လူကောင်းလား...လူဆိုးလား...
Vol. 42 Ch. 603
…
မန်နေဂျာတစ်ယောက် ထို အခန်းတွင်းမှ ထွက်ခွာသွားပြီးနောက် အယ်လီနာမှမနေနိုင်တော့ပဲ အာရန်အား မေးလိုက်သည်။
“ ဂျီနီယာ လုပ်လိုက်တယ်ဆိုတာ ရှင် ဘယ်လိုသိတာလဲ”
မန်နေဂျာသည်လည်း အစောပိုင်း အစေခံ ပျောက်ဆုံးနေသည်ကို သတိထားမိပြီးသား ဖြစ်သည့်အလား အာရန်၏ စကားအား အံ့အားသင့်ပုံမရခဲ့ပေ။
ထိုကဲ့သို့ မန်နေဂျာ၏ တုံ့ပြန်မှုက သူမကို အာရန်၏ စကားများအား လက်ခံယုံကြည်စေခဲ့၏။
“ကိုယ်ကသာ မင်းကို ပြန်မေးသင့်တာမဟုတ်လား။ မင်းက ဒီကိစ္စလေးကိုတောင် ဘာလို့ သတိမထားမိရတာလဲ” ဟု အာရန်က မေးခွန်းတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။
အာရန်သည် ဤကဲ့သို့ ဂျီနီယာ မရှိသည့် အချိန်အား အခွင့်ကောင်းယူကာ သူမတို့နှစ်ဦးကြားတွင် အဖုအထစ်များဖြစ်လာစေရန် ကျိုးစားချင်နေခဲ့ခြင်းဖြစ်၏။
အာရန်၏ စကားကြောင့် အယ်လီနာတစ်ယောက် တိတ်ဆိတ်သွားခဲ့သည်။
သူမသည် အမှန်တကယ်ပင် အာရုံပျံ့လွင့်နေခဲ့ခြင်းဖြစ်ပြီး သူမနှင့် အလွန်နီးကပ်သော နေရာတွင် တစ်စုံတစ်ဦး အသတ်ခံလိုက်ရသည်ကိုပင် သတိမပြုမိခဲ့ချေ။
သို့မဟုတ် သူမသည် ဤအတိုင်း ဂရုမစိုက်ခဲ့ခြင်းလော...။
“မင်းတို့လို့ ခွန်အားကြီးမားပြီး အဆင့်အတန်းမြင့်မားတဲ့ လူတွေအတွက် အားနည်းသူတွေရဲ့ အသက်တွေဟာ အင်းဆက်ပိုးမွှားတွေလိုပဲ အဖိုးမတန်ကြဘူး။ တကယ်လို့ ကိုယ်သာ ပထမ မူလကြယ်ရဲ့ ဧည့်သည်တစ်ဦး ဟုတ်မနေခဲ့ရင် ကိုယ်အသတ်ခံရရင်တောင် မင်းလည်း မျက်တောင် တစ်ချက်ခတ်မိမှာ မဟုတ်ဘူးလေ” ဟု အာရန်မှ ပြောလိုက်ရာ အယ်လီနာသည် ထို စကားများကို မငြင်းဆန်နိုင်ခဲ့ချေ။
ထိုစကားသည် အမှန်ပင်ဖြစ်နေလေသည်။
အမှန်တကယ်တွင်လည်း အာရန်၏ အသက်ကို သူမ၏ မျက်လုံးများတွင် ထိုမျှ အဖိုးတန်သည်ဟု သတ်မှတ်ထားခြင်းမရှိချေ။
အကယ်၍ အာရန်သည်သာ ဤနေရာတွင် သူ၏ ဖခင်ကို ကိုယ်စားပြုသည့် ဧည့်သည်တစ်ဦးအဖြစ် ရှိနေခြင်းမျိုးမဟုတ်ပါက သူ သေဆုံးသွားခဲ့လျှင်ပင် သူမသည် ဂရုစိုက်မိလိမ့်မည် မဟုတ်ပေ။
“ဒီလို ရက်စက်ကြမ်းကြုတ်တဲ့လူတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ ဒီလောက် အကြာကြီး အသက်ရှင်သန်နိုင်ခဲ့တယ်ဆိုတဲ့ အချက်တစ်ချက်နဲ့ပဲ ကိုယ့်အတွက် ကျေနပ်စရာတစ်ခုလို့ သတ်မှတ်ရလိမ့်မယ် ထင်ပါတယ်” ဟု အာရန်က သူ၏စကားကို ထပ်ဖြည့်လိုက်ပြီး လေလံပွဲ စင်မြင့်ဆီသို့သာ သူ၏ အာရုံကို ပျင်းရိစွာ ပြန်လည်ပြောင်းလဲထားလိုက်၏။
သူ၏ မူလမိခင်ကမ္ဘာမြေတွင်လည်း လက်စားချေရန်အတွက်၊ အာဏာအတွက် သို့မဟုတ် အောင်မြင်ကျော်ကြားမှုများအတွက် အခြားသူများကို သတ်ဖြတ်လေ့ရှိသည့် လူများစွာ ရှိနေကြသော်လည်း ဤနေရာမှာမူ ကွဲပြားလေသည်။
ဤငရဲဘုံ၏ လက်ရှိ အခြေအနေသည် ကမ္ဘာမြေရှိ အလယ်ခေတ် (Medieval Age) ကာလတစ်ခုနှင့်မူ ပိုမို၍ နီးစပ်သည်ဟု ယူဆ၍ရလေသည်။
“အဲဒါ ဘာမှားနေလို့လဲ”
အယ်လီနာသည် တအောင့်အကြာ ပြန်လည်တည်ငြိမ်မှုသွားပြီးနောက် အာရန်အား ပြန်မေးလိုက်ခြင်းဖြစ်လေသည်။
သူမသည် လေလံတင်ရန် စီစဉ်ထားသော ပစ္စည်းများ စာရင်းစာရွက်ကို ကောက်ယူလိုက်သည်။
“ရှင် ပြောသလိုပါပဲ ဒီလောကမှာ တချို့လူတွေရဲ့ သွေးမျိုးဆက်က ပိုပြီးအရေးပါကြတယ်”
“ရှင်က ကျွန်မအဖေကို ကိုယ်စားပြုလို့ ခုချိန်ထိ အသက်ရှင်နေတာဖြစ်တယ်ဆို ကျွန်မကရော။ ကျွန်မက ပထမမူလကြယ်ရဲ့ သမီးမဟုတ်လား။ တခြားသူတွေကိုသာ ကျွန်မကို မလေးမစား လုပ်ခွင့်ပေးထားလိုက်ရင် ကိုယ့်ပြဿနာကိုယ်ဖန်တီးနေတာနဲ့ အတူတူပဲ ဖြစ်သွားမှာပေ့ါ။ ဘယ်သူမှ ကျွန်မကို ဒုက္ခမပေးစေဖို့ တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ နှလုံးသားထဲမှာ အကြောက်တရားတွေကို သွင်းပေးဖို့ပဲ မဟုတ်ဘူးလား”
ဂျီနီယာသည် သူမထက် နိမ့်ကျသူများ၏ အသက်များကို သိပ်ဂရုမစိုက်ကြောင်း အယ်လီနာတစ်ယောက် သိထားသော်လည်း သူမ၌ ကောင်းမွန်သော အကြောင်းပြချက်တစ်ခုရှိ၍ ဖြစ်ရမည်ဟု ယုံကြည်ထားလေသည်။
“အနာဂတ် ပြဿနာတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းက လက်ရှိအချိန်မှာ အဲ့ဒီအရာတွေကို အမြစ်ဖြတ်လိုက်တာပဲ မဟုတ်ဘူးလား” ဟု အယ်လီနာသည် အာရန်အား ပြန်လည်ချေပလိုက်သည်။
“ရှင်က ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခုမှာ ကြီးပြင်းလာတဲ့သူဆိုတော့ ဒီသဘောတရားတွေ နားလည်မှာ မဟုတ်ပါဘူး”
အယ်လီနာသည် သူမ၏ ဖခင်ထံမှ ကမ္ဘာမြေအကြောင်း ပုံပြင်များစွာကို ကြားဖူးထားလေသည်။
တစ်ခါတစ်ရံ ကမ္ဘာမြေသည် အလွန် ငြိမ်းချမ်းပြီး သာယာလှပသော နေရာတစ်ခု ဖြစ်သည်ဟုဖွဲ့နွှဲ့ထားခြင်းများ ကြားသိခဲ့ဘူးသဖြင့် သူမသည်ပင် ကမ္ဘာမြေမှလူများအား မနာလိုဖြစ်မိခဲ့သည်။
သို့သော် သူမ၏ ဖခင်သည် အမှန်တကယ် ကမ္ဘာမြေမှာ ထိုပုံပြင်များတွင် ပြောထားသကဲ့သို့ ငြိမ်းချမ်းသော နေရာတစ်ခု မဟုတ်ကြောင်းကိုမူ သူမအား ပြန်လည်ရှင်းမပြခဲ့ချေ။
အယ်လီနာအတွက်မူ ကမ္ဘာမြေသည် ကမ္ဘာမြေသားများအတွက် သုခဘုံတစ်ခုနှင့် ပို၍ တူနေခဲ့ပြီး လူသားတိုင်း တန်းတူညီမျှအခွင့်အရေးများ ရရှိထားကြကာ အချို့အတွက် အခွင့်ထူးခံများဖြစ်သွားစေမည့် မည်သည့် စွမ်းရည်၊ မှော်ပညာ သို့မဟုတ် မည်သည့် သွေးမျိုးဆက်ပိုင်ဆိုင်မှုမျှ ရှိမနေသော ငြိမ်းချမ်းသည့် နေရာတစ်ခုဟု မှတ်ထင်ထားလေသည်။
သူမသည် ဤနေရာတွင် ကြီးမားသော နောက်ခံနှင့် ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ထိုကဲ့သို့ ငြိမ်းချမ်းသော ကမ္ဘာမြေအား သွားရောက်လည်ပတ်လိုစိတ်များ ရှိနေဆဲပင်။
“တစ်ခါတစ်ရံ အနာဂတ် ပြဿနာတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းက လက်ရှိအချိန်မှာ အဲ့ဒီအရာတွေကို အမြစ်ဖြတ်လိုက်တာပဲ”
အာရန်သည် အယ်လီနာ၏ စကားများကို သူ၏ ကိုယ်ပိုင် ဒဿနနှင့် နှိုင်းယှဉ်၍ စဥ့်စားလိုက်ပြီးနောက် ရည်ရွတ်လိုက်မိသည်။
အာရန်သည် ကမ္ဘာကူးပြောင်းလာပြီးကတည်းက ဇာတ်လိုက်နှစ်ဦးတိတိ သတ်ဖြတ်ပြီးခဲ့ပြီဖြစ်လေသည်။
ထို့ကြောင့် အယ်လီနာ၏ စကားများသည် သူ့အတွက်လည်း မှန်ကန်နေဟန်ပင်။
၎င်းက အနာဂတ်တွင် ထိုဇာတ်လိုက်များမှ သူ၏ နောက်သို့ ဝိုင်းဝန်းအမဲလိုက်ကြမည့် အဖြစ်ဆိုးအား စိုးရိမ်စရာမလိုတော့ဘဲ သူ့အား ဆက်လက်အသက်ရှူချောင်စေနိုင်မည့် သေချာစေသော ရွေးချယ်မှုတစ်ခုလည်း ဖြစ်လေ၏။
ထို့ကြောင့်ပုံမှန်အားဖြင့် အာရန်သည် အယ်လီနာ၏စကားအား သဘောတူမိလေသည်။
အကြောင်းမှာ သူသည်လည်း ထိုကဲ့သို့ပင် လုပ်ဆောင်ခဲ့သောကြောင့်ပင် ဖြစ်လေ၏။
တစ်ခုတည်းသော ကွဲပြားချက်မှာ အာရန်သည် သူ၏ အသက်ကို ရန်ရှာလာနိုင်မည့် သူများကိုသာ ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး သာမန် စိတ်အနှောင့်အယှက် ဖြစ်စေမည့် အရာများကို ဖယ်ရှားရန် သို့မဟုတ် သာမန် အရှက်ရစရာ ကိစ္စသေးသေးလေးများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်ခဲ့ခြင်းမျိုး မဟုတ်ပေ။
အာရန်သည် အယ်လီနာ၏ စိတ်ကို ပြောင်းလဲရန် သူ၏ လက်ကို သွေးစွန်းစေခဲ့သည့် ဖြစ်ရပ်များအား ပြောပြခြင်းဖြင့် သူမ၏ စိတ်ကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ကြောင်း နားလည်ထားလေသည်။
သို့သော် သူသည် သူမအား အမှန်အတိုင်း ပြောပြရန်လည်း လိုအပ်မနေပေ။
သူ့အနေနှင့် သူမအား ပိုမို ကောင်းမွန်သော လူတစ်ဦးအဖြစ်ပြောင်းလဲရန် အမှန်တကယ် ကြိုးစားနေခြင်းမျိုးလည်း မဟုတ်ခဲ့ပေ။
ဂျီနီယာသည် လူကောင်းတစ်ဦးမဟုတ်ကြောင်း အယ်လီနာအား သိမြင်စေလိုခြင်းသာ ဖြစ်လေ၏။
“ဒါနဲ့ မင်းကော ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက်လို့ ထင်လား” ဟု အာရန်သည် အယ်လီနာအား ရုတ်တရက်လှည့်၍ မေးလိုက်မိသောအခါ အယ်လီနာတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါက ဘယ်လို ကိုးရိုးကားယားနိုင်တဲ့ မေးခွန်းမျိုးလဲ”
အယ်လီနာသည် အာရန်၏ မေးခွန်းအား သိပ်ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။
သူမ၏ စံနှုန်းအတိုင်းဆိုပါက သူမသည် လူဆိုးတစ်ဦး မဟုတ်ပေ။
အကယ်၍ သူမသည်သာ လူဆိုးတစ်ဦးဆိုပါက အာရန်အနေနှင့်သူမအား ပရောပရည်လုပ်ရန် ကြိုးစားခဲ့သည့် အချိန်ကတည်းက သူမသည် သူ့အား ချက်ချင်း သတ်ပစ်ခဲ့မိပေလိမ့်မည်။
ယင်းအစား သူမသည် သူ့အား အနည်းသာ ထိခိုက်အောင် ပြုမူခဲ့မိသည် မဟုတ်ပါလား....။
ထို့ကြောင့်သာ အာရန်သည် အခုအချိန်ထိ အသက်ရှင်နေခြင်းဖြစ်မည်ဟု သူမယူဆထားသည်။
သူမသည် အတိတ်၌ လူပေါင်းများစွာကို သတ်ဖူးခဲ့သော်လည်း ၎င်းတို့သည် သေဖို့ထိုက်တန်မှသာ သတ်ဖြတ်ခြင်းမျိုးဖြစ်လေသည်။
သည်အတိုင်း အကြောင်းမဲ့ လိုက်လံသတ်ဖြတ်ခြင်းမျိုးတော့ မပြုလုပ်ခဲ့ချေ။
“ကိုယ့်ကို ပြန်ဖြေပေးပါ။ မင်းကိုယ်မင်း လူကောင်းတစ်ယောက်လို့ တကယ်ပဲ ယုံကြည်နေတာလား” ဟု အာရန်က ထပ်မံ၍ မေးလိုက်သည်။
“ဟုတ်တယ်။ ကျွန်မကတော့ ကျွန်မကိုယ့်ကျွန်မ လူကောင်းတစ်ယောက်လို့ ထင်မိနေတုံးပဲ” ဟု အယ်လီနာမှ ပြန်ဖြေလိုက်၏။
“ဒါဆို ဂျီနီယာကိုရော လူကောင်းတစ်ယောက်လို့ မင်း ထင်သလား”
အာရန်သည် သူ၏ မေးခွန်းကို ပြောင်းလဲလိုက်သည်။
“သူမက...”
အယ်လီနာသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။
ပုံမှန်ဆိုလျှင် သူမသည် ချက်ချင်းပင် “ထင်တယ်” ဟု ပြန်ပြောဖြစ်လိမ့်မည် ဖြစ်သော်လည်း လွန်ခဲ့သည့် မိနစ်ပိုင်းက အစေခံတစ်ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကြောင့် သူမသည် ထိုသို့ပြောရန် အနည်းငယ် တုံ့ဆိုင်းသွားခဲ့မိ၏။
“မင်းပဲအစောပိုင်းက အနာဂတ် ပြဿနာတွေကို ဖယ်ရှားဖို့ တစ်ယောက်ယောက်ကို သတ်ပစ်တာ မှန်တယ်လို့ ပြောခဲ့သေးတယ်နော်။ သူမက အဲ့ဒီအတွက် သတ်ခဲ့တာလို့ ပြောချင်နေတာလား။ အဲဒီ အစေခံဟာ သူမကို အလွယ်တကူ သေစေနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုကို လိုက်ဖြန့်ရလောက်အောင် လုံလောက်တဲ့ သတ္တိမျိုး ရှိနေတယ်လို့ မင်း တကယ်ပဲ ယုံကြည်နေတာလား”
“အဲဒီ လျှို့ဝှက်ချက်ဟာ အဲ့ဒီအစေခံရဲ့ နှလုံးသားထဲမှာ အမြဲတမ်း နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားမှာကို ကိုယ်တို့ အားလုံး သိနေတာပဲ။ သူ့ကို သတ်တာဟာ ဘယ်နည်းနဲ့မှ အနာဂတ် ပြဿနာကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူမသာ တကယ်ပဲ သူမအတွက် အရှက်ရစရာ လျှို့ဝှက်ချက်အချို့ကို ဖုံးဖိချင်ခဲ့တာဆိုရင် ဘာလို့ အဲဒီ ကိစ္စ ဖြစ်ပျက်သွားတုန်းက အဲဒီမှာ ရှိနေခဲ့တဲ့ မန်နေဂျာကို သွားမသတ်ခဲ့တာလဲ”
အာရန်သည် ဆက်လက်၍ ရှင်းပြနေခဲ့ကာ အယ်လီနာအား သူမ၏ သူငယ်ချင်းအဖြစ် သတ်မှတ်ထားသူ ဂျီနီယာသည် ဗီလိန်တစ်ဦးဖြစ်နေသည်အား သိမြင်စေချင်နေခဲ့၏။
ထိုသို့ လုပ်ဆောင်နေစဉ်တွင် အာရန်သည် အနည်းငယ်စည်းကျော်သွားသကဲ့သို့ ခံစားနေရသော်လည်း သူ၏လုပ်ရပ်သည် တစ်ထစ်ချ မှားယွင်းနေသည်ဟုလည်း ယူဆ၍မရချေ။
“သူမ လုပ်ခဲ့တာဟာ အနာဂတ် ပြဿနာတွေကို ဖယ်ရှားတာ မဟုတ်ဘူး။ သူမ လုပ်ခဲ့တာက ကျွန်တော့်အပေါ် မလုပ်နိုင်ခဲ့တဲ့ သူမရဲ့ ဒေါသကို ထုတ်ပစ်လိုက်တာပဲ။ သူမ အဲဒီလူကို သတ်ခဲ့တဲ့ အကြောင်းရင်း တစ်ခုတည်း ရှိတယ်။ အဲဒါက သူမ လုပ်နိုင်လို့ပဲ။ ကျွန်တော် မှားနေတယ်လို့ ထင်သလား”
ဤတစ်ကြိမ်တွင်မူ အယ်လီနာသည် အာရန်၏ စကားအား ပြန်မဖြေတော့ဘဲ မကြားချင်ယောင်သာ ဆောင်နေခဲ့မိသည်။
သို့သော် အာရန်၏ စကားလုံးတိုင်းသည် သူမ၏ နှလုံးသားအတွင်းသို့ လှုပ်ခပ်သွားစေခဲ့သည်ကိုမူ သူမအနေနှင့် မငြင်းနိုင်ခဲ့ချေ။
သူမသည် ထိုအဖြေကို သိနှင့်ပြီးဖြစ်သော်လည်း ထုတ်ဖော်ပြောရန်အတွက်မှာမူ အခက်တွေ့နေခဲ့ရ၏။
“ကိုယ်မင်းကို မေးခွန်း ထပ်မေးပါ့မယ်။ ဂျီနီယာက တကယ်ပဲ လူကောင်းတစ်ယောက်လား”
အာရန်သည် ခေါင်းတလားထဲသို့ နောက်ဆုံး သံမှိုတစ်ချောင်းကို ရိုက်သွင်းနေသကဲ့သို့ အယ်လီနာအား ထပ်မံ၍ မေးလိုက်သည်။
အယ်လီနာတစ်ယောက် သူမ၏ နှုတ်ခမ်းများကို ဖွင့်လိုက်မိကာ တစ်စုံတစ်ခု ပြန်ပြောမည် ပြင်လိုက်စဥ်မှာပင် အခန်းတံခါးသည် ရုတ်တရက် ပွင့်လာခဲ့သည်။
“စိတ်မကောင်းပါဘူး ကျွန်မ နဲနဲပိုကြာသွားတယ်”
ဂျီနီယာ သည် ပြောရင်းဆိုရင်း အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
#Catfoot