← Chapters

ရိုင်းစိုင်းတဲ့ဆင်ခြေ? ၂

Vol. 75 Ch. 1111

ရိုင်းစိုင်းတဲ့ဆင်ခြေ? ၂

Vol. 75 Ch. 1111

စွန်းရှန်က ခေါင်းညိမ့်ပြီး_

"ဟုတ်တယ်... ငါတို့စီရင်စုက ချင်းလင်ဓာတ်ခွဲခန်းရဲ့ဆေးအတွက် ကော်မရှင်ကိုသီးသန့်ရံပုံငွေတင်ထားတယ်''

ဒီလိုအကြီးအကျယ်ပလိပ်ရောဂါမျိုးက အစိုးရရံပုံငွေလိုပြီး လူတိုင်း၏အိမ်မွေးတိရစ္ဆာန်၊မွေးမြူရေးတိရစ္ဆာန်များကို အခမဲ့ကုသပေးရန်လိုသည်။

ဒီလိုမှ လူတိုင်းကအကောင်းဆုံးပူးပေါင်းပြီး ခရီးသွားလုပ်ငန်းပြန်စနိုင်မည်။

ချင်လင်က မငြင်း။ သူက ခေါင်းညိမ့်ပြီး_

"ကိစ္စမရှိပါဘူး... ချင်းလင်ဆေးဝါးကုမ္ပဏီကိုထုတ်ခိုင်းလို့ရပါတယ်... ဒါပေမဲ့ စီရင်စုကကူပြီးဝယ်ပေးရမယ့်အဓိကပါဝင်ပစ္စည်းနှစ်မျိုးရှိတယ်''

"ဘယ်နှစ်မျိုးလဲ?''

ချန်လီကတန်းမေးသည်။

သူတို့အဓိကရည်ရွယ်ချက်က ချင်းလင်ဓာတ်ခွဲခန်းမှဆေးထုတ်ပေးရန်ပင်။

အခု အထမြောက်ပြီဖြစ်၍ တခြားကိစ္စများတွင်အပြည့်အဝပူးပေါင်းပေးရမည်။

"ဟွေးယိမြက်နဲ့တံစဉ်မြက်ပါ''

ချင်လင်ကရှင်းပြသည်_

"တောင်ပေါ်အလေ့ကျပေါက်တဲ့မြက်ပင်နှစ်မျိုးပဲ... အင်တိုက်အားတိုက်ထုတ်နိုင်ဖို့ အများကြီးလိုတယ်''

ဒီပေါင်းပင်နှစ်မျိုးကတောင်ပေါ်မှာပေါက်သော်လည်း ဆေးပင်လိုမဟုတ်ဘဲ ပြန့်ကျဲပေါက်သည်။

ဒီပေါင်းပင်တွေကိုတောင်ပေါ်အနှံ့ရှာရင် လူအင်အားနှင့်ပစ္စည်းကိရိယာလိုသည်။

စီရင်စုကဝယ်ရင် မြို့ရွာတွေမှာ ဒီပေါင်းပင်နှစ်မျိုးကိုသီးသန့်လိုက်စုပြီးရောင်းမည့်သူတွေရှိလာမည်။

အသေအချာပင်။

ဘာပဲဖြစ်ဖြစ် အပိုဝင်ငွေရမည့်လမ်းဖြစ်၍ မလိုချင်သူမရှိ။

အသည်းအသန်နားစွင့်နေသောချန်တပေက နားထောင်ရင်း အမှတ်တမဲ့ခေါင်းထောင်ကြည့်သည်။ သူ့မျက်လုံးများ အရောင်တောက်လာ၏။

အခုသူ့မှာ ဒီမြက်တွေအများကြီးရှိသည်။

အများကြီးဆိုမှအများကြီး။

ဒါပေမဲ့ အခုမပြောသင့်သေးမှန်း သူသိသည်။

သတင်းရပြီးဝင်ငွေရှာတာ ကိစ္စကြီးမဟုတ်သောကြောင့် ချမပြနိုင်။

စီရင်စုထဲလိုက်စုပြီးမှ သူ့မိန်းမကိုတိုးတိုးတိတ်တိတ်လာရောင်းခိုင်းရမည်။

စွန်းရှန်နှင့်ချန်လီလည်း စိတ်ကြည်ကြည်လင်လင်နှင့် စီရင်စုပြန်လာသည်။ ဘာပဲဖြစ်ဖြစ် ပြဿနာဖြေရှင်းလိုက်နိုင်ပြီ။ ရုံချန်းက မြန်မြန်ဆန်ဆန်နာလန်ထူနိုင်တော့မည်။

သူဌေးချင်နှင့်ချင်းလင်ဓာတ်ခွဲခန်းရှိ၍သာ တော်တော့သည်။ မဟုတ်ရင် ဒီကိစ္စကိုဒီလောက်မြန်မြန်ဖြေရှင်းနိုင်မည်မဟုတ်။

နှစ်ယောက်သားပြန်ရောက်ရောက်ချင်း အစည်းအဝေးခေါ်လိုက်သည်။ သီးသန့်ရံပုံငွေကိစ္စကို ချက်ချင်းအတည်ပြုရမည်။

ရုံချန်းကိုအမြန်ပြန်ကောင်းစေချင်သောကြောင့် လျှောက်တင်ချက်ကိုအမြန်ဆုံးချပေးလိုက်၏။

မကြာမီ စီရင်စုက ဟွေးယိမြက်နှင့်တံစဉ်မြက်ဝယ်သောသတင်းမှာ ရုံချန်းချန်နယ်အသီးသီးတွင်တက်လာသည်။

တောင်ပေါ်မှာဒီပေါင်းပင်နှစ်မျိုးလိုက်စုဆောင်းသူတိုင်း စီရင်စုအဝယ်တော်ဌာနမှာလာရောင်းနိုင်သည်။

သတင်းထွက်သည်နှင့် အတော်များများက တောင်ပေါ်တက်ပြီးစုဆောင်းကြသည်။

ချင်းလင်မွေးမြူရေးခြံမှကူးစက်ခံရသောတိရစ္ဆာန်များကိုကုသနိုင်ပြီဟူသောသတင်းက အပန်းဖြေစံအိမ်မှာနေသော တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်ယွမ်ဆီရောက်သွားသည်။

တော်ဝင်ပညာရှင်နှစ်ဦးက ပလိပ်ရောဂါဘယ်လောက်ပြင်းထန်လဲသိသောကြောင့် ချက်ချင်း အထက်ကိုတင်ပြကြ၏။

……

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝန်ကြီးလုခေါင်းပိုကြီးလာသည်။ အစည်းအဝေးပြီးသောအခါ ဒြပ်ပေါင်း ၇ ခုကိုဓာတ်ခွဲနေသောအထူးဆေးအဖွဲ့ထံ အပြေးသွားလိုက်သည်။

သူဌေးချင်ဆီမှဆေးရောက်ပြီးနောက် ဒြပ်ပေါင်း ၇ ခုကိုလေ့လာရန် တော်ဝင်ပညာရှင်နှစ်ဦးအား ကျွမ်းကျင်ပညာရှင်များအဖွဲ့ဖွဲ့ခိုင်းသည်။

ဖြစ်ချင်တော့ ဒီရက်ပိုင်း ဘာမှမတွေ့။

တကယ်တော့ ထိုကျွမ်းကျင်ပညာရှင်ဆိုသူများမှာ နည်းနည်းစိတ်ပျက်နေကြပြီ။

"ဘာမှမရသေးဘူးလား?''

ဝန်ကြီးလုက မျက်မှောင်ကြုတ်ပြီးမေးသည်။

တော်ဝင်ပညာရှင်တစ်ဦးက ခေါင်းညိမ့်ပြီး_

"ခက်လိမ့်မယ်... တရုတ်တိုင်းရင်းဆေးပညာနက်နဲလိုက်ပုံများတော့ ဒီတစ်ခါ ဩချရတယ်''

"ဟုတ်တယ်.. တစ်သက်လုံးလေ့လာထားသမျှ နည်းမျိုးစုံနဲ့စမ်းကြည့်ပြီးပြီ... အဖြေမထွက်သေးဘူး''

နောက်တစ်ဦးကပြောသည်။

ကျွမ်းကျင်ပညာရှင်များက နည်းနည်းစိတ်ပူနေပုံရသည်။

အမေရိကက ဒီအပိုင်းမှာ လုပ်နိုင်စွမ်းရှိမှန်း သူတို့သိထားသောကြောင့်ပင်။ Bowens က ကမ္ဘာတစ်ဝှမ်းရှိဓာတ်ခွဲခန်းများစုပေါင်းပြီး ပလိပ်ရောဂါကိုသုတေသနလုပ်နေသည်။

အားလုံးကိုလေ့လာဖို့ခေါ်ထားသောကြောင့် တဖက်ကဘာကိုပစ်မှတ်ထားမှန်း သူတို့သိသည်။ မဟုတ်ရင် ပူးပေါင်းသုတေသနမှာ ဘာလို့သူတို့ပဲကျန်နေတာလဲ?

ဒီတော့ သူတို့ဂုဏ်သိက္ခာအတွက်တိုက်ခိုက်ချင်သည်။

ဒါပေမဲ့ ကိစ္စတွေက သူတို့ထင်သလိုဖြစ်မလာ။

တော်ဝင်ပညာရှင်တစ်ဦးကအကြံပြုသည်_

"သူဌေးချင်ကို သုတသနအတူတူလုပ်ဖို့ဖိတ်ရင်ကောင်းမလား? ဒီအခြေအနေအတိုင်းဆို တို့ချည်းသက်သက်ဖြေရှင်းနိုင်မယ်မထင်ဘူး''

နောက်တစ်ယောက်က ထောက်ခံသည်_

"အမှန်ပဲ... သူဌေးချင်ကအရည်အချင်းရှိပြီး လုပ်နိုင်တယ်... ဒါပေမဲ့ ဒီပလိပ်ရောဂါကလည်း နှယ်နှယ်ရရမဟုတ်ဘူး... သူတစ်ယောက်တည်းအဖြေထုတ်ဖို့ခက်မှာပဲ... ကျုပ်တို့အတူတူဆွေးနွေးပြီးလေ့လာရင် ရလဒ်ပိုကောင်းလိမ့်မယ်''

ဝန်ကြီးလုက သဘောတူခေါင်းညိမ့်သည်။

အမှန်ပင်။ သူဌေးချင်ရဲ့အရည်အချင်းကို တရုတ်သိပ္ပံအကယ်ဒမီက လူတိုင်းအသိအမှတ်ပြုကြသည်။

သို့ရာတွင် သူဌေးချင်ဘယ်လောက်အရည်အချင်းရှိရှိ သူတစ်ယောက်တည်း​ဖြစ်နေသည်။ ပလိပ်ရောဂါအတွက်လုပ်နိုင်စွမ်းက အကန့်အသတ်ရှိသည်။ ဆေးသုတေသနအဖွဲ့နဲ့လက်တွဲပြီးဆွေးနွေးလေ့လာရင် သေချာပေါက်ရလဒ်ပိုကောင်းမည်။

ဘာပဲဖြစ်ဖြစ် Bowens တို့လိုပညာရှင်တွေတောင် ကမ္ဘာတလွှားကပညာရှင်တွေနဲ့ပူးပေါင်းလေ့လာရသည်။

အခုလောက်ဆို ကမ္ဘာအရပ်ရပ်ကပညာရှင်တွေ Bowens ရဲ့ဓာတ်ခွဲခန်းရောက်ပြီး သုတေသနစနေလောက်ပြီ။

သူကဖုန်းထုတ်ပြီး ချင်လင်ကိုမေးရန်ပြင်လိုက်သည်။

သို့သော် ဖုန်းကအရင်မြည်လာ၏။

တော်ဝင်ပညာရှင်လီပင်။

"တော်ဝင်ပညာရှင်လီ.. ဘာဖြစ်လို့လဲ?''

ဝန်ကြီးလုကဖုန်းကိုင်ပြီးမေးလိုက်သည်။ သို့ရာတွင် တဖက်ကအသံကြောင့် သူကမယုံနိုင်ပုံနှင့်_

"ဘယ်လို? သူဌေးချင်က ပလိပ်ရောဂါဆေးဖော်ပြီးပြီလား?''

ထိုသတင်းကြောင့် သူလုံးဝအံ့ဩသွားသည်။

သူတို့သုတေသနအဖွဲ့လမ်းပျောက်နေတုန်း သူဌေးချင်က ဆေးထုတ်ပြီးပြဿနာဖြေရှင်းနိုင်ပြီတဲ့။

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များလည်း အံ့ဩသွားသည်။

အဲဒီသူဌေးချင်က ဆေးထုတ်ထားပြီတဲ့လား?

စောစောကပဲ သူဌေးချင်တစ်ယောက်တည်းအဖြေထုတ်နိုင်မှာမဟုတ်လို့ အတူတူပူးပေါင်းဖို့ပြောနေသေးတာ။ ဒီလိုဖြစ်မယ်လို့ဘယ်ထင်မလဲ?

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များ ရှက်သွားသည်။

အရှိုက်ထိတာပဲ!

"ဝန်ကြီးလု... သူဌေးချင်က တကယ်ဆေးဖော်ထားပြီလား?''

တော်ဝင်ပညာရှင်တစ်ဦးကမေးသည်။

"ကျုပ်ဖုန်းဆက်မေးကြည့်မယ်!''

ဝန်ကြီးလုက ချင်လင်ကိုဖုန်းဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူကအလောတကြီးမေးသည်_

"သူဌေးချင်... မင်းဆေးဖော်ထားပြီဆို?''

ဝန်ကြီးလုဖုန်းဆက်တာ ချင်လင်မအံ့ဩမိ။ ဒီကိစ္စကို တဖက်ကအာရုံမစိုက်ဘဲနေမှာမဟုတ်။ ထို့ကြောင့် သူကဖုံးကွယ်မထားဘဲ_

"ဟုတ်တယ်... ကျွန်တော်တို့ဆေးထုတ်ပြီး ချင်းလင်မွေးမြူရေးခြံကကူးစက်ခံရတဲ့တိရစ္ဆာန်တွေကိုကုထားတယ်''

အတည်ပြုချက်ရပြီးနောက် ဝန်ကြီးလုမျက်နှာဝင်းထိန်သွားကာ_

"ကောင်းလိုက်တာ!''

"ဝန်​ကြီးလု.. ကျွန်တော် ချင်းလင်ဓာတ်ခွဲခန်းကိုဆေးနည်းပို့ခိုင်းလိုက်ပါမယ်''

ချင်လင်ကပြောသည်_

"ဒီပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ပါစေဗျာ... လိုင်းပေါ်မှာ ကိုယ်မွေးထားတဲ့ကောင်သေလို့ ငိုကြွေးနေတာတွေမြင်ရတာ တကယ်စိတ်မချမ်းသာပါဘူး''

ဝန်ကြီးလုကနားထောင်ရင်း အံ့အားသင့်သွားသည်။

သူဌေးချင်က ဆေးနည်းလှူနေတာလား?

ဒါပထမဆုံးအကြိမ်မဟုတ်။

သူဘာပြောရမှန်းတောင်မသိချေ။

သူဌေးချင်က ဒီလိုပဲဖြစ်မည်။ ဒီလိုအခြေအနေနဲ့ကြုံတိုင်း ပုဂ္ဂိုလ်ရေးအရှုံးအမြတ်တွေမကြည့်တော့။

ဒီတစ်ခါ 'လိုင်းပေါ်ကဗီဒီယိုတွေကြည့်ရတာ စိတ်မချမ်းသာဘူး'လို့ ဆင်ခြေတောင်ပါသေး။

တစ်ခါတလေ သူနဲ့ခေါင်းဆောင်က တဖက်ကိုဘယ်လိုပြန်ပေးဆပ်ရမလဲမသိသောကြောင့် မျက်နှာပူရသေးသည်။

ဝန်ကြီးလုတစ်ခုခုပြောရန်ပြင်နေစဉ် ချင်လင်ဖုန်းချသွားသည်။

ချင်လင်ကစိတ်ကူးပေါက်ပြီး ထလှူခြင်းမဟုတ်။ သူအများကြီးတွေးခဲ့သည်။

ပထမအချက်၊ ဒီလိုကပ်ဘေးမျိုးကနေ သူအမြတ်မထုတ်ချင်။

ဒုတိယအချက်၊ သူ့မှာပိုက်ဆံမရှားပေ။

တတိယအချက်၊ သူတို့မှာမြန်မြန်ဆန်ဆန်ထုတ်နိုင်စွမ်းမရှိသေး။

စတုတ္ထအချက်၊ ကမ္ဘာတစ်ဝန်းမှတိရစ္ဆာန်များကူးစက်ခံထားရသည်။ ဒီအတွက်ပြဿနာတစ်ပုံကြီးတက်ရတဲ့အထဲ သူမပါချင်။

ဝန်ကြီးလုကဖုန်းကိုင်လျက်သား ကျွမ်းကျင်ပညာရှင်များကိုကြည့်လိုက်သည်။ သူက အံ့ဩသံနှင့်ကြေညာ၏_

"သူဌေးချင်က ပလိပ်ရောဂါအတွက် တကယ်ဆေးထုတ်ထားတယ်... ကျုပ်တို့ကိုဆေးနည်းလှူလိုက်တယ်''

သတင်းကြားပြီး တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များ လုံးဝအံ့အားသင့်သွားသည်။

တကယ်တဲ့။

သူတို့ဆလံပြလိုက်ပြီ!

အထူးသဖြင့် ဆေးနည်းလှူသည့်အကြောင်းကြားပြီး အံ့ဩရသည်။ သူတို့ကစီးပွားရေးသမားမဟုတ်သော်လည်း ဒီပစ္စည်းကြောင့် ပလိ​ပ်ရောဂါကနေ ဘယ်လောက်အကျိုးအမြတ်ရမလဲ သူတို့သိသည်။

ဒီလိုအကျိုးအမြတ်ကို တဖက်ကပြတ်ပြတ်သားသားလှူသတဲ့။

ဒါကြောင့် တော်ဝင်ပညာရှင်ကျူး၊တော်ဝင်ပညာရှင်ဟောင်တို့လိုစီနီယာတွေကတောင် သူဌေးချင်အကြောင်းပြောရင် ပြိုင်ဘက်ကင်းနိုင်ငံ့ပညာရှင်လို့ပြောကြတာကိုး။

စီနီယာတွေရဲ့စကားကို သူတို့နားလည်စပြုလာပြီထင်သည်။

All Chapters