မျှော်စင်သခင်ပြန်ပေါ်လာခြင်း
Vol. 42 Ch. 608
…
“ဝိညာဥ်ဝိညဥ်ကျောက်တုံး သန်း တစ်ရာ”
အယ်လီနာသည် ထိုလေလံပစ္စည်း၏ ပထမဆုံး ကြမ်းခင်းစျေး မသတ်မှတ်နိုင်ခင်မှာပင် အခြားသူများအား ရှင်းပြရန် သို့မဟုတ် ထိုရတနာပစ္စည်းကို ဆက်လက် ချီးမွမ်းခန်းဖွင့်ဆိုရန် အခွင့်အရေးအနည်းငယ်မျှ ထပ်မံမပေးတော့ချေ။
သူမ၏ လေသံသည် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးနေဟန်ရသော်လည်း သူမ လေလံပစ်သောအခါတွင်မူ လွန်စွာ ပြတ်သားလွန်းလေသည်။
ဤသည်မှာ နောက်ထပ် သာမန်ရှားပါးပစ္စည်းတစ်ခု မဟုတ်ပေ။
၎င်းသည် သူမ ဖခင်ကိုယ်တိုင်ပင် လိုချင်နေသော အထက်ဘုံသို့ သွားရောက်နိုင်သည့် ဂိတ်တံခါးပေါက်တစ်ခုလည်း ဖြစ်နေလေ၏။
လေလံပွဲ တင်ဆက်သူသည် ထိုလေလံပစ္စည်း၏ ကြမ်းခင်းစျေးပင် မသတ်မှတ်ရသေးပေ။
ဤပစ္စည်းအတွက် လေလံဆွဲခြင်းအမှုသည် မြင့်မားသောပမာဏဖြင့် စတင်မည်ဖြစ်ကြောင်း သူ့အနေနှင့် မျှော်လင့်ခဲ့ပြီးဖြစ်သော်လည်း ... ယခုစတင်လိုက်သော ပမာဏသည် အတော်လေး များပြားသောပမာဏတစ်ခု ဖြစ်နေဆဲပင်။
သို့သော် ၎င်းသည် အစသာရှိသေးလေသည်။
ဝိညဥ်ကျောက်တုံး သန်းတစ်ရာဆိုသည်မှာ အတော်လေး မြင့်မားသောပမာဏတစ်ခု ဖြစ်ပြီး ဂုဏ်သရေရှိ ဒီမွန်မျိုးနွယ်ဝင် အများစုအတွက်ပင် တစ်သက်စာထိုင်းစားရန် လုံလောက်သောပမာဏတစ်ခု ဖြစ်လေ၏။
၎င်းသည် အယ်လီနာတစ်ယောက် ဤပစ္စည်းအား မည်မျှ အလေးထား၍ ဆောင်ရွက်လိုနေကြောင်း ရှင်းလင်းနေ၏။
“ဝိညာဥ်ကျောက်တုံး သန်း တစ်ရာ့ တစ်ဆယ်”
ထိုစဥ် ဗီအိုင်ပီခန်းတစ်ခန်းဆီမှ စျေးတိုးမြင့်လိုက်သံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
ထိုသို့ပြောလိုက်သူမှာ ဦးချိုနှစ်ချောင်းပါရှိသော ဒီမွန်တစ်ဦးဖြစ်ပြီး သူ၏ မျက်လုံးများတွင် လောဘအရိပ်အယောင်များဖြင့် ပြည့်နှက်လျက်ရှိနေ၏။
“သန်းတစ်ရာ့ ငါးဆယ်”
အယ်လီနာသည် သူမ၏ ပြိုင်ဘက်ရှိရာဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
သူမ၏ အကြည့်သည် စင်မြင့်ထက်ရှိ ဂိတ်တံခါးပေါက်ကျောက်တုံးပေါ်တွင်သာ အချိန်ပြည်ရှိနေခဲ့ပြီး ၎င်းကျောက်တုံးလေးဆီမှ အလင်းပြန်လာသောအရောင်သည် ခန်းမတစ်ခုလုံးကိုပင် ရောင်ပြန်ဟပ်နေလေ၏။
မူလကြယ် ဒီမွန်များသည် အထက်ဘုံအား သွားရောက်ခွင့်ကို အသည်းအသန် လိုချင်နေကြသောကြောင့် ဈေးနှုန်းသည် လျင်မြန်စွာ ထိုးတက်သွားခဲ့သည်။
သန်းတစ်ရာ့ ရှစ်ဆယ်။
သန်းနှစ်ရာ။
သန်းနှစ်ရာ့ ငါးဆယ်။
လေလံပွဲလာ ပရိသတ်များ၏ တီးတိုးပြောဆိုသံများသည်ပင် ထိုလေလံဆွဲသူများ၏ ပြတ်သားသော ကြေညာချက်များဖြင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရလေသည်။
...
ဤအတောအတွင်း အာရန်တစ်ယောက်မှာမူ လေလံဌာန၏ နောက်ဖေးစင်္ကြန်လမ်း တစ်လျှောက်တွင် တစ်ယောက်တည်း အလုပ်များနေခဲ့၏။
အာရန်၏ နှလုံးခုန်နှုန်းသည် လွန်စွာ မြန်ဆန်လျက်ရှိနေခဲ့ပြီး ဤတစ်ကြိမ်တွင်မူ သူ့၌ ထွက်ပြေးရန် လွတ်မြောက်ခြင်းအဆောင်သည်ပင် တစ်ခုတစ်လေမျှ ရှိမနေတော့ပေ။
သူ့အနေနှင့် မေးခွန်းဘောက်ခြာအား အသုံးပြုကာ စာရေးဆရာအား ဆင့်ခေါ်လိုက်မည်ဆိုပါက ဂိတ်တံခါးပေါက်ကျောက်တုံးကို ရယူနိုင်ကောင်း ရယူနိုင်သော်လည်း လန်နီယဲလ်အား သတ်ရန်ကျိုးစားမည်ဆိုပါကမူ ချက်ချင်း အချိန်သည်ပုံမှန်ပြန်ဖြစ်သွားကာ သူ့အားတန်းမိသွားမည်သာ ဖြစ်လေသည်။
အဘယ့်ကြောင့်ဆိုသော် မေးခွန်းဘောက်ခြာအစွမ်းဖြင် အချိန်ရပ်တံ့နေသည့် အခိုက်အတန့်တွင် မည်သည့် သက်ရှိများကိုမှ ထိတွေ့ခွင့် (သို့မဟုတ်) သတ်ဖြတ်ခွင့်မရှိသောကြောင့်ပင်တည်း။
အကယ်၍ သူသာ အဖမ်းခံရမည်ဆိုက သေလမ်းတစ်လမ်းတည်းသာ ရှိပေလိမ့်မည်။
ထို့နောက် မကြာမီမှာပင် အာရန်သည် အစောင့်များ တင်းကျပ်ခြင်းမရှိသည့် အိမ်သာတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အတွင်း၌ အာရန်သည် ကိုယ်ပွားတစ်ဦးအား ဖန်တီးလိုက်ပြီး သူ၏ အဝတ်အစားများကို ၎င်းကိုယ်ပွားအား ဝတ်ဆင်စေလိုက်သည်။
သာမန်သွေးကိုယ်ပွားတစ်ခုကဲ့သို့ မဟုတ်ဘဲ ၎င်းကိုယ်ပွားသည် သူနှင့် ချွတ်စွတ်ဆင်တူလေသည်။
ထိုကိုယ်ပွားသည် အယ်လီနာ၏ အခန်းရှိရာသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ထိုကိုယ်ပွားကြောင့် အာရန်သည် လွတ်လပ်စွာဖြင် အယ်လီနာတစ်ယောက် သတိမထားမိချိန်မှာပင် သူစီစဥ်ထားသည့် အရာများကို စိတ်ကြိုက် ကိုက်တွယ်နိုင်မည်လည်း ဖြစ်လေသည်။
ကိုယ်ပွားမှ ပြန်လည်ထွက်ခွာသွားပြီးနောက် အာရန်သည် ပုံစံပြောင်းလဲခြင်းအမှုကို စတင်တော့သည်။
သို့သော် အာရန်သည် မည်သူမျှ မမှတ်မိထားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်မူ မပြောင်းခဲ့ချေ။
သူသည် ငရဲရှိ အထက်ပိုင်း ပုဂ္ဂိုလ်အတော်များများ သိထားသော အထူးသဖြင့် သတ္တမ မူလကြယ် သိရှိထားသည့် တစ်စုံတစ်ဦးအသွင် ပုံပြောင်းလိုက်ခြင်းဖြစ်လေသည်။
အာရန်သည် ပျောက်ဆုံးနေသည်ဟု လူအများယူဆထားကြသော နစ်ခရိုမန်ဆာ မျှော်စင်သခင်အဖြစ်သို့ ပုံပြောင်းလိုက်ခြင်းသာ ဖြစ်လေ၏။
အစောပိုင်း ငရဲမြို့တော်အပြင်ဘက်မှ ပြင်းထန်သော ပေါက်ကွဲမှုအတွင်း သေဆုံးသွားသူသည် လူများစွာ စူးစမ်းလိုနေသော နစ်ခရိုမန်ဆာမျှော်စင်သခင် ကိုယ်တိုင် ဖြစ်နေသည်ကိုမူ မည်သူမျှ မသိခဲ့ကြသေးပေ။
ဤလူများ၏ မျက်လုံးများထဲတွင် ထိုမျှော်စင်သခင်သည် သူ၏ မူလကမ္ဘာသို့ ပြန်ရောက်သွားခဲ့ပြီဟု ယူဆထားကြပြီးဖြစ်သည်။
သို့သော် ထိုအချိန်တွင် မျှော်စင်သခင်သာရုတ်တရက် ပြန်ပေါ်လာမည်ဆိုပါက မည်သို့ဖြစ်သွားမည်နည်း။
ထိုလူသည် မူလကြယ်တစ်ပါးနှင့် ငရဲခွေးမျိုးနွယ်စု ခေါင်းဆောင်ထံမှပင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သူဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။
ဤကဲ့သို့သော တင်းကျပ်သည့် နေရာတွင် လေလံတင်နေသည့် အရာများကို လုယက်ရန် သတ္တိရှိသူတစ်ဦးကို ညွှန်ပြရမည်ဆိုပါက ထိုမျှော်စင်သခင်ကိုသာ ညွှန်ပြရပေလိမ့်မည်။
အာရန်၏ အစီအစဥ်မှာ မျှော်စင်သခင်အား လူအများအသဲအသန် လိုက်လံရှာဖွေ နေချိန်တွင် သူ့အနေနှင့်မှာမူ ပထမ မူလကြယ်၏ နောက်ကွယ်တွင် အပြစ်မဲ့ ကလေးငယ် တစ်ဦးပမာ ရိုးရိုးလေး ပြန်လည်ခိုလှုံနေလိုခြင်းဖြစ်လေ၏။
ထို့နောက် မျှော်စင်သခင်အဖြစ် အသွင်ပြောင်းပြီးနောက်တွင် သူ၏ အဝတ်အစားများကိုပါ ပြောင်းလဲလိုက်သည်။
သူသည် နစ်ခရိုမန်ဆာ မျှော်စင်သခင် နှင့်ပိုမိုတူညီသွားစေရန် မဲနက်နေသော အနက်ရောင် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်လိုက်၏။
သူသည် မျှော်စင်သခင်၏ ဘဏ္ဍာတိုက်ကို လုယက်ခဲ့ပြီး ဖြစ်သောကြောင့် နစ်ခရိုမန်ဆာ မျှော်စင် အမှတ်အသားပါသော အဝတ်အစားများအတွက် စိတ်ပူစရာ မလိုတော့ချေ။
“ခုတော့ ဒီနေရာကနေ လူမမြင်အောင် ဘယ်လို ထွက်သွားမလဲဆိုတာပဲ တွေးစရာကျန်တော့တယ်” ဟု အာရန်သည် ကျန်ရှိနေသေးသည့် တစ်ခုတည်းသော ပြဿနာအကြောင်း စဉ်းစားနေလိုက်သည်။
မျှော်စင်သခင်အနေနှင့် ဤနေရာမှ ထွက်သွားသည်ကို မြင်တွေ့လိုက်ကြပါက သူ မဖြေချင်သော မေးခွန်းအချို့ကို သေချာပေါက် အမေးခံရပေလိမ့်မည်။
နဂါးလျှာအစွမ်းဖြင့်သည် ဤအရာများကို လှည့်စားနိုင်မလားဆိုသည်ကိုပင် သူ့အနေနှင့်မသေခြာပေ။
အာရန်သည် အရိပ်တစ်ခုအဖြစ် အသွင်ယူကာ ဤနေရာမှ ထွက်သွားနိုင်စွမ်း ရှိနေပြီဖြစ်သော်လည်း တစ်စုံတစ်ယောက်မရှိပဲ အရိပ်ကြီးသက်သက်ဖြင့် ထွက်သွားမည်ဆိုပါကလည်း လွယ်ကူစွာ သတိထားမိနိုင်လေသည်။
ထို့ကြောင့် လူအများ၏ အာရုံကို ရှောင်ရှားရန်အတွက် တစ်စုံတစ်ဦး၏ အရိပ်အဖြစ် ဟန်ဆောင်ရန် လိုအပ်နေခဲ့၏။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် တစ်စုံတစ်ယောက် အာရန်ရှိရာ သန့်စင်ခန်းဆီသို့ လျှောက်လာသံကြားလိုက်ရပြီး တံခါးဖွင့်သံတစ်ခုကိုလည်း ကြားလိုက်ရသည်။
ထို့နောက် အမျိုးသားတစ်ဦးသည် သန့်စင်ခန်းအနီးမှ ကပ်၍ ဖြတ်လျှောက်သွားသည်။
ထိုအချိန်ခဏလေးအတွင်းမှာပင် အာရန်သည် အချိန်ကိုက်လှုပ်ရှားလိုက်ကာ ထိုလူ၏ အရိပ်အဖြစ် အလျှင်အမြန်အသွင်ယူလိုက်ရင်း အနောက်၌ ပုန်းအောင်းလိုက်ပါသွားတော့၏။
ထိုလူသည် တိုက်ဆိုင်စွာပင် အစောင့်တစ်ဦးဖြစ်ဟန်ရပြီး လေလံပွဲခန်းမရှိရာဘက်သို့ ထွက်သွားနေခြင်းဖြစ်လေသည်။
သူသည် သော့အထပ်ထပ် ခတ်ထားသော တံခါးများစွာကို ဖြတ်ကျော်ခဲ့ရပြီး တံခါးတစ်ခုစီအား ဒီမွန်တစ်ကောင်စီက တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ ထူးဆန်းသော အရိပ်တစ်ခုအား သတိပြုမိပုံ မပေါ်ခဲ့ချေ။
...
လေလံပွဲ စင်မြင့်ထက်တွင်မူ လေလံပွဲသည် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အဆင့်ဆီသို့ ရောက်ရှိသွားခဲ့လေပြီ။
“သန်း သုံးရာ”
အယ်လီနာသည် တည်ငြိမ်စွာဖြင့် ကြေညာလိုက်ခြင်းဖြစ်သော်လည်း သူမ၏ တုန်ယင်နေသော လက်ချောင်းလေးများက သူမ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သစ္စာဖောက်ကာ ဖော်ပြပေးလျက်ရှိ၏။
သူမယူဆထားသည်မှာ ဒုတိယ မူလကြယ်၏ လေလံပွဲအမြင့်ဆုံး ဆွဲနိုင်မည့် ပမာဏမှာ သန်း နှစ်ရာ့ ငါးဆယ်ဝန်းကျင်အထိသာ ရှိမည်ဟု ထင်မှတ်ထားခဲ့သည်။
ဤအခြေအနေတွင် သူမသည် ဒုတိယမူလကြယ်အား အထင်သေးမိခဲ့ကာ အစောပိုင်းကျွန်တစ်ဦးအား လေလံဝင်ဆွဲခဲမိခြင်းအား နောင်တရမိလေသည်။
လေလံစျေးနှုန်းသည် သူမ မျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့် ထိုသို့ ဖြစ်ရသည်ကို သူမ နားမလည်ခဲ့ချေ။
သူမအနေနှင့် စုဆောင်းနိုင်ခဲ့သော အချက်အလက်အချို့ မှားယွင်းနေခဲ့၍လား။
သို့မဟုတ် ကန့်လန့်ကာနောက်ကွယ်တွင် အခြားကြံစည်မှု တစ်ခုခုရှိနေ၍လား...။
ထိုစဥ်မှာပင် အေးစက်စက် အသံတစ်သံသည် လေလံပွဲခန်းမအတွင်း၌ ဆက်လက်ထွက်ပေါ်လာခဲ့၏။
“သန်း သုံးရာ့ ငါးဆယ်”
မျက်လုံးအားလုံးသည် အသံလာရာဆီသို့ ပြိုင်တူငေးကြည့်လိုက်ကြသောအခါ ၎င်းသည် နဂါးမင်းသမီး၏ အခန်းဆီမှ ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
သို့သော် ထိုအသံသည် နဂါးမင်းသမီး၏ အသံတော့ မဟုတ်ချေ။
၎င်းသည် အယ်လီနာတစ်ယောက် အကြိမ်အနည်းငယ်ခန့် ကြားဖူးထားသော ယောက်ျားတစ်ဦး၏ အသံသာဖြစ်လေ၏။
ထိုအသံက သူမအား ထိတ်လန့်သွားစေခဲ့သည်။
ဒုတိယ မူလကြယ်သည် သူမ မမျှော်လင့်ထားသော အရာတစ်ခုကို လုပ်ဆောင်သွားနိုင်ခဲ့ဟန်ပင်။
“ဒီနေရာမှာ ဒုတိယမူလကြယ် ကိုယ်တိုင် ရောက်လာခဲ့ရင်တောင် ဒီလောက်များတဲ့ ငွေတွေက လေထဲကနေ ပေါ်လာနိုင်စရာအကြောင်းမရှိဘူး။ သူတို့ ပိုင်ဆိုင်ထားတဲ့ မြို့အားလုံးနဲ့ ပိုင်ဆိုင်သမျှ ရတနာ အရာအားလုံးကို ထုခွဲရောင်းချခဲ့ရင်တောင် သူ့မှာ ငွေပမာဏ ဒီလောက်အထိ ရှိလာစရာ အကြောင်းမရှိဘူးလေ” ဟု အယ်လီနာသည် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။
“သူ လိမ်နေတာတော့ ဖြစ်ပုံမရဘူး”
ဂျီနီယာသည် စကားတစ်ခွန်းမျှ ဝင်မပြောဘဲ တိတ်ဆိတ်နေရာမှ ရုတ်တရက် ဝင်ပြောလိုက်ခြင်းဖြစ်သည်။
“ဒါက လိမ်လည်ပြီး လေလံဆွဲတာဆိုရင်တောင် ငွေပေးချေမှု ပြုလုပ်တဲ့အချိန်မှာ ပေါ်သွားမှာပဲလေ။ သူက သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ဒီလိုလုပ်မှာမဟုတ်ဘူး။ ဒါ့ကြောင့် တစ်ခုခုက တကယ်ကို ထူးဆန်းနေတယ်။ ကျွန်မအနေနဲ့ ဖြစ်နိုင်ခြေ တစ်ခုတော့ စဉ်းစားမိထားတယ်”
“ဘာဖြစ်နိုင်ချေလဲ” ဟု အယ်လီနာက ပြန်မေးလိုက်သည်။
“တစ်ခြား မူလကြယ်တွေက သူ့ကို ကူညီနေကြတာ ဆိုရင်ကော။ ဒါဆို သူတို့ဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဒုတိယ မူလကြယ်ကို ဝေမျှပေးဖို့ သဘောတူခဲ့ကြတာ ဖြစ်ရမယ်။ အဲ့ဒီလိုသာဆိုရင်တော့ ငါတို့အနေနဲ့ လေလံဆွဲရာမှာ ဘယ်လိုနည်းနဲ့မှ အနိုင်ရတော့မှာ မဟုတ်ဘူး” ဟု ဂျီနီယာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
#Catfoot