စိန်ခေါ်မှုသုံးခုကို ဖြတ်ကျော်ခြင်း၊ အခြေတည်အဆင့် နယ်ပယ်သို့ တက်လှမ်းခြင်း
Vol. 11 Ch. 160
ရက်အနည်းငယ် ကြာပြီးနောက်။
ညသန်းခေါင်ယံ၊ အင်မော်တယ်ရှားတောင်ထိပ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခုထဲတွင်။
ဤသည်မှာ ကျိုးစွေ့ ၏ ကျင့်ကြံခြင်းအခန်း ဖြစ်၏။ လန်ယွဲ့ရှီနှင့် ရက်အတန်ကြာ ချစ်တင်းနှီးနှောပြီးနောက် သူမအပေါ် တောင့်တမှုသည် လုံးဝ ပြေလျော့သွားခဲ့သည်။
ဤညတွင် ရုတ်တရက် လှုံဆော်မှုတစ်ခုအား သူရလိုက်သည်။ သူ၏ ဝိညာဉ်အာရုံ၊ အစစ်အမှန်ချီနှင့် အသက်စွမ်းအင်တို့အားလုံး ပဲ့တင်ထပ်သွားပြီး ပြီးပြည့်စုံသော မျှခြေတစ်ခုသို့ ရောက်ရှိသွားပုံပေါ်သည်။
ထို့ကြောင့် အခြေတည်အဆင့်အတွက် အခွင့်အရေးသည် နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။ တုံ့ဆိုင်းမနေတော့ဘဲ သူသည် အခြေတည်အဆင့် စတင်ရန် တိတ်ဆိတ်သော အခန်းထဲသို့ ချက်ချင်း ဝင်ရောက်လိုက်သည်။
ဘန်း…။
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်နေပြီး ကူနတ်ဘုရားကျင့်စဉ်ကို လှည့်ပတ်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ကြီးမားသော ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခု၏ဗဟိုတွင် ရှိနေသည်။
မရေမတွက်နိုင်သော သဘာဝဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသည်။
ဤသည်မှာ တတိယအဆင့် ဝိညာဉ်ကြောဟူသော နာမည်နှင့် ထိုက်တန်ပေသည်။ ဝိညာဉ်စွမ်းအင်စုစည်းမှုအရ ၎င်းသည် ဒုတိယအဆင့် ဝိညာဉ်ကြောထက် ဆယ်ဆမက သာလွန်ပေသည်။
၎င်းသည် သူမြင်ဖူးသမျှတွင် ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး နေရာ ဖြစ်သည်။ ရွှေအမြုတေ ဆရာသခင်များပင်လျှင် တတိယအဆင့် ဝိညာဉ်ကြောများတွင် ကျင့်ကြံရန် ကြိုးပမ်းကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ဤသို့ ဝိညာဉ်စွမ်းအင် ကြွယ်ဝသောနေရာတွင် ကျင့်ကြံခြင်းသည် ကျင့်ကြံမှုသည် မယုံနိုင်လောက်အောင် ချောမွေ့နေပြီး များစွာ ထိရောက်သည်အား သူခံစားမိသည်။
"ငါ ဒီအခြေတည်အဆင့်ကို အောင်မြင်အောင် တည်ထောင်နိုင်မှာ သေချာတယ်…"
ကျိုးစွေ့သည် ယခင်က မကြုံဖူးသော ယုံကြည်မှုကို ခံစားလိုက်ရသည်။ သူ့တွင် အရည်အသွေးမြင့် အခြေတည်ဆေးလုံး ပိုင်ဆိုင်ထားသော်လည်း ၎င်းကို အသုံးပြုရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ထိုအစား သူသည် အမှီအခိုကင်းစားဖြင့် သူ့အခြေခံအုတ်မြစ်ကို ပြီးပြည့်စုံသော တာအိုအုတ်မြစ်တစ်ခုအဖြစ် ပျိုးထောင်လိုသည်။
အခြေတည်အဆင့်၏ ပထမအခက်အခဲမှာ ချီနှင့်သွေးအတားအဆီး ဖြစ်သည်။
ကျင့်ကြံမှုကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီးသော ချီကျင့်ကြံသူတစ်ဦးက အခြေတည်ရန် ကြိုးစားသောအခါ သဘာဝဝိညာဉ်စွမ်းအင် အမြောက်အမြား တိုးဝင်လာပြီး၊ ရေတံခွန်တစ်ခုကဲ့သို့ သူတို့၏ ချီနှင့်သွေးအား အဆက်မပြတ် သန့်စင်ပေးသည်။
အကယ်၍ တစ်စုံတစ်ဦးသည် အသက်ကြီးပြီး အားနည်းနေပါက သို့မဟုတ် ခန္ဓာကိုယ်တွင် ချို့ယွင်းချက်များ ရှိပါက၊ သူတို့သည် ဤဝိညာဉ်စွမ်းအင်၏ သန့်စင်ပေးမှုအား ကြံ့ကြံ့ခံနိုင်မည် မဟုတ်ဘဲ ချီနှင့်သွေးဖောက်ပြန်မှု ဖြစ်ပေါ်ကာ ချက်ချင်း သေဆုံးသွားရပေမည်။
သို့သော် ကျိုးစွေ့မှာမူ ကွဲပြားသည်။
'နဂါးဆင်ကူ'၏ သန့်စင်ပေးမှုကို ခံယူပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အခြေတည်အဆင့်အောင်မြင်မှု ရရှိထားပြီး ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး၏ အခြေခံကျင့်ကြံမှုနှင့် နှိုင်းယှဉ်နိုင်သည်။
သူ၏ ခန္ဓာကိုယ်ပင်လျှင် ချီနှင့်သွေးအခက်အခဲကို မကြံ့ကြံ့ခံနိုင်ပါက မည်သူမျှ ခံနိုင်မည်မဟုတ်ပေ။
ဝှီး…။
ရုတ်တရက် ထူထပ်သော သဘာဝဝိညာဉ်စွမ်းအင် အမြောက်အမြား သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ဤဝိညာဉ်စွမ်းအင်က မည်မျှပင် သန့်စင်ပေးနေသည်ဖြစ်စေ၊ သူသည် မတုန်မလှုပ်သာ ရှိနေသည်။
ထိုအစား သူ၏ခန္ဓာကိုယ်သည် ငုပ်လျှိုးနေသော ရှေးဟောင်း နဂါးတစ်ကောင်နှင့် နတ်ဆင်တစ်ကောင်ကို လက်ခံ ကျွေးမွေးထားသကဲ့သို့ ဖြစ်နေပြီး သဘာဝဝိညာဉ်စွမ်းအင် အမျှင်တိုင်းကို လောဘတကြီး ဝါးမျိုနေတော့သည်။
သူ၏ ခန္ဓာကိုယ်သည် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ဝင်ရောက်လာသော ဝိညာဉ်စွမ်းအင် အားလုံးကို အလွယ်တကူ ဝါးမျိုသန့်စင်လိုက်သည်။ ထို့နောက် သန့်စင်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲစေပြီး သူ၏ ဒန်တျန်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်သည်။
"နောက်တစ်ခုက မှော်စွမ်းအား အတားအဆီးပဲ.."
ကျိုးစွေ့၏ မျက်လုံးများ တောက်ပသွားသည်။ သူ၏ ဒန်တျန်အတွင်းမှ အစစ်အမှန်ချီသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
ဤအတားအဆီးအတွက်လည်း သူ အလားတူ ယုံကြည်မှု ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အထွတ်အထိပ် ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သော ကူနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံသောကြောင့် ဖြစ်၏။
ဤအင်မော်တယ် ကျင့်စဉ်သည် တာအိုသို့ တိုက်ရိုက်လမ်းညွှန်နိုင်ပြီး၊ နက်နဲမှုက ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ပေ။ ယခုအချိန်တွင် သူသည် ကူပိုးကောင်စုစုပေါင်း ရှစ်ကောင်ကို သန့်စင်ပြီး ဖြစ်သည်။
ကူပိုးကောင် တစ်ကောင်စီသည် ဒန်တျန်တစ်ခုစီနှင့် ညီမျှပေသည်။
ဆိုလိုသည်မှာ သူ၏ အစစ်အမှန်ချီစွမ်းအားသည် အဆင့်တူ ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူတစ်ဦးထက် ကိုးဆ ပိုမို များပြားသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ချီ မည်မျှ သန်မာပေါများသည်အား စိတ်ကူးကြည့်နိုင်ပေသည်။
ဘန်း..ဘန်း..ဘန်း..။
ဤအခိုက်အတန့်တွင် ကျိုးစွေ့ ကူနတ်ဘုရားကျင့်စဉ်ကို လည်ပတ်လိုက်သည်နှင့် နက်ရှိုင်းသော သဘာဝဝိညာဉ်စွမ်းအင်များက သူ၏ ဒန်တျန်ထဲသို့ တိုးဝင်လာသည်။ ပြင်ပဝိညာဉ်စွမ်းအင်၏ ဖိအားအောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ချီသည် စတင်ပြောင်းလဲလာသည်။
အစစ်အမှန်ချီမှ မှော်စွမ်းအားအဖြစ်သို့ ပြောင်းလဲခြင်း။
ရွှေရောင်မြူခိုးများ ချက်ချင်းပင် သူ၏ ဒန်တျန်အတွင်း ပေါ်ထွက်လာသည်။
အချိန်ကြာလာသည်နှင့်အမျှ ဒန်တျန်၏ အဆုံးမရှိသော အနက်ပိုင်းထဲတွင် မြူခိုးကမ္ဘာတစ်ခု သို့မဟုတ် ရွှေရောင်တိမ်တိုက်အစုအဝေးတစ်ခုကဲ့သို့ အဆုံးအစမရှိသော ရွှေရောင်မြူခိုးများဖြင့် ပြည့်နှက်သွားသည်။
"ဒါပဲ.. တတိယအခက်အခဲ.. ဝိညာဉ်အာရုံ အတားအဆီးအတွက် အချိန်တန်ပြီ.."
အတွေးတစ်ချက်ဖြင့် ကျိုးစွေ့သည် သူ၏ ဝိညာဉ်အာရုံကို ချက်ချင်း စတင်စုစည်းလိုက်သည်။
ဆိုရလျှင် ဤအဆင့်သည် သူ့အတွက် အလွယ်ကူဆုံး ဖြစ်သည်။ အခြား ချီကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်အာရုံကို နတ်ဘုရားအသိအမြင်အဖြစ်သို့ ပြောင်းလဲရသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်အာရုံသည် အခြေတည် နှောင်းပိုင်းအဆင့်နှင့် နိုင်းယှဉ်နိုင်သော နတ်ဘုရားအသိအမြင်အဖြစ်သို့ ပြောင်းလဲပြီးသား ဖြစ်ပြီး အလွန်တရာ အားကောင်းနေပြီ ဖြစ်၏။
ထို့ကြောင့် သူသည် ဤအတားအဆီးကို အစောကြီးကတည်းက လွယ်လင့်တကူ ဖြတ်ကျော်ပြီးသား ဖြစ်နေသည်။
ရွှစ်..ရွှစ်..ရွှစ်..။
ကျိုးစွေ့က သူ၏ ဝိညာဉ်အာရုံကို လည်ပတ်လိုက်သည့်အခါတွင် မမြင်နိုင်သော စွမ်းအားတစ်ခုက သူ၏ ဒန်တျန်ထဲသို့ ပျံ့နှံ့သွားပြီး ရွှေရောင်မြူခိုးများအပေါ် သို့ မမြင်နိုင်သော ဖိအားတစ်ခု သက်ရောက်စေလိုက်သည်။
ထိုလှုံ့ဆော်မှုအောက်တွင် ရွှေရောင်မြူခိုးများသည် ထပ်ခါထပ်ခါ ကျုံ့ဝင်လာတော့သည်။ မည်မျှကြာသွားသည်မသိ၊ ဒန်တျန်၏ နက်ရှိုင်းသောနေရာမှ ရေတစက်စက် ကျနေသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
ကျိုးစွေ့၏ ဝိညာဉ်အာရုံဖိအားအောက်တွင် ဒန်တျန်အတွင်းမှ အစစ်အမှန်ချီသည် အပြည့်အဝ ပြောင်းလဲသွားတော့သည်။ ရွှေရောင်မှော်စွမ်းအား အရည်စက်များသည် တိမ်တိုက်များမှ ဖွဲ့တည်စုစည်းပြီး ကျဆင်းလာသည်။
တစ်စက်၊ နှစ်စက်၊ သုံးစက်…။
မှော်စွမ်းအား အရည်ဖွဲ့မှုက အရှိန်မြန်လာပြီး၊ နောက်ဆုံးတွင် ပြင်ပ သဘာဝဝိညာဉ်စွမ်းအင်ကို ဆက်လက် မစုပ်ယူနိုင်တော့ဘဲ ရပ်တန့်သွားကာ ရွှေရောင်အရည် အစက်နှစ်ဆယ် ဖွဲ့စည်းသွားသည်။
ဤရွှေရောင်မှော်စွမ်းအားအရည် အစက်နှစ်ဆယ်သည် သူ၏ ဒန်တျန်အတွင်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏ ဒန်တျန်သည် အဆုံးမရှိသော စွမ်းအင်များ ပါဝင်သော ရွှေရောင်ပင်လယ်တစ်ခုအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားသည့်အလား ထင်ရသည်။
သို့သော် ၎င်းတို့သည် သူ၏ ကိုယ်ပိုင်ဒန်တျန်တွင် ပါဝင်သော မှော်စွမ်းအားအရည် အစက် နှစ်ဆယ်မျှသာ ဖြစ်၏။
အမှန်တကယ်တွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကူပိုးကောင် တစ်ကောင်စီတွင် မှော်စွမ်းအားအရည် အစက် နှစ်ဆယ်စီ ရှိနေသည်။ ပေါင်းလိုက်လျှင် ၎င်းသည် မှော်စွမ်းအားအရည်စက် ၁၈၀ ဖြစ်သည်။
အစကတည်းက သူ၏ မှော်စွမ်းအားပမာဏသည် အခြားအခြေတည်အဆင့် ကျင့်ကြံသူများထက် ကိုးဆ ပိုမိုများပြားနေပြီ ဖြစ်သည်။ သို့သော် ၎င်းသည် အစမျှသာဖြစ်ပြီး အဆုံးသတ် မဟုတ်သေးပေ။
"ရိုးတွင်းခြင်ဆီဆေးကြောခြင်း.. အရိုးသန့်စင်ခြင်း"
ကျိုးစွေ့သည် ကူနတ်ဘုရားကျင့်စဉ်ကို လှည့်ပတ်လိုက်ရာ၊ ချက်ချင်းဆိုသလို ဒန်တျန်၏ အနက်ပိုင်းထဲမှ မှော်စွမ်းအားအရည်သည် စတင်လည်ပတ်လာပြီး သွေးလွတ်ကြော၊ သွေးပြန်ကြောများမှတစ်ဆင့် သူ၏အစိတ်အပိုင်းတိုင်းသို့ ဖြတ်သန်းသွားပြီး ပြီးပြည့်စုံသော လည်ပတ်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။
သံသယဖြစ်ဖွယ်မရှိ၊ ၎င်းသည် အခြေတည်အဆင့် ကျင့်ကြံသူများ၏ ရိုးတွင်းခြင်ဆီဆေးကြောခြင်း၊ အရိုးသန့်စင်ခြင်းပင် ဖြစ်သည်။
ဤသည်မှာ အမှန်တကယ်ပင် ချီသန့်စင်သူတစ်ဦးက အခြေတည်အဆင့် နယ်ပယ်သို့ တက်လှမ်းခြင်းအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူး ဖြစ်ပြီး အခြေတည်ခြင်း၏ စစ်မှန်သော အနှစ်သာရ ဖြစ်၏။
မှော်စွမ်းအားအရည်ကို ရရှိသည်နှင့် ကျင့်ကြံသူများသည် ၎င်းကို ရိုးတွင်းခြင်ဆီဆေးကြောခြင်း၊ အရိုးသန့်စင်ခြင်းအတွက် စုစည်း အသုံးပြုနိုင်သည်။
ဤနည်းလမ်းဖြင့် တစ်ဦးတစ်ယောက််ခန္ဓာကိုယ်သည် သာမန်သေမျိုးအဖြစ်မှ ကျော်လွန်၍ အင်မော်တယ် ခန္ဓာကိုယ်ဆီသို့ စတင်ပြောင်းလဲတိုးတက်သွားသည်။
ရိုးတွင်းခြင်ဆီဆေးကြောခြင်း၊ အရိုးသန့်စင်ခြင်း တစ်ကြိမ်တည်းကပင် ခန္ဓာကိုယ်အပေါ်တွင် နက်နဲသောပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်ပြီး သက်တမ်းကို နှစ်ပေါင်း နှစ်ရာ့ငါးဆယ် တိုးစေနိုင်သည်။
ဤနည်းဖြင့်သာလျှင် တစ်ဦးတစ်ယောက်သည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ အမှန်တကယ် ခြေချနိုင်ပြီး၊ သာမန်လူများထက် များစွာသာလွန်သော သက်တမ်းကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုနိုင်သည်။
ထို့အပြင် ထူးကဲသော စွမ်းအားကိုလည်း ရရှိနိုင်ပေသည်။
"အံ့ဩဖို့ကောင်းလိုက်တာ…"
ကျိုးစွေ့ များစွာပျော်ရွှင်သွားသည်။
သူသည် သာမန် ချီသန့်စင်သူများထက် ပိုမို ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်မှာ သံသယဖြစ်စရာမရှိချေ။
သာမန် ကျင့်ကြံသူများ အခြေတည်အဆင့်သို့ ဝင်ရောက်သောအခါ မှော်စွမ်းအားအရည် အစက် နှစ်ဆယ်သာ ရရှိကြသည်။
သို့သော် သူ့တွင်မူ အစကတည်းက မှော်စွမ်းအားအရည် ၁၈၀ ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်အတွက် မည်မျှပင် အကျိုးကျေးဇူးကြီးမားမည်အား တွေးကြည့်၍ပင်ရနိုင်ပေသည်။
ဝှီး..။
သူ၏ ခန္ဓာကိုယ်အတွင်း မှော်စွမ်းအားများ အဆက်မပြတ် လည်ပတ်နေမှုနှင့်အတူ အရိုးများ၊ အရေပြား၊ အသွေးအသား၊ သွေးကြောများ၊ အင်္ဂါအစိတ်အပိုင်းများနှင့် ဆဲလ်တိုင်းပင်လျှင် တစ်ရိပ်ရိပ် သန်မာလာသည်ကို သူ ခံစားလိုက်ရသည်။
သဘာဝဝိညာဉ်စွမ်းအင် အမြောက်အမြား ဝင်ရောက်လာမှုသည် သူ၏ ခန္ဓာကိုယ်ကို မျက်စိဖြင့်ပင်မြင်နိုင်သည့် အပြောင်းအလဲများအား ဖြစ်ပေါ်စေသည်။
တစ်ပတ်၊ ဆယ်ပတ်၊ အပတ်နှစ်ဆယ်၊ အပတ်ငါးဆယ်…။
ဤအခိုက်အတန့်တွင် သူသည် စုစုပေါင်း လှည့်ပတ်မှုအကြိမ်ရေ ၁၈၀ ပြီးမြောက်ခဲ့ပြီး ရိုးတွင်းခြင်ဆီဆေးကြောခြင်း၊ အရိုးသန့်စင်ခြင်းအဆင့်၏ အဆုံးသတ်ကို ပြီးမြောက်စေလိုက်သည်။