အစီအစဥ် စတင်ခြင်း
Vol. 42 Ch. 606
...
“အော် နင်က အကျိုးအမြတ်ရဖို့အတွက်နဲ့ ဒီကျွန်ကို ဝယ်ရလောက်တဲ့အခြေအနေ အထိ ဖြစ်သွားမှန်း ငါ မသိလိုက်ဘူးဟယ်။ အတော် သနားစရာကောင်းတဲ့ ကလေးမလေးပဲ”
အယ်လီနာသည် နဂါးမင်းသမီးထက် မလျော့သော လေသံဖြင့် ပြန်ပြောလိုက်ခြင်းဖြစ်သည်။
သူမသည် ရှုံးနိမ့်မှုအား အောင်ပွဲတစ်ခုအဖြစ် ပုံဖော်ရန် ကြိုးစားနေသည့် နဂါးမင်းသမီးအား လှောင်ပြောင်ရန် မမေ့လျော့ခဲ့ချေ။
“ငါက သူ့ဆီကနေ အကျိုးအမြတ်ရဖို့အတွက် မဟုတ်ဘဲ ဒီအတိုင်း ရိုးရိုးလေးပဲ ဝယ်ချင်လို့ ဝယ်လိုက်တာ။ အကျိုးအမြတ်အတွက်နဲ့ ဒီလိုမျိုး ဝယ်ရမယ်ဆိုရင်တော့ တကယ်ကို ဝမ်းနည်းစရာပဲ”
“နင်တို့တွေ ဒီလို အခြေအနေမျိုးထိတောင် ရောက်နေမှန်း ငါတကယ့်ကိုပဲ မသိခဲ့မိဘူးဟယ်။ ငါသာအစောပိုင်းက ကြိုသိခဲ့မယ်ဆိုရင် နင့်ကို တကယ်ပဲ အနိုင်ပေးခဲ့မိမှာပဲ။ ငါ မှားသွားတယ်ထင်တယ် အဲ့အတွက် ဆောရီးပါဟာ” ထိုသို့ပြောပြီးနောက် အယ်လီနာသည် ဘုရင်မတစ်ပါးကဲ့သို့ သူမ၏ ထိုင်ခုံတွင် သက်တောင့်သက်သာပင် ပြန်ထိုင်နေလိုက်သည်။
“နင်...”
နဂါးမင်းသမီးသည် ထိုစကားများအတွင်း၌ ဝှက်ထားသော စော်ကားမှုများကို သတိထားမိလိုက်သဖြင့် ဒေါသအလွန်ထွက်သွားမိသော်လည်း သူမ၏ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရသည်။
သူမသည် အယ်လီနာအား ထိုကျွန်မှာ ထိုမျှအထိ တန်ဖိုးမရှိဟု ထင်မိသောကြောင့် လက်လျှော့လိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း အယ်လီနာ မှ သူမ၏ စကားများကို ပြန်လည်အသုံးချကာ သူမအား ငွေကြေးအတွက် အသည်းအသန်ဖြစ်နေသူ တစ်ဦးကဲ့သို့ ကျွန်တစ်ဦးဆီမှ အမြတ်ရရန် ကြိုးစားနေသည့်ပမာ ပြောဆိုလိုက်ခြင်း ဖြစ်လေ၏။
သူမသည် အပြင်မှစကားသံများကို မကြားနိုင်သော်လည်း လူများစွာက သူမအား လှောင်ပြောင်နေကြမည်ကိုမူ သူမ သေချာစွာသိနေခဲ့သည်။
နဂါးမင်းသမီးသည် တစ်စုံတစ်ရာ တုံ့ပြန်ပြောရန်ပြင်လိုက်သော်လည်း လေလံပွဲ တင်ဆက်သူမှ ထိုလေလံကိစ္စအား လေလံဆွဲမှု အဆုံးသတ်သွားပြီဟု ကြေငြာသံထွက်ပေါ်လာခဲ့၏။
“ဒီလို ထူးခြားတဲ့ ကျွန်ကို ဝယ်ယူခဲ့တဲ့ သခင်မလေး အယ်လီနာကိုယ်စား အလွန်တရာ ဂုဏ်ယူမိပါတယ်ဗျာ။ သူ့ကို လေလံပွဲရဲ့ အဆုံးမှာ သခင်မလေးရဲ့ အခန်းကို နောက် ဝယ်ယူမဲ့ တခြားပစ္စည်းတွေနဲ့အတူ ပို့ဆောင်ပေးထားပါ့မယ်”
လေလံပွဲ တင်ဆက်သူသည် သံကြိုးကို လွှတ်လိုက်ပြီးနောက် ထိုကျွန်အား ပြန်ပို့လိုက်ကာ နောက်ထပ်လေလံဆွဲမည့် ပစ္စည်းများအတွက် ဆက်လက်၍ ပြင်ဆင်လိုက်တော့သည်။
ဤသို့ဖြင့် နောက်ထပ် ပစ္စည်းများ တစ်ခုပြီးတစ်ခု ရှေ့သို့ ယူဆောင်လာပြီး ဧည့်သည်များအား မိတ်ဆက်ပေးခဲ့သည်။
လေလံဆွဲခြင်း လုပ်ငန်းစဉ်သည် တဖန်ပြန်လည် အသက်ဝင်လာခဲ့သော်လည်း ပထမပစ္စည်းနှင့်ယှဥ်လျှင်မူ နောက်ပိုင်းပစ္စည်းများသည် သိပ်၍ စိတ်ဝင်စားစရာ မကောင်းတော့ပေ။
အာရန်သည်လည်း နောက်ထပ် လေလံတင်ပစ္စည်းအား သိပ်၍ အာရုံမစိုက်မိတော့ချေ။ သူ၏ မျက်လုံးများသည် လှောင်အိမ်အတွင်း၌ ရှိနေဆဲဖြစ်သော လန်နီယဲလ်အပေါ်သို့သာ အဆက်မပြတ် ရောက်ရှိနေခဲ့၏။
အယ်လီနာမှ ၎င်းအား ဝယ်ယူခဲ့ခြင်းဖြစ်သဖြင့် ၎င်းသည် သူ့အတွက် အဆိုးဆုံး ရလာဒ်တစ်ခုဟု ယူဆ၍ ရလေသည်။
လန်နီယဲလ်အား ဤအခန်းသို့ လာရောက် ပို့ဆောင်သောအခါ သူ့အတွက် အခြေအနေများ ပိုမို ဆိုးရွားလာတော့မည်မှန်း အာရန်တစ်ယောက် သဘောပေါက်လိုက်သည်။
လန်နီယဲလ်တွင် အာရန်အား မမှတ်မိစရာ မည်သည့် အကြောင်းမျှ မရှိချေ။
ထိုအခါ အာရန်၏ အတိတ်အကြောင်း လျှို့ဝှက်ချက်များစွာ ပေါ်ပေါက်လာတော့မည် ဖြစ်လေသည်။
ပေါ်လာနိုင်သည့် အတိတ်မှာ ရန် နက်ခရိုလိုင်း၏ အတိတ်ဖြစ်ပြီး သူ ကိုယ်တိုင်ပင် လုံးဝ မသိသော အရာများကို လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ဤအခြေအနေတွင် အကောင်းဆုံးရလဒ်အတွက် ထိုင်ဆုတောင်းနေရန်မှာ များစွာ နောက်ကျသွားခဲ့ပြီဖြစ်၏။
ကံကောင်းခြင်းများက သူ့အား စွန့်ခွာသွားခဲ့ကြပြီဖြစ်သည်။
ယခုအချိန်တွင် သူ လုပ်နိုင်သည့် အရာတစ်ခုတည်းသာ ကျန်ရှိတော့လေသည်။
အာရန်သည် ယခုအခါတွင် သူ့အတွက် စွန့်စားမှုတစ်ခုကို ဆက်လက် လုပ်ဆောင်ရန်မှအပ အခြားရွေးချယ်စရာမရှိတော့ချေ။
အာရန်သည် လေလံပွဲ တင်ဆက်သူ၏ နောက်ကွယ်ရှိ လှောင်အိမ်အား ဆက်လက် အကဲခတ်နေစဉ် အတွေးများအတွင်း၌ ဆက်လက်နစ်မြုပ်နေခဲ့၏။
အယ်လီနာသည်လည်း အာရန်တစ်ယောက် တစ်စုံတစ်ရာ မှားယွင်းနေသည်အား ခံစားမိနေလေသည်။
ပထမဆုံး လေလံပွဲ စတင်ခဲ့ချိန်မှစ၍ အာရန်သည် အနည်းငယ် မသက်မသာဖြစ်နေခဲ့ဟန်ပင်။
သူသည် စင်မြင့်ပေါ်ရှိ ထိုကျွန်အား မသိကြောင်း အတွင်တွင် ငြင်းဆိုနေခဲ့သော်လည်း လက်တွေ့အခြေအနေမှာမူ ကွဲပြားနေကြောင်း သူမသတိထားမိခဲ့သည်။
၎င်းတို့နှစ်ဦးကြားတွင် တစ်ခုခု သေချာပေါက် ရှိကို ရှိရပေလိမ့်မည်။
၎င်းက သူမအား ထိုကျွန်ကို အရယူရန် သေခြာစေခဲ့ခြင်းလည်း ဖြစ်လေ၏။
“အဲဒီ မကောင်းတဲ့မိန်းမ.... သူက ငါ့ကို အရူးတစ်ယောက်လိုတောင် ဆက်ဆံခဲ့တယ်” နဂါးမင်းသမီးသည်လည်း သူမ၏ ရှုံးနိမ့်မှုအား ယခုတိုက် လက်မခံလိုသေးပေ။
သူမသည် လေလံပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း လန်နီယဲလ်အား လက်လွှတ်လိုခြင်းမရှိသေးချေ။
သူမသည် ဤလေလံဌာနမှ ထွက်ခွာပြီးနောက် လန်နီယဲလ်ဆိုသည့် ကျွန်အား အယ်လီနာထံမှ ခိုးယူရန် ဆုံးဖြတ်ချက်ချလိုက်သည်။
၎င်းသည် စွန့်စားရမည့် အလုပ်တစ်ခု ဖြစ်နေသော်လည်း သူမအနေနှင့် သေခြာစွာကိုင်တွယ်နိုင်မည်ဆိုပါက သိပ်တော့ ပြသနာရှိနိုင်မည်မဟုတ်ပေ။
သူမသည် ဆက်သွယ်ရေး သလင်းကျောက်ကို ကောက်ယူလိုက်ပြီး သူမ၏ ကိုယ်ရံတော်အချို့အား ဆက်သွယ်လိုက်ကာ အစီအစဥ်များ စတင်ပြင်ဆင်လိုက်တော့သည်။
၎င်းတို့သည် အယ်လီနာထံမှ ထိုကျွန်အား လုယက်ပြီးနောက် အခြားသူများ သတိမထားမိခင်ထွက်ပြေးရမည်ဖြစ်ကာ ၎င်းတို့မည်သူမည်ဝါဆိုသည်ကို လျှို့ဝှက်လုပ်ဆောင်ရမည်ဖြစ်၏။
သူမ၏ အစ်ကိုမှ ပေးအပ်ထားသည့် သက်တော်စောင့်များသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အကောင်းဆုံး ကိုင်တွယ်နိုင်လိမ့်မည်ဟု သူမအနေနှင့် သေခြာနေခဲ့သည်။
နဂါးမင်းသမီးသည် အစီအစဉ်တစ်ခုကို စတင် လုပ်ဆောင်ရန်စီစဥ်နေစဉ် အာရန်သည်လည်း ကိုယ်ပိုင် အစီအစဉ်တစ်ခုကို စတင် လုပ်ဆောင်နေပြီဖြစ်သည်။ သို့သော် သူ၏ အစီအစဉ်မှာမူ နဂါးမင်းသမီး၏ အစီအစဥ်နှင့် အနည်းငယ် ကွဲပြားလေသည်။
သူ၏ အစီအစဉ်သည် လေလံဌာနအပြင်ဘက်မှ စတင်ခြင်းမျိုး မဟုတ်ဘဲ လန်နီယဲအား ပြန်ပေးဆွဲရန်လည်း မဟုတ်ချေ။
ယင်းအစား သူ၏ အစီအစဉ်တွင် အရာတစ်ခုတည်းသော ရည်ရွယ်ချက်သာ ရှိ၏။
၎င်းမှာ လန်နီယဲလ်အား အယ်လီနာထံ ပို့ဆောင်ခြင်း မခံရမှီ သတ်ပစ်ရန်ပင် ဖြစ်လေသည်။
ထို့အပြင် လန်နီယဲလ်အတွက် တွေးပေးမည်ဆိုပါကလည်း ဤငရဲဘုံတွင် ကျွန်ဘဝဖြင့် အသက်ဆက်ရှင်ရခြင်းထက် သေသွားခြင်းက ပို၍ ကောင်းဦးမည် မဟုတ်ပါလား...။
ဤအကြောင်းကြောင့် သူ့အနေနှင့် ထိုလုပ်ရပ်အတွက် စိတ်မကောင်းဖြစ်ရန် လိုအပ်သည်ဟု မထင်တော့ပေ။
လေလံပွဲသည် ဖြည်းဖြည်းချင်း ဆက်လက် ပြောင်းလဲနေခဲ့ပြီး တစ်ခါတစ်ရံ အယ်လီနာနှင့် အခြား မူလကြယ်အချို့ပင် လေလံပစ္စည်းအချို့ကို ဆက်လက် ဝယ်ယူနေကြသည်။
ဤသို့ဖြင့် ငရဲဘုံရှိ လေလံတင်သည့် ပစ္စည်းများအကြောင်းအား အာရန်တစ်ယောက် တဖြည်းဖြည်း နားလည်လာခဲ့သည်။
ထိုလေလံပွဲတွင် လေလံတင်ရောင်းချခဲ့သော ပစ္စည်းများစွာသည် တစ်ချိန်က ငရဲဘုံနှင့် ချိတ်ဆက်ထားသော အခြားကမ္ဘာများမှ အရာများသာ ဖြစ်လေသည်။
ထိုပစ္စည်းများထဲတွင် ကမ္ဘာမြေမှ ပစ္စည်းအချို့ပင် ပါဝင်နေခဲ့ပြီး အယ်လီနာနှင့် အခြား မူလကြယ်များက လေလံအပြိုင်တင်၍ ဝယ်ယူခဲ့ကြသည်။
နောက်ထပ် လေလံတင်လာသော ကျွန်အနည်းငယ်နှင့် ငရဲဘုံတွင် အသုံးပြုသော အစွမ်းထက် လက်နက်အချို့လည်း ပါဝင်လေသည်။
ထိုပစ္စည်းများခဲမှ အချို့သည် သူ ပိုင်ဆိုင်ထားသော အဖိုးတန်ဆုံး ရတနာအများစုထက်ပင် ပိုမို အစွမ်းထက်သောကြောင့် အာရန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားရသည်။
အကယ်၍ သူ့တွင်သာ ဤလေလံပွဲတွင် သုံးစွဲရန် ပိုက်ဆံတစ်စုံတစ်ရာ ရှိနေမည်ဆိုပါက သူ၏ လေလံဆွဲလိုစိတ်အား ထိန်းချုပ်ရန် ခက်ခဲခဲ့ပေလိမ့်မည်။
သို့သော် ကံဆိုးစွာဖြင့် သူ၌ ဝိညဥ်ကျောက်တုံးတစ်လုံးတစ်လေမျှပင် ရှိမနေခဲ့ပေ။
ဆက်လက်၍ အာရန်သည် သူ၏ ကောင်းချီးစွမ်းအင် အချို့ကို အသုံးပြု၍ ဤလေလံဌာနအကြောင်း အသေးစိတ်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေခဲ့ကာ သူ၏ အစီအစဉ်များအတွက် စတင်၍ တွက်ချက်ခြင်းများပြုလုပ်နေခဲ့၏။
“ကဲ အခုတော့ လူကြီးမင်းတို့အားလုံး စောင့်မျှော်နေကြတဲ့ ဒီနေ့ လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းဖြစ်သလို အဓိကပစ္စည်းဖြစ်တဲ့အရာကို စတင် လေလံတင်ရောင်းချပါတော့မယ်”
လေလံပွဲ တင်ဆက်သူသည် ထိုသို့ ပြောလိုက်သောအခါ ဤနေရာတွင်ရောက်နေသော မူလကြယ်များ အားလုံးနီးပါးသည် စင်မြင့်ပေါ်သို့ ပြန်လည်အာရုံ စိုက်လိုက်ကြလေသည်။
၎င်းတို့ ဤနေရာသို့ အဓိက လာရောက်ရသည့် အကြောင်းရင်းဖြစ်သည့် အဓိကပစ္စည်းအလှည့် ကျရောက်တော့မည် မဟုတ်ပါလား...။
ဤအချိန်တွင် အာရန်သည်လည်း ၎င်းကို သူ့အတွက် ဖန်တီးပေးသည့် အကောင်းဆုံး အခွင့်အရေးတစ်ခုအဖြစ် ယူဆလိုက်သည်။
ယခုသည် လူတိုင်း စိတ်ဝင်စားမည့် နောက်ဆုံးပစ္စည်း ပေါ်လာပြီ ဖြစ်သောကြောင့် သူ၏ အစီအစဉ်ကို စတင် လုပ်ဆောင်ရန် အကောင်းဆုံးအချိန်လည်း ဖြစ်သည်မဟုတ်ပါလော...။
ထို့နောက် အာရန်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ အယ်လီနာအား ခွင့်တောင်းလိုက်သည်။
“ကိုယ် အပေ့ါအပါး ခဏသွားလိုက်ဦးမယ်။ ပြီးရင် ချက်ချင်း ပြန်လာခဲ့ပ့ါမယ်”
#Catfoot