မိုးထိုးသွားသော လေလံစျေးနှုန်း
Vol. 42 Ch. 605
...
“ကျုပ်အနေနဲ့ ထပ်ရှင်းပြစရာ မလိုတော့ဘူးလို့ ယုံကြည်တယ်။ လူကြီးမင်းတို့အနေနဲ့ ပထမဆုံး ပစ္စည်းရဲ့ တန်ဖိုးကို အကဲခတ်နိုင်ကြမှာပါ”
လေလံပွဲ တင်ဆက်သူသည် သူ၏ စကားဆုံးသည်နှင့် သံကြိုးကို ဆွဲလိုက်ရာ လန်နီယဲလ်၏ မျက်နှာသည် လှောင်အိမ်၏ သံတိုင်များနှင့် ဖိကပ်သွားသည်အထိ ရှေ့သို့ တိုးထွက်လာခဲ့သည်။
လန်နီယဲလ်၏ အဝတ်များသည် နေရာအနှံ့အပြားတွင် စုတ်ပြဲလျက်ရှိနေခဲ့ပြီး သတ္တမ မူလကြယ်၏ အလွန်ဆိုးရွားသော နှိပ်စက်မှုများကို ခံခဲ့ရသည့်အလား သူ၏ ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း အမှတ်အသားများ ရှိနေခဲ့လေသည်။
သူ၏ ဘယ်ဘက်လက် တစ်ဖက်သည်လည်း ဖြတ်တောက်ခံထားရသည့်အလား ပျောက်ဆုံးလျက်ရှိနေ၏။
ဤငရဲဘုံတွင် ထိုကဲ့သို့ ပြတ်သွားသောလက်ကို လွယ်ကူစွာ ပြန်လည် ကုသပေးနိုင်သော်လည်း သတ္တမ မူလကြယ်သည် သူ၏ လက်ရာကို လူတိုင်း မြင်နိုင်စေရန်အတွက် သည်အတိုင်းသာ လေလံတင်စေခဲ့ခြင်းဖြစ်လေသည်။
“ဝိညာဥ်ကျောက်တုံး သုံးထောင်”
လေလံပွဲ တင်ဆက်သူမှ စကားမဆုံးနိုင်မီမှာပင် ပထမဆုံး လေလံပစ်ခြင်းသည် ဒုတိယ မူလကြယ်၏ ညီမ တည်ရှိရာ အခန်းဆီမှ ထွက်ပေါ်လာခဲ့၏။
“ကျန်တဲ့ ဒီနေရာမှာရှိတဲ့ ဧည့်သည်တွေ အားလုံးကိုကြိုတင်ပြောကြားချင်တာက ကျွန်မအနေနဲ့ တကယ်ပဲ ဒီကျွန်ကို လိုအပ်နေပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မနဲ့ ယှဥ်ပြီးမလုကြပါနဲ့” ဟု နဂါးမင်းသမီးမှ ထပ်လောင်းပြောလိုက်ရာ သူမ၏ လေသံအား ဤနေရာရှိ အခြားဧည့်သည် အားလုံးနီးပါးက ကြားလိုက်ရလေသည်။
မည်သူမျှ ဒုတိယ မူလကြယ်၏ ညီမဖြစ်သူအား စိတ်အနှောင့်အယှက် မဖြစ်စေလိုချေ။ အနည်းဆုံးတော့ ဗီအိုင်ပီ အခန်းများတွင် ရှိမနေသူများအတွက် ဖြစ်လေသည်။
သို့သော် ဗီအိုင်ပီအခန်းများအတွင်းရှိ ပုဂ္ဂိုလ်များမှာမူ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။
“ကလေးမ ဒီနေရာမှာ နင့်ရဲ့ အစ်ကို ကိုယ်တိုင်သာ ရောက်လာခဲ့မယ်ဆိုရင်တော့ ဒီစကားက သက်ရောက်မှုရှိနိုင်လိမ်မယ်။ ဒါပေမဲ့ မင်းအနေနဲ့တော့ ဒီလို လှည့်ကွက်မျိုး သုံးဖို့က အရမ်း ငယ်နေသေးတယ်” ဟု စတုတ္ထမြောက် ဗီအိုင်ပီအခန်းဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအခန်းကို စတုတ္ထ မူလကြယ်မှ နေရာယူထားခြင်းလည်း ဖြစ်လေ၏။
“ဝိညာဥ်ကျောက်တုံး လေးထောင်”
ထိုပုဂ္ဂိုလ်ကပင် လေလံစျေးနှုန်းကို ဆက်လက် တိုးမြှင့်ပေးလိုက်ကာ လေလံအပြိုင်ဆွဲခြင်းကို စတင်လိုက်တော့သည်။
အခြား မူလကြယ်များလည်းလည်း လေလံပွဲအတွင်းသို့ ကိုယ်စီဝင်ရောက်လာကြကာ လေလံပေါက်စျေးသည်လည်း တစ်စတစ်စဖြင့် ဝိညာဥ်ကျောက်တုံး သုံးသိန်းအထိ တိုးမြှင့်သွားခဲ့သည်။
သို့သော် ၎င်းသည် ထိုမျှနှင့် ရပ်တန့်မည့်ပုံ မပေါ်သေးချေ။
လေလံပွဲ တင်ဆက်သူသည် လေလံစျေး မြင့်တက်လာသည်ကို ကြည့်ပြီး သူ၏ မျက်နှာပေါ်ရှိ ကျေနပ်နေသည့် အပြုံးသည် ဆက်လက်၍ မဖုံးကွယ်ထားနိုင်တော့ချေ။
သူသည်လည်း ထိုလေလံစျေး၏ ပမာဏတစ်ခုကို ရာခိုင်နှုန်းအားဖြင့် အချိုးကျ ရရှိနိုင်မည်ဖြစ်သဖြင့် လေလံစျေးပိုမြင့်လာလေလေ သူ့အတွက် ပိုကောင်းလေလေပင် ဖြစ်လေ၏။
သို့သော်လည်း အပြင်လူ ကျွန်တစ်ဦးအတွက် လေလံတင်စျေးနှုန်း ဤမျှအထိ မြင့်တက်လာခြင်းမျိုးအား သူ့အနေနှင့် တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ရဘူးချေ။
မိနစ်အနည်းငယ်အတွင်း လေလံတင်စျေးနှုန်းသည် သန်းနှင့်းချီသည်အထိ မြင့်တက်သွားခဲ့သည်။
၎င်းသည် ဤလေလံခန်းမ၏ သမိုင်းတစ်လျှောက် အပြင်လူ ကျွန်တစ်ဦးအား လေလံပစ်ရာတွင် ရရှိဘူးသည့် အမြင့်ဆုံးစျေးနှုန်းအဖြစ် စံချိန်ချိုးသွားခဲ့ပြီ ဖြစ်လေသည်။
အကယ်၍ ဤနေရာတွင် နစ်ခရိုမန်ဆာ မျှော်စင်သခင်ကိုယ်တိုင် ကိုသာ လေလံပစ်နိုင်ခဲ့ပါက လေလံစျေးများ မည်မျှ မြင့်တက်သွားနိုင်သည်ကို လေလံပွဲ တင်ဆက်သူတစ်ယောက် စိတ်ကူးယဥ်ကြည့်မိလိုက်သည်။
ဝမ်းနည်းစရာကောင်းသည့်အချက်မှာ ထိုပုမျှော်စင်သခင်သည် ငရဲခွေးများ၏ မျိုးနွယ်ခေါင်းဆောင်နှင့် တိုက်ပွဲအပြီး၌ ရုတ်တရက်အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့ခြင်းပင်။
ယခုအချိန်အထိ ထိုပုဂ္ဂိုလ်၏ သတင်း တစ်စုံတစ်ရာကိုမျှ ထပ်မံ၍ မရရှိတော့ဘဲ သူသည် ဤငရဲဘုံတွင် ရှိမနေတော့သည့်အလားပင် ထင်မှတ်ရလေသည်။
၎င်းက ထိုမျှော်စင်သခင်သည် သူ၏ သက်ဆိုင်ရာ ကမ္ဘာသို့ ပြန်ရောက်သွားခဲ့ပြီဟု လူအများအား ယုံကြည်စေခဲ့သည်။
၎င်းက ထိုကမ္ဘာကို သွားရာ လမ်းကြောင်းကို ညွှန်ပြပေးနိုင်သည့် လန်နီယဲလ်၏ တန်ဖိုးအား ပို၍ပင် တိုးမြှင့်စေခဲ့ခြင်းလည်း ဖြစ်လေ၏။
...
အာရန်သည် လေလံတင်စျေးနှုန်းများ တစ်စတစ်စ တိုးလာနေသည်ကို စောင့်ကြည့်နေခဲ့ပြီး နဂါးမင်းသမီး ဦးဆောင်သွားသည့် အချိန်တိုင်း၌ သူ၏ နှလုံးခုန်နှုန်းသည် အနည်းငယ် တိုးလာလေ့ရှိခဲ့သည်။
‘လန်နီယဲလ်ကို ဘယ်သူ ရရ ငါ အဆင်ပြေတယ်။ အဲဒီ နဂါးမကလွဲလို့ပေါ့။ ကျေးဇူးပြုပြီး သူမကလွဲလို့ တခြားဘယ်သူမဆို ရသွားပါစေ’ ဟု သူ၏ ကံကြမ္မာကို သိပ်၍ ယုံကြည်မှု မရှိနေသော်လည်း ဆက်လက်၍ ဆုတောင်းနေခဲ့သေး၏။
“သန်း ငါးဆယ်”
ရုတ်တရက် လေလံပွဲသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ကာ လေလံစျေးနှုန်းသည်လည်း ငါးဆတိတိ ချက်ချင်း ခုန်တက်သွားခဲ့သည်။
အာရန်သည် သူ၏ ဘေးရှိ အယ်လီနာအား မယုံနိုင်စွာဖြင့် လှည့်ကြည့်မိလိုက်သည်။
ပထမ မူလကြယ်၏ ညီမဖြစ်သူအနေဖြင့် ဤအမျိုးသမီးသည်လည်း ချမ်းသာကြွယ်ဝလွန်းသူဖြစ်ကြောင်း သူ မေ့လျော့နေခဲ့မိသည်။
‘ငါစောစောကပြောတာ နဲနဲမှားသွားတယ်။ ကျေးဇူးပြုပြီး အဲဒီ နဂါးမနဲ့ အယ်လီနာကလွဲလို့ တခြားဘယ်သူမဆို ရသွားပါစေ’
ထို ညာလက်ရုံးအစောင့်အရှောက် လန်နီယဲလ်အား အယ်လီနာမှ ဝယ်ယူခဲ့မိလျှင် နဂါးမလေးဝယ်ယူသွားသည်ထက်ပင် အခြေအနေများ ပို၍ဆိုးဝါးသွားမည် ဖြစ်ကြောင်း သဘောပေါက်လိုက်သောအခါ အာရန်သည် သူ၏ ဆုတောင်းကို အလျင်အမြန် ပင် ပြန်လည် ပြင်ဆင်လိုက်မိသည်။
“သန်း ခြောက်ဆယ်”
နဂါးမင်းသမီးသည် ဆက်လက်၍ စျေးနှုန်းကိုတင်လိုက်ရာ လေလံပွဲသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
လေလံတင်စျေးနှုန်း မြင့်တက်လာနေသည်နှင့်အမျှ အခြား မူလကြယ်များသည် လေလံဆွဲခြင်းအမှုကို စတင်၍ လက်လျော့လာကြသည်။
ထိုကျွန်မှ သယ်ဆောင်လာသည့် သတင်းအချက်အလက်များသည် တန်ဖိုးမြင့်မားသည်မှာ မှန်ကန်သော်လည်း ယခုလေလံစျေးနှုန်းမှာမူ မတန်တဆနိုင်စွာပင် လွန်စွာ မြင့်မားလွန်းသွားခဲ့ပြီ ဖြစ်လေ၏။
၎င်းတို့အနေနှင့် ထိုကျွန်အားရရှိခြင်းမှ ပြန် ရရှိနိုင်သည့် အရာများသည် ထိုကုန်ကျမည့်ပမာဏအား ပြန်လည်ကာမိရန်ပင် မလုံလောက်တော့ချေ။
ထို့ပြင် ထိုကျွန်ဆီမှ ၎င်းတို့အနေနှင့် ရရှိနိုင်မည့် အချက်အလက်များသည် သတ္တမ မူလကြယ်၏ လက်ထဲတွင်လည်း ရှိနှင့်ပြီးသား ဖြစ်ပေလိမ့်မည်။
ဤသို့ဖြင့် မကြာမီမှာပင် လေလံပစ်ခြင်းအမှုတွင် လူနှစ်ဦးသာ ကျန်ရစ်တော့၏။
ထူးဆန်းသည်မှာ နှစ်ဦးစလုံးသည် ဩဇာကြီးမားသော မိသားစုများမှ ဆင်းသက်လာသည့် အမျိုးသမီးငယ်လေးများ ဖြစ်နေကြသည်။
၎င်းသည် သာမန်လေလံဆွဲပွဲ တစ်ခုနှင့် မတူတော့ဘဲ ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုကို ကြွားဝါသည့် စစ်ပွဲတစ်ခုနှင့် ပိုမို၍ တူလာခဲ့သည်။
ထို့ပြင် ပထမ မူလကြယ်နှင့် ဒုတိယ မူလကြယ်တို့ကြားတွင် ပြိုင်ဆိုင်မှုများသည် အစဥ်အလာအရ အမြဲတမ်း ပြင်းထန်နေတတ်ကြပြီး ယခုသည်လည်း ၎င်းတို့၏ မျိုးဆက်များမှတစ်ဆင့် ဆက်လက်တိုက်ခိုက်နေကြခြင်းမျိုး ဖြစ်လေသည်။
ထိုအတောအတွင်း အာရန်မှာလည်း သူ၏ ပခုံးများ ပျော့ခွေလာသည်ကို သတိထားမိလိုက်သည်။
သူမျှော်လင့်ထားသည့်အထဲတွင် အဆိုးဝါးဆုံးအရာများ စတင် ဖြစ်ပျက်နေခဲ့ပြီဖြစ်၏။
ဤနေရာတွင် ကျန်သူများအားလုံး ဤလေလံပွဲမှ ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်။
၎င်းက ဤနေရာတွင် မည်သူ အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သူသည် သူကိုယ်တိုင်သာ ဖြစ်တော့မည်ဖြစ်သည်ဟု ဆိုလိုနေသည်မဟုတ်ပါလား.....။
အာရန်သည် ဤငရဲဘုံတွင် မည်သို့သော ကံဆိုးခြင်းမျိုးသူ့ထံတွင် ရှိနေသည်အား သိနှင့်ပြီးဖြစ်သောကြောင့် သူ၏ ကံကို ထိုင်၍အပြစ်တင်မနေချင်တော့ပေ။
သူသည် ပထမ မူလကြယ်နှင့် တွေ့ဆုံပြီးနောက် သူ့တွင် ကံကောင်းခြင်းအနည်းငယ် ပြန်ရလာပြီဟု မှားယွင်းထင်မှတ်သွားခဲ့ပုံရ၏။
အာရန်သည် ကံကောင်းခြင်းဆိုသည့်အရာမှာ နောက်ဆက်တွဲအနေဖြင့် အမြဲတမ်း ကံဆိုးမှုများ ဆက်လက် လိုက်ပါလာတတ်သည်ဆိုသည်ကိုမူ မေ့လျော့မိခဲ့ဟန်ပင်။
“ဝိညာဥ်ကျောက်တုံး သန်း တစ်ရာ”
အယ်လီနာမှာမူ ဆက်လက်၍ လေလံစျေးကို အဆမတန် တိုးမြှင့်ပစ်လိုက်သည်။
ဤအခြေအနေတွင် လူတိုင်းနီးပါးသည် ၎င်းတို့နားကြားမှားခြင်းများလားဟုပင် တွေးမိနေကြပြီဖြစ်သည်။
လေလံတင်စျေးသည် ယခင်ဘယ်တုံးကမျှ မရောက်ရှိခဲ့ဖူးသော ပမာဏသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ဤငရဲဘုံရှိ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကျွန်ပေါင်း တစ်ထောင်ကို လေလံတင်ခဲ့သည့် ပမာဏများ ပေါင်းလိုက်လျှင်ပင် လက်ရှိ လေလံတင်စျေးထက် နည်းနေဦးမည်သာ ဖြစ်၏။
လေလံပွဲ တင်ဆက်သူ၏ အသံသည်ပင် တုန်ယင်လာခဲ့ပြီး လက်ရှိ လေလံတင်စျေးကို ကြေညာလိုက်ပြီးနောက် ဒုတိယမြောက် ဗီအိုင်ပီ အခန်းရှိရာဆီသို့ ငေးကြည့်လိုက်မိသည်။
နဂါးမင်းသမီးသည် သူမ၏ လက်သည်းများကို ပြန်ကိုက်နေမိပြီး ယခု လေလံတင်စျေးသည် သူမ၏ ကန့်သတ်ပမာဏထက် များစွာကျော်လွန်သွားပြီကို သတိထားမိလိုက်သည်။
သူမ၏ အစ်ကိုမှ သူမအား ပေးထားခဲ့သော ငွေကြေးများအားလုံးသည် ဤလေလံပွဲ၏ အဓိကပစ္စည်းတစ်ခုအတွက်သာ ဖြစ်လေသည်။
သူမအနေနှင့် ယခုထက်ပို၍ ထပ်မံ သုံးစွဲမိမည်ဆိုပါက နောက်ဆုံး လေလံတင်ပစ္စည်းတွင်မူ ပါဝင်လေလံဆွဲနိုင်လိမ့်မည် မဟုတ်တော့ပေ။
လန်နီယဲလ်အား ရယူကာ အာရန်၏ အတိတ်အား သိလိုနေခဲ့သော်လည်း သူမ၏ လက်တွေ့အခြေအနေကိုလည်း နားလည်ထားလေသည်။
သူမသည် လက်လျှော့ရန် သူမကိုယ်သူမ နားချလိုက်ပြီးနောက် အယ်လီနာအား တိုးတိုးလေး ကျိန်ဆဲမိလိုက်သည်။
သူမသည် ဤတစ်ခေါက်တွင်မူ ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။
“အဲဒီ အပြင်လူဖြစ်တဲ့ ကျွန်တစ်ယောက်ကို ရရှိနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ နင်နဲ့ ခုလို ကစားပေးရတာလည်း ပျော်စရာတော့ ကောင်းသားပဲ။ ဒါပေမဲ့ နင် သူ့ကိုရနိုင်ဖို့ ခုသုံးလိုက်တဲ့ ပမာဏနဲ့ ညီမျှတဲ့ တန်ဖိုးအချို့ကိုတော့ သူ့ဆီကနေ ပြန်ရနိုင်လိမ့််မယ်လို့ ငါ မျှော်လင့်ပါတယ်” ဟု နဂါးမင်းသမီးက ပြန်ပြောလိုက်ရာ သူမ၏ လေသံသည် လေလံဌာနတစ်လျှောက်လုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။
သူမသည် သူမ၏ ရှုံးနိမ့်မှုကို ဝန်ခံလိုက်ပြီဖြစ်သော်လည်း သူမ၏ ရည်ရွယ်ချက်မှာ ထိုလေလံပွဲတွင်အနိုင်ရဖို့မဟုတ်ပဲ အယ်လီနာအား ငွေကြေးပိုမိုသုံးစွဲမိစေရန် အလိုက်သင့် ကစားပေးလိုက်သည့်အလား ပြောဆိုလိုက်ခြင်းဖြစ်လေသည်။
#Catfoot