သူ့နောက်ကြောင်း
Vol. 42 Ch. 602
…
အစေခံသည် အစောပိုင်းက သူ မမြင်သင့်သော အရာများကို မြင်ခဲ့ရသော်လည်း အသက်ရှင်နိုင်ခဲ့ပြီဟု ယုံကြည်မိခဲ့သည်။
သို့သော် သူ၏ ရင်ဘတ်အတွင်းမှ လက်သည်းအချို့ ဖောက်ထွက်လာနေသည်ကို မြင်လိုက်ရသောအခါတွင်မူ ထိုသို့မဟုတ်ခဲ့ကြောင်း သူသဘောပေါက်လိုက်၏။
အပြင်လူတစ်ဦးက ဂျီနီယာအား အရှက်ရစေခဲ့သည့် ဖြစ်ရပ်အား သူ့အနေနှင့် မတော်တဆ မြင်လိုက်ရခြင်းဖြစ်လေသည်။
သူမသည် ထိုအရာကို မြင်တွေ့ခဲ့ရသည့် ထိုအစေခံအား အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိပေ။
ထိုအစေခံထံမှ ထိုဖြစ်ရပ်အား အခြားသူများထံသို့ ပေါက်ကြားသွားနိုင်ချေ ရှိနေသည်မဟုတ်ပါလား...။
သူမအနေဖြင့် ယခုကဲ့သို့ အယ်လီနာအနီးအနားတွင် ရှိနေသည့် အခြေအနေမျိုးတွင် ထိုကဲ့သို့ အရာမျိုးကို မပြုလုပ်သင့်သော်လည်း အာရန်နှင့် သတ္တမမူလကြယ်တို့မှ မြစ်ဖျားခံလာသော သူမ၏ ဒေါသများသည် ထပ်မံ၍ ချုပ်တည်းထားနိုင်ခြင်း မရှိတော့ချေ။
ထိုအစေခံကို သတ်ပြီးနောက် သူမသည် အလောင်းကို ထိုနေရာမှ ဆွဲယူသွားခဲ့သည်။ ထိုနေရာတွင် သွေးတစ်စက်မျှပင် မကျန်ခဲ့စေရန်လည်း သေချာ ဂရုစိုက်လိုက်သေး၏။
အခန်းအတွင်း၌မူ အယ်လီနာသည် လေလံပွဲ စတင်ရန်ပြင်ဆင်နေသည့် စင်မြင့်ပေါ်သို့ အာရုံစိုက်နေခဲ့သည်။
သူမသည် လေလံပွဲစင်မြင့်မှလွဲ၍ အခြားအရာများကို ဂရုစိုက်မနေသော်လည်း အာရန်မှာ သူမနှင့် မတူပေ။
အာရန်အတွက်မူ ထိုစင်မြင့်ထက် ပတ်ဝန်းကျင်ကိုသာ ပိုမို၍ စိတ်ဝင်စားနေခဲ့၏။ အခြားအခန်းများကို လေ့လာရန် သူ၏ ကောင်းချီးစွမ်းအင်များကို အနည်းငယ် အသုံးပြုလိုက်သည်။
ထိုသီးသန့် အခန်းများသည် ငရဲဘုံမှ လူများ၏ စိတ်ဝိညဥ်စွမ်းရည်များကို ကာကွယ်ရန်အတွက်သာ သီးသန့် ဖန်တီးထားခြင်း ဖြစ်လေသည်။
၎င်းတို့သည် ကျင့်ကြံခြင်းလောကမှ လာသော အာရန်၏ စွမ်းရည်များကို တားဆီးရန် ဖန်တီးထားခြင်းမျိုး မဟုတ်ချေ။
ထို့ကြောင့် သူ၏ ကောင်းချီးစွမ်းအင်များသည် ထိုနေရာတွင် လွတ်လပ်စွာ စူးစမ်းနိုင်ခွင့် ရရှိခဲ့လေသည်။
ဂျီနီယာတစ်ယောက် အစေခံလေးကို သတ်လိုက်သည့် မြင်ကွင်းသည်ပင် အာရန်၏ အာရုံအတွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
သူမ၏လုပ်ရပ်သည် အလွန် လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လွန်းသဖြင် အာရန်ကိုပင် အံ့အားသင့်စေခဲ့၏။
သူမ၏အစောပိုင်း တိုက်ခိုက်မှုတွင် သူ့အနေနှင့် တန်ပြန်ခုခံခြင်းမျိုးသာ မပြုလုပ်ခဲ့မိပါက သူ့အနေနှင့်ပင် ပြင်းပြင်းထန်ထန်ထိခိုက်မိသွားနိုင်ပေသည်။
အယ်လီနာအနေနှင့် ဂျီနီယာအား အာရန်သည် ပထမမူလကြယ်၏ ဧည့်သည်တော်တစ်ဦး ဖြစ်ကြောင်း ပြောပြခဲ့သော်လည်း ဂျီနီယာသည် အခွင့်အရေး ရမည်ဆိုပါက ထိုအရာကို ဂရုစိုက်မည် မဟုတ်ကြောင်း အာရန်တစ်ယောက် နားလည်သွားလေသည်။
အာရန်သည် ဘေးချင်းကပ်အခန်းကို ချောင်းကြည့်လိုက်မိသောအခါ ဒုတိယ မူလကြယ်၏ ညီမဖြစ်သူသည်လည်း ထိုနေရာတွင်ရှိနေသည်ကို တွေ့လိုက်ရသည်။
သူမသည် သူမ၏ အစ်ကိုကို ကိုယ်စားပြုထားသောနေရာတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုအခန်းသည် လေလံဌာနတစ်ခုလုံးတွင် ဒုတိယ အကောင်းဆုံး အခန်းဟု ပြော၍လည်းရလေ၏။
ယဲ့ဗ်နီသည်လည်း သူမ၏ အခန်းတွင်၌ အတူတူရှိနေခဲ့လေသည်။
သူမသည် နဂါးမင်းသမီးအား ပြောလိုက်သည်။
“...မင်းသမီးပြောတာမှန်ပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေအရ သူဟာ ငရဲဘုံကို ခုမှ ပထမဆုံးအကြိမ် ရောက်လာတယ်ဆိုတာ သေချာတယ်။ သူက တခြား ကျူးကျော်လာတဲ့ အပြင်လူတွေနဲ့ အချိန်တူလောက်မှာပဲ ငရဲဘုံကို ရောက်လာခဲ့ပုံပဲ။ အဲ့ဒီအချိန်မှာ သူတို့ထဲက အများစုကတော့ သတ္တမ မူလကြယ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်”
“သူက တခြား အပြင်လူတွေကိုကော သိနေတာလား” ဟု နဂါးမင်းသမီးက အာရန်အကြောင်း တတ်နိုင်သမျှ များများ သိရှိရန် ကြိုးစားရင်း မေးလိုက်သည်။
သူမသည် အရာအားလုံးကို အထပ်ထပ် မေးမြန်းခဲ့ပြီး ဖြစ်နေသော်လည်း အရေးပါသည့် မည်သည့်အရာမျှ မဆက်စပ်နိုင်ခဲ့ပေ။
သူမအနေနှင့် အာရန်၏ အတိတ်နှင့် ချိတ်ဆက်နိုင်သည့် နောက်ဆုံးကွင်းဆက်မှာ ညတောင်ပံ မျိုးနွယ်စု၏ နယ်မြေတွင် အာရန်နှင့် အချိန်တူလောက်တွင် ပေါ်လာခဲ့ကြသည့် အပြင်လူများမှတစ်ဆင့်သာ ဖြစ်နိုင်တော့ပေမည်။
...
‘မင်း င့ါအကြောင်း စိတ်ကြိုက်လိုက်ပြီး စစ်ဆေးကြည့်နိုင်တယ်။ ဒါပေမဲ့ ရလာဒ်ကတော့ ဘာမှ ထူးပြီး ပြောင်းလဲသွားမှာ မဟုတ်ဘူး’ ဟုတွေးလိုက်ပြီးနောက် အာရန်သည် နဂါးမင်းသမီးအား ဂရုစိုက်နေခြင်းအား ရပ်ထားလိုက်သည်။
သူမအနေနှင့် အာရန်၏ အတိတ်ကို တူးဆွကာ နောက်ကြောင်းအား ရှာဖွေဖော်ထုတ်ချင်ပါက တစ်ခုတည်းသော နည်းလမ်းမှာ နစ်ခရိုမန်ဆာမျှော်စင်မှ လူများထံမှသာ ဖြစ်နိုင်ပေလိမ့်မည်။
၎င်းတို့ထဲမှ အချို့သည် အသက်ရှင်နေပါက သတ္တမ မူလကြယ်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် သေသည်ထက် ပိုဆိုးသည့် ကံကြမ္မာမျိုးများကို ခံစားနေရဖွယ် ရှိလေ၏။
နဂါးမင်းသမီးသည် သတ္တမ မူလကြယ်အား ၎င်းတို့ကို လက်လွှဲယူရန် တောင်းဆို၍ မရနိုင်ချေ။
အကြောင်းမှာ ၎င်းနှစ်ဦးသည် လုံးဝဆီနှင့်ရေပမာဖြစ်နေသော ဘက်နှစ်ဘက်တွင် ရှိနေသောကြောင့် ဖြစ်လေသည်။
သတ္တမ မူလကြယ်သည် ပထမ မူလကြယ်နှင့် ဆက်စပ်နေသူဖြစ်ပြီး နဂါးမင်းသမီး၏ အစ်ကိုဖြစ်သူ ဒုတိယမူလကြယ်နှင့် ကြီးမားသော ပဋိပက္ခများ ရှိနေသူဖြစ်နေသည်။
အာရန်၏ ခန့်မှန်းမှုအရဆိုလျှင် ထိုအကျဉ်းသားများသည် ယခုအချိန်ထိပင် ဆက်လက်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။
၎င်းက နဂါးမင်းသမီးအတွက် အာရန်၏ နောက်ကြောင်းကို ဆက်လက်တူးဆွရန် မဖြစ်နိုင်သလောက်ပင်။
ထို့နောက် အာရန်သည် သူ၏ အာရုံကို အခြား ဗီအိုင်ပီ အခန်းများသို့ ပြောင်းလိုက်ပြီး ထိုဗီအိုင်ပီ အခန်းအားလုံးနီးပါးတွင် ဧည့်သည်များဖြင့် ပြည့်နှက်လျှက် ရှိနေသည်ကိုလည်း သတိထားမိလိုက်သည်။
၎င်းတို့ထဲမှ အချို့တွင် သူ ယခင်က မြင်ဖူးခဲ့သော မူလကြယ်အချို့ပင် ပါဝင်နေသည်။ ၎င်းတို့သည် စတုတ္ထမူလကြယ်နှင့် ပဉ္စမ မူလကြယ်တို့ ဖြစ်ကြ၏။
ပထမ မူလကြယ်သုံးပါးမှာမူ ဤနေရာတွင် ရှိမနေခဲ့ကြပေ။
ဤလေလံပွဲသည် အင်အားအကြီးဆုံး မူလကြယ်များအနေဖြင့် ဂရုမစိုက်သော်လည်း အခြား မူလကြယ်များမှာမူ လျစ်လျူရှု၍ မရနိုင်လောက်အောင် တန်ဖိုးကြီးမားသည့် အရာအချို့ လေလံတင်လိမ့်မည် ဖြစ်ကြောင်း အာရန်တစ်ယောက် တွေးမိလိုက်သည်။
လေလံဌာနတွင် မန်နေဂျာသည် ဗီအိုင်ပီ အခန်း တစ်ခန်းပြီးတစ်ခန်သို့ ဆက်တိုက် သွားလာနေခဲ့ရပြီး တစ်ခါတစ်ရံ သူ၏ နဖူးမှ ချွေးစေးများကို သုတ်နေသည်ကိုပင် အာရန်တစ်ယောက် မြင်တွေ့နေရသည်။
မန်နေဂျာအနေဖြင့် ယခုသည် မူလကြယ်များစွာနှင့် တစ်ပြိုက်နက် ကိုယ်တိုင် တွေ့ဆုံနေရခြင်းမျိုးဖြစ်ပြီး သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ စိတ်ဖိစီးမှုများသော နေ့ရက်မျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။
သူသည် မူလကြယ်များအား အခန်းများတွင် အဆင်ပြေမှု ရှိ၊မရှိနှင့် ၎င်းတို့ နေထိုင်ရသည်ကို ပိုမို သက်တောင့်သက်သာ ဖြစ်စေရန် တစ်ခုခု လိုအပ်ပါက ကူညီနိုင်ရန် လိုက်လံမေးမြန်းနေခဲ့ခြင်းလည်း ဖြစ်လေ၏။
လေလံတင်မည့် ပစ္စည်းများစာရင်းကိုလည်း လိုက်လံ ပေးအပ်နေခဲ့သည်။
နောက်ဆုံးတွင် မန်နေဂျာသည် အာရန်တည်ရှိရာ အခန်းဆီသို့ ဝင်ရောက်လာခဲ့ပြီး အာရန်သည်လည်း အခြားအခန်းများကို ချောင်းမြောင်းကြည့်ရှုခြင်းအား ရပ်နားလိုက်ရသည်။
သူသည် ပစ္စည်းစာရင်းနှင့်အတူ ဝင်ရောက်လာသော မန်နေဂျာဆိုသူကို ထပ်မံ၍ အကဲခပ်ကြည့်နေလိုက်သည်။
“ကျွန်မတို့ လေလံပစ္စည်း စာရင်းသိထားပြီးသားပါ။ နောက်ထပ် မလိုတော့ပါဘူး” အယ်လီနာသည် လေလံဌာနမှ သူမ၏ စံအိမ်တော်သို့ ပို့ပေးခဲ့သော စာလိပ်ကို ဝှေ့ယမ်းပြလိုက်သည်။
“ဟုတ်ပါတယ် ကျုပ် သိပါတယ်။ အဲ့ဒါကလည်း ကျုပ်ကိုယ်တိုင်ပဲ အထူးဖောက်သည်တွေကို လေလံတင်ပစ္စည်း စာရင်းကို ပို့ပေးခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ခုက နောက်ဆုံးရ စာရင်းပါ။ နောက်ဆုံးမိနစ်ပိုင်းလေးတင်မှ လေလံတင်မဲ့ ပစ္စည်းအနည်းငယ် ထပ်ဖြည့်ထားလို့ပါ” ဟု မန်နေဂျာသည် စားပွဲပေါ်သို့ စာလိပ်အသစ်တစ်ခုကို ရိုသေစွာ တင်ထားလိုက်ပြီးနောက် နောက်သို့ ဆုတ်ခွာလိုက်သည်။
“ကျေးဇူးပြုပြီး သခင်မလေးအနေနဲ့ ဒီစာရင်းကို စိတ်ဝင်စားစရာတစ်ခုခုများထပ်ပြီး တွေ့လို့တွေ့ငြား ကြည့်ထားလိုက်ပါဦး” ဟု မန်နေဂျာက ပြောလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
သို့သော် သူသည် အပြင်သို့ မထွက်သွားခင် အယ်လီနာ၏ ဘေးတွင် ထိုင်နေသော ထူးဆန်းသည့် အပြင်လူဖြစ်သည့် အာရန်ကို နောက်ထပ်တစ်ချက် ကြည့်ဖြစ်အောင် ကြည့်လိုက်သေး၏။
အာရန်၏ နောက်ခံကို သူ့အနေနှင့် ယခုတိုင် မသိနိုင်သေးဘဲ ကောလာဟလ အချို့ကိုသာ သိရှိထားလေသည်။
ထိုလူငယ်သည် ပထမ မူလကြယ်၏ ဆွေမျိုးတစ်ဦးဖြစ်သည်ဟူသော ကောလာဟလအချို့ပင် ရှိထားလေသည်။
အကယ်၍ ၎င်းအချက်သည်သာ မှန်ကန်ပါက ထိုလူငယ်သည် သေချာပေါက် အရေးပါသူတစ်ဦး ဖြစ်ရပေမည်။
သို့သော်မန်နေဂျာသည် သူ၏ အတွေးများကို အလျှင်အမြန် ရုပ်သိမ်းလိုက်ကာ အခန်းထဲမှ လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
“ခင်ဗျား ထွက်မသွားခင် ကျုပ်တို့ အခန်းအပြင်မှာ နောက်ထပ် အစေခံတစ်ယောက် လောက် စီစဉ်ပေးခဲ့ပါဦး” ဟု အာရန်သည် ထွက်ခွာရန်ပြင်ဆင်နေသော မန်နေဂျာအား အမှတ်တမဲ့ဟန်ဖြင့် သတိပေးလိုက်သည်။
“အရင်တစ်ယောက်ကတော့ ရုတ်တရက် ပျောက်ကွယ်သွားပုံရတယ်။ သူပျောက်ကွယ်သွားတာ ဟိုအမ ဂျီနီယာရဲ့ ဒေါသနဲ့တော့ မသက်ဆိုင်ဘူးလို့တော့ ယူဆရတာပဲ”
မန်နေဂျာသည် အာရန်၏ စကားအတွင်းမှ ရည်ရွယ်ချက်ကို နားလည်လိုက်သဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိသည်။
သို့သော် ထိုစကားများသည် သူ့အား ရည်ရွယ်ခြင်း မဟုတ်ကြောင်းလည်း သူ ခံစားမိနေသည်။
လူငယ်၏ ထိုစကားများသည် ပထမမူလကြယ်၏ သမီးဖြစ်သူ အယ်လီနာ သိရှိစေရန်အတွက်သာ အမှန်တကယ် ရည်ရွယ်ထားခြင်း ဖြစ်ဟန်ရ၏။
“ဟုတ်ကဲ့ပါ။ နောက်ထပ် အသစ်တစ်ယောက် စီစဉ်ပေးလိုက်ပါ့မယ်”
မန်နေဂျာသည် အခန်းထဲမှ ထွက်ခွာသွားခြင်း မပြုမီ အရိုအသေတစ်ချက်ပြု၍ ပြောလိုက်သည်။
သူသည် အခြားအခန်းများကိုလည်း သွားရောက်ခဲ့ပြီးဖြစ်ကာ အခြား မူလကြယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း ပြီးခဲ့သည့် မိနစ်အနည်းငယ်အတွင်း ဤနေရာသည် သူ့အတွက် ချွေးအပြန်စေဆုံးသော နေရာတစ်ခု ဖြစ်ခဲ့ရသည်။
သူသည် အာရန်၏ နောက်ကြောင်းကိုစုံစမ်းရန်နှင့် ပထမ မူလကြယ်နှင့် ဆက်စပ်နေသည့် အကြောင်းများကို ရှာဖွေရန် သူ၏ သတင်းရင်းမြစ်အချို့ကို စေလွှတ်လိုသော်လည်း သူ၏ ကြောက်ရွံ့မှုက သူ့အား ထိုသို့ပြုလုပ်ရန် ခွင့်မပြုခဲ့ချေ။
#Catfoot