွန်တော် တင်ပြခဲ့တဲ့ လျှောက်လွှာပါ။ ထာဝရတိုင်းပြည်က ဆောင်းတောင်ကုန်းမြို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ထာဝရတိုင်းပြည်က ကုန်သည်မဟာမိတ် အဖွဲ့ရဲ့ ဌာနချုပ်မှာ မှတ်သား ထားရလောက်တဲ့ ဒန်ဂျင် တစ်ခုပါ" နီကိုလပ်စ်က ရှားလော့ခ်ကို ပြောလိုက်သည်။
"ငါ နားလည်ပြီ။ မင်းရဲ့ လေးလေးနက်နက် ဖိတ်ကြားမှု ဖြစ်တဲ့ အတွက် ငါ ဝမ်းမြောက်စွာ တက်ရောက်ပါ့မယ်။ ဒီပွဲ အတွက် ငါ ကဖော် တစ်ယောက် လိုအပ်သေးလား" ရှားလော့ခ်က ဖိတ်ကြားလွှာကို သိမ်းဆည်းလိုက်ရင်း မေးလိုက်သည်။
"ထုံးစံအရတော့ ပွဲကို ကဖော် တစ်ယောက် ခေါ်လာရ ပါလိမ့်မယ်။ အရှင်မှာ သင့်တော်တဲ့သူ မရှိရင် ကျွန်တော် ရှာပေးနိုင်ပါတယ်"
နီကိုလပ်စ်က စိတ်အားထက်သန်နေပုံ ရသော်လည်း ရှားလော့ခ်က သူ၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ပေ။ သူက တစ်ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ "ငါ နားလည်ပြီ၊ ငါ ကဖော် တစ်ယောက် ခေါ်လာပါ့မယ်။ ငါ့မှာ ရွေးချယ်စရာ တချို့ ရှိနေတယ်။ ငါက မိန်းကလေးတွေ ကြားမှာ တော်တော်လေး လူကြိုက်များသားပဲ။"
"ငါ အရင်သွား တော့မယ်။ ပွဲမှာ တွေ့ကြတာပေါ့" ရှားလော့ခ်က ထရပ်ပြီး နီကိုလပ်စ်ကို ပြောလိုက်သည်။
နီကိုလပ်စ်က ထရပ်ပြီး ရှားလော့ခ်ကို ဦးညွှတ် လိုက်၏။
ရှားလော့ခ် နီကိုလပ်စ်၏ ရုံးခန်းမှ ထွက်ခွာသွားသော အခါ ဘရုက ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင်က ဘယ်တုန်းက မိန်းကလေးတွေကြားမှာ လူကြိုက် များ သားတာလဲ။ အရင်တုန်းက အဲ့လို မပြောခဲ့ဖူးပါဘူး"
"ငါက နီကိုလပ်စ် ငါ့ကို သွေးစုပ်ဖုတ်ကောင် တချို့နဲ့ သွားမိတ်ဆက်ပေးမှာကို စိုးရိမ်လို့ပါ။ ငါ သွေးစုပ်ဖုတ်ကောင်တွေ အပေါ်မှာ အထင်အမြင်ကောင်း မရှိဘူး" ရှားလော့ခ်က ဘရုကို ရှင်းပြ လိုက်သည်။
"အရှင်ရဲ့ ကဖော်အဖြစ် စိတ်ထဲမှာ သတ္တဝါ တစ်ကောင်ကောင် ရှိနေပြီလား"
"ငါ့ စိတ်ထဲမှာ ကဖော် တစ်ယောက် ရှိနေပြီ" ရှားလော့ခ်က ပြောလိုက်သည်။
...
နဂါးမျိုးနွယ်သားက သူ၏ မြင်းကို စီးကာ လူဆိုးလေးနှင့် သူ၏ အစည်းအရုံး အဖွဲ့ဝင်များ နောက်မှ မြင့်မားသော နေရာ တစ်ခု ဆီသို့ လိုက်ပါ သွားသည်။
အစည်းအရုံး နှစ်ခုမှ အဖွဲ့ဝင်များက ဝိုင်ဗန်နဂါးကို ဖမ်းဆီးရန် သွားကြခြင်း ဖြစ်သည်။
လူဆိုးလေး၌ ရဲရင့်သော အစီအစဉ် တစ်ခု ရှိနေ၏။
"ပထမအဆင့်က ဝိုင်ဗန်နဂါးကို သွေးဆောင် ဖြားယောင်း ဖို့ပဲ။ ဒုတိယအဆင့်က ငါတို့ စိတ်ကြိုက် ပြုလုပ်ထားတဲ့ ပိုက်ကွန်နဲ့ ဝိုင်ဗန်နဂါးကို ဖမ်းဆီးဖို့ပဲ။ တတိယအဆင့်က ဝိုင်ဗန်နဂါးကို ငါတို့ စီးတော်ယာဉ်အဖြစ် သိမ်သွင်းဖို့ပဲ။ အဲ့လိုလုပ်ဖို့ မဖြစ်နိုင်ရင် ဝိုင်ဗန်နဂါးကို သတ်ပြီး အသေကောင်ကို ဆုကြေးငွေနဲ့ လဲလှယ်မယ်။ ဒါ ငါ့ အစီအစဉ်ပဲ" လူဆိုးလေးက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
လူဆိုးလေး၏ ယုံကြည်မှုက အလကား မဟုတ်ပေ။ သူ့၌ ဝိုင်ဗန်နဂါးကို သွေးဆောင် ဖြားယောင်းရန် အသေးစိတ် အစီအစဉ် တစ်ခုပင် ရှိနေ၏။
"ငါက ယော့ခ်နယ်စားကြီးရဲ့ ရဲတိုက်မှာ ကျွန်တစ်ယောက် ဖြစ်ခဲ့တုန်းက အကျဉ်းသား အများကြီးနဲ့ မိတ်ဆွေ ဖြစ်ခဲ့တယ်။ သူတို့မှာ အထူးစွမ်းရည် တချို့ ရှိတယ်လေ။ သူတို့ထဲက တစ်ယောက်က ဝိုင်ဗန်နဂါးအကြောင်း သိပြီး ဝိုင်ဗန်နဂါးတွေက မြေအောက်လောကမှာပဲ တွေ့နိုင်တဲ့ အထူးသစ်သား တစ်မျိုးကို နှစ်သက်တယ်လို့ ငါ့ကို ပြောပြခဲ့ဖူးတယ်"
လူဆိုးလေးက ဆက်ပြောသည်။ "ငါတို့ ဝိုင်ဗန်နဂါးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတုန်းက ယာဉ်တန်းက အဲ့ဒီ အထူးသစ်သားကို သယ်ဆောင် လာတာ။ တိုက်ခိုက်ခံခဲ့ရတဲ့ ယာဉ်တန်းတွေကလည်း သူတို့ အထူးသစ်သားကို သယ်ဆောင်လာတယ် ဆိုတာ အတည်ပြု ပေးခဲ့ကြတယ်။ သူတို့ကျ မြေအောက်လောက သစ်သားကို ဘယ်ကနေ ရခဲ့လဲဆိုတာတော့ ငါလည်း မသိဘူး။ နောက်ဆက်တွဲ ဇာတ်လမ်း တိုးတက်မှုတွေ အတွက် ထူးဆန်းတဲ့ တွေ့ကြုံမှု တစ်ခုခု ဖြစ်နိုင်တယ်"
နဂါးမျိုးနွယ်သားက လူဆိုးလေး ဤမျှ အရေးကြီးသော သတင်း အချက်အလက်ကို သူ့အား ဝေမျှပေးလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။
ဤသည်မှာ လူဆိုးလေး၏ ဖော်ရွေသော အမူအကျင့် တစ်ခုလည်း ဖြစ်သည်။ အကယ်၍ မြေပေါ်ကမ္ဘာနှင့် မြေအောက်လောကတို့သာ အပြန်အလှန် ဆက်သွယ်မှုများ ရှိလာမည်ဆိုလျှင် ထိုအရာက ကြီးမားသော ဇာတ်လမ်းတိုးတက်မှု တစ်ခု ဖြစ်လာမည် ဖြစ်ပြီး ဂိမ်းမာ အားလုံး ပါဝင်လာ ကြလိမ့်မည်။
လူဆိုးလေး၏ အစီအစဉ်မှာ ထိုသစ်သားကို အသုံးပြု၍ ဝိုင်ဗန်နဂါးကို သွေးဆောင် ဖြားယောင်းရန် ဖြစ်သည်။ သူတို့ စိတ်ကြိုက် ပြုလုပ်ထားသော ပိုက်ကွန်က ဝိုင်ဗန်နဂါးကို ဖမ်းဆီးနိုင်မည်လား ဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်နေ၏။ ဝိုင်ဗန်နဂါးကို ဖမ်းဆီးရန် မစ်ရှင် တစ်ခု ရှိနေသောကြောင့် ဖြစ်နိုင်ခြေ အလွန် များသည်။ လူဆိုးလေးက ဝိုင်ဗန်နဂါးကို ဖမ်းဆီးရန် ကြိုးစားတော့မည် ဖြစ်သည်။ သို့သော် လူဆိုးလေး ယောဂအသင်းက အစည်းအရုံးကြီး တစ်ခုတော့ မဟုတ်သေးပေ။ နဂါးမျိုးနွယ်သား၏ အစည်းအရုံးကသာ လူဆိုးလေး ယောဂအသင်းနှင့် ဆက်ဆံရေး ကောင်းမွန်သည့် တစ်ခုတည်းသော အင်အားကြီး အစည်းအရုံး ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် နဂါးမျိုးနွယ်သားကလည်း လူဆိုးလေး၏ ဖိတ်ကြားမှုကို လက်ခံ ခဲ့သည်။
သူက လူဆိုးလေး၏ ဖော်ရွေသော ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်မည် မဟုတ်ပေ။
သူတို့က ဝိုင်ဗန်နဂါးကို ဖမ်းဆီးရန် အနီးအနားရှိ မြင့်မားသော နေရာ တစ်ခုကို ရွေးချယ် ခဲ့ကြသည်။
အထူးသစ်သားကို ဝိုင်ဗန်နဂါးကို သွေးဆောင် ဖြားယောင်းရန် အသုံးပြုမည့် နေရာတွင် စုဆောင်း ထားပြီး ဖြစ်သည်။ နဂါးမျိုးနွယ်သားက သွေးဆောင် ဖြားယောင်းမည့် နေရာသို့ ထွက်ခွာ သွား၏။ ဝိုင်ဗန်နဂါး ပေါ်လာသောအခါ သူ၏ အစည်းအရုံးက ၎င်းကို ဖမ်းဆီးရန် အဓိက အင်အားစု ဖြစ်လာမည်။
ဝိုင်ဗန်နဂါးကို သွေးဆောင် ဖြားယောင်းရန် အခြား အဖွဲ့တစ်ဖွဲ့လည်း ရှိနေပြီး သူတို့၏ တာဝန်မှာ ဝိုင်ဗန်နဂါးကို ဆွဲဆောင်ရန် သစ်သားကို အယောင်ပြ သယ်ဆောင်ပေးရန် ဖြစ်သည်။
နဂါးမျိုးနွယ်သားက သူ၏ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိ သွား၏။ မကြာမီမှာပင် သူက သားရဲကောင် တစ်ကောင်၏ ကျယ်လောင်သော ဟိန်းသံကို ကြားလိုက် ရသည်။
ဝိုင်ဗန်နဂါး ရောက်ရှိ လာခဲ့လေပြီ။