← Chapters

စံပြအမျိုးသမီးကျင့်ကြံသူ၊ ဂိုဏ်းချုပ်က အချစ်ကို အတင်းအကျပ်လုယူတယ်

Vol. 11 Ch. 157

စံပြအမျိုးသမီးကျင့်ကြံသူ၊ ဂိုဏ်းချုပ်က အချစ်ကို အတင်းအကျပ်လုယူတယ်

Vol. 11 Ch. 157

"ဒါပေါ့.. ဖြစ်မှ မဖြစ်နိုင်တာ.. ဘယ်ယောက်ျားက ငါတို့ဂိုဏ်းချုပ်နဲ့ ထိုက်တန်မှာလဲ.. ဒါတွေအားလုံးက အဓိပ္ပါယ်မရှိတာတွေပဲ.. ဒီကောလာဟလတွေ ဘယ်က ထွက်လာတာလဲ…"

လူအများစုက ယင်းသည် လုံးဝမဖြစ်နိုင်ဟု တွေးကာ ပြတ်ပြတ်သားသား ငြင်းဆိုကြပြီး မည်သူမျှ ဂိုဏ်းချုပ်နှင့် မထိုက်တန်ဟုသာ ယူဆကြသည်။

"ဒီကိစ္စက အမှန်ပဲ.. အကြီးအကဲရန်ဟွေနဲ့အတူ သွားခဲ့တဲ့ ချီသန့်စင်ခြင်းအဆင့် တပည့်တွေတောင် ရှိတယ်.."

"သူတို့ အဲ့ဒီကနေ သတင်းတွေ အများကြီး သိခဲ့ရတာ.."

"အဲ့ဒီလူကို အကြီးအကဲရန်ဟွေကိုယ်တိုင် အင်မော်တယ်ရှားတောင်ထိပ်ပေါ် ခေါ်သွားတာကို တွေ့လိုက်တဲ့သူတွေတောင် အများကြီး.."

"သူတို့ အခုဆို အဲ့ဒီမှာ အခြေချနေလောက်ပြီတောင် ထင်တယ်.."

တပည့်အချို့က အခိုင်အမာပင် အတည်ပြုလိုက်သည်။

ဤအဖြစ်အပျက်ကို မြင်တွေ့ခဲ့သူမှာ တစ်ယောက် နှစ်ယောက်တည်း မဟုတ်ပေ၊ အင်မော်တယ်ရှားဂိုဏ်းမှ လူများစွာ ကျိုးစွေ့နှင့်အခြားသူများ ရောက်ရှိလာသည်ကို မျက်မြင်တွေ့ရှိခဲ့ကြသည်ဖြစ်ရာ ထိုသို့သော သတင်းကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

ယခုအခါ လူတိုင်း၏ပါးစပ်ဖျားတွင် ထိုသတင်းရှိနေချေသည်။

"အဲ့ဒီလူက ဘယ်သူလဲ.. သူ့နောက်ခံက ဘာလဲ.."

"သူက ဂိုဏ်းတစ်ခုခုရဲ့ အစစ်အမှန် ပါရမီရှင်တပည့်တစ်ဦးလား.."

လူအများစုက စိတ်အားထက်သန်စွာ မေးလိုက်ကြသည်။

"မင်းတို့ထင်တာ တစ်ခုမှမဟုတ်ဘူး.. အဲ့ဒီလူက ဂိုဏ်းတစ်ခုခုက ပါရမီရှင်တပည့်မဟုတ်ဘူး.. သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပဲ.."

အဖြူရောင်ဝတ်ဆင်ထားသော လူငယ်ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာပြောလိုက်သည်။

အဖြူရောင်ဝတ်စုံဖြင့်လူငယ်၏ အမည်မှာ ထန်ကျဲ ဖြစ်ပြီး၊ ချီသန့်စင်ခြင်း အဆင့်(၈)ရှိ အတွင်းစည်းတပည့်တစ်ဦး ဖြစ်သည်။ သူသည် အင်မော်တယ်ရှားဂိုဏ်း၏ အကျော်ကြားဆုံး အတင်းအဖျင်းပြောသူအဖြစ်လည်း လူသိများပြီး ဂိုဏ်းအတွင်း ဖြစ်ပျက်သမျှအား သိသည်ဟု ပြောစမှတ်ပြုနိုင်သူ ဖြစ်၏။

အင်မော်တယ်ရှားဂိုဏ်း၏ အတင်းအဖျင်းအများစုသည် သူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"တစ်ကိုယ်တော်ကျင့်ကြံသူဟုတ်လား.. မဖြစ်နိုင်တာကွာ သူက ငါတို့ဂိုဏ်းချုပ်နဲ့ ဘယ်လိုလုပ် သိကျွမ်းသွားတာလဲ…"

"အေးလေ.. တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ဂိုဏ်းချုပ်ကို တွေ့ဖို့အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး.."

"တစ်ကိုယ်တော်ကျင့်ကြံသူဆိုတာ တောကြက်.. ဂိုဏ်းချုပ်ကတော့ ဖီးနစ်ငှက်ပဲ… ဖီးနစ်ငှက်က တောကြက်တစ်ကောင်ကို ဘယ်လိုလုပ် မျက်စိကျနိုင်မှာလဲကွ.."

"ထန်ကျဲ.. မင်း ဒီသတင်းကို ဘယ်က ရလာတာလဲ… ဒါက အရမ်းကို အဓိပ္ပါယ်မဲ့လွန်းတယ်…"

လူတိုင်း မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့သည် ထန်ကျဲ၏စကားများကို ရယ်စရာကောင်းလောက်အောင်ပင် အဓိပ္ပာယ်မရှိဟု ယူဆကြသည်။

"မင်းတို့ မသိလို့… ငါတို့ဂိုဏ်းချုပ် တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ခြုံခိုတိုက်တာကို ခံခဲ့ရပြီး.. မီယွင်မြို့မှာ နှစ်နှစ်ကျော် ဝိုင်းထားခံခဲ့ရတယ်.. အင်း.. အဆိပ်တောင် ခတ်ခံရသေးတယ်.. သူ့အခြေအနေ တော်တော်လေး ဆိုးနေခဲ့တာပေါ့…"

"ပိုကံဆိုးတာက.. ငါတို့အင်မော်တယ်ရှားဂိုဏ်းမှာ သူ့ကိုကယ်တင်ဖို့ အပိုလူအင်အား မရှိခဲ့ဘူး… ဒီလိုနဲ့ သူအန္တရာယ်ထဲမှာ ပိတ်မိနေတာကို ကြည့်နေခဲ့ရတယ်လေ.."

"တစ္ဆေမိစ္ဆာဂိုဏ်းက မီယွင်မြို့ထဲကို ချိုးဖျက် ဝင်ရောက်လာတဲ့အခါမှာ.. ငါတို့ဂိုဏ်းချုပ် ချောင်ပိတ်မိနေခဲ့ပြီး အဲ့ဒီလူက သူ့ကို ကယ်တင်ခဲ့တာကွ.."

"မင်းတို့ပဲ စဉ်းစားကြည့်လိုက်… ဒုက္ခရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ယောက်ျားတစ်ယောက်က ကယ်တင်ခဲ့ရင် သဘာဝအတိုင်း သောက်ရမ်းကို ကျေးဇူးတင်သွားမှာပေါ့.."

"ဘာပဲပြောပြော သူ့အသက်ကို ကယ်တင်ခဲ့တာလေ.. ဒီတော့ သူ့ကိုယ်သူ ပုံအပ်လိုက်ရင်တောင် ဒါက သိပ်လွန်တာမှမဟုတ်တာ.."

ထန်ကျဲက ဇာတ်လမ်းကို အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။

သူ၏ သတင်းအရင်းအမြစ်များမှာ ယခင်က ရန်ဟွေနောက် လိုက်ပါသွားခဲ့သော ချီသန့်စင်ခြင်းအဆင့် တပည့်များ ဖြစ်ကြသည်။

သင်္ဘောပျံပေါ်တွင် ရှိနေစဉ် ကျိုးစွေ့က ရန်ဟွေနှင့်အခြားသူများကို သူ လန်ယွဲ့ရှီနှင့် မည်သို့ တွေ့ဆုံခဲ့သည်ကို ရှင်းပြခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူသည် အင်မော်တယ်ရှားဂိုဏ်းသို့ ဝင်ရောက်တော့မည် ဖြစ်ရာ၊ သူ၏ ဇာတ်ကြောင်းအချို့ကို အနည်းငယ်ဖော်ပြခြင်းက ကိစ္စမရှိပေ။

ထို့အပြင် သူ၏အတိတ်သည် သန့်ရှင်းနေပြီး စုံစမ်းစစ်ဆေးခံရမည်ကို မကြောက်ပေ။

"ဒါဆို.. ဒီလူက ဂိုဏ်းချုပ်ကို ကယ်တင်ခဲ့တာလား.. အင်း သူ့ကို သဘောကျတာ အံ့ဩစရာ မဟုတ်တော့ပါဘူး.."

"ဒါပေမဲ့.. သူက ဂိုဏ်းချုပ်ကို တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ တိုက်ခိုက်မှုကနေ ဘယ်လိုလုပ် ကယ်တင်နိုင်ခဲ့တာလဲ.."

"သူက မီယွင်မြို့က ဒေသခံ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်.. ဒီတော့ သူ့မှာ တစ္ဆေမိစ္ဆာဂိုဏ်းကို လှည့်စားနိုင်မဲ့ လျှို့ဝှက်လမ်းကြောင်းအချို့ ရှိမှာပေါ့…"

"ဂိုဏ်းချုပ်က တကယ်ကို နတ်ဘုရားကောင်းချီးပေးတာ ခံရတာပဲ.. အန္တရာယ်ကြုံရတဲ့ အချိန်တွေမှာတောင် ကယ်တင်ခြင်း ခံခဲ့ရတယ်…"

လူများစွာ ရုတ်တရက် အမှန်တရားကို သဘောပေါက်သွားကြပြီး၊ ထိုလူနှင့် ဂိုဏ်းချုပ်တို့ တွေ့ဆုံခဲ့ကြသည့်ဇာတ်လမ်းကို နားလည်သွားကြသည်။

မြောက်များစွာသော ပုံပြင်ဇာတ်လမ်းများထဲတွင်၊ မရေမတွက်နိုင်သော အမျိုးသမီးများသည် သူရဲကောင်း၏ ကယ်တင်ခြင်းကို ခံရပြီးနောက် ချစ်ကြိုက်သွားကြလေ့ ရှိသည်မဟုတ်လော။

ဂိုဏ်းချုပ်လန်ယွဲ့ရှီကဲ့သို့ သူတော်စင်ပင်လျှင် ထိုသို့သော ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ချေ။

"တကယ်လို့ ဒါပဲဆိုရင်တော့ အံ့ဩစရာ မဟုတ်သေးဘူး.. တကယ့်လန့်စရာက ဒီလူက ကယ်တင်ခြင်း မပြုခင်ကတည်းက တာအိုလက်တွဲဖော် သုံးယောက်တောင် ရှိထားပြီးသားကွ.."

ထန်ကျဲက နောက်ထပ် တုန်လှုပ်ခြောက်ခြားစေမည့် သတင်းတစ်ရပ်ကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။

ဘာရယ်…။

ဤထုတ်ဖော်ချက်ကြောင့် လူတိုင်း အံ့ဩမှင်သက်သွားကြပြီး မယုံကြည်နိုင်စွာ ပြူးကြောင်သွားကြသည်။

"မဖြစ်နိုင်တာ.. ဒီလူက ဂိုဏ်းချုပ်နဲ့ မတွေ့ခင်ကတည်းက တာအိုလက်တွဲဖော် သုံးယောက်တောင် ရှိထားပြီးသားတဲ့လား… ပြီးတော့ အခု သူနဲ့ပါ ဟိုလိုဒီလိုဆက်ဆံရေး ရှိနေတယ် ဟုတ်လား.. ဒါက ဘာအဓိပ္ပာယ်လဲ…"

တစ်ယောက်က ထိတ်လန့်သွားပြီး အခြေအနေတစ်ခုလုံးက အလွန်ပင် ရှုပ်ထွေးသည်ဟု တွေးလိုက်သည်။ သူ၏ခေါင်းပင် ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။

"ဒါက တကယ့်ကို အရှက်မရှိတာပဲ.. သူ့မှာ မိန်းမသုံးယောက် ရှိထားပြီးသားလေ.. ဒါတောင် ဂိုဏ်းချုပ်ကိုကြံချင်သေးတယ်.. အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား.. သူ့ကိုယ်သူ ဘာထင်နေတာလဲ.."

အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဒေါသူပုန်ထသွားကာ၊ အင်မော်တယ်ရှားတောင်ထိပ်သို့ အတင်းဝင်ရောက်ကာ ထိုအရှက်မရှိသောကိစ္စအား ဖြတ်တောက်ပစ်ရန်ပင် စိတ်ကူးမိသွားသည်။

"မင်းတို့အားလုံး လွဲနေပြီ.. ဒါက အဲ့ဒီလူက အရှက်မရှိတာ.. သတ္တိကောင်းတာ မဟုတ်ဘူး.."

"တရားခံက ငါတို့ဂိုဏ်းချုပ်ဆိုတာ ရှင်းနေတာပဲ.."

"အဲ့ဒီလူမှာ မိန်းမသုံးယောက် ရှိတာကို သိလျက်နဲ့ကို.. သူက လုယူပြီး အပိုင်သိမ်းဖို့ ကြံနေတာပဲ…"

"အသိသာကြီးပဲလေ.. ဂိုဏ်းချုပ်က အဲ့ဒီလူကို သဘောကျနေပြီ… တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ငြင်းဆန်ရဲမှာလဲကွ.. ဟဟ.."

"ဘယ်လိုပြောပြော.. သူက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်.. အခြေတည်အဆင့်က အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အတင်းအကျပ်စေခိုင်းရင် သူ ဘယ်လို ငြင်းနိုင်မှာလဲ…"

"သူ့ရဲ့မိန်းမတွေကတော့ ညတိုင်းငိုနေရတယ်လို့ ကြားတယ်.. ကျေးဇူးမသိတတ်တဲ့လူတစ်ယောက်ကို ကယ်တင်မိပြီး.. သူတို့ယောက်ျားကို အခိုးခံလိုက်ရလို့တဲ့…"

ထန်ကျဲက စိတ်လှုပ်တရှား ပြောလိုက်သည်။

သူသည် ကျိုးစွေ့ကို အနိုင်ကျင့်ဗိုလ်ကျသူတစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံနေရသော သီလရှိသည့် အမျိုးသမီးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ အနိုင်ကျင့်ဗိုလ်ကျမှုနှင့် ရင်ဆိုင်ရသောအခါ သီလရှိသော အမျိုးသမီးတစ်ဦး မည်သို့ ခုခံနိုင်မည်နည်း။

အကယ်၍ သူမ ငြင်းဆိုခဲ့ပါက သူမ၏ မျိုးနွယ်တစ်ခုလုံး ပျက်စီးခြင်းသို့ ဦးတည်သွားလိမ့်မည်။

"ဒါက.."

အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူများအားလုံး ဤ စကားလုံးများကို မချေပနိုင်ဘဲ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။

အကယ်၍ ထိုလူက ဂိုဏ်းချုပ်နှင့် အရင်တွဲခဲ့ပြီးမှ အခြားအမျိုးသမီးများကို လိုက်ခဲ့ပါက ထိုလူ၏ အပြစ်ဟု ပြောနိုင်သည်။

သို့သော် ယခုမူ ထိုလူတွင် ဇနီး သုံးယောက် ရှိထားပြီးသား ဖြစ်သည်မှာ ရှင်းလင်းနေသည်။ သို့တိုင်အောင် ဂိုဏ်းချုပ်က ၎င်းကိုမျက်ကွယ်ပြုပြီး ထိုလူကို အတင်းအဓမ္မ သူမ၏အပိုင်အဖြစ် ယူခဲ့သည်။

"ပေါက်တတ်ကရတွေ.. ထန်ကျဲ မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ.. မင်းက ဒီကိစ္စကို ဂိုဏ်းချုပ်ရဲ့အပြစ်လို့ ပြောရဲတယ် ဟုတ်လား…"

"ဟုတ်တယ်.. ဂိုဏ်းချုပ်က ဒီလူကို သဘောကျတာ သူ့အတွက် ဂုဏ်ယူစရာပဲ.. မင်းက ဘယ်လိုလုပ် သူ့ကို အပြစ်တင်ရဲတာလဲ.. မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်.. ဂိုဏ်းချုပ်ကိုများ ဒီလို အသရေဖျက်ရဲတယ်…"

"ရွှေအမြုတေ ဆရာသခင်တစ်ယောက်က ယောက်ျားတစ်ယောက်ယူတာက ဘာထူးဆန်းတာကျလို့.. ဂိုဏ်းချုပ်ရဲ့ ကြည့်ရှုစောင့်ရှောက်တာ ခံရတာက မရေမတွက်နိုင်တဲ့ယောက်ျားတွေ အားကျရတဲ့ကိစ္စ.. ဘယ်လိုလုပ် သူ့ကို မလေးမစား လုပ်ရဲတာလဲ..ဟမ့်…"

"ဟုတ်တယ်.. ဟုတ်တယ်.. သူ့မှာ မိန်းမသုံးယောက် မကလို့.. တစ်ရာပဲ ရှိရှိ.. ဂိုဏ်းချုပ်က သူ့ကို မျက်စိကျတာနဲ့ သူ နာနာခံခံ အိပ်ခန်းထဲ ဝင်ရမှာပဲ…"

"ငါတို့ ဂိုဏ်းချုပ်က တကယ်ကို ထုံးတမ်းစဉ်လာတွေ ချိုးဖောက်တာပဲ.. သူ ယောက်ျားတွေကို မကြိုက်ဘူးလို့ ထင်ခဲ့တာ.. ဒါပေမဲ့ တကယ်တမ်းတော့ သူက အိမ်ထောင်ရှိယောက်ျားတွေကိုမှ သဘောကျတာကိုး…"

"ငါတော့ သူ့အကြိုက်က မဆိုးဘူးလို့ ထင်တယ်.. တခြားမိန်းမတွေ မလိုချင်တဲ့ယောက်ျားတွေကို ငါတို့လည်း ဘယ်လိုချင်မှာလဲ.. ငါတို့က ပိုင်ရှင်ရှိပြီးသား လူတွေကိုလိုချင်တာ…"

"ဒါပေါ့.. လက်တွဲဖော်ရှိတဲ့ ယောက်ျားတွေက ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာ သိတယ်လေ.. လူပျိုတွေက ဘာနားလည်မှာလဲ.. ဟမ့် ကံမကောင်းရင် မင်္ဂလာဦးညမှာတောင် သင်ပေးနေရဦးမယ်…"

အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးတပည့် အများပြားက တစ်ညီတစ်ညွှတ်တည်း သဘောထား ပြောင်းသွားကြကာ၊ ဂိုဏ်းချုပ်၏လုပ်ရပ်များကို သူတို့အတွက် စံပြတစ်ဦးအဖြစ် စတင် ချီးကျူးကြတော့သည်။

All Chapters