← Chapters

အနောက်ဘက်နယ်စပ်မြို့ လော့ကဲအရှင်

Vol. 1 Ch. 41

အနောက်ဘက်နယ်စပ်မြို့ လော့ကဲအရှင်

Vol. 1 Ch. 41

ကိုယ်ခံပညာတွင် ထူးခြားသော စွမ်းအင်များ ပါဝင်သည်။ ကိုယ်ခံပညာကို ခန္ဓာကိုယ်အားဖြင့် ထုတ်လုပ်နိုင်သော်လည်း အတွင်းအားမှ ထုတ်လုပ်သော စွမ်းအားနှင့် ယှဉ်ပါက အတော်ပင် နည်းနေပေသည်။ ကိုယ်ခံပညာ အများစုကို အသုံးပြုရန် အတွင်းအားပင် လိုသေးပေသည်။

ကိုယ်ခံပညာ သိုင်းသမားများသည် ကြံ့ခိုင်မှုတိုးတက်စေရန် အလို့ငှာ ကိုယ်ခံပညာကို လေ့ကျင့်ရသည်။ ဤသို့ လေ့ကျင့်ခြင်းအားဖြင့် တိုက်ခိုက်မှု၊ ခုခံမှု၊ အမြန်နှုန်း စသည်တို့ကို တိုးတက် လာစေသည်။

ကျန်းရီ တွေ့ခဲ့ရသည်မှာ ထူးခြားသော အသစ်အဆန်း တစ်ခုပင် ဖြစ်သည်။ သူ၏ စိတ်တွင် လမ်းကြောင်းတစ်ခု အလိုအလျောက် ပေါ်လာသည်။ လမ်းကြောင်း၏နေရာ အများစုမှာ ပြည့်စုံနေသော်လည်း အလယ်နားတွင် အပိုင်းအသေးတစ်ခုမှာ ပျောက်ဆုံးလျက် ရှိသည်။

ကျန်းရီသည် ကျင့်စဉ်လမ်းကြောင်း၏ အရှေ့နှင့် အနောက်ပိုင်းကို ရထားသည့်အတွက် ကိုယ်ခံပညာကို သူနားလည် လာလိမ့်မည်ဟု မျှော်လင့်လျက် ရှိသည်။ လက်ဝယ်ရှိသော အပိုင်းများကို ကိုးကားကာ အလယ်ပိုင်းကို ပုံဖော်၍ အမှားကင်းပြီး သူ့ကို ကိုယ်ခံပညာ တတ်ကျွမ်းရန် အကူအညီ ပေးနိုင်မည့် လမ်းကြောင်းကို သူဖန်တီးနိုင်ပေသည်။

သို့သော် ထိုအရာမှာ စိတ်ကူးထက် လက်တွေ့မှာ များစွာ ခဲယဉ်းနေသည်။ အကယ်၍ တစ်ခုခုသာ မှားသွားခဲ့မည် ဆိုလျှင် သူ၏ အတွင်းအားသည် ကောက်ရိုးမီးကဲ့သို့ ဖြစ်ကာ သွေးကြောများကို လောင်စေလိမ့်မည်။ သူကိုယ်တိုင်လည်း ပေါက်ကွဲမှုကြောင့် သေဆုံးရပေမည်။

သို့သော် ကျန်းရီသည် ထိုနည်းလမ်းကို မစဉ်းစားတော့ပဲ သူ၏ စွမ်းအင်အသစ် အတွက် စိတ်လှုပ်ရှားနေသည်။ သူသည် အတွင်းအား ပေါက်ကွဲလက်ဝါးကို ဖော်ထုတ်ရန်သာ စိတ်ကို စုစည်းထား လိုက်တော့သည်။

ညမှာ တဖြည်းဖြည်း နက်လာသော်လည်း ကျန်းရီထံတွင် အိပ်စက်လိုသော ဆန္ဒမရှိချေ။ တစ်နာရီကြာသော် သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ အနက်ရောင် အတွင်းအားလည်း ကုန်ဆုံးသွားကာ စိတ်ထဲတွင်ပေါ်နေသော လမ်းကြောင်းမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သူ၏ စိတ်မှာလည်း မကြည်လင်တော့ပဲ ကိုးရိုးကားရား ဖြစ်စပြုလာခဲ့သည်။

"ဆက်ပြီး နားလည်အောင် လုပ်ရမယ်"

သူသည် ချက်ချင်းပင် အနက်ရောင် အတွင်းအားကို ဦးနှောက်ဆီသို့ ပို့လိုက်သည်။ သိုင်းခန်းမ အတွင်းတွင် ရှိနေသောကြောင့် သူ၏ ကျင့်ကြံနှုန်းသည် အဆများစွာ မြန်ဆန်နေခဲ့သည်။ ထို့ပြင် သူ၏ ပျက်စီးသွားခဲ့သော ရှေးဟောင်းအက္ခရာ များကြောင့်လည်း ကျင့်ကြံနှုန်းသည် ပို၍ပင် မြန်ဆန်လာခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား ဆယ်မျှင်ကို တစ်နာရီအတွင်း ပြန်လည်စုဆောင်း နိုင်သည့်အတွက် အနက်ရောင် အတွင်းအား ကုန်ဆုံးသွားမည်ကို စိုးရိမ်မနေခဲ့ပေ။

ကျန်းရီသည် နေထွက်ချိန်မှသာ ကျင့်ကြံခြင်းကို ရပ်လိုက်သည်။ သူသည် ယခင်ညထက် ပိုမို၍ အိပ်ရေးပျက်ခဲ့သော်လည်း ပင်ပန်းမှုကို မခံစားရချေ။

သူသည် နှစ်နာရီမျှ အနက်ရောင် အတွင်းအားကို အပြည့် စုဆောင်းပြီးနောက် လမ်းလျှောက် ထွက်လာကာ သူ၏ နေ့စဉ်ဝတ္တရားများကို စလုပ်လေသည်။ သူသည် ကြီးကြပ်သူယန်၏ အမည်စာရင်းကို တစ်ချက် ကြည့်လိုက်သည်။ နာမည်တစ်ခုမှာ သူ့အား နေမထိထိုင်မသာ ဖြစ်အောင် လုပ်နေချေပြီ ...  ...  ... ကျန်းကူရွှေ …

ကျန်းကူရွှေသည် လက်ရှိတွင် သဏ္ဌာန် သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့် ဖြစ်သည်။ ကျန်းယွင်ရှန်သည် သူ့ကို အင်အားများ တိုးတက်လာစေရန် ကူညီချင်ကြောင်းမှာ သိသာပေသည်။ ကျန်းကူရွှေ ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ တက်ရောက်ခွင့် မရခဲ့လျှင်တောင် အနောက်ဘက်နယ်စပ် စစ်တပ်ထဲသို့ အနည်းဆုံး ဝင်ခွင့်ရနိုင်ပေသည်။

ကျန်းရီသည် လေ့ကျင့်ပွဲကို မငြင်းပယ်ခဲ့ပေ။ မဟုတ်လျှင် ကျန်းဂိုဏ်း၏ သံသယများကို နှိုးဆွပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူသည် တိတ်ဆိတ်စွာ ဝင်ရောက် လာခဲ့ပြီးနောက် ကျန်းကူရွှေ၏ မျက်လုံးထဲမှ ထူးဆန်းသော အကြည့်ကို သတိပြုလိုက်မိလေသည်။

သူ့စိတ်သည် အနည်းငယ် တုန်လှုပ်သွားသော်လည်း တည်ငြိမ်သည့်ပုံ ဖမ်းထားလိုက်ခဲ့ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ကံကောင်းစွာပင် ကျန်းကူရွှေသည် သံသယမများခဲ့ပေ။ တစ်နာရီကြာ လေ့ကျင့်ပြီးနောက် ကျန်းရီ၏ အနိုင်ကျင့်မှုများကို ခံရသော ကျန်းကူရွှေထံမှ အော်သံများ ထွက်လာခဲ့လေသည်။ သူသည် နှုတ်မဆက်ခင်တွင် ခြောက်ကပ်ကပ် ပြုံးပြသွားခဲ့သည်။

ကျန်းကူရွှေက ငါ့ကို မှတ်မိနေခဲ့တာလား…

ကျန်းကူရွှေ ထွက်သွားသည်နှင့် ကျန်းရီသည် ကျန်းကူရွှေ၏ လှုပ်ရှားမှုတိုင်းကို ပြန်လည် တွေးတောနေခဲ့သည်။ သို့သော် ကျန်းကူရွှေ သူ့ကို မှတ်မိသည်လား၊ မမှတ်မိဘူးလား ဆိုသည်ကို သူတပ်အပ် မပြောနိုင်ခဲ့ပေ။ နောက်တစ်ယောက်သည် လေ့ကျင့်ရန် ရောက်လာပြီဖြစ်ရာ သူသည်လည်း အများကြီး တွေးမနေတော့ပေ။

လက်ရှိအနေအထား အရဆိုလျှင် ကျန်းကူရွှေ သူ့ကို မှတ်မိ သွားလျှင်တောင် သူလုပ်နိုင်သောအရာ မရှိပေ။ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှု စိုးစဉ်းမျှ ရှိမနေခဲ့ပေ။ ကျန်းဂိုဏ်းသည် သိုင်းခန်းမ အတွင်းတွင် သူ့ကို လုပ်ကြံ သတ်ဖြတ်ရဲ ပါမည်လား။

သိုင်းလေ့ကျင့်ပွဲ ငါးပွဲနှင့် တစ်မနက်ခင်းကို ကုန်ဆုံးပြီးနောက် ကျန်းရီသည် အတွင်းအား ပေါက်ကွဲလက်ဝါးကို လေ့လာရန်သာ စိတ်အားထက်သန် နေခဲ့သည်။ ထို့နေ့က သူသည် သန်းခေါင်ယံမှသာ အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့တွင် ကျန်းကူရွှေသည် ပေါ်မလာခဲ့ပေ ... သူ့အစား ပေါ်လာခဲ့သူကား ကျန်းရူလန်ဖြစ်သည်။ ကျန်းရူလန်၏ မျက်လုံးတွင်းတွင် ထူးဆန်းသည့် အကြည့်တစ်ခု ပေါ်လွင်နေခဲ့သော်လည်း သူသည် အတော်လေးကို ဟန်ဆောင်ကောင်း ပေသည်။ ကျန်းရီသည် စိတ်ရှုပ်ခံ တွေးတော မနေတော့ဘဲ မီးစဉ်ကြည့်ကရန်သာ ဆုံးဖြတ်ခဲ့လိုက်သည်။

နေ့ရက်များသည် ငြိမ်းချမ်းစွာပင် ကုန်ဆုံးသွားခဲ့သည်။ ကျန်းကူရွှေသည် နှစ်ကြိမ်ထံ ထပ်မံရောက်လာခဲ့ပြီး သူ၏ သိုင်းပညာရပ် တစ်ခုသည် သဘာဝလွန်အဆင့် ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကျေးဇူးတင်စကား ပြောဆိုလာခဲ့သည်။ သူသည် ကျန်းရီကို ကျန်းဂိုဏ်းသို့ အလည်လာရန်နှင့် သူသည် ကောင်းမွန်စွာ ဧည့်ခံမည် ဖြစ်ကြောင်းတောင် ပြောခဲ့သေးသည်။

ကျန်းရီသည် တည်ငြိမ်ဟန်ဆောင်ပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ သူ့နှလုံးသား သည်ကား တရွရွ ဖြစ်လာခဲ့ရသည် ... ကျန်းဂိုဏ်းကို အလည်သွားဖို့ ... သူသည် လမ်းလျှောက်ဝင် သွားပြီး ထမ်းစင်နှင့် ထွက်လာရမည် မဟုတ်ပေဘူးလား။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ လူသစ်လက်ခံပွဲ အခမ်းအနား မစတင်ခင် နှစ်ရက်အလိုတွင် သိုင်းခန်းမသည် အလုပ်မရှိခဲ့ပေ ... ဂိုဏ်းပေါင်းစုံမှ အထက်လူကြီးများသည် လက်အောက် ငယ်သားတို့ကို အားလပ်ရက် တစ်ရက်ပေးလိုက်သည်မှာ ထင်ရှားသည်။ သူတို့ကို အနားယူ လိုက်ခိုင်းကာ တိုက်ခိုက်ရာတွင် အကောင်းဆုံး အခြေအနေရရှိရန် ပြင်ဆင်ခွင့် ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကျန်းရီသည် သိုင်းလေ့ကျင့်ရန် သွားစရာ မလိုသော်လည်း ယခင်ကထက် ပို၍ ကြိုးစားနေခဲ့သည်။ နှစ်ရက်လုံးလုံးတွင် သူသည် ဆာလောင်လာလျှင် ပေါင်မုန့် တချို့ကိုသာ စားသည်။ သူသည် အတွင်းအားပေါက်ကွဲ လက်ဝါးကို နားလည်သဘောပေါက် အောင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။

နောက်ဆုံးတွင် ...

လူသစ်လက်ခံပွဲ အခမ်းအနား မတိုင်ခင်ညတွင် ကျန်းရီ၏ မျက်လုံးများ ပွင့်လာခဲ့လေသည်။ သူ၏ ပင်ပန်း နွမ်းနယ်နေသော မျက်လုံး အစုံတို့သည် ရဲနေခဲ့သည်။ ရှစ်ရက်လုံး နားလည် သဘောပေါက်အောင် ကြိုးစားပြီးနောက် သူ့စိတ်ထဲမှ အတွင်းအားပေါက်ကွဲ လက်ဝါး၏ လမ်းကြောင်းသည် အနက်ရောင် အတွင်းအား အကူအညီဖြင့် ပြီးပြည့်စုံ သွားခဲ့ပေသည်။

သူသည် စမ်းသပ်မှုများကို အလျင်စလို မလုပ်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လှဲချလိုက်ကာ အိပ်ပျော် သွားခဲ့လေသည်။ သူသည် အလွန်အိပ်ချင် နေခဲ့ပေပြီ ... ဤသို့ စိတ်အခြေအနေ မတည်ငြိမ်သော အချိန်တွင် သူသည် အတွင်းအားပေါက်ကွဲ လက်ဝါးကို အသုံးမပြုရဲပေ။ မတော်တဆဖြင့် အတွင်းအားကို မှားယွင်းသော် လမ်းကြောင်းဖြင့် လှည့်ပတ် မိသောကြောင့် သွေးကြောများ ပေါက်ကွဲသွားပါလျှင် မည်သို့ လုပ်မည်နည်း ... အရာအားလုံး အဆုံးသတ် သွားပေလိမ့်မည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိဘဲ ကျန်းရီသည် အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်ဖြင့် လှည့်ပတ် ကြည့်လိုက်ပြီး မနက်ခင်းသည် အတော်လေး နောက်ကျနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် အလျင်အမြန် မတ်တတ်ရပ်ကာ ခြေလက်များပင် ဆေးကြော သန့်စင်ခြင်း မပြုတော့ပဲ သွေးရူးသွေးတန်း ပြေးထွက်ခဲ့လေသည်။

"အထီးကျန်ဝံပုလွေ ... အလျင်လိုနေစရာ မလိုပါဘူး"

ကြီးကြပ်သူယန်သည် ရုတ်တရက် အခန်းတစ်ခုဆီမှ ထွက်လာကာ ပြုံးရင်း ပြောလာခဲ့သည် ...

"ဒီနေ့က လုပ်ရိုးလုပ်စဉ် တချို့နဲ့ နာမည်စာရင်း ပေးဖို့ပဲ ... ပြိုင်ပွဲတွေက မနက်ဖြန်မှ တရားဝင်စမှာ"

"ကျွန်တော်သိပါတယ် ... ဒါပေမဲ့ ကျွန်တော် စာရင်းသွားသွင်းရမယ် ... .''

ကျန်းရီသည် အလျင်အမြန် ပြန်ဖြေရင်း အပြင်ဘက်သို့ ပြေးထွက် သွားခဲ့လေသည်။

"အရူးလေး"

ကြီးကြပ်သူယန်သည် ရယ်မောလိုက်သည် ...

"ဘယ်အချိန် ရှိနေပြီလဲဆိုတာ မင်းမမြင်ဘူးလား ... မင်းအဲ့နေရာကို ရောက်သွားတဲ့ အချိန်ကျ စာရင်းက ပိတ်သွားလောက်ပြီ ... ငါမနက် စောစောတည်းက မင်းအတွက် စာရင်းပေးဖို့ လူတစ်ယောက် လွှတ်ပြီးပြီ ... ဒီမှာ ... မင်းရဲ့ တံဆိပ်ပြား"

ကျန်းရီသည် အနက်ရောင် တံဆိပ်ပြားလေးကို လက်ခံယူလိုက်သည်။ သူသည် '၅၃၆' ဟူသော ဂဏန်းသုံးလုံးကို မြင်လိုက်လျှင် ချက်ချင်း လက်နှစ်ဖက်ကို ဆုပ်ကာ ကြီးကြပ်သူယန်ကို အရိုအသေ ပေးလိုက်သည် ...

"ကြီးကြပ်သူ ... အဆုံးမှာ ဘာတွေပဲ ဖြစ်လာလာ အထီးကျန်ဝံပုလွေက ကြီးကြပ်သူယန်ရဲ့ ကြင်နာမှုကို မမေ့ပါဘူး"

ကြီးကြပ်သူယန်သည် အများကြီး တွေးမနေတော့ဘဲ စကားပြော လာခဲ့သည် ...

"အထီးကျန် ဝံပုလွေ ... ငါ မလိုအပ်တာတွေကို မပြောတော့ဘူး ... မင်းအောင်မြင် ခဲ့ရင်တော့ အကောင်းဆုံးပေါ့ ... ဒါပေမဲ့ မင်းကျရှုံးသွားရင် စိတ်ဓာတ်မကျနဲ့ ... ငါဒီမှာ ရှိနေတယ် ... ကောင်းပြီ ... အခန်းထဲကို လိုက်ခဲ့ဦး ... ငါမင်းကို အခမ်းအနားရဲ့ စည်းမျဉ်းတွေကို ရှင်းပြမယ်"

ကျန်းရီသည် အတော်လေး တက်ကြွနေသည် ဖြစ်ရာ ကြီးကြပ်သူယန်၏ အနောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။ ကျန်းရီကို ခုံတွင် ထိုင်ခိုင်းပြီးနောက် ကြီးကြပ်သူယန်သည် လက်ဖက်ရည် တစ်ငုံ သောက်ကာ စတင် စကားပြောလာခဲ့သည် ...

"မင်းက ဝိညာဉ်သားရဲ သင်တန်းကျောင်းကို သိပြီးသားမလား ... ဒီသင်တန်းကျောင်းက နယ်မြေရဲ့ သင်တန်းကျောင်းကြီး သုံးခုမှာ တစ်ခုအပါအဝင် ဖြစ်တယ် ... ဒီကျောင်းက ငါတို့ ရှန်ဝူနိုင်ငံတော်နဲ့ တောင်ဘက် ရှနိုင်ငံတော်ရဲ့ နယ်မြေကြားမှာ ရှိတဲ့ တောင်စဉ်သုံးထောင်မှာ တည်ရှိတယ်''

"ဒီကျောင်းက မကြာခဏ လူသစ်လက်ခံတဲ့ တစ်ခုတည်းသော သင်တန်းကျောင်းပဲ ... မိုးပြာနဂါး သင်တန်းကျောင်းနဲ့ ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းက လူသစ်လက်ခံတာ အရမ်းရှားတယ် ... မိုးပြာနဂါး သင်တန်းကျောင်းက နယ်မြေကြီး ခြောက်ခုရဲ့ မင်းသား၊ မင်းသမီးတွေ ဒါမှမဟုတ် အင်အားကြီး ဂိုဏ်းတွေရဲ့ အဖွဲ့ဝင်တွေသာ ဝင်ရောက်နိုင်တယ် ... ''

ကျန်းရီသည် ခေါင်းညိတ်လိုက်သည်။ ထိုသင်တန်းကျောင်း နှစ်ခုအကြောင်းကို သူကြားဖူးပေသည်။ ထိုသင်တန်းကျောင်း နှစ်ခုသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းထက် ပို၍ အဆင့်အတန်း မြင့်သော်လည်း ပြင်ပလူများကို လက်ခံလေ့မရှိပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်း တစ်ခုသာ နယ်မြေခြောက်ခု၏ မြို့တစ်မြို့တွင် နှစ်စဉ် လူသစ်လက်ခံပွဲ ကျင်းပလေ့ရှိသည်။

ကြီးကြပ်သူ ယန်သည် ခဏမျှ ရပ်နားလိုက်ပြီး ဆက်လက် ရှင်းပြလာခဲ့သည် ...

"ဝိဉာသားရဲ သင်တန်းကျောင်းနဲ့ အနောက်ဘက် မြို့စောင့်တပ်ရဲ့ လူသစ်လက်ခံပွဲ အခမ်းအနားက တိုက်ဆိုင်မှု တစ်ခုမဟုတ်ဘူး ... တကယ်တော့ အနောက်ဘက် နယ်စပ်မြို့ လော့ကဲအရှင်က ဝိညာဉ်သားရဲ သင်တန်းကျောင်းကို လေးစားမှု ပြချင်လို့ပဲ ... မဟုတ်ရင် အနောက်ဘက် မြို့စောင့်တပ်က ကောင်းကင် တောင်ပံမြို့လို့ မြို့သေးသေးလေးမှာ ဘာလို့လာပြီး လူသစ်လက်ခံစရာ လိုမှာလဲ မင်းက အနောက်ဘက် မြို့စောင့်တပ်ကို ဝင်ခွင့်ရဖို့ တွေးမနေနဲ့ ... နေရာတွေက ကြိုတင် ဆုံးဖြတ်ထား ပြီးသားမို့ပဲ ... ဒါကြောင့် မင်းမှာ ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ ငါးနေရာက တစ်နေရာကို ရအောင်ယူဖို့ပဲ အခွင့်အရေးရှိတယ်''

"ကြိုတင် ဆုံးဖြတ်ထားပြီးသား ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... အနောက်ဘက် မြို့စောင့်တပ်က အရမ်းကို အရှိန်အဝါကြီးပြီး လော့ကဲမြို့ အရှင်ကလည်း ဉာဏ်ပညာ ထက်မြက်ပြီး နတ်ဘုရား တစ်ပါးလိုပဲဆို ... ဒါက မဖြစ်နိုင်ဘူး ... ဟုတ်တယ်မလား''

ကျန်းရီသည် သံသယဖြစ်စွာ မျက်တောင်ခတ် လိုက်သည်။ သူ့စိတ်တွင် အားကောင်းလွန်းသော လူတစ်ယောက်၏ ပုံရိပ်သည် ထင်ဟပ်လာခဲ့သည် ... အနောက်ဘက် မြို့စောင့်တပ် လော့ကဲအရှင်။

ဖြစ်ကောင်း ဖြစ်နိုင်ပေသည် ... အနောက်ဘက် နယ်စပ်မြို့ လော့ကဲအရှင်၏ မျိုးရိုးနာမည် သည် 'ကျန်း' ဖြစ်ရုံသာမက အကြီးအကဲချုပ်သည် သူငယ်စဉ်ကလည်း အနောက်ဘက် နယ်စပ်မြို့ လော့ကဲအရှင်၏ အိမ်တော်သို့ သွားရောက်ခဲ့ဖူးလေသည်။ အနောက်ဘက် နယ်စပ်မြို့ လော့ကဲအရှင်သည် ကျန်းရီအတွက် သာမက ရှန်ဝူနိုင်ငံတော်ရှိ နိုင်ငံသားတိုင်း၏ ရင်ထဲမှ သူရဲကောင်းပင် ဖြစ်သည်။

အနောက်ဘက် နယ်စပ်မြို့ လော့ကဲအရှင်သည် အသက် ဆယ့်သုံးနှစ်အရွယ်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ဆယ့်ငါးနှစ်အရွယ်တွင် သူ၏ ဂုဏ်သတင်းသည် စတင်မြင့်မား လာခဲ့သည်။ သူသည် အသက်ဆယ့်ရှစ်နှစ် အရွယ်တွင် အနောက်ဘက် မြို့စောင့်တပ်ကို အုပ်ချုပ်ကာ စစ်သည်တော် တစ်သိန်းကို ဦးဆောင်ခဲ့ပြီး ရှန်ဝူနိုင်ငံတော်ကို ကျုးကျော်လာသော မြောက်ဘက် ရေခဲနယ်မြေ စစ်တပ်၏ စစ်သည်တော် သုံးသိန်းကို အနိုင်တိုက်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် သူသည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ဟူသော ဘွဲ့ကို ရရှိခဲ့လေသည်။ ထို့နောက် သူသည် စစ်ပွဲများစွာကို တိုက်ခိုက်ခဲ့ပြီး အားလုံးတွင် အနိုင်ရရှိခဲ့လေသည်။ သူသည် အသက်လေးဆယ် မတိုင်မီပင် နယ်မြေ၏ ပြိုင်ဘက်ကင်း နံပါတ်(၁) စစ်သည်တော် ဖြစ်လာခဲ့သည်။ သူသည် နတ်ဘုရားကဲ့သို့သော တည်ရှိမှုဖြစ်ပြီး ရှန်ဝူနိုင်ငံတော်၏ စောင့်ရှောက်သူပင် ဖြစ်သည်။

ထို့ကြောင့် ကြီးကြပ်သူယန်သည် လော့ကဲအရှင်ကို မကောင်းသူအဖြစ် ဖော်ပြလာသည့်အခါ ကျန်းရီသည် သံသယ ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် သူ့ရင်တွင်းမှ အိုင်ဒေါ၏ ဂုဏ်သတင်းကို ဖျက်ဆီးလိုက်သကဲ့သို့ပင် ...

ကြီးကြပ်သူယန်သည် ရယ်မောပြီး ခေါင်းယမ်းလိုက်သည် ...

"အထီးကျန် ဝံပုလွေ ... မင်းက ငယ်သေးတော့ နားလည်မှာ မဟုတ်သေးဘူး ... ရေက ကြည်လွန်းနေရင် ငါးမရှိနိုင်ဘူး ... အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်က ဒီကိစ္စတွေကို သိနေရင်တောင် သူဝင်ပါမှာ မဟုတ်ဘူး ... ကောင်းပြီ ... ငါ့ကို ဖြတ်မပြောနဲ့ ...  စကားဆုံးအောင် နားထောင်''

ကြီးကြပ်သူယန်၏ အမူအရာသည် လေးနက်သွားပြီး အလေးအနက် ပြောလာခဲ့သည် ...

"ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ လူသစ်လက်ခံတဲ့ ပုံစံက အရမ်း ရိုးရှင်းတယ်၊ ... ပုံစံနှစ်မျိုး ရှိပြီးတော့ ပထမနည်းလမ်းက ပြိုင်ပွဲဝင်တွေ အားလုံးက စိန်ခေါ်ရမယ် ... ဘယ်သူမဆို စင်ပေါ်ကို တက်လာပြီးတော့ မင်းကို စိန်ခေါ်နိုင်တယ် ... မင်းက ပြိုင်ပွဲ တစ်ရာကို အနိုင်တိုက်နိုင်ရမယ် ...  ဒီနည်းလမ်းက ခက်ခဲတယ် ... ဒါပေမဲ့ မင်းက ပြိုင်ပွဲတစ်ရာကို အနိုင်တိုက်နိုင်ရင် မင်းက ငါးနေရာထဲက တစ်နေရာကို ချက်ချင်းရလိမ့်မယ် ... ''

"ဒုတိယ နည်းလမ်းက ကျပန်း တိုက်ခိုက်ရမှာ ဖြစ်တယ် ... နိုင်တဲ့သူက အဆင့်တက်ပြီးတော့ ရှုံးတဲ့သူက ထွက်ရမယ် ... ဒီပုံစံအတိုင်း နေရာ ငါးနေရာကျန်တဲ့အထိ တိုက်ခိုက်ရမယ် ... ပထမနည်းလမ်းကို လူငါးယောက်ကသာ ရွေးလိုက်မယ်ဆိုရင် ဒုတိယနည်းလမ်းကို သုံးစရာ မလိုတော့ဘူး ... ငါမင်းကို သိစေချင်တာက ပြိုင်ပွဲဝင်တွေ နှစ်ထောင်ကျော်ရှိပြီး အနည်းဆုံး အယောက်တစ်ရာလောက်က သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်မှာ ရှိနေတယ် ... ဒါကြောင့် ငါမင်းကို အများကြီး မျှော်လင့်မနေဖို့ ပြောချင်တယ် ... ''

*****

All Chapters