← Chapters

ငါးနေရာမြောက်က ငါ့အပိုင်ပဲ

Vol. 1 Ch. 42

ငါးနေရာမြောက်က ငါ့အပိုင်ပဲ

Vol. 1 Ch. 42

ကောင်းကင် တောင်ပံမြို့၏ ဈေးနေရာသည် ညတွင်းချင်း ပြောင်းလဲ သွားခဲ့သည်။ ဈေးနေရာ တစ်ခုလုံးကို အစောင့်အကြပ်များဖြင့် ဝန်းရံ ထားလိုက်ပြီး စောင့်ကြည့်စင် တစ်ခုနှင့်အတူ တိုက်ပွဲစင်မြင့် ၁၀၅ခုကို တည်ဆောက် ထားခဲ့သည်။

ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် နှစ်စဉ် လူသစ် လက်ခံပွဲကို မည်သည့်မြို့တွင် ကျင်းပမည်ဟု ကြိုတင် သတ်မှတ်ထားခြင်း မရှိပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ကောင်းကင် တောင်ပံမြို့တွင် လူသစ် လက်ခံပွဲ ကျင်းပခဲ့ဖူးသည်မှာ ရာစုနှစ် တစ်ခုကျော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကောင်းကင် တောင်ပံမြို့အတွက် ၎င်းသည် နှစ်စဉ်ကျင်းပသော ကောင်းကင် ကြယ်ပွဲတော်ထက် အဆများစွာ ပို၍စည်ကား လေသည်။

ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက် ရောက်လာခဲ့သော်လည်း ယနေ့တွင် တစ်ယောက်သာ လူလုံး ထွက်ပြခဲ့သည်။ ကောင်းကင် တောင်ပံမြို့စား ကျီထျန်း၏ ဘေးတွင်လည်း လက်ထောက် စစ်သူကြီး တစ်ဦး ရှိနေခဲ့လေသည်။ ကျီထျန်းသည် လူငယ် အားလုံးကို စိတ်တက်ကြွစေသော မိန့်ခွန်း စကားကို ပြောခဲ့လေသည်။ မွန်းတည့်ချိန်တွင်  ပြိုင်ပွဲဝင် အရေအတွက်သည် ၂၅၀၀ ဖြစ်ကြောင်း တိတိကျကျ ပေါ်ထွက်ခဲ့ လေသည်။

ကျန်းရီသည် ထိုကဲ့သို့သော အခမ်းအနားမျိုးကို မျက်မြင်တွေ့ရန် အခွင့်အရေး မရှိခဲ့ပေ။ သူသည် လက်ရှိအချိန်တွင် သိုင်းခန်းမ၌ သူ၏ သိုင်းပညာ အသစ်ကို လေ့ကျင့် နေခဲ့လေသည်။

“အတွင်းအား ပေါက်ကွဲ လက်ဝါး”

ကျန်းရီသည် မျက်လုံးများကို မှိတ်လျက် အနက်ရောင် နံရံတစ်ခု ရှေ့တွင် ရပ်နေခဲ့ လေသည်။ သူသည် အော်ဟစ် လိုက်ပြီးသည်နှင့် သူ့စိတ်ထဲမှ လမ်းကြောင်းအတိုင်း အတွင်းအားကို ပို့ဆောင် စုစည်းကြည့် နေခဲ့သည်။ ဆယ့်သုံးခါမျှ စုစည်းပြီးနောက် သူ၏ အတွင်းအားသည် သုံးပုံနှစ်ပုံခန့် လျော့ပါး သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူသည် အတွင်းအားကို လက်ဝါးဆီသို့ ပို့ဆောင်လိုက်ကာ မျက်လုံးများ ဖွင့်လိုက်ပြီး သူ့ရှေ့ရှိ နံရံသို့ လက်ဝါးဖြင့် ရိုက်ချခဲ့ လိုက်လေသည်။

“ဗုန်း...ဗုန်း...ဗုန်း...”

အသံငါးခုသည် ပေါ်ထွက် လာခဲ့သည်။ ကျန်းရီ၏ မျက်လုံးများသည် တောက်ပ လာခဲ့သော်လည်း သူသည် အလျင်အမြန်ပင် မျက်မှောင်ကြုတ် လိုက်မိပြန်သည်။ သူသည် သူ့လက်ဝါးကို ပြန်ကြည့်လိုက်ပြီး သံသယရှိစွာ ရေရွတ်လိုက်သည်...

“ဒါက မမှန်သေးဘူး...ငါက အတွင်းအား ပေါက်ကွဲ လက်ဝါးကို အောင်အောင်မြင်မြင် ထုတ်ဖော် နိုင်လိုက်ပြီပဲ...ဘာလို့ သူ့အင်အားက အရမ်းနည်း နေရတာလဲ...အင်အားက သုံးဆလောက် တိုးလာရမှာ မဟုတ်ဘူးလား...ဒီကျင့်စဉ်မှာပဲ ပြဿနာ ရှိနေတာလား...ငါနားလည်ထားတာကပဲ မှားနေတာလား''

အနက်ရောင် နံရံသည်ကား တစ်စုံတစ်ယောက်၏ စွမ်းအားကို စမ်းသပ်နိုင်ရန် ရည်ရွယ်၍ ထားရှိထားသော ကျောက်တုံးတစ်ခု ဖြစ်သည်။ ကျန်းဂိုဏ်းတွင်လည်း တစ်ခုရှိပေသည်။ စောစောက မြည်သံငါးခုသည်ကား သူ့ရိုက်ချက်တွင်  သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပဉ္စမအဆင့် အင်အားသာ ပါဝင်ကြောင်း အဓိပ္ပါယ်ရသည်။

သူသည် အတွင်းအား ပေါက်ကွဲ လက်ဝါးတွင် အင်အားအပြည့် အသုံးမပြုခဲ့သော်လည်း လုံလောက်သော အင်အားကို အသုံးပြုခဲ့သည်။ သူသည် အင်အား အမြောက်အများ အသုံးပြုခဲ့လျှင်တောင် စွမ်းအား အများကြီး တိုးမလာလောက်ပေ။

သူသည် အချိန်အတော်ကြာ တွေးတောနေပြီးနောက် အတွင်းအားကို သာမန်ပမာဏသာ သုံးလိုက်ပြီး အနက်ရောင် နံရံကြီးကို ရိုက်ချလိုက်ပြန်သည်။ ကျောက်နံရံသည် တုန်လှုပ်သွားပြီး မြည်သံလေးချက် ပေါ်ထွက်လာခဲ့လေသည်။ သူသည် ယခုတွင် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်တွင်သာ ရှိရာ စမ်းသပ် ကျောက်တုံးတွင် ပြဿနာ ရှိမနေကြောင်း သေချာသွားခဲ့သည်။

အနက်ရောင် အတွင်းအားနဲ့ ပေါင်းပြီး စမ်းကြည့်ရအောင်

ကျန်းရီသည် ဘာမှားနေသည်ကို သေချာ နားမလည် သေးသော်လည်း ဆုံးဖြတ် ချက်ချလိုက်သည်။ သူသည် ဒန်တျန်းထဲမှ အနက်ရောင် အတွင်းအား တစ်မျှင်ကို ထုတ်ယူကာ အတွင်းအားများကို စုစည်း ပေါင်းစပ်ပြီးနောက် အနက်ရောင် နံရံပေါ် ရိုက်ချလိုက်ပြန်သည်။

“ဗုန်း..ဗုန်း...ဗုန်း...”

နံရံသည် လှုပ်ယမ်း သွားခဲ့ပြန်သည်။ ရှစ်ချက်တိတိ မြည်သံ ထွက်ပေါ်လာပြီးနောက် သိုင်းပညာ လေ့ကျင့်ခန်းသည် တိတ်ဆိတ် သွားခဲ့ပြန်သည်။ နံရံသည် မည်သည့်အသံမှ ထပ်ထွက် မလာသည်ကို သေချာသွားသောအခါ ကျန်းရီ၏ မျက်လုံးများတွင် စိတ်ပျက်သော အရိပ်အယောင်များ ဖုံးလွှမ်း သွားခဲ့သည်။

အနက်ရောင် အတွင်းအားနှင့် အတွင်းအား ပေါက်ကွဲ လက်ဝါးကို ပေါင်းစပ်လိုက်လျှင် သူ့အင်အားသည် နှစ်ဆမျှ တိုးတက်သွားပြီး သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမ အဆင့်ရှိသူနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သူသည် အင်အား တစ်ခုတည်းသာ တိုးလာသောကြောင့် ရလဒ်သည် သူမူလမျှော်မှန်းထားသည်နှင့် အတော်လေး ကွာခြားပေသည်။ သူ၏ အမြန်နှုန်းနှင့် ခုခံအားသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်နှင့် ယှဉ်နိုင်ရန် အတော်လေး ဝေးကွာနေဆဲပင်...သူသည် သူ့ကို လှုပ်ရှားမှုများ မြန်ဆန် လာစေသော အနက်ရောင် အတွင်းအားမှ တိုးမြှင့်ပေးသော အမြင်အာရုံကိုသာ မပိုင်ဆိုင်ထားလျှင် သူသည် လူသစ် လက်ခံပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရဲတော့မည် မဟုတ်ပေ။

သူသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ရှိသူများနှင့် တိုက်ခိုက်ဖူးသလို သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း နဝမအဆင့်ဖြစ်သော ကျန်းဟန်ရွှေနှင့်တောင် တိုက်ခိုက် ခဲ့ဖူးသည်။ သို့သော် သိုင်းလေ့ကျင့်ခန်း အတွင်း ဖြစ်သောကြောင့် ထိုလူများသည် အတွင်းအားများကို ပိတ်ဆို့ခံ ထားရသည်။ ထို့ပြင် ကျန်းဟန်ရွှေဆိုလျှင် ပြန်မတိုက်ခိုက်ဘဲ ရှောင်တိမ်း၍သာ နေခဲ့သည်။ ကျန်းဟန်ရွှေသာ အတွင်းအား သုံးခွင့်ရမည်ဆိုလျှင် အနိုင်ကျင့် ခံရမည့်သူမှာ သေချာပေါက် သူဖြစ်လေသည်။

ဘာကများ မှားနေတာလဲ

ကျန်းရီသည် အချိန်အတော်ကြာ ခေါင်းငုံ့ စဉ်းစားနေခဲ့သည်။ သူသည် သူ၏ ကျင့်ကြံဆင့်မြင့် သွားသောကြောင့် အနက်ရောင် အတွင်းအား အကူအညီသည် အားနည်း သွားသောကြောင့် ဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက် လာခဲ့သည်။ အနက်ရောင် အတွင်းအားနှင့် အတွင်းအားပေါက်ကွဲ လက်ဝါးကို ပေါင်းစပ်လိုက်လျှင် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဆင့်ရှိ လူတိုင်းကို အနိုင်တိုက်မည် ဟူသော သူ၏ ပထမအတွေးသည် မိုက်မဲလွန်းခဲ့ခြင်း ဖြစ်သည်။

ငါထပ်ပြီး မတွေးတတ်တော့ဘူး...ပြိုင်ပွဲတွေက မနက်ဖြန် စတော့မယ်...ငါ့ကံကို ကောင်းကင်ကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်

ကျန်းရီသည် သူ့အခန်းဆီသို့ ပြန်သွားကာ ကုန်ဆုံးသွားသော အတွင်းအားများကို ပြန်ဖြည့်ရန် ကျင့်ကြံနေလိုက်သည်။ ကျန်းရီသည် လက်ရှိတွင် အတွင်းအား ပေါက်ကွဲလက်ဝါးကို ထပ်မံ၍ မွမ်းမံနိုင်ရန် ကြိုးစားနေခဲ့သည်။ ဉာဉ့်နက်လာသော်လည်း ကျန်းရီသည် ဘာတစ်ခုမှ သဘောမပေါက်ခဲ့ပေ။ သူသည် အိပ်ရာဝင်ခဲ့ လိုက်တော့သည်။

နောက်တစ်နေ့တွင် ကျန်းရီသည် စောစောနိုးလာခဲ့သည်။ သူသည် ထွက်မသွားခင်တွင် မနက်စာ စားလိုက်သည်။ သိုင်းလေ့ကျင့်ခန်း တစ်ခုလုံးတွင် မည်သူမျှ ရှိမနေပေ။ သူသည် နေရာမှ ထွက်မသွားခင်တွင် အခန်းငယ်လေးကို နောင်တရမှုများနှင့် ငေးကြည့်လိုက်သည်။

“အထီးကျန် ဝံပုလွေ...အကောင်းဆုံးကြိုးစားခဲ့...ကောင်လေး”

စင်္ကြံလမ်းတွင် လူကြီးသံ တစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ နှလုံးသားသည် နွေးထွေးသွားရပြီး နောင်လှည့်ကာ ကြီးကြပ်သူယန်ကို ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သူသည် ခြေလှမ်း ကြဲကြီးများနှင့် ထွက်လာခဲ့သည်။

ပြိုင်ပွဲမှာ မစတင် သေးသော်လည်း လူအုပ်ကြီးမှာ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ မြို့တော်ဈေးသည် သိုင်းခန်းမ၏ မြောက်ဘက်တွင် ရှိပြီး သိုင်းခန်းမ၏ အဝမှ ရပ်ကြည့်လျှင် ဈေးတစ်ခုလုံးကို မြင်နိုင်ပေသည်။

ကြောက်စရာကောင်းသော ဝံပုလွေ မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ကျန်းရီသည် လူအများ၏ အာရုံစိုက်မှုကို ရရှိလေသည်။ လက်ရှိတွင် ကျန်းရီသည် အတော်လေး ကျော်ကြားနေရာ ဈေးထဲတွင် စောင့်ဆိုင်း နေကြသော သခင်လေး၊ မမလေးများသည် သူ့ကို ခေါင်းညိတ် နှုတ်ဆက်ကြလေသည်။ ထိုမျှသော အချိန်အတွင်းတွင် ကျန်းရီသည် လူအယောက် တစ်ရာကျော်၊ နှစ်ရာခန့်နှင့် လေ့ကျင့်တိုက်ခိုက်ခဲ့ပြီး ဖြစ်ရာ အများစုသည် သိုင်းပညာများ တိုးတက်လာသောကြောင့် သူ့ကို အလေးပေး ကြလေသည်။

ကျန်းရီသည် သူ၏ တည်ကြည်သော အမူအရာကို ထိန်းသိမ်းရင်း တိတ်ဆိတ်စွာ မတ်တပ်ရပ် နေခဲ့သည်။ အချိန်ရွေ့လျား လာသည်နှင့်အမျှ မြို့ဈေး အတွင်းရှိ လူများသည်လည်း တဖြည်းဖြည်း များလာခဲ့သည်။ စင်မြင့် တစ်ရာ့ငါးခုရှိသော ဈေး၏ အလယ်သည်ကား တိုးမပေါက် နိုင်လောက်အောင် စည်ကား နေပေသည်။

ကျန်းရီသည် ပွဲကြည့်ပရိတ်သတ် တစ်ယောက်ကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်နေခဲ့သည်။ သူသည် တစ်ခါတစ်ရံတွင် ရီလင်းရွှယ်နှင့် ရီလုံယွိတို့လို မိတ်ဆွေဟောင်းများ၊ မာဟေးချီနှင့် လျှိုဟဲတို့လို လူများနှင့် ကျန်းကူရွှေတို့ကိုပါ တစ်ခါတစ်ရံ တွေ့ရလေသည်။ သူသည် ကျန်းဟန်ရွှေ၊ ကျီထင်ယွီနှင့် လမ်ချမ်ချမ့်တို့ကို မတွေ့ရသောကြောင့် သံသယတော့ ဖြစ်နေခဲ့သည်။

“ဝိုး”

အရှေ့ဘက်မှ ထွက်ပေါ်လာသော အော်သံတို့သည် ကျန်းရီ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူကြည့်လိုက်သောအခါ လူတစ်စု ချီတက်လာသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးတွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် မီးခိုးရောင် တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင် ထားခဲ့သည်။ သူသည် ကျန်းရု လုံလောက် အရပ်ရှည်သော်လည်း ခန္ဓာကိုယ်သည် ပို၍ ကြံ့ခိုင်သည့်ပုံ ပေါက်လေသည်။ သူသည် လွှမ်းမိုးနိုင်စွမ်း ရှိပြီး ထူးခြားသည့် တည်ရှိမှုမျိုး ဖြစ်လေသည်။ ထို့နောက်တွင် သူသည် ဝတ်စုံဖြူဝတ် လူသုံးယောက်၊ အနက်ရောင် စစ်တပ်ဝတ်စုံနှင့် လူများနှင့် စကားလက်ဆုံကျနေလေသည်။ တစ်ခါတစ်ရံ ထွက်ပေါ်လာသော ရယ်သံများသည် ထင်ရှားနေသော ဖြစ်တည်မှု ဖြစ်ပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိနေခဲ့သည်။

မြို့စားကျီထျန်း...ဒီဝတ်စုံဖြူဝတ် လူသုံးယောက်က ဝိဉာဉ်သားရဲ သင်တန်းကျောင်းရဲ့ ဆရာသုံးယောက်လား...ဟမ်...ဒီဆရာက ဘာလို့ ဒီလောက်ငယ်ပြီး ဒီလောက်လှနေရတာလဲ...ဒီဆရာရဲ့ တည်ရှိမှုက ကျီထင်ယွီ မယှဉ်နိုင်တဲ့ အရာတစ်ခု မဟုတ်လား

ကျန်းရီ၏ မျက်လုံးများ သို့မဟုတ် မရေမတွက်နိုင်သော လူများ၏ မျက်လုံးများသည် ဝိဉာဉ်သားရဲ သင်တန်းကျောင်း၏ ဆရာသုံးယောက်တွင် အမျိုးသမီးဆရာ ထံတွင်သာ စုပြုံရောက်ရှိ နေခဲ့သည်။ ထိုမိန်းမပျိုသည် အသက်နှစ်ဆယ်ခန့်အရွယ် ဖြစ်သည်။ ထိုအသက်အရွယ်သည် ကလေးဆန်မှုများ ပျောက်ကာ ရင့်ကျက်စ ပြုလာသော အရွယ်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများသည် ပြည့်ဝစွာ ဖွံ့ဖြိုးနေပြီး ဖြစ်သည်။ သူမတွင် ကျီထင်ယွီနှင့် နှိုင်းယှဉ်နိုင်သော ကြည့်ကောင်းသည့် ဘဲဥပုံ မျက်နှာရှိသည်။ သို့သော် သူမ၏ ကောက်ကြောင်းများသည် ကျီထင်ယွီကို ချက်ချင်းပင် ရှုံးနိမ့် သွားစေနိုင်သည်။ အထူးသဖြင့် ကြော့ရှင်းသော အေးစက်စက် တည်ရှိမှုမျိုးသည် မည်သည့် ယောက်ျားကိုမှ မတွန်းလှန်နိုင်အောင် ဖြစ်စေသည်။ သူမသည် ယောက်ျား များစွာတို့၏ နှလုံးသားကို ခိုးယူသွားလေသည်။

ကျန်းရီသည် ရယ်မော နေစဉ်မှာပင် အေးစက်နေသော မိန်းကလေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူတို့သည် ဈေးတစ်ဝက်လောက် ခြားနေသေးသော်ငြား သူသည် သူမထံမှ အေးစက်စက် အရှိန်အဝါတို့ကို ခံစားနေရသည်မှာ သူမသည် ရေခဲနှင့် လုပ်ထားသည့် အလားပင်...

ကျီထျန်းသည် ဧည့်သည် လူစုကို ပွဲကြည့်ရန် နေရာ၏ တောင်ဘက်သို့ ဦးဆောင်သွားခဲ့ပြီး ခမ်းနားသော အခန်းငယ်တစ်ခု အတွင်းသို့ ဝင်ရောက် သွားလေသည်။ ကောင်းကင် တောင်ပံမြို့၏ အစောင့်များသည် ပွဲကြည့်စင်ကို ဝန်းရံ လိုက်ကြသည်။ ပတ္တရောင် လှည့်နေသော အုပ်စုတစ်စုသည်လည်း စင်မြင့်၁၀၅ခု အနီးရှိ နေရာများကို ရှင်းလင်းရန် ထွက်သွားကြသည်။

“ရှပ်..ရှပ်..ရှပ်”

ဆန့်ကျင်ဘက်အရပ်မှ လူတစ်စုသည် လျှောက်လာကြပြီး ပွဲကြည့်စင်ပေါ်သို့ တက်သွားကြလေသည်။ ကျန်းရီသည် တစ်ချက်ကြည့်လိုက်သော် ထိုအုပ်စုတွင် ကျန်းဂိုဏ်းချုပ်နှင့် ကျန်းဂိုဏ်းမှ အကြီးအကဲများ ပါနေသည်ကို တွေ့လိုက်ရသည်။ ကျန်လူများသည်ကား သိသာစွာပင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ခေါင်းဆောင်များ ဖြစ်ကြပေသည်။

“ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ လူသစ်လက်ခံပွဲ အခမ်းအနား တရားဝင် စတင်ပါပြီ”

တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက်သည် ပွဲကြည့်စင်၏ အလယ်သို့ လျှောက်လာကာ လူအုပ်ကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။ သူ၏ သိမ်းငှက်မျက်လုံးများသည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး အော်ပြောလာခဲ့သည်...

“ရှုံးထွက်ပွဲစဉ်တွေ မစခင်မှာ ခါတိုင်းလိုဘဲ အများနဲ့ ရင်ဆိုင် တိုက်ခိုက်ချင်တဲ့သူ တစ်ယောက်ယောက်များ ရှိပါသလား...တစ်ယောက်မှ မရှိဘူးဆိုရင် ရှုံးထွက်ပွဲစဉ်တွေကို စလိုက်ရအောင်...ကျွန်တော် ခေါ်လိုက်တဲ့ နံပါတ်က စင်ပေါ်ကို တိုက်ခိုက်ဖို့ တက်လာခဲ့ပါ...တက်မလာခဲ့ရင် ရှုံးနိမ့်တယ်လို့ သတ်မှတ်ပါတယ်''

ပြိုင်ပွဲများ တရားဝင်စတင်ပြီ ဖြစ်သောကြောင့် လူတိုင်းသည် စိတ်လှုပ်ရှား လာကြသည်။ ဤပွဲသည် လူအများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ပြိုင်ပွဲလည်း ဖြစ်သည်။ ပွဲကြည့်စင်ပေါ်တွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ဆရာများ ရှိမနေခဲ့ဘဲ အနောက်ဘက် မြို့စောင့်တပ်၏ စစ်သူကြီးများ ရှိနေခဲ့သည်။ သူတို့အနီးတွင် အခြားမြို့များမှ ဂိုဏ်းကြီးများ၏ ဂိုဏ်းသားများ ရှိနေကြသည်။ တစ်စုံတစ်ယောက်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နေရာငါးနေရာကို မဝင်ခဲ့လျှင်တောင် သူတို့၏ လုပ်ဆောင်ချက်များ ကောင်းနေပါက သူတို့ကို လက်ခံချင်သည့် လူများ ရှိနေပေသည်။

လူအများသည် အများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မည်သူများ ထွက်လာမည်နည်းဟု စောင့်ကြည့် နေခဲ့ကြသော်လည်း ရူးမိုက်သော သို့မဟုတ် ရဲရင်သောသူ တစ်ယောက်မှ ရှိမနေခဲ့ပေ။ ကျန်းရီသည်လည်း ထိုမျှလောက် မရူးမိုက်ပေ။ ရှုံးထွက် ပွဲစဉ်များသည် ကျပန်းပြိုင်ရသော ပွဲများဖြစ်ရာ ဖြည်းဖြည်းချင်း တိုးတက်သွားနိုင်သည်။ သူ ကံမကောင်းလျှင်သာ အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အများနှင့် ယှဉ်ပြိုင်ရသော ပွဲစဉ်တွင်မူ သူသည် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ အားကောင်းသူများနှင့် ရင်ဆိုင်ရမည်မှာ သေချာပေါက် ဖြစ်သည်။

“ကျွန်မက အများနဲ့တစ်ယောက် ယှဉ်ရတဲ့ ပြိုင်ပွဲကို ပြိုင်ပါမယ်”

ရုတ်တရက် သာယာနူးညံ့သော လေသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ဈေးအရှေ့ဘက်ခြမ်းမှာ အဝါရောင် ပုံရိပ်လေး တစ်ခုသည် လေပေါ်သို့ ခုန်တက်လာခဲ့သည်မှာ လိပ်ပြာလေး တစ်ကောင်နှယ်...

ကျီထင်ယွီ

ကျန်းရီအပါအဝင် ယောက်ျားသား များစွာတို့၏ မျက်လုံးများ တောက်ပ သွားခဲ့ကြသည်။ သူမသည် ကောင်းကင် တောင်ပံမြို့၏ အလှဆုံးသော ပန်းလေးတစ်ပွင့် ဖြစ်ပြီး လူတိုင်း၏ ရင်ထဲမှ စိတ်ကူးယဉ် လက်တွဲဖော်ပင် ဖြစ်သည်။

“ဟား..ဟား..ဟား...”

ကြောင့်ကြမှု ကင်းမဲ့သော ရယ်သံသည် ပွဲကြည့်စင်၏ အထက်ဘက်မှ ပျံ့လွင့်လာခဲ့သည်။ ကျီထျန်းသည် သူ့သမီးကို ထိုကဲ့သို့ မြင်ရသည်ကို အတော်လေး ဂုဏ်ယူနေခဲ့သည်။

“ဟား..ဟား..ဟား..ကျွန်တော်ကလည်း အများနဲ့ ယှဉ်ရမယ့် ပြိုင်ပွဲကို စိန်ခေါ်ကြည့်ချင်ပါတယ်”

အဖြူရောင် ပုံရိပ်တစ်ခုသည် လူအုပ်ထဲမှ ခုန်ထွက် လာခဲ့သည်။ သူ့ကိုယ်သည် လေထဲတွင် ခဏမျှ မျောလွင့်သွားခဲ့ပြီး ပွဲကြည့်စင်ထက်သို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။ သူသည် ပြုံးလိုက်ပြီး ပွဲကြည့်စင်ဘက်သို့ လှည့်ကာ အရိုအသေ ပေးလိုက်သည်။

ကျန်းရီသည် ထိုသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ... တစ်ဖက်မှ ထွားကျိုင်းသော ပုံရိပ်တစ်ခုသည် စင်ပေါ်သို့ အမြှောက်ဆံ တစ်ခုလိုမျိုး ပြေးဝင်လာခဲ့သည်။ ပခုံးထက်တွင် ရွှေရောင် တစ်ဖက်သွား ဓားရှည်ကို သယ်ဆောင်လာသူသည် ကျီထင်ယွီဘက်သို့ ရန်စသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုသူ ယောက်ျားများထက် ပို၍ သန်မာသော လမ်ဂိုဏ်း၏ သမီးပျို လမ်ချမ်ချမ့်မှ လွဲ၍ မည်သူဖြစ်နိုင် မည်နည်း။

“ဝှစ်”

လူအများသည် စိတ်မပျက်နိုင် သေးခင်မှာပင် အပြာရောင် ပုံရိပ်တစ်ခုသည် လူအုပ်ထဲမှ ထွက်လာခဲ့ပြန်သည်။ သူ့ကိုယ်နှင့် လှုပ်ရှားမှုများသည် ပေါ့ပါးနေခဲ့ပြီး သူ၏ တည်ရှိမှုသည် လမ်ချမ်ချမ့်နှင့် အခြားသူများအောက် မလျော့ပေ။

“ဟမ်''

ဈေးတစ်ခုလုံးသည် တိတ်ဆိတ် သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ဘယ်သူမှ အပြာရောင်ဝတ် လူငယ်ကို မသိသောကြောင့် ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်သည် အနည်းဆုံး သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်တွင် ရှိနိုင်ပြီး နဝမအဆင့်တောင် ဖြစ်နိုင်သေးသည်။

လက်ခံမည့် နေရာသည် ငါးနေရာသာ ဖြစ်ကာ အများနှင့် ယှဉ်ပြိုင် တိုက်ခိုက်မည့်သူမှာ လေးယောက် ဖြစ်သွားပေပြီ...သူတို့ လေးယောက်လုံးသာ ပြိုင်ပွဲတစ်ရာကို အနိုင်ရခဲ့ပါလျှင် ကျန်ပြိုင်ပွဲဝင် နှစ်ထောင်ကျော်သည် နောက်ဆုံး တစ်နေရာအတွက် တိုက်ခိုက်ရပေမည်။

သေစမ်း....

ကျန်းရီသည် လန့်သွားခဲ့သည်။ ထိုလေးယောက်လုံးမှာ အံ့မခန်း စွမ်းရည်များ ရှိနေရာ ပြိုင်ပွဲတစ်ရာကို အနိုင်ရရန် အခွင့်အရေး ရှိလေသည်။ ပြိုင်ပွဲ မစမီကပင် နေရာ တစ်နေရာသာ ကျန်တော့သည်။ သူမည်သို့ အနိုင်ရနိုင်မည်နည်း။

“ဝှစ်”

အခြားပုံရိပ် တစ်ခုသည် စင်ပေါ်သို့ ပြေးတက်သွားသည်ကို ကျန်းရီသည် မျက်လုံးထောင့်မှ မြင်လိုက်သည်။ သူအကြောက်ဆုံး အရာသည် ဖြစ်လာခဲ့ပေပြီ...ငါးနေရာလုံးသာ ပါသွားလျှင် သူ့ဘဝ တစ်လျှောက်လုံးကို သိုင်းခန်းမတွင် ကျွန်အဖြစ်နှင့် ကုန်ဆုံးသွား ရပေတော့မည်။

ငါးနေရာမြောက်က ငါ့အပိုင်ပဲ

သွေးများသည် သူ့ခေါင်းထဲသို့ ထိုးတက် လာကြသည်။ သူသည် စိတ်ထဲမှ ကြိမ်းဝါးလိုက်ပြီး လျှပ်စီးအလျင်နှင့် စင်ပေါ်သို့ ပြေးတက်သွားခဲ့သည်။ သူ ခြေတစ်လှမ်းမျှ ဦးသွားခဲ့ပေသည်။

***

All Chapters