ဆုပေးဒဏ်ပေးခန်းမသခင် ရှုချီယန်၊ ဂိုဏ်းအတွင်းမှ လျှို့ဝှက်လှိုင်းဂယက်များ
Vol. 11 Ch. 159
"ကောင်းပြီ.. မင်းတို့ ကြိုက်သလိုသာ ပြောကြတော့.."
"ဒါပေမဲ့ မှတ်ထား.. အကြီးအကဲရှုချီယန် ရှေ့မှာတော့ ဒီလူအကြောင်းကို ပေါ့ပေါ့တန်တန် မပြောမိစေနဲ့.."
"မဟုတ်ရင် မင်းတို့ သေချာပေါက် ဒုက္ခရောက်လိမ့်မယ်.. နားလည်လား…"
ထန်ကျဲက သူ့ပတ်ဝန်းကျင်ရှိ ဂိုဏ်းတူတပည့်များကို လေးလေးနက်နက် သတိပေးလိုက်သည်။
"အကြီးအကဲရှုချီယန် ဟုတ်လား… ငါ မှတ်မိပြီ.. သူက အရင်ဂိုဏ်းချုပ်ရဲ့ ထိပ်တန်းတပည့် ဖြစ်ခဲ့ပြီးတော့.. လက်ရှိဂိုဏ်းချုပ်ကိုယ်တိုင်ကလွဲရင် ဂိုဏ်းချုပ်အသစ် ဖြစ်လာဖို့ အလားအလာ အရှိဆုံးလို့ သတ်မှတ်ခံခဲ့ရသူပဲ…"
"သူ့အသက်က အခုမှ ၁၂၀ပဲ ရှိသေးတယ်.. ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံမှုက အခြေတည် အလယ်အလတ်အဆင့်ကို ရောက်နေပြီ… သူက ငါတို့ အင်မော်တယ်ရှားဂိုဏ်းရဲ့ အမြုတေဖွဲ့စည်းနိုင်မဲ့ အလားအလာအရှိဆုံး ကျင့်ကြံသူအဖြစ် အသိအမှတ်ပြု ခံထားရတယ်မလား…"
တစ်ယောက်က အကြီးအကဲရှုချီယန်၏ အသေးစိတ် အချက်အလက်များကို ရုတ်တရက် သတိရသွားသည်။
"ဒါတင် ဘယ်ဟုတ်ပါ့မလဲ.. အတိတ်တုန်းက သူနဲ့ ဂိုဏ်းချုပ်လန်ယွဲ့ရှီတို့က အင်မော်တယ်ရှားဂိုဏ်းရဲ့ ရွှေမင်းသားနဲ့ မြမင်းသမီးလို့ သတ်မှတ်ခံခဲ့ရတာ။ ဂိုဏ်းချုပ် လန်ယွဲ့ရှီရဲ့ အရည်အချင်းက ကြောက်ခမန်းလိလိ ကောင်းခဲ့တော့ အသက် ၈၀မှာ ပြီးပြည့်စုံတဲ့ အခြေတည်အဆင့်ကို ရရှိခဲ့ပြီး အကြီးအကဲရှုချီယန်ကို အများကြီး ကျော်လွန်သွားခဲ့တယ်"
"အရင်ဂိုဏ်းချုပ်ကတောင် သူ့ကို ဂိုဏ်းချုပ်လန်ယွဲ့ရှီနဲ့ ပေးစားဖို့ စီစဉ်ခဲ့သေးတယ်လေ.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူမက ငြင်းပယ်ခဲ့တယ်.."
"ဒါပေမဲ့ ဒီလိုဖြစ်ခဲ့တာတောင် အကြီးအကဲရှုချီယန်က လက်မလျှော့ခဲ့ဘဲ မဆုတ်မနစ် လိုက်ခဲ့တယ်…"
"ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ… ဒီတစ်ခေါက် ဂိုဏ်းချုပ်လန်ယွဲ့ရှီ ပြန်လာတဲ့အခါမှာ..."
"သူမက အမြုတေဖွဲ့စည်းခြင်း အောင်မြင်ခဲ့ရုံတင် မကဘူး.. တာအိုလက်တွဲဖော်တစ်ယောက်ပါ ခေါ်ဆောင်လာခဲ့တယ်.."
"အခုဆို အကြီးအကဲရှုချီယန် သေချာပေါက် ရူးသွားတော့မှာပဲ…"
အင်မော်တယ်ရှားဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦး နောက်ဆုံးတွင် နားလည်သွားသည်။ ထန်ကျဲက သူတို့ကို အဘယ်ကြောင့် သတိပေးခဲ့သည်ကို ယခုမှ အမှန်တကယ် သဘောပေါက်သွားသည်။
ဤကိစ္စသည် အကြီးအကဲရှုချီယန်အတွက် လုံးဝ တားမြစ်ထားသောအရာ ဖြစ်သည်။
အကြီးအကဲရှုချီယန်၏ ရှေ့မှောက်တွင် ကျိုးစွေ့အကြောင်းကို ပေါ့ပေါ့ဆဆ ထုတ်ပြောမိပါက သေချာပေါက် ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
"မင်းတို့အားလုံး သဘောပေါက်ပုံပဲ.."
"အကြီးအကဲရှုချီယန်က သူ့စိတ်ထဲက မကျေနပ်ချက်တွေကို ဂိုဏ်းချုပ်ရှေ့မှာတော့ ထုတ်ပြောရဲမှာတော့ မဟုတ်ဘူး…"
"ဒါပေမဲ့ ငါတို့လို တပည့်တွေကို ဖြေရှင်းဖို့တော့ သူ့အတွက် တစ်မိနစ်လောက်ပဲ ကြာမှာ ဟုတ်တယ်မလား.."
"ဒါကြောင့် မင်းတို့ သတိထားရမယ်.. အကြီးအကဲရှုချီယန်ရဲ့ ပစ်မှတ် မဖြစ်သွားအောင် နေကြ…" ထန်ကျဲက လေးလေးနက်နက် ပြောလိုက်သည်။
" ဒါကို သေချာပေါက် ငါတို့ နားလည်ပါတယ်.. ငါတို့ ဘယ်တော့မှ လျှို့ဝှက်ချက်ကို ပေါက်ကြားစေမှာ မဟုတ်ပါဘူး"
"ဒါပေမဲ့.. ပြောရရင် အကြီးအကဲရှုချီယန်က ဂိုဏ်းချုပ်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တာတောင် မအောင်မြင်ခဲ့ဘူး.."
"သူက အားထုတ်မှုတွေ၊ ငွေတွေ အများကြီးတောင် သုံးခဲ့ရတာ.."
"နောက်ဆုံးမှာတော့ ပြင်ပ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က အကျိုးကျေးဇူးတွေ အားလုံး ရသွားတယ်.. သူ သေချာပေါက် ဒေါသထွက်ပြီး သွေးအန်နေလောက်ပြီ.."
တစ်ယောက်က ဝမ်းသာအားရ မှတ်ချက်ပေးလိုက်သည်။
…
ဤအချိန်တွင် အင်မော်တယ်ရှားဂိုဏ်း၏ တောင်ထိပ်တစ်ခုပေါ်တွင်။
အမှန်တကယ်တွင် ဂိုဏ်းအတွင်း၌ တောင်ထိပ်ပေါင်း ရာချီရှိသည်။ အခြေခံအားဖြင့် ကျင့်ကြံသူများ အခြေတည်အဆင့် နယ်ပယ်သို့ တက်လှမ်းသွားသည်နှင့် သူတို့သည် တောင်ထိပ်တစ်ခုကို ကျင့်ကြံရာနေရာအဖြစ် ရွေးချယ်ရန် အရည်အချင်း ပြည့်မီပြီ ဖြစ်၏။
အခြေတည် အလယ်အလတ်အဆင့် အကြီးအကဲတစ်ဦးဖြစ်သော ရှုချီယန်အတွက်လည်း အလားတူ အကျုံးဝင်ပေသည်။ ယခင်ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်သည့်အပြင်၊ ဆုပေးဒဏ်ပေးခန်းမသခင်လည်း ဖြစ်သောကြောင့် သူသည် သဘာဝဝိညာဉ်စွမ်းအင် အလွန် ထူထပ်သော အကောင်းဆုံးတောင်ထိပ်များထဲမှ တစ်ခုကို ရွေးချယ်ထားခဲ့သည်။
"အကြီးအကဲရှု.. ဂိုဏ်းချုပ် ခေါ်လာတဲ့ လူအပေါ် ဘယ်လိုသဘောရလဲ.."
စကားပြောလိုက်သူမှာ အင်မော်တယ်ရှားဂိုဏ်း၏ လက်နက်ထုတ်လုပ်ရေးခန်းမ၏ သခင် လော့တင်ထျန် ဖြစ်သည်။ သူသည် အသက် ၁၉၀ ရှိပြီဖြစ်သော အခြေတည် နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူများထဲတွင် အသက်အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသည်။
သူသည် အင်မော်တယ်ရှားဂိုဏ်း၏ မှော်လက်နက်များနှင့် ဝိညာဉ်လက်နက်များ ပြုလုပ်ခြင်းကို တာဝန်ယူထားပြီး မြင့်မားသောအာဏာကို ကိုင်စွဲထားသည်။ သူသည် ရှုချီယန်၏ နှစ်ရှည်လများ ပြိုင်ဘက်လည်း ဖြစ်၏။
"ဟမ့်.. ဘာကို စဉ်းစားစရာ ရှိလို့လဲ.. သူက သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပဲ…"
"အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ်တစ်ခုတည်းနဲ့တင်.. သူ အခြေတည်အဆင့် အောင်မြင်နိုင်ပါ့မလားတောင် မသေချာဘူး.. ဘာမှပြောပလောက်တာတောင် မဟုတ်ဘူး.."
ရှုချီယန် နှာခေါင်းရှုံ့လိုက်သည်။
ဤခွေးကောင်က သူ့၏အထိခိုက်မခံနိုင်ဆုံး အနာအား တမင်ဆားပက်ခြင်းပင် ဖြစ်၏။ ကျိုးစွေ့၏အမည်သည် သူ့အတွက် တားမြစ်ချက်ဆိုသည်အား လူတိုင်းသိကြသည် မဟုတ်လော။
ချီကျင့်ကြံသူ တပည့်အားလုံး ပါးစပ်ပိတ်ကာ၊ မည်သူကမှ ဒီကိစ္စအား သူ့ရှေ့တွင် မပြောရဲကြချေ။
သို့သော်ငြား လော့တင်ထျန်သည် လက်နက်ထုတ်လုပ်ရေးခန်းမ၏ အကြီးအကဲဖြစ်သည့်အပြင်၊ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ယင်းအား လုံးဝပင် ဂရုမစိုက်ပေ။
ထို့အပြင် ဤကိစ္စအား သူ့ရှေ့တွင် တမင်တကာ ထုတ်ဖော်ပြောဆိုခြင်းသည် သူ့အား အရှက်ခွဲလိုခြင်းဖြစ်သည်မှာ ရှင်းလင်းလှပေသည်။
"တကယ်လား.. သူက ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်လို့ ပြောကြတယ်နော်.. ဂိုဏ်းချုပ်ရဲ့ အကူအညီနဲ့ဆို.. ပြီးတော့ ထိပ်တန်းအရည်အသွေး အခြေတည်ဆေးလုံးတစ်လုံးက သေချာနေပြီမလား.. ဒီတော့ လက်တွေ့ကျကျဆိုရင် သူ အခြေတည်အဆင့်ကို ရောက်ဖို့က သေချာနေပြီလေ…"
"အဲ့ဒီအခါကျရင် သူ့သက်တမ်းက ၂၅၀ဖြစ်သွားမှာဆိုတော့.. ဂိုဏ်းချုပ်နဲ့အတူ နောက်ထပ် နှစ်ပေါင်း နှစ်ရာကျော် တူတူနေနိုင်တော့မှာပေါ့…"
"ဟဲဟဲ..တကယ်ကို နတ်ဖက်တဲ့စုံတွဲပဲ.. အားကျစရာပဲ.. အားကျစရာပဲ.."
လော့တင်ထျန်က ရှုချီယန်၏ ဒဏ်ရာပေါ်သို့ ဆား ဆက်ဖြူးရင်း တစ်ဟားဟားရယ်မောနေတော့သည်။
"လော့တင်ထျန်… မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်…"
"ငါနဲ့ တိုက်ချင်တာလား.."
ဤသည်ကို ကြားသောအခါ ရှုချီယန် ဆက်လက်မထိန်းနိုင်တော့ဘဲ လုံးဝ ပေါက်ကွဲသွားကာ အော်ဟစ် ကြိမ်းမောင်းလိုက်သည်။ အားကောင်းသော သတ်ဖြတ်လိုစိတ်က ပတ်ဝန်းကျင် လေထုထဲတွင် ပြည့်နှက်သွားပြီး လော့တင်ထျန်ဆီသို့ ပေါက်ကွဲ ထွက်ပေါ်သွားသည်။
သူသည် အခြေတည် အလယ်အလတ်အဆင့်တွင်သာ ရှိနေသော်လည်း ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ပြီး၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် နှောင်းပိုင်းအဆင့်ရှိ သူများထက် လုံးဝ မနိမ့်ကျပေ။
ထို့ကြောင့်ပင် သူသည် ဆုပေးဒဏ်ပေးခန်းမသခင် ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်၏။
"ဘာလို့ ဒီလောက် စိတ်ဆိုးနေရတာလဲ.. ဟဟ.."
"မင်းပဲ ခုနက လုံးဝဂရုမစိုက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား… ဟားဟား.."
လော့တင်ထျန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ တစ်သက်တာပြိုင်ဘက် ပေါက်ကွဲနေသည့်မြင်ကွင်းကြောင့် ဝမ်းသာအားရဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ၊ ဤလူသည် လိမ္မာပါးနပ်၍ တည်ကြည်မှုကြောင့် ကျော်ကြားသည်။ လုံးဝအထိမခံနိုင်သော ဒဏ်ရာကို မထိပါက ဤကဲ့သို့သော အမူအရာ ဖြစ်မည်မဟုတ်ပေ။
"ပါးစပ်ပိတ်ထား.."
"ဒါက ဂိုဏ်းချုပ်ကိုယ်တိုင် ရွေးချယ်ထားတဲ့ တာအိုလက်တွဲဖော်.. ငါတို့နှစ်ယောက်လုံး ဝင်ပြောပိုင်ခွင့် မရှိဘူး.."
"ငါတို့ ကြိုက်ကြိုက် မကြိုက်ကြိုက်.. သူက ဂိုဏ်းချုပ်ရဲ့ တာအိုလက်တွဲဖော်ပဲ.."
"ငါ ရှုချီယန်မှာ နောက်ထပ် ပြောစရာ ဘာမှ မရှိတော့ဘူး…"
ရှုချီယန်က လက်သီးတင်းတင်း ဆုပ်လိုက်ပြီး လော့တင်ထျန်ကို စူးစိုက် ကြည့်လိုက်သည်။
အကယ်၍ လော့တင်ထျန်သာ သူ့ကို ထပ်မံဆွရဲပါက ဂိုဏ်းစည်းမျဉ်းများကို ဖောက်ဖျက်ပြီး လက်တွေ့ဖြေရှင်းတော့မည်ပုံ ပေါ်နေသည်။
"မင်း ဒီကောင့်ကို ဖယ်ရှားပစ်ချင်စိတ် မရှိဘူးလား…"
ရှုချီယန်ကို ပြုံးစစဖြင့် ကြည့်ရင်း လော့တင်ထျန်သည် သူ၏အတွေးများအား ဖောက်မြင်နိုင်ရန် ကြိုးစားနေသည်။
"ငါ့မှာ ဘာဆန္ဒမှ မရှိဘူး.."
"ငါ အခု တစ်ခုတည်းသော လိုချင်တာက အင်မော်တယ်လမ်းစဉ်အတိုင်း.. အမြုတေဖွဲ့စည်းခြင်း အောင်မြင်ဖို့ပဲ.."
"ဒါကလွဲရင် ငါ့မှာ တခြားအတွေးတွေ မရှိဘူး.."
ရှုချီယန်က လော့တင်ထျန်ကို ကြည့်ရင်း ခံစားချက်ကင်းမဲ့စွာ တုံ့ပြန်လိုက်သည်။
လော့တင်ထျန်က သူနှင့် ကျိုးစွေ့ကြား ရန်တိုက်ပေးရန် ကြိုးစားနေသည်အား သူ အပြည့်အဝ နားလည်ပေသည်။ သို့သော် သူသည် ထိုသို့သော နည်းဗျူဟာများဖြင့် အလွယ်တကူ ကျရှုံးသွားမည့် ရိုးအသောသူတစ်ဦး မဟုတ်ပေ။
အတိတ်က လန်ယွဲ့ရှီကို လိုက်ခဲ့သည့် အဓိကအကြောင်းရင်းမှာ သူမအပေါ် ခံစားချက်အချို့ ရှိခြင်းအပြင်၊ အကယ်၍ ဂိုဏ်းချုပ်၏သမီးကို လက်ထပ်ခဲ့ပါက သူသည် အင်မော်တယ်ရှားဂိုဏ်း၏ နောက်ဆက်ခံမည့် ဂိုဏ်းချုပ် ဧကန်မုချဖြစ်လာမည် ဖြစ်သောကြောင့် ဖြစ်၏။
ထိုအခါ သူသည် အင်မော်တယ်ရှားဂိုဏ်း၏ အရင်းအမြစ်အားလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်ပြီး အင်မော်တယ်လမ်းစဉ်အား အောင်မြင်ရန် မိမိကိုယ်ကို ကူညီနိုင်မည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ မည်မျှပင် ကြိုးစားလိုက်ခဲ့သည်ဖြစ်စေ၊ သူ၏ရည်ရွယ်ချက်များကို ထွင်းဖောက်မြင်နေသည့်အလား လန်ယွဲ့ရှီသည် ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သည်။
ယခုမူ သူမကိုယ်တိုင် ရွှေအမြုတေဆရာသခင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်ပြီး၊ သူမ၏ ကျင့်ကြံမှုနှင့် သက်တမ်းသည် များစွာ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် သူ နှိုင်းယှဉ်နိုင်သော လူတစ်ယောက် မဟုတ်တော့ပေ။
ထို့အပြင် သူမသည် ဂိုဏ်းသို့ တာအိုလက်တွဲဖော်တစ်ဦး ခေါ်ဆောင်လာခဲ့သည်။ ၎င်းက သူမနှင့် ပတ်သက်၍ အခွင့်အရေး မရှိတော့ကြောင်း သေချာသွားစေသည်။
ထို့ကြောင့်ပင် သူသည် ထိုစိတ်ကူးကို ကြာမြင့်စွာကတည်းက စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။
လူများစွာက သူသည် ကျိုးစွေ့နှင့် ရန်သူများဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြသော်လည်း၊ ဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော်နှင့် ရန်ဘက်ဖြစ်ခြင်းမှ မည်သည့်အကျိုးကျေးဇူးများ ရရှိမည်နည်း။
အကယ်၍ ကျိုးစွေ့ကို အမှန်တကယ် သတ်ဖြတ်ခဲ့လျှင်ပင် လန်ယွဲ့ရှီကို ဒေါသထွက်အောင် လုပ်မိရုံသာ ရှိပေမည်။ မည်သည့်ဘက်က ကြည့်သည်ဖြစ်စေ အကျိုးမရှိသောလုပ်ရပ်သာ ဖြစ်၏။
ရွှေအမြုတေ ဆရာသခင်တစ်ဦးကို ဒေါသထွက်အောင် လုပ်မိပါက သေပေးရန်ပင် အသက်လောက်မည်မဟုတ်ပါလော။
ယခုချိန်တွင် သူ၏ အကြီးမားဆုံးဆန္ဒမှာ အမြုတေဖွဲ့စည်းခြင်း အောင်မြင်ရန် ဖြစ်သည်။ အကယ်၍ ရွှေအမြုတေ ဆရာသခင်တစ်ဦး ဖြစ်လာနိုင်ခဲ့ပါက ဂိုဏ်းချုပ် မဖြစ်ခဲ့လျှင်ပင်၊ လောကတွင် အာဏာနှင့် ကြွယ်ဝမှု ရှိလာမည် ဖြစ်ပြီး သူ၏အဆင့်အတန်းသည် ထူးကဲလာပေလိမ့်မည်။
သူ၏စကားတစ်ခွန်းတည်းဖြင့် ကမ္ဘာကြီး၏ကံကြမ္မာအား ဆုံးဖြတ်နိုင်မည် ဖြစ်၏။
ထို့ကြောင့် လော့တင်ထျန်၏ သွေးထိုးလှုံ့ဆော်မှုများနောက် လိုက်ပါ၍ သူ၏ကျင့်ကြံမှုကို ဘေးဒုက္ခဖြစ်စေရန် မည်သို့ ရူးမိုက်ရပါမည်နည်း။
"ခန်းမသခင်ရှု ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်.."
ဤစကားများကို ကြားသောအခါ လော့တင်ထျန် သက်ပြင်းချလိုက်သည်။
တကယ်တမ်းတွင် ၎င်းအား ထပ်မံ သွေးထိုးလှုံ့ဆော်လိုသေးသော်လည်း ရှုချီယန်သည် အလွယ်တကူ လှည့်စားခံရမည့်သူ ဖြစ်သည့်ပုံမပေါ်ချေ။
ရှုချီယန်၏အတွေးများမှာ အမှန်တကယ် ထူးကဲသည်ဟုသာ ဆိုရပေမည်။