လေလံဌာနမှ ပွက်လောရိုက်မှုများ
Vol. 42 Ch. 611
…
‘ဒါ အစွမ်းတစ်ခုခု မဖြစ်နိုင်ဘူး။ ဒီလို စွမ်းရည်မျိုးသာ သူတို့မှာ ရှိရင် ဒီလိုမျိုး ခိုးကြောင်ခိုးဝှက်တောင် ဝင်လာစရာ မလိုဘူး။ ဒါဟာ အမွေအနှစ်ပစ္စည်း တစ်ခုခု ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုအရာမျိုးကို သူတို့ ဘယ်လို ရနိုင်ခဲ့တာလဲ’ ဟု အာရန် တစ်ယောက် တွေးမိလိုက်သည်။
မူလကြယ်များကိုပင် ဖိနှိပ်ထားနိုင်သည့် အမွေအနှစ်ပစ္စည်းများသည် လွယ်လွယ်ကူကူ ရှာတွေ့နိုင်မည့် အရာများမဟုတ်ကြပေ။
သူတို့သည်လည်း တခြားကမ္ဘာမှ ရောက်လာကြသူများ ဖြစ်နေမလားဟုပင် အာရန်တစ်ယောက် တွေးမိလိုက်၏။
...
အာရန်သည် ထိုအစောင့် မည်သို့ ဆက်လက် လှုပ်ရှားမည်ကို အကဲခပ်နေခဲ့သည်။
ဤအချိန်တွင် မူလကြယ်တစ်ဦးမှ လှုပ်ရှားနိုင်ခြင်းမရှိတော့သောကြောင့် အခြား သာမန် အစောင့်များသည် သူ့အတွက် ခြိမ်းခြောက်မှုများ မဖြစ်နိုင်တော့ချေ။
ထိုလူသည် မယုံနိုင်စရာကောင်းလောက်သော အမြန်နှုန်းဖြင့် အလျှင်အမြန် လှုပ်ရှားလိုက်ပြီး သူ၏ နောက်တွင် အရိပ်များသာ ကျန်ရစ်ခဲ့လေသည်။ စက္ကန့်အနည်းငယ်အတွင်း ထိုသူသည် အစောင့်များကို ကျော်လွန်ပြီး လေလံပွဲစင်မြင့်ကေါ်သို့ ရောက်ရှိသွားခဲ့သည်။
လေလံပွဲ တင်ဆက်သူသည် လုံးဝ အံ့အားသင့်သွားခဲ့ရသည်။
သူသည် ကျူးကျော်လာသူအား မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိခဲ့ပြီး အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။
ထိုသူသည် အကာအကွယ်လွှာကို လက်ဖြင့်ထိရုံဖြင့် လွယ်ကူစွာ ချိုးဖျက်လိုက်ပြီး ဂိတ်တံခါးပေါက်ကျောက်တုံးအား လက်လွှဲရယူလိုက်၏။
ထို့နောက် “အချိန်ကျပြီ” ဟု သူ၏ လက်ကောက်ဝတ်မှ ဆက်သွယ်ရေး ကိရိယာထံသို့ သတင်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ပိုမိုရှုပ်ထွေးသော စွမ်းအင်များထွက်ပေါ်လာခဲ့ကာ ခုခံရန်ကျိုးစားသည့် မည်သူကိုမဆို ပို၍ပင် ခက်ခဲသွားစေခဲ့သည်။
ယခု ၎င်းတို့၏ အကြံအစည်အား ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့ပြီဖြစ်၏။
၎င်းတို့သည် မူလကြယ်များ၏ ခဏတာ အားနည်းသွားသော အခိုက်အတန့်အား အခွင့်ကောင်းယူကာ ကြိုတင်စီစဉ်ထားသော အချိန်ကိုက် လုယက်မှုတစ်ခုသာ ဖြစ်လေသည်။
ထိုလူ၏ အရိပ်ထဲတွင် ပုန်းအောင်းနေဆဲဖြစ်သော အာရန်သည်လည်း ဘေးကျပ်နံကျပ် အခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရသည်။
သူသည် ဤရှုပ်ထွေးနေမှုအား အခွင့်ကောင်းယူကာ ဂိတ်တံခါးပေါက် ကျောက်တုံးအား ထိုသူထံမှ လုယူရန် ကြိုးစားသင့်သလား...။
သို့မဟုတ် ၎င်းတို့ ဘာဆက်လုပ်မည်ကို သည်အတိုင်း ငြိမ်ငြိမ်လေး ဆက်လက် စောင့်ကြည့်နေသင့်သလား။
အထက်ဘုံမှ အမွေအနှစ်ပစ္စည်းတစ်ခု ပေါ်ပေါက်လာခြင်းသည် အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။
၎င်းသည် ရိုးရိုး သာမန် လုယက်မှုမျှသာ မဟုတ်တော့ဘဲ ပို၍ အရေးကြီးသော ကိစ္စတစ်ခုအတွက်လည်း ဖြစ်နေနိုင်လေသည်။
ထို့ကြောင့် အာရန်သည် လောလောဆယ် ဆက်လက်စောင့်ဆိုင်းနေရန်သာ ဆုံးဖြတ်လိုက်သည်။
အာရန်သည် အရိပ်ထဲတွင်သာ ဆက်လက်ပုန်းအောင်းနေခဲ့ပြီး ထိုလူအား ကျောက်တုံးကို ယူဆောင်ရန် ခွင့်ပြုထားလိုက်သည်။
ယခု လေလံပွဲသည်လည်း ရပ်တန့်သွားပြီဖြစ်သောကြောင့် အာရန်သည် ထိုလူများထံမှ ဂိတ်တံခါးပေါက်ကျောက်တုံးအား အချိန်မှီ လုယူနိုင်မည်ဖြစ်သရွေ့ သူ၏ တာဝန်အား ကျရှုံးစရာ အကြောင်းမရှိတော့ချေ။
အာရန်သည် ဤလူများအား မည်သူမည်ဝါဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့်အရာများ ပြုလုပ်ရန် ကြံစည်နေခြင်းကြောင်းနှင့် ထိုဂိတ်တံခါးပေါက် ကျောက်တုံးဖြင့် မည်သည့်အရာများ ဆက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်မည်ကို သိရှိလိုနေခဲ့၏။
ကျောက်တုံးအား အောင်မြင်စွာ ရယူနိုင်ခဲ့ပြီးနောက် ထိုလူသည် သူ အစောပိုင်းက ပြသခဲ့သော အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့်ပင် နောက်ပြန် ဆုတ်သွားခဲ့၏။
ထိုသူသည် သူ့အား တားဆီးရန် ကြိုးစားလာသော အစောင့်များအား ပြန်လည် တိုက်ခိုက်ရန်ပင် မကျိုးစားတော့ပေ။
သူသည် သည်အတိုင်းရိုးရှင်စွာသာ ရှောင်တိမ်းပေးလိုက်သည်။
ထိုသူ လေလံပွဲ စင်မြင့်မှ ထွက်ခွာရန်ပြင်ဆင်လိုက်စဥ်ခဏ၌ သူ၏ အရိပ်ထံမှ သွေးစက်အချို့ ကျကျန်ရစ်ခဲ့သည်ကိုမူ မည်သူမျှ သတိမထားမိခဲ့ချေ။
....
အစောင့်များသည် ကျူးကျော်သူအား လိုက်ဖမ်းရန် ကြိုးစားနေကြစဉ် လေလံဌာန မန်နေဂျာသည် ရုတ်တရက် ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို မယုံကြည်နိုင်စွာဖြင့် ဒူးထောက်ကျသွားခဲ့သည်။
သူသည် ဗီအိုင်ပီ အခန်းများရှိရာဘက်သို့ လှည့်ကြည့်နေခဲ့ပြီး ကျူးကျော်သူအား တားဆီးပေးရန် တောင်းပန်ချင်နေခဲ့သည်။
သူ့အနေနှင့် ထိုမူလကြယ်များသည်ပင် စွမ်းအင်တစ်ခု၏ သက်ရောက်မှုအောက် ၌ ကျရောက်နေကြကြောင်းကိုမူ သိရှိနိုင်ခြင်း မရှိခဲ့ချေ။
တကယ်တမ်းတွင် မူလကြယ် ဒီမွန်များသည် ၎င်းတို့၏ ယခုကဲ့သို့ အခြေအနေမျိုးအတွက် ပို၍ပင် ဒေါသထွက်နေခဲ့ကြသည်။
၎င်းတို့သည် လေလံပွဲအား အနိုင်ရရန် အကောင်းဆုံး အနေအထားတွင် ရှိနေခဲ့စဉ် ၎င်းတို့ အလိုချင်ဆုံးအရာအား တစ်စုံတစ်ဦးက ၎င်းတို့မျက်စိရှေ့တွင်ပင် လာရောက်ခိုးယူသွားခဲ့ခြင်း ဖြစ်လေ၏။
၎င်းတို့သည် ဒေါသများ အလွန်ထွက်နေခဲ့ကြသော်လည်း မည်သည့်အရာမျှ လုပ်နိုင်စွမ်းမရှိခဲ့ကြပေ။
လူတိုင်း ထိုကျူးကျော်သူ သူခိုးတစ်ဦးကြောင့် အာရုံပျံ့လွင့်နေကြပြီး အစောင့်များအားလုံးသည်လည်း ၎င်းအား လိုက်လံဖမ်းဆီးရန် ကျိုးစားနေကြသည်။
ထိုအချိန်မှာပင် စင်မြင့်ပေါ်ရှိ သွေးစက်ငယ်လေးသည် သွေးအိုင်ငယ်တစ်ခုအဖြစ် ကြီးမားလာခဲ့ပြီးနောက် နောက်ကွယ်ရှိ လှောင်အိမ်တစ်ခုရှိရာ ဆီသို့ တဖြေးဖြေးချင်း ရွေ့သွားနေသည်ကိုမူ မည်သူမျှ သတိမထားမိခဲ့ချေ။
၎င်းသွေးအိုင်ငယ်သည် လှောင်အိမ်အနီးသို့ ရောက်ရှိသွားသောအခါ သွေးကိုယ်ပွားတစ်ဦး အဖြစ်ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ၎င်းဆီမှ သွေးဖြင့်ဖန်တီးထားသော ဓားတစ်ချောင်း ပေါ်ပေါက်လာခဲ့ကာ လှောင်အိမ်၏ အပေါက်မှတစ်ဆင့် ဖြတ်သန်းဝင်ရောက် သွားခဲ့သည်။
၎င်းက ညာလက်ရုံးအစောင့်အရှောက်ဖြစ်သူ လန်နီယဲလ်၏ ရင်ဘတ်အား ထိုးစိုက်သွားခဲ့သည်။
သို့သော် ၎င်းက ထိုမျှနှင့် ရပ်တန့်မသွားဘဲ လန်နီယဲလ်တစ်ယောက် ပြန်အသက်ပြန်ရှင်လာနိုင်မည့် အခွင့်အရေး အနည်းငယ်မျှပင် မချန်ထားလိုသည့်အလား ဆက်လက်၍ ခုတ်ထစ် နေခဲ့၏။
လန်နီယဲလ်သည် လှောင်အိမ်အတွင်း၌ ရှိနေစဉ်မှာပင် ရုတ်တရက် သေဆုံးသွားခဲ့ရပြီး ထိုစင်မြင့်ရှိ အနီးအနားရှိ မည်သူကမျှ ၎င်း၏ သေဆုံးခြင်းအား သတိမထားမိခဲ့ကြပေ။
ဤသို့ဖြင့် လေလံပွဲသည် နောက်ထပ် အဖိုးတန်ပစ္စည်းတစ်ခုလည်း ပျက်စီးသွားခဲ့ရကာ ဗီအိုင်ပီ အခန်းများရှိ လူအနည်းငယ်ခန့်လောက်သာ ၎င်းဖြစ်ရပ်အား မြင်လိုက်ကြရသည်။
ဂိတ်တံခါးပေါက်ကျောက်တုံးအား ခိုးယူရန် ကြိုးစားခြင်းအား ၎င်းတို့အနေနှင့် နားလည်ပေးနိုင်သော်လည်း ထိုကျွန်အား အဘယ်ကြောင့် သတ်ဖြတ်ခဲ့သည့်အကြောင်းကိုမူ မည်သူမျှ နားမလည်နိုင်ခဲ့ကြပေ။
အကယ်၍ ၎င်းတို့သာ အလိုရှိပါက ဤအခြေအနေတွင် လွယ်ကူစွာ ယူဆောင်သွား၍ပင် ရနိုင်လေသည်။
သို့သော် ၎င်းအတွက် အခြား ကြီးကြီးမားမား ရည်ရွယ်ချက်တစ်ခု မရှိပါက ထိုသို့ ယူသွားခြင်းသည် အဓိပ္ပါယ်မရှိပေ။
၎င်းက ဤသူခိုးများသည် နစ်ခရိုမန်ဆာများ လာရောက်ရာ ကမ္ဘာမှ ဖြစ်နိုင်သည်ဟူသော ဖြစ်နိုင်ချေအား စဥ့်စားမိစေခဲ့သည်။
သူတို့ ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ငရဲခွေးမြို့တွင် မျိုးနွယ်စုခေါင်းဆောင်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော နစ်ခရိုမန်ဆာမျှော်စင်သခင် အကြောင်း အမှတ်ရသွားကြသည်။
ဤသို့ဖြင့် အရာရာသည် အာရန် ကြိုတင်စီစဉ်ထားခြင်းနှင့် အနည်းငယ် သွေဖည်သွားခဲ့သော်လည်း နောက်ဆုံးတွင်မူ လူအများ၏ သံသယသည် နစ်ခရိုမန်ဆာ မျှော်စင်သခင်ဆီသို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားခဲ့သည်။
သွေး ကိုယ်ပွားသည် လန်နီယဲလ်အား သေခြာစွာ သတ်ဖြတ်ပြီးနောက် မည်သည့် ခြေရာလက်ရာမျှ မချန်ခဲ့ဘဲ ရုတ်တရက် ပျက်စီးပျောက်ကွယ်သွားခဲ့သည်။
ဤနေရာတွင် မူလကြယ်များ လာရောက်စစ်ဆေးအတည်ပြုမည်ဆိုပါက ၎င်းတို့အနေနှင့် တစ်ခုတည်းသော သိရှိနိုင်မည့်အရာမှာ ထိုသွေးကိုယ်ပွားသည် သေဆုံးသွားသူ နစ်ခရိုမန်ဆာများနှင့် တူညီသောသွေးများ ဖြစ်နေခြင်းပင်။
ဤသို့ဖြင့် လေလံဌာနသည် အတော်လေး ပွက်လောရိုက်သွားခဲ့ရသည်။
လူများစွာသည် ပြင်ပအကူအညီများ တောင်းခံရန်အတွက် လေလံဌာန အပြင်ဘက်သို့ ဆက်သွယ်ရန် ကြိုးစားခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ၎င်းတို့၏ ဆက်သွယ်မှုများသည် အမည်မသိ အကာအကွယ်လွှာတစ်ခု၏ ပိတ်ဆို့ထားခြင်းကို ခံနေရကြောင်း နောက်ဆုံး၌ သဘောပေါက်သွားကြ၏။
ကျူးကျော်သူ သူခိုးတစ်ဦးတည်းသာလျှင် ၎င်းအကာအကွယ်လွှာအား လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ကျန်လူများအားလုံးသည် ထိုအကာအကွယ်လွှာ၏ ကန့်သတ်ခြင်းကို ခံလိုက်ကြရကာ ထိုကျူးကျော်သူ ထွက်ခွာသွား နေခြင်းကို သည်အတိုင်းသာ စိုက်ကြည့်နေခဲ့ကြရသည်။
“ဟိတ် အချိန်မဖြုန်းနဲ့ သက်ရောက်မှုက အများဆုံး နောက်ထပ် တစ်မိနစ်ပဲ ကျန်တော့တယ်။ အဲဒီကနေ မြန်မြန် လစ်တော့”
ထိုကျုးကျော်သူအား အချိန်မဆွဲမိစေရန် လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေး ကိရိယာဆီမှ သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“စိတ်မပူပါနဲ့ ငါနားလည်တယ်”
ကျူးကျော်သူသည် ထိုသို့ပြန်ပြောလိုက်သော်လည်း နောက်တွင်ကျန်ရစ်ခဲ့သော အစောင့်များအား လက်ထဲရှိ ဂိတ်တံခါးပေါက်ကျောက်တုံးကို ဝှေ့ယမ်းပြကာ လှောင်ပြောင်ရန်အတွက်မူ မမေ့လျော့ခဲ့ချေ။
ထိုသူသည် လေလံဌာန၏ တံခါးများကို ပြန်ပိတ်လိုက်ပြီး နောက်ရှိအစောင့်များ အကာအကွယ်လွှာကို ဖောက်ထွက်ရန် နည်းမျိုးစုံကြိုးစားနေကြသည့် မြင်ကွင်းအား တစ်ချက်ခန့် ပြန်လှည့်ကြည့်လိုက်ပြီးနောက် အပြင်ဘက်သို့ လျှင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ဤသို့ဖြင့် ထိုကျူးကျော်သူ သူခိုးသည် လူအများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် မူလကြယ်များထံမှ ပြင်းထန်သော ဒေါသကြောင့် မြို့တစ်မြို့လုံးကိုပင် တုန်ခါသွားစေနိုင်လောက်သော အားကောင်းသည့် အော်ရာအငွေ့အသက်များသည် လေလံဌာနအတွင်းမှ ပေါက်ကွဲ ထွက်လာခဲ့ကြသည်။
ထိုစဥ် လေလံဌာန၏ ခေါင်မိုးတစ်ခုလုံးသည် ရုတ်တရက် ပွင့်ထွက်သွားခဲ့ပြီး နဂါးတစ်ကောင်သည် ရူးသွပ်သွားသကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
အခြား မူလကြယ် ဒီမွန်များသည်လည်း ဖြစ်ပျက်ခဲ့သော အရာများအတွက် ဒေါသအလိပ်လိပ်ဖြင့် အသီးသီးထွက်ခွာ သွားခဲ့ကြသည်။
#Catfoot