ဤလူသည် ဇနီးအတွက် ကံကြမ္မာကောင်း သယ်ဆောင်လာသူ၊ လူ့ပြည်သို့ ဆင်းသက်လာသည့် နတ်ဘုရားသားတော်
Vol. 11 Ch. 158
ဤသည်ကို ကြားသောအခါ ထန်ကျဲ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤအမျိုးသမီး ကျင့်ကြံသူများသည် အမှန်တကယ်ပင် မျက်နှာနှစ်ဘက်ရှိကြပေသည်။
လွန်ခဲ့သောစက္ကန့်ပိုင်းကပင် သူတို့သည် ထိုလူကို ကျိန်ဆဲနေခဲ့ကြသော်လည်း၊ ယခုမူ သူတို့သည် ဂိုဏ်းချုပ်သည် ပညာရှိပြီး ရဲရင့်သည်၊ ကောင်းကောင်းလုပ်နိုင်ခဲ့သည်၊ ကျင့်ကြံသူအမျိုးသမီးများအတွက် စံပြတစ်ဦးဖြစ်သည်ဟု ဆိုကာ ဂိုဏ်းချုပ်ကို ချီးကျုးနေကြပြန်သည်။
သို့သော် အခြားနည်းလမ်း မရှိပေ၊ အင်မော်တယ်ရှားဂိုဏ်းတွင် ဂိုဏ်းချုပ်အကြောင်း မကောင်း ပြောခြင်းသည် သေလမ်းရှာခြင်းမျှသာ ဖြစ်သည်မဟုတ်လော။ သူတို့သည် သူမကို မြှောက်ပင့် ပြောဆိုရုံသာ တတ်နိုင်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ မြှောက်ပင့်ပြောဆိုခြင်းအား ဂိုဏ်းချုပ် ကြားချင်မှကြားမည် ဖြစ်သော်လည်း အကယ်၍ ဂိုဏ်းချုပ်ကို အသရေဖျက်ပါက သူမ သေချာပေါက် ကြားလိမ့်မည်ဖြစ်သည်။
မသေချင်သေးပါက မိုးခါးရေသာ သောက်ရုံရှိတော့သည်။
"ဟုတ်သားပဲ ထန်ကျဲ.. အဲ့ဒီလူက ဘယ်လို ပုံစံမျိုးလဲ.."
တစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်။
၎င်းသည် လူများစွာ စိတ်ဝင်တစား ဖြစ်နေကြသောအချက် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကျိုးစွေ့၏ မျက်နှာကို မြင်ဖူးသူသည် လူအနည်းငယ်သာ ရှိသည်။
"ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးခံရတဲ့လူဆိုတော့ သေချာပေါက် ခန့်ညားတဲ့ဟန်ပန် ရှိပြီး ကျောက်စိမ်းရုပ်တုတစ်ခုလို ချောမောမှာပဲ…"
"သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမဲ့ သူ့မှာ သာမန်ထက်ထူးကဲတဲ့အမူအရာ ရှိတယ်.. နတ်ဘုရားရဲ့ သားတော်တစ်ပါး လူ့ပြည်ကိုကျရောက်လာသလိုပဲ.."
"အဟမ်း..ဒါက ကျွန်တော် ချဲ့ကားပြောနေတာ မဟုတ်ဘူးနော်.."
"ဒီတစ်ခေါက်မှာ အမျိုးသမီးတပည့် နည်းနည်းလည်း အကြီးအကဲရန်ဟွေနောက်ကို အတူလိုက်သွားကြတယ်လေ.."
"အဲ့ဒီလူကို မြင်လိုက်ရတဲ့အခါ သူတို့ရဲ့ နှလုံးသားတွေ တစ်ဒိန်းဒိန်းခုန်ပြီး တိတ်တဆိတ် စွဲလန်းသွားကြတယ်ဆိုပဲ.."
"အကယ်၍သာ သူက ဂိုဏ်းချုပ်ရဲ့လူ မဟုတ်ခဲ့ရင် သူ့ကို အားကြိုးမာန်တက် အတင်းလိုက်ကပ်ကြမှာတောင် သေချာတယ်ဗျ.."
ထန်ကျဲက နှမြောတသသောလေသံဖြင့် ပြောလိုက်သည်။
အမှန်တကယ်တော့ ၎င်းသည် ထန်ကျဲက ကျိုးစွေ့အကြောင်း ကြွားဝါပြောဆိုနေခြင်း မဟုတ်ဘဲ အမှန်တရား ဖြစ်သည်။
'ချစ်ခြင်းမေတ္တာကူ'နှင့် 'နဂါးဆင်ကူ'တို့ကို ကျေးဇူးတင်ရမည် ဖြစ်သည်။ ထိုကူပိုးကောင်နှစ်ကောင်၏ ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ ကျိုးစွေ့၏ ကာယအရည်အသွေးသည်လည်း အဆက်မပြတ် တိုးတက်နေခဲ့သည်။
သူ၏ရုပ်ရည်ရော၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုရောသည် ပြီးပြည့်စုံမှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲနေခဲ့သည်။
အထူးသဖြင့် 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားသည် သူ၏ရုပ်ရည်ကို ပိုမိုမြှင့်တင်ပေးပြီး အမျိုးသမီးများ ကြိုက်နှစ်သက်သော အသွင်အပြင်သို့ ပြောင်းလဲစေခဲ့သည်။
ထို့ကြောင့် ကျင့်ကြံသူအမျိုးသမီးများအပေါ် သူ၏ ဆွဲဆောင်မှု သိသိသာသာ တိုးလာစေသည့် ရလဒ် ဖြစ်စေခဲ့သည်။
ယခုအခါ သူ့ကို မြင်တွေ့လိုက်သော မည်သည့် ကျင့်ကြံသူအမျိုးသမီးမဆို အထင်အမြင်ကောင်း မရှိလျှင်တောင်မှ သူ့ကို မကြိုက်ဘဲတော့ နေမည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် မျက်မှောင်ကြုတ်ခြင်း၊ ပြုံးခြင်း စသော သူ၏လှုပ်ရှားမှုတိုင်းသည် ဆန့်ကျင်ဘက်လိင်အပေါ် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
"ချီး.. ဒီလိုဆိုရင် ဒီလူက သဘာဝအတိုင်း ချောနေတာ မဟုတ်ဘူးလား… သူက ဂိုဏ်းချုပ်ကို ဆွဲဆောင်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး…"
"သူ့ရဲ့ စိတ်ဝိညာဉ်အမြစ်ကရော… အဲ့ဒါကလည်း မြင့်နေလောက်မလား.."
"သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမှတော့ အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ်ပဲ ရှိမှာပေါ့… တကယ်လို့ သူ့မှာ အလယ်အလတ်တန်းစား ဒါမှမဟုတ် ပိုမြင့်တဲ့စိတ်ဝိညာဉ်အမြစ် ရှိခဲ့ရင် ဂိုဏ်းတစ်ခုခုကို ဝင်တာ ကြာလှရောပေါ့…"
"ဒီလိုဆိုရင်တောင် ဒီလူက လောကမှာ နေရာတစ်နေရာရသွားပြီလို့ သတ်မှတ်နိုင်တယ်.. ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးခံရတော့ သူ့ရဲ့ အောင်မြင်မှုက တစ်ရှိန်ထိုးတက်သွားပြီပေါ့…"
"ဟုတ်တယ်မလား.. သူ ရွှေအမြုတေနယ်ပယ်ကို ရောက်မရောက် မသေချာပေမဲ့ အခြေတည်အဆင့် နယ်ပယ်ကို ရောက်ဖို့ကတော့ သေချာနေပြီ…"
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသားကျင့်ကြံသူများသည် မနာလိုမှု၊ မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး နှလုံးသားထဲတွင် ခါးသီးနေတော့သည်။
အဘယ်ကြောင့် ဂိုဏ်းချုပ်က သူတို့ကို မျက်နှာသာမပေးရသနည်း။ သူတို့တွင်လည်း စွမ်းရည်ရှိသည်မဟုတ်လော။ အကယ်၍ သူမက အိမ်ထောင်ရှိယောက်ျားများကို ကြိုက်နှစ်သက်ပါက သူတို့လည်း အရင်ဦးစွာ လက်ထပ်ထားပေးနိုင်သည်။
ဂိုဏ်းချုပ်က ဘယ်လို ယောက်ျားအမျိုးအစားကိုပဲ ကြိုက်သည်ဖြစ်စေ၊ သူတို့ ထိုအမျိုးအစား ဖြစ်လာနိုင်သည်။
"ဒီလူကို လျှော့မတွက်ကြနဲ့.."
"ဒီလူရဲ့ စိတ်ဝိညာဉ်အမြစ်ပါရမီက သိပ်မကောင်းပေမဲ့ သူ့ရဲ့ ဆေးဖော်စပ်ပညာ အရည်အချင်းက အရမ်းမြင့်မားတယ်…"
"သူက လက်ရှိ ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိနေပေမဲ့ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်နေပြီ…"
"သူက အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခုကို သုံးပြီး ထိပ်တန်း အခြေတည်ဆေးလုံး သုံးလုံးကို သန့်စင်ခဲ့တယ်.."
"ဒီထိပ်တန်း အခြေတည်ဆေးလုံး သုံးလုံးနဲ့.. သူ့ရဲ့ တာအိုလက်တွဲဖော် သုံးယောက်ကို အခြေတည်အဆင့် နယ်ပယ်ဆီ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာပဲ…"
"ဂိုဏ်းချုပ်ရဲ့ အကူအညီ မရှိရင်တောင်မှ သူထင်ပေါ်ကျော်ကြားလာဖို့က ရှောင်လွှဲလို့ မရတဲ့ ကိစ္စ ဖြစ်လာမှာပဲလို့ ပြောလို့ရတယ်.."
ထန်ကျဲက နောက်ထပ် ထိတ်လန့်ဖွယ် သတင်းတစ်ခုကို ရုတ်တရက် ဖောက်သည်ချလိုက်သည်။
ဆိုရလျှင် ၎င်းသည်လည်း ကျိုးစွေ့ ယခင်က ထုတ်ဖော်ခဲ့သော သတင်းအချက်အလက် အချို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် အင်မော်တယ်ရှားဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ဆေးဖော်စပ်ပညာရှင်တစ်ဦးအဖြစ် ကျင့်ကြံမှုကို တိုးမြှင့်ရန် စီစဉ်ထားသည်။ ၎င်းက သူ၏အစစ်အမှန်ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်သည်။
သတင်းအမှားဟု ဆိုသော်လည်း အပြည့်အဝ မှားယွင်းနေသည်တော့ မဟုတ်ပေ။
အမှန်တရား ခုနစ်ဆယ်ရာခိုင်နှုန်းနှင့် အမှား သုံးဆယ်ရာခိုင်နှုန်းသည် ရန်သူကို လှည့်စားနိုင်ပြီး အမှန်ဟု ယုံကြည်သွားစေနိုင်သည်။
ရန်သူက သူ့ကို တိုက်ခိုက်ရေးခွန်အား အနည်းငယ်သာရှိသော ဆေးဖော်စပ်ပညာရှင်တစ်ဦးမျှသာဟု ထင်သွားသည်နှင့် သူတို့ကို အံ့အားသင့်စရာတစ်ခု ပေးလိမ့်မည်ဖြစ်ပြီး၊ ရန်သူကို အမှတ်မထင် အငိုက်မိသွားစေမည်။
ဘာရယ်…။
ဤသည်ကို ကြားသောအခါ အင်မော်တယ်ရှားဂိုဏ်းတပည့်များ အံ့အားသင့်သွားကြသည်။ ထို အမျိုးသားကျင့်ကြံသူတွင် ဆေးဖော်စပ်ပညာ အရည်အချင်း ရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြဘဲ လက်တွေ့တွင် ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်နေချေသည်။
ရိုးရိုးသားသား ပြောရလျှင် ထိုသို့သော အရည်အချင်းသည် အံ့ဩဖွယ်ရာ ဖြစ်သည်။
အင်မော်တယ်ရှားဂိုဏ်းတွင် တပည့်များစွာ ရှိသော်လည်း၊ အမှန်တကယ် အရည်အချင်းရှိသော ဆေးဖော်စပ်ပညာရှင်များမှာ ရှားပါးနေဆဲ ဖြစ်သည်။
ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးက ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာခြင်းမှာ ပြောဖွယ်ရာ မရှိတော့ပေ။
မည်သည့်ဂိုဏ်းမဆို ထိုသို့သော အရည်အချင်းရှိတပည့်တစ်ဦးကို ရှာဖွေတွေ့ရှိပါက၊ သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီ နိမ့်ကျနေလျှင်ပင် အာရုံစိုက်ပျိုးထောင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာနိုင်သော ကျင့်ကြံသူများသည် အမှန်တကယ် ရှားပါးလှသည်။
မည်သည့်နေရာတွင် ဖြစ်စေ၊ သူတို့သည် ထူးကဲသော ပါရမီရှင်များအဖြစ် သတ်မှတ်ခံကြမည်ဖြစ်ပြီး၊ မရေမတွက်နိုင်သော အင်အားစုများနှင့် ဂိုဏ်းများ၏လိုလားခြင်းကို ခံကြရသည်။
"နေပါဦး.. ဒါဆို ဒီလူရဲ့ တာအိုလက်တွဲဖော် သုံးယောက်က မူလက ချီသန့်စင်ခြင်း ကျင့်ကြံသူတွေ.. ဒါပေမဲ့ ဒီလူနောက်ကို လိုက်ပြီးတဲ့နောက် အခြေတည်အဆင့် ကျင့်ကြံသူတွေ ဖြစ်လာကြတာလား…"
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦး ရုတ်တရက် အဓိကအချက်ကို သတိပြုမိသွားသည်။
"အမှန်ပဲ.."
ထန်ကျဲ ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းချုပ်ကလည်း ဒီလိုပဲ ဖြစ်ခဲ့ပုံရတယ်.. မူလက သူ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ.. ဒါ့အပြင် ပြင်းထန်တဲ့ အဆိပ်သင့်နေခဲ့တာ.. ဒါပေမဲ့ ဒီလူနောက်ကို လိုက်ပြီးတဲ့နောက် အဆိပ်ဖြေနိုင်ခဲ့ရုံတင် မကဘူး.. အမြုတေဖွဲ့စည်းခြင်းကိုပါ တက်လှမ်းနိုင်ခဲ့ပြီးတော့.. ရွှေအမြုတေ ဆရာသခင်တစ်ယောက် ဖြစ်လာခဲ့တယ်.."
"မပြောဘဲကို မနေနိုင်တော့ဘူးအေ.. ဒီလူက သူ့ရဲ့ ဇနီးတွေကို ကံကောင်းခြင်း ယူဆောင်လာပေးနိုင်တဲ့ အစွမ်းက အရမ်း အားကောင်းလွန်းနေသလားပဲ.. သူ့အနားမှာရှိတဲ့ ဘယ်အမျိုးသမီးမဆို အကျိုးကျေးဇူးကြီးကြီးမားမား ရရှိသွားမှာလား.."
"ဒီလူမှာ ဇနီးတွေကို ကံကောင်းစေတဲ့ ကံကြမ္မာမျိုးများ ရှိနေတာလား.."
အင်မော်တယ်ရှားဂိုဏ်းမှ အခြားအမျိုးသမီး ကျင့်ကြံသူတစ်ဦးသည်လည်း သူမ၏ အတွေးများကို မထုတ်ဖော်ဘဲ မနေနိုင်တော့ပေ။
အကယ်၍ တစ်ယောက်၊ နှစ်ယောက်တည်း ဆိုလျှင် ကိစ္စမရှိသေး၊ သို့သော် ယခုအခါ သုံးလေးယောက်ပင် ရှိနေပြီမဟုတ်လော။
၎င်းတို့အားလုံး အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ရိတ်သိမ်းခဲ့ကြသည်။ ၎င်းသည် ကံကောင်းခြင်းဟုပင် ခေါင်းစဉ်တပ်၍ရသော အရာမဟုတ်တော့ပေ။
"ဇနီးတွေကို ကံကောင်းစေတယ် ဟုတ်လား…"
ဤသည်ကို ကြားသောအခါ အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။
သူတို့သည်လည်း ကျင့်ကြံခြင်းလောကတွင် မတူညီသော ကျင့်ကြံသူများတွင် ထူးခြားသော ကံကြမ္မာများရှိတတ်သည်ကို သိထားကြပြီး၊ အလွန်တရာ ကံကောင်းသည့်သူများ အမှန်တကယ် ရှိကြောင်း သိရှိကြသည်။
အခြေတည်အဆင့် သို့မဟုတ် ရွှေအမြုတေ နယ်ပယ်အထိ ရောက်ရှိနိုင်သော ကျင့်ကြံသူတိုင်းနီးပါးသည် သူတို့၏ကိုယ်ပိုင် ထူးခြားသောတွေ့ဆုံမှုများ ရှိကြလေ့ရှိသည်။
ထို့ကြောင့် ကျင့်ကြံသူများစွာတွင် ‘ယောက်ျားကံဆိုး၊ မိန်းမကံမြှင့်’၊ အထီးကျန်ကြယ် စသည်ဖြင့် ထူးခြားသော ကံကြမ္မာအချို့ ရှိကြပေသည်။
ဤသည်ကို သက်သေမပြနိုင်လျှင်ပင်၊ ယုံကြည်ခြင်းသည် မယုံကြည်ခြင်းထက် ပို၍ကောင်းပေသည်။
မည်သို့ပင်ဖြစ်စေ၊ ထိုလူတွင် အထူး အရည်အချင်းများ ရှိရပေမည်။ ဖြစ်နိုင်သည်မှာ သူ့တွင် အထူး ဝိညာဉ်ခန္ဓာကိုယ်တစ်မျိုးမျိုးကို သယ်ဆောင်ထားနိုင်ပေးသည်။
သို့မဟုတ်ပါက ဂိုဏ်းချုပ်သည် ဤမျှ မျက်နှာသာပေးမည် မဟုတ်ပေ။
"အဟမ်း.. အဲ့ဒီအကြောင်း ဆက်မတွေးကြနဲ့တော့…"
"ဒါက ဂိုဏ်းချုပ်ရဲ့ ယောက်ျား.. မင်းတို့က ဂိုဏ်းချုပ်နဲ့ ယောက်ျားတစ်ယောက်ကို ပြိုင်လုချင်လို့လား..အဟတ်.. မင်းတို့ ကိုယ့်အကြောင်းကိုယ်သိကြဦး…"
ထန်ကျဲ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူက အတင်းအဖျင်း ပြောနေရုံသာဖြစ်ပြီး၊ ယခုအခါ ဤအမျိုးသမီး ကျင့်ကြံသူများက ကျိုးစွေ့ကို ပစ်မှတ်ထား လာကြသည်။
ဤလူသည် အမှန်တကယ်ပင် အရသာရှိသော ပေါက်စီတစ်လုံးကဲ့သို့ ဖြစ်ပြီး၊ ကျင့်ကြံသူအမျိုးသမီးများ၏ မျက်နှာသာပေးမှုကို သဘာဝအတိုင်း ရရှိနေခြင်း ဖြစ်နေသည်လော။
ဤသို့ တွေးမိသောအခါ သူ အနည်းငယ် မနာလို မဖြစ်ဘဲ မနေနိုင်တော့ပေ။
ဤလောကကြီးတွင် ကျင့်ကြံသူအမျိုးသမီးများကြား သဘာဝအတိုင်း ရေပန်းစားသော ယောက်ျားများ အမှန်တကယ် ရှိနေသည်။ ယင်းက အလွန်ပင် မတရားလှချေ။
"အဟင်းဟင်း.. ငါတို့က နောက်နေတာပါ.. ဂိုဏ်းချုပ်နဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ် ပြိုင်လုရဲမှာလဲလို့.."
"အေးလေ အေးလေ.. ငါတို့မှာ အဲ့ဒီလောက် သတ္တိရှိပါ့မလား.."
"ငါတို့က ဒီတိုင်း ပြောနေကြရုံပဲဟာကို.. ငါတို့ ဂိုဏ်းချုပ်ကို ဒေါသထွက်အောင် ဘယ်လိုလုပ်ရဲမှာလဲလို့.. အဟဲ.."
ဤအင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးများက တလက်လက် တောက်ပနေရာ စိတ်ရင်းမှန်ဖြင့် ပြောနေခြင်း မဟုတ်သည်မှာ ရှင်းလင်းလှပေသည်။