ဒြပ်စင် ၅ ခု စမ်းသပ်မှု
Vol. 10 Ch. 123
လူသွားလမ်း တစ်လျှောက်ရှိ နံရံနှင့် ကြမ်းပြင်အား သတ္တုနက်တစ်မျိုးဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
အန်လင်းဘဝတွင် တစ်ခါမှ မမြင်ဖူးခဲ့သော သတ္တုအမျိုးအစား ဖြစ်သည်။ အလွန်မည်းနက်ကာ အတော်လေး မာကျောပုံရသည်။
“ကောင်းပြီ။ ငါတို့က အခု လမ်းခွကို ရောက်နေပြီ။ ရှောင်ချိုး လမ်းနှစ်လမ်းလုံးကို အလင်းပြပေး”
အန်လင်းသည် လမ်းဆုံအားကြည့်ကာ ညွှန်ကြားလိုက်သည်။
ရှောင်ချိုးသည် လမ်းသွယ် နှစ်ခုစလုံးအား တစ်ခုချင်းစီ အလင်းပေးလိုက်သည်။ လမ်းအဆုံးတွင် အနီရင့်ရင့် တံခါးတစ်ချပ် ရှိနေသည်ကို လူတိုင်း တွေ့လိုက်ကြရသည်။
“ငါတို့ လူခွဲပြီးတော့ သွားသင့်သလား” လောင်ကျိပင် မေးလိုက်သည်။
“နင့်မှာ အသိဉာဏ် မရှိဘူးလား။ အရေအတွက်က ခွန်အားဆိုတဲ့ သဘောတရားကို နင်နားမလည်ဘူးလား။ သမိုင်းကြောင်းအရ ကျင့်ကြံသူတွေ ဘယ်လောက်များများ လူစုခွဲပြီး သွားခဲ့တာကြောင့် သေဆုံးသွားခဲ့ရ ပြီးပြီလဲ” မုန့်ထျန်းသည် လောင်ကျိပင်အား အထင်သေးစွာ ကြည့်လိုက်သည်။
လောင်ကျိပင် “…”
“ဒီလမ်းအတိုင်း သွားကြတာပေါ့” အန်လင်းသည် လက်ယာဘက်ရှိ လမ်းခွဲအား ညွှန်ပြလိုက်သည်။
မည်သူကမျှ ငြင်းဆန်ခြင်း မပြုကြချေ။ မည်သည့်လမ်းအား ရွေးချယ်စေကာမူ အခွင့်အရေးမှာ ၅၀ - ၅၀ သာလျှင် ဖြစ်သည်။ လမ်းနှစ်ခုစလုံးအားလည်း တံခါးပေါက်များဖြင့် ပိတ်ဆို့ထားသည့် အတွက်ကြောင့် သိသိသာသာ ကွဲပြားခြင်း မရှိချေ။
အန်လင်းအနီးသို့ ရောက်သွားသည့် အခါတွင် တံခါးမှာ အလိုအလျောက် ပွင့်သွားသည်။
တံခါးဝတွင် အပြာရောင် အလင်းတစ်လွှာ ရှိနေသည့်အတွက် အတွင်းသို့ ထွင်းဖောက်ကာ မမြင်နိုင်ပေ။
အန်လင်းသည် အုတ်ခဲနှင့် ဓားရှည်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ အတွင်းသို့ မဝင်ရောက်မီ အလင်းလွှာအား ဖြည်းညင်းစွာ ကျော်ဖြတ်လိုက်သည်။
အကောင်အထည် မရှိသည့် ကြောက်ရွံ့မှုတစ်ခုသည် လူတိုင်းအား အတော်လေး စိတ်လှုပ်ရှားနေစေသည်။
သူတို့၏ အရှေ့ရှိ ရနံ့သည် လုံးဝပြောင်းလဲသွားပြီး သွေးနံ့ဖျော့ဖျော့နှင့် အတူ ထူးဆန်းသည့် ရနံ့တစ်ခုသည် ချက်ချင်းဆိုသလို သူတို့၏ နှာဝအတွင်းသို့ ရောက်ရှိလာသည်။
“အော့”
“ဘာအနံ့ကြီးလဲ။ အော်ဂလီ ဆန်လိုက်တာ”
အန်လင်းသည် ထိုအနံ့မှာ အတော်လေး သည်းခံဖို့ရာ ခက်ခဲကြောင်း သိလိုက်ရသည်။ သူ့အနောက်တွင် လိုက်ပါလာသည့် အဖွဲ့သားများ သည်လည်း ထိန်းချုပ်မရနိုင်ပဲ ပျို့အန်ချင်နေကြပြီ ဖြစ်သည်။
ဤနေရာ တစ်ခုလုံးအား အစိမ်းရောင်အလင်းများ ထွန်းလင်းလျက်ရှိကာ ထူးဆန်းသည့် အနံ့တစ်ခုသည်လည်း လေထုအတွင်း ပျံ့နှံ့လျက်ရှိသည်။ မြေပြင်တွင် အနီရောင် အညစ်အကြေးများ ရှိနေပြီး လူတိုင်း၏ စိတ်အာရုံအတွင်းတွင် ထူးဆန်းမှုများကို ဖန်တီးနေလေသည်။ ထို့အတွက်ကြောင့် သူတို့သည် မျက်ခုံးများ တွန့်ကွေး လာကြတော့သည်။
ဤအပိုင်းသည် အတော်လေး ကျယ်ဝန်းပြီး ဒုရှည်သဏ္ဌာန် ဖန်ပေါင်းချောင် ရာပေါင်းများစွာ ရှိသည်။ ထိုဖန်ပေါင်းချောင်များ အတွင်းတွင် အနီရောင် အရည်တစ်မျိုး ရှိနေလေသည်။
အနီရောင် အရည်များထဲတွင် လူသားအသွင် သားရဲနမူနာများအား စိမ်ထားသည်။ ထိုသားရဲများသည် နှစ်ခြိုက်စွာ အိပ်မောကျနေခြင်း သို့မဟုတ် သေဆုံးပြီးသား ဖြစ်နေခြင်းကိုမူ ပြောရန် ခက်လှပေသည်။
ထိုထဲတွင် မိုးပြာရောင်ကြေးခွံများ အုပ်ထားသည့် လူသားအသွင် သားရဲများလည်း ရှိနေသည့်နည်းတူ နောက်ကျောဘက်မှ အရိုးတုတ်စု အတောင်ပံတစ်စုံ ထိုးထွက်နေသည့် လူသားအသွင် သားရဲများလည်း ရှိနေသေးသည်။ တချို့တွင် ပုတ်သင်အမြီးပါရှိပြီး တချို့၏ ဦးခေါင်းများသည် သားရဲခေါင်းများပင် ဖြစ်နေပြီ ဖြစ်သည်ကြောင့် အန်လင်းတို့အား ထူးဆန်းကာ ရက်စက်သည့် ခံစားမှုများ ပေးနေလေသည်။
“သွေးမျိုးစပ် သုတေသနခန်း”
စွန်းရှန့်လျန်သည် နံရံပေါ်ရှိ စာလုံးများအား ကျယ်လောင်စွာ ဖတ်လိုက်သည်။
သွေးမျိုးစပ်တဲ့လား။
ထိုနာမည်အား ကြားလိုက်သည့် အခါတွင် လူတိုင်း၏ အာရုံသည် ဖန်ပေါင်းချောင်များထံသို့ ပြောင်းရွှေ့သွားကြသည်။
“လူသားတွေနဲ့ သန္ဓေပြောင်း သားရဲတွေကို သွေးမျိုးစပ်တာလား” ကျုံးရုံရန်၏ မျက်ခုံးများသည် တွန့်ကွေးလာပြီး သူ၏လေသံမှာလည်း တဖြည်းဖြည်းချင်း အေးစက်လာသည်။
အန်လင်းသည် ထိုလူသားမဆန်သည့် ခန္ဓာကိုယ်များအား ဂရုဏာသက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
နည်းပညာမည်မျှ ထွန်းကားသည်ဖြစ်စေ ထိုတရားမဝင် သုတေသန စင်တာများအား လုံးဝပိတ်ပင်နိုင်ရန် နည်းလမ်းမရှိချေ။ ဖြစ်နိုင်သည်မှာ နည်းပညာ၏ ဖွံ့ဖြိုး တိုးတက်လာမှုသည် ထိုကဲ့သို့သော ဆိုးဝါးသည့် စမ်းသပ်ချက်များအား ပိုမိုဆောင်ရွက် လာနိုင်စေရန် တွန်းအားတစ်ခု ဖြစ်ပုံရသည်။
လူတိုင်းသည် သုတေသန အခန်းအား ပတ်လည် ကြည့်ရှုသော်ငြား ဖန်ပေါင်းချောင်များမှ အပ အခြားသော ထူးခြားသည့် အရာများကို ရှာဖွေတွေ့ရှိခြင်း မရှိပေ။
“သွားကြစို့။ နောက်တစ်ခန်းကို သွားကြရအောင်”
အန်လင်းသည် ခေါင်းခါယမ်းလိုက် ပြီးနောက် အခြားသူများအား ဦးဆောင်၍ နောက်တစ်ခန်းသို့ သွားရောက်ရန် တံခါးပေါက်ဆီသို့ ဦးတည်လိုက်သည်။
ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈ က မည်မျှလောက် ကြီးမားပါသလဲ။
ဤမေးခွန်း၏ အဖြေအား မည်သူကမျှ သိနိုင်လိမ့်မည် မဟုတ်ပါ။
ခရမ်းကြယ်စင် ပြည်နယ်မှ သစ်တောစိမ်း အင်ပါယာမိသားစုဝင် တစ်ဦးဖြစ်သူ စွန်းရှန့်လျန်၏ ပြောကြားချက်အရ ခရမ်းကြယ်စင် ပြည်နယ်တွင် ရှာဖွေ တွေ့ရှိထားသည့် သုတေသန အဖွဲ့အစည်းနှစ်ခုသည် သင်အန်းမြို့ထက်ပင် ကြီးမားကြောင်း သိရှိရသည်။
ထို့ကြောင့် ခရမ်းကြယ်စင် သုတေသနအဖွဲ့အစည်း ၈၈သည် သေချာပေါက် သေးငယ်လိမ့်မည် မဟုတ်ဟု ယူဆရပေမည်။
နောက်တစ်ခန်းသို့ ခြေချလိုက်သည်နှင့် သွေးမျိုးစပ် သုတေသနခန်းမှ အစိမ်းရောင် အလင်းများသည် အနီရောင်အလင်းများ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ဖန်ပေါင်းချောင်များထဲရှိ အရည်များထဲတွင် လေပူဖောင်းများ စတင် ပေါ်ထွက်လာသည်။
ဒုတိယအခန်းသည် ပထမအခန်းထက် ပိုကောင်းသည်ဟု ဆိုရပေမည်။ ဤအခန်းသည် ဆေးခန်းဖြစ်သည်။
အနည်းဆုံး ထိုသို့ခေါ်နိုင်ပေသည်။ အခန်းတွင်း၌ အပြင်ဘက်မှ ထွင်းဖောက် မြင်နိုင်သည့် ဗီရိုများရှိပြီး ယင်းတို့ထဲတွင် ဆေးဖက်ဝင် အပင်များနှင့် အရောင်အသွေး မျိုးစုံသော အရည်များအား သော့ခတ်ကာ သိမ်းဆည်းထားခြင်း ဖြစ်သည်။
အန်လင်းသည် ထိုဗီရိုများထံသို့ လျှောက်သွားပြီးနောက် ယင်းတို့အား သူ၏ သိုလှောင်လက်စွပ် အတွင်း ထည့်သွင်းရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း သူ၏ကြိုးစားမှုသည် နောက်တစ်ဖန် ကျရှုံးရပြန်သည်။
ရှောင်ချိုးသည်ပင်လျှင် သူ၏ငွေသံတုတ်ဖြင့် ဗီရိုများအား ချိုးဖြတ်ရန် ကြိုးပမ်းနေသည်။
သို့သော်လည်း ဗီရိုများသည် တစ်လက်မမျှပင် ရွေ့လျားခြင်း မရှိပေ။ ထိုအစား ရှောင်ချိုးသည်သာလျှင် မီတာအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။
လူတိုင်းသည် မြင်သာမြင်ရ မကြင်ရသည့်ဘဝသို့ ရောက်ရှိနေရသဖြင့် ထိုအရာ အားလုံးအား အတော်လေး စိတ်ပျက်နေပြီ ဖြစ်သည်။
အန်လင်းသည် သက်ပြင်းရှိုက်လိုက် ပြီးနောက် ရှေ့ဆက် လျှောက်သွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူတို့အတွက် ရွေးချယ်ရန် တံခါးနှစ်ချပ် ရှိနေလေသည်။
ယခုတစ်ကြိမ်တွင် အန်လင်းသည် လက်ဝဲဘက်ရှိ တံခါးအား ရွေးချယ်လိုက်သည်။ အရေးအကြီးဆုံးသော အရာများသည် အပျက်အစီးပုံများ၏ ဗဟိုချက်တွင် တည်ရှိတတ်သည်။ စင်တာ၏ အလယ်ပိုင်းသို့ ဦးတည်သွားခြင်းသည် ကောင်းမွန်သည့် အရာများနှင့် ကြုံတွေ့နိုင်ရန် အခွင့်အရေး မြင့်လေလေ ဖြစ်သည်။
ထို့နောက်တွင် သူတို့သည် အမှန်တကယ်ကိုပင် ကောင်းမွန်သည့် အရာနှင့် ကြုံတွေ့လိုက်ရသည်။
အတိအကျဆိုရလျှင် အလှလေး တစ်ဦးသည် အဖြူရောင်ဝတ်ရုံနှင့် လွင့်မျောနေခြင်း ဖြစ်သည်။
“ဒြပ်စင် ၅ခု စမ်းသပ်မှုကနေ ကြိုဆိုပါတယ် အစမ်းသပ်ခံလေးတို့” အလှလေးသည် စိတ်အားထက်သန်မှု ပြည့်လျှံစွာဖြင့် ကြေညာလိုက်သည်။
အန်လင်းတို့သည် ပုံမှန်မဟုတ်သည့် အရာအား တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွား ကြလေသည်။
အဖြူရောင် ဝတ်ရုံနှင့် အလှလေးသည် လူသားစင်စစ် မဟုတ်ဘဲ ထွင်းဖောက် မြင်နိုင်သည့် အလင်းခန္ဓာကိုယ် တစ်ခုသာလျှင် ဖြစ်သည်။
“ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ခွင့်ပြုပါ။ ကျွန်မရဲ့ နာမည်ကတော့ ပိုင်လင်း ဖြစ်ပါတယ်။ ကျွန်မက ဒီသုတေသန အဖွဲ့အစည်းရဲ့ နောက်ကွယ်က ညွှန်ကြားသူ ကိုယ်စား ထွက်ပေါ် လာရခြင်းပါ”
“ဒြပ်စင် ၅ ခု စမ်းသပ်မှုတွင် အနည်းဆုံး ပါဝင်ရမည့်သူ ၅ဦး လိုအပ်ပါတယ်။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စတဲ့ ဒြပ်စင် ၅ ခုရဲ့ အဆုံးကို ရောက်ရှိတာနဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်”
“ပြီးခဲ့တဲ့ စမ်းသပ်ခံတွေရဲ့ အချက်အလက်တွေ အရတော့ ဒီစမ်းသပ်မှုမှာ ရှင်သန်နိုင်မဲ့ အခွင့်အရေးက ၇၅ရာခိုင်နှုန်း ရှိပါတယ်။ အောင်မြင် ပြီးမြောက်သည်နှင့် ဒြပ်စင် ၅ခုရဲ့ အမွေအနှစ်တွေကို လက်ခံရရှိဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။ ဤစမ်းသပ်မှုအား လက်ခံပါသလား”
ပိုင်လင်း၏ အကြည့်သည် အန်လင်းထံတွင် ရပ်တန့်သွားသည်။ သူမထံတွင် မြော်မြင် တွေးခေါ်နိုင်စွမ်း ရှိပုံရသည်။
ဤနေရာရှိ စမ်းသပ်မှုများအား ပြည့်မြောက် သွားသည်နှင့် အမွေအနှစ်များ ရရှိမည်တဲ့လား။
သူတို့က အပျက်အစီးပုံရဲ့ ထောင့်မှာရှိတဲ့ ကျောက်တုံးပေါ်မှာ ထွင်းထုထားတာ မျိုးတော့ မလုပ်လောက်ပါဘူး။
အန်လင်းသည် အနည်းငယ်မျှ စိတ်ပျက်မိသော်လည်း သူ၏ ကျန်ရှိနေသည့် အဖွဲ့သားများအား ကြည့်လိုက်သည်။
သူတို့၏ အမူအရာများမှ တစ်ဆင့် အဖြေကို နားလည်လိုက်နိုင်ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် အန်လင်းသည် ခေါင်းညိတ် လိုက်ပြီးနောက် “ဒါဆိုလည်း စကြတာပေါ့”
အန်လင်း၏ စကားကို ကြားလိုက်ရသည့် အခါတွင် ပိုင်လင်းသည် ပြုံးလိုက်ပြီးနောက် စမ်းသပ်ရာ မြေပြင်သည် စတင် တုန်ခါလာသည်။
ချက်ချင်း ဆိုသလိုပင် မတူညီသည့် ဦးတည်ရာ ၅ခုမှနေ အားကောင်းသည့် စွမ်းအင်များ ပေါ်လာပြီး အတက်အကျ ဖြစ်လာသည်။
လုံးလုံးလျားလျား မတူကွဲပြားသည့် နယ်မြေ၅ခု ဖြစ်သည်။ တရှူးရှူး တောက်လောင်နေသည့် မီးတောက်များ၊ တဝုန်းဝုန်း ရိုက်ခတ်နေသည့် လှိုင်းလုံးများ၊ ရစ်ပတ်နေသည့် သစ်မြစ်များ၊ ဓားတောအုပ်တစ်ခု၊ အမြောက်ဆန်များကဲ့သို့ ဝဲပျံလျက်ရှိသည့် ကျောက်တုံးများ။
“နယ်မြေ တစ်ခုချင်းစီရဲ့ အဆုံးမှာ ဖန်လုံးတစ်လုံးစီ ရှိတယ်။ အဲဒီဖန်လုံးထဲ သင်တို့ရဲ့ ချီစွမ်းအင်ကို ထည့်လိုက်တာနဲ့ စစ်ဆေးမှု ပြီးမြောက်မှာပဲ ဖြစ်တယ်” ပိုင်လင်းသည် ဆက်လက် ရှင်းပြလေသည်။
ဆွေးနွေးမှုအချို့ ပြီးသည့်နောက်တွင် အန်လင်းသည် ရေနယ်မြေအတွင်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ရှောင်ချိုးသည် မီးနယ်မြေ၊ စွန်းရှန့်လျန်သည် သတ္တုနယ်မြေ၊ လောင်ကျိပင်သည် မြေနယ်မြေနှင့် သစ်သားနယ်မြေ အတွင်းသို့ မုန့်ထျန်းနှင့် ကျုံးရုံရန်တို့ အတူတကွ ဝင်ရောက်ကြမည် ဖြစ်သည်။
အန်လင်းသည် ရေနယ်မြေဆီသို့ စတင် ခြေလှမ်းလိုက်သည်။ ထိုနယ်မြေသည် မီတာ ရာအနည်းငယ်ခန့်သာ ရှည်လျားသည်။ တစ်ဝက်သည် လှိုင်းထန်နေသည့် ရေပြင်ဖြစ်ပြီး ကျန်တစ်ဝက်မှာ ရေခဲပြင်ဖြစ်သည်။
အလွန်ခက်ခဲသည့်ပုံ မပေါ်သော်လည်း အန်လင်းအနေဖြင့် အလေးမထားဘဲ မနေရဲချေ။ ဖြည်းဖြည်းချင်းသာလျှင် ရှေ့သို့ သွားလိုက်သည်။
ဝုန်း …
တန်ဝက်ခန့် ပြင်းအားရှိသည့် လှိုင်းများ ရိုက်ခတ် လာသည်ကြောင့် အန်လင်းသည် တုန်ယင်ကာဖြင့် နောက်သို့ ဆုတ်လိုက်ရသည်။
ကြောက်ဖို့ ကောင်းလိုက်တာ။ အန်လင်းသည် ထိုမျှလောက်သော စွမ်းအားကို ကိုင်တွယ် နိုင်သော်လည်း တာအိုခန္ဓာ အဆင့်မျှသာ ရှိနေသေးသည့် သူ၏ အဖွဲ့သားများ အတွက် စိုးရိမ်မိသွားသည်။
ရှောင်ချိုးသည် အလွန်မြင့်မားသည့် အပူရှိန်ကို ထုတ်လွှတ်လျက် ရှိနေသော တရှူးရှူး တောက်လောက်နေသည့် မီးပင်လယ်ထံ မျက်နှာမူလိုက်သည်။ ထိုမျှလောက်သည် သူ့အား ထိခိုက်စေနိုင်ခြင်း မရှိသည့်အတွက် အလျင်အမြန်ပင် ရှေ့ဆက်လိုက်သည်။
စွန်းရှန့်လျန်သည် ဓားတောအုပ် အတွင်း၌ ပိတ်မိနေလေသည်။ များပြား လှစွာသော ဓားချက်များသည် သူမထံသို့ အဘက်ဘက်မှ ပျံဝဲလာကြသည်။ ဓားများသည် သူမအား ဝန်းရံလျက် လေထဲတွင် တန့်လျက် ရှိနေကြသည်။ ထိုဓားများတွင် ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိနေဟန်ပင်။
သူမသည် လှုပ်ရှားသည့် နည်းစနစ်၌ အလွန်အမင်း ကျွမ်းကျင်သော ထူးချွန် ဓားသမားတစ်ဦး ဖြစ်နေ သော်ငြားလည်း ရှေ့ဆက်ဖို့ရန် အတွက်မူ အတော်လေး ခက်ခဲနေဆဲပင် ဖြစ်သည်။
လောင်ကျိပင်တွင် ခန္ဓာကိုယ် သန်မာလာစေရန် ကျင့်ကြံသည့် နည်းစနစ်ရှိသည့် အတွက် ပျံသန်းနေသည့် ကျောက်တုံးများအား အတိုင်းအတာ တစ်ခုအထိ ရင်ဆိုင်နိုင်လေသည်။ သူသည် အမြောက်ဆန် ပင်လယ်ကြီးအား ရှောင်တိမ်းခြင်း မပြုဘဲနှင့် ဖြတ်ကျော်လျက် ရှိသည်။
စွန်းရှန့်လျန်နှင့် လောင်ကျိပင်တို့နှစ်ဦး ရင်ဆိုင်ရသည့် ခက်ခဲမှုများနှင့် နှိုင်းယှဉ်ပါက မုန့်ထျန်းနှင့် ကျုံးရုံရန်တို့သည် အလွန်အမင်း လွယ်ကူစွာ ဖြတ်ကျော်လျက် ရှိနေကြသည်။
ကျုံးရုံရန်သည် သူတို့နှစ်ဦးစလုံး အတွက် ပျံသန်းသည့် နည်းစနစ် တစ်ခုအား အသက်သွင်း လိုက်သည်။ ထိုနည်းစနစ်သည် ပေါ့ပါးသည့် အတွက်ကြောင့် လူသိများခြင်း မရှိသည့်အပြင် တစ်ဖြောင့်တည်း သွားနိုင်ရန်သာ အသုံးပြုနိုင်လေသည်။ သို့သော်လည်း ထိုနည်းစနစ်အား အမြန်နှုန်းအတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် လေထဲတွင် ပျံဝဲကာဖြင့် ရှေ့ဆက်လျက် ရှိကြသည်။ မြေပြင်တွင် ရှိနေသည့် အမြစ်များသည်လည်း ကောင်းကင်သို့ ထိုးထွက်လာကြသည်။
ထိုအချိန်မှာပင် လေဓားသွားများသည် သူတို့အရှေ့တွင် အကာအကွယ် တစ်ခုအနေနှင့် ပေါ်လာပြီး ကောင်းကင်သို့ ထိုးထွက်လာသည့် အမြစ်များအား ကြိတ်စက်ကြီး တစ်ခုကဲ့သို့ အပိုင်းပိုင်း ခုတ်ထစ်လိုက်သည်။
ဖောက် ...
ဤသို့ဖြင့် သူတို့နှစ်ဦးသည် မြေပြင်သို့ ဆင်းသက် လိုက်ပြီးနောက် အရှေ့တွင်ရှိနေသည့် ဖန်လုံးထံသို့ လက်များ ဆန့်ထုတ်လိုက်ကြသည်။
ဝှစ် ...
“သစ်သားနယ်မြေ ပြီးဆုံး”
ရှောင်ချိုးသည်လည်း မီးပင်လယ်အား ဖြတ်ကျော် လိုက်ပြီးနောက် ဖန်လုံးအား အသက်သွင်း လိုက်သည်။
“မီးနယ်မြေ ပြီးမြောက်”
အန်လင်းသည်လည်း ရေခဲချွန်များအား လေထဲတွင် ပျံသန်းကာဖြင့် ဖြတ်ကျော် လိုက်ပြီးနောက် သူ့အရှေ့တွင် ရှိနေသည့် ဖန်လုံးထံသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်။
“ရေနယ်မြေ ပြီးမြောက်”
လောင်ကျိပင် သည်လည်း ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိလျက်ရှိပြီး ဒဏ်ရာများမှ သွေးများ စိမ့်ထွက်ကာ စီးကျလျက် ရှိနေသည်။ သို့သော်လည်း မြေနယ်မြေအား ဖြတ်ကျော် လိုက်နိုင်ပြီး သူ့အရှေ့တွင် ရှိနေသည့် ဖန်လုံးအား အသက်သွင်း လိုက်နိုင်သည်။
စွန်းရှန့်လျန်သည် နောက်ဆုံးမှ ပြီးမြောက်သူ ဖြစ်သည်။ သူမ၏ လက်မောင်းသည် လှီးဖြတ်ခြင်း ခံထားရပြီး နှင်းကဲ့သို့ ဖြူဖွေးနေသည့် အသားအရေမှာ လှစ်ဟလျက် ရှိနေသည်။ သူမ၏ဒဏ်ရာမှ သွေးများ စီးကျနေလေသည်။
တစ်ချိန်တည်းမှာပင် ဖန်လုံး ၅ခုထံသို့ ချီစွမ်းအင်များ ထည့်သွင်း လိုက်သည်ကြောင့် စမ်းသပ်မြေပြင်များ စတင် တုန်ခါလာပြန်သည်။
ထိုနေရာ တစ်ခုလုံးတွင် စက်ရုပ်ကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာသည်။ “စမ်းသပ်ခြင်း ပြီးဆုံးပါပြီ”
ပြီးနောက်တွင် ချက်ချင်း ဆိုသလိုပင် အရာအားလုံးသည် အမှောင်ထုအတွင်း ကျရောက် သွားတော့သည်။
ဆက်တိုက်ပင် သူတို့အားလုံးတို့သည် အဖြူရောင်နယ်ပယ် တစ်ခုအတွင်း ရောက်ရှိသွားကြသည်။
ထိုနယ်ပယ်၏ ဗဟိုချက်တွင် အနက်ရောင် ဖန်လုံးတစ်လုံး ရှိနေပြီး လေထုအတွင်း ဝဲလျက်ရှိနေသည်။
တည်နေရာ ရွှေ့ပြောင်း တာလားဟ။ ဘယ်လိုဖြစ်ပြီး သောက်ရမ်းတွေ မြန်နေရတာတုံး။
အန်လင်းသည် ထိုမဟူရာ နည်းစနစ်ကြောင့် အကြီးအကျယ် တုန်လှုပ်နေမိသည်။
သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းအား ကြည့်လိုက်သည့် အခါတွင် ဒီဂျေဗူး ဟူသည့် အာရုံကြောင့် ရိုက်ခတ်လာမှုကြောင့် ပို၍ပင် ထိတ်လန့်သွားမိသည်။
ထိုအချိန်မှာပင် ပိုင်လင်းသည် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။
“ဆရာကြီးများ၏ နယ်ပယ်မှ ကြိုဆိုပါသည်။ အမွေဆက်ခံခြင်း အခမ်းအနား စတင်ပါတော့မည်”
(ဒီဂျေဗူးဆိုတာ အခုလက်ရှိ အနေအထားကို ကြုံတွေ့ဖူးတယ်ဆိုတဲ့ ခံစားချက်လို့ ဆိုပါတယ်)
***