← Chapters

မင်းပဲစိုးရိမ်သင့်တာ

Vol. 42 Ch. 614

မင်းပဲစိုးရိမ်သင့်တာ

Vol. 42 Ch. 614

...

အာရန်သည် ဥမင်လိုဏ်ခေါင်း နံရံနှင့် ဝင်တိုက်မိကာ ထိုထိခိုက်မှုကြောင့် ကျဉ်းမြောင်းသော လမ်းကြောင်းတစ်လျှောက် တုန်ခါမှုအချို့ပင် ဖြစ်သွားခဲ့ရသည်။

ဖုန်မှုန့်အချို့နှင့် ကျောက်စရစ်ခဲအနည်းငယ် ကျဆင်းလာခဲ့သည်။

အာရန်သည် မိမိကိုယ်ကို လဲကျသွားခြင်းမှ ပြန်လည်ထူမက်လိုက်သည်။

ထိုလူ၌ ထိုမျှ အားကောင်းသော အကာအကွယ်လွှာတစ်ခုရှိနေလိမ့်မည်ဟု အာရန်တစ်ယောက် မျှော်လင့်မထားမိခဲ့ချေ။

“ဟမ်... မင်းက ဘယ်သူလဲ”

ထိုလူသည် အာရန်အား အံ့အားသင့်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

သူ့အားအစောပိုင်း တိုက်ခိုက်ခဲ့သူသည် မူလကြယ်များ၏ လက်ပါးစေများ သို့မဟုတ် အနည်းဆုံး ငရဲဘုံမှ ပုဂ္ဂိုလ်တစ်ဦးဦးသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ထူးဆန်းစွာဖြင့် ၎င်းသည် ငရဲမှ ဟုတ်ဟန်မရပေ။

ထိုသူသည် သူ့ကဲ့သို့ပင် အပြင်လူတစ်ဦးဖြစ်ဟန်တူပြီး အာရန်၏ ပုံစံကလည်း ချက်ချင်း သတိထားမိနိုင်လောက်အောင် ထင်ရှားနေလေသည်။

“သူတို့က ငါ့နောက်ကို လိုက်ဖို့ ကျွန်တစ်ကောင်ကို စေလွှတ်လိုက်တာလား” ထိုကျူးကျော်သူသည် အဘယ်ကြောင့်မှန်းမသိသော်လည်း ၎င်းက စော်ကားမှုတစ်ခုဖြစ်သည်ဟု ခံစားမိလိုက်၏။

သူ့နောက်သို့ တိတ်တဆိတ် လိုက်ပါနိုင်ခဲ့သူသည် ငရဲဘုံမှ အားကောင်းသော တစ်စုံတစ်ဦးပင် ဟုတ်မနေဘဲ ဤငရဲဘုံရှိ လူအများက ကျွန်အဖြစ် သတ်မှတ်ထားသော သာမန်လူသားတစ်ဦး ဖြစ်နေသည်တဲ့လား....။

“ကျုပ် ဘယ်သူလဲဆိုတာ ဒီနေရာမှာ အရေးကြီးသေးလို့လား”

အာရန်သည် အပျက်အစီးများပေါ်မှ ခုန်ဆင်းလိုက်ကာ သူ၏ အဝတ်အစားများကို အနည်းငယ် ပြုပြင်လိုက်သည်။

သူ၏ တစ်ချက်တည်းဖြင့် အသေသတ်မည်ဆိုသည့် ရည်ရွယ်ချက်သည်ပင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။

ယခုမူ အာရန်အနေဖြင့် ထိုကျူးကျော်သူ သူခိုး၏ အပေါင်းအပါများ ဤနေရာသို့ စစ်ကူအဖြစ် ရောက်လာရန်မှာ အချိန်တစ်ခုသာ လိုတော့မည်ဖြစ်မှန်း သဘောပေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ယခုအချိန်၌ ခွန်အားကုန်ထုတ်၍ တိုက်ခိုက်မည်ဆိုပါကလည်း မူလကြယ်များအား သတိပြုမိစေရန် လှုံ့‌ဆော်မိသလို ဖြစ်သွားပေလိမ့်မည်။

“အဲဒီ ဂိတ်တံခါးပေါက် ကျောက်တုံးကို ကျုပ်ကို ပေးလိုက်လို့ရမလား” ဟု အာရန်က မေးလိုက်သည်။

“ဒါလေးက ကျုပ်အတွက် အရမ်း အရေးကြီးနေလို့ပါ”

ထိုကျူးကျော်သူ သူခိုးသည် အာရန်၏စကားကြောင့် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

သူသည် အာရန်အား တုံ့ပြန်ရန် ပြင်လိုက်စဉ် .... “ဟေ့ ကျွန်မစောစောက ကြားလိုက်ရတဲ့ အဲဒီ ဆူညံသံက ဘယ်ကလဲ။ နင် အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေပါတယ်။ ကြွက်တစ်ကောင် ငါ့နောက်ကို နောက်ယောင်ခံ လိုက်လာပုံရတယ်။ အဲဒီ ကြွက်ကို မြန်မြန် ရှင်းပြီး မင်းတို့ဆီ လာခဲ့မယ်” ဟု ထိုကျူးကျော်သူက ပြန်ဖြေလိုက်၏။

“အချိန်တော့သိပ်မကြာစေနဲ့” ဟု တစ်ဖက် အမျိုးသမီးက ပြန်ဖြေလိုက်ပြီး ထိုလူ၏ စွမ်းရည်ကို လုံးဝ ယုံကြည်ထားသည့်အလား အကူအညီလိုသလားဟုပင် တစ်ချက်မမေးခဲ့ပေ။

ထိုလူမှ သူမအား အကူအညီ မတောင်းခဲ့သည့်အတွက် ထိုကိစ္စသည် သူ့ဘာသာ ကိုင်တွယ်နိုင်သည့် အရာတစ်ခုသာ ဖြစ်မည်ဟု သူမအား ယုံကြည်စေမိခဲ့ပုံပင်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါသိပါတယ်ဟာ ငါက ကြွက်လေးတစ်ကောင် အတွက်ကြောင့်နဲ့တော့ ‌အဲ့လောက်နှောက်နှေးစရာ အကြောင်းမရှိပါဘူး စိတ်ချပါ” ဟု ထိုကျူးကျော်သူက ပြန်ဖြေလိုက်ပြီး သူ၏ နာရီကဲ့သို့ အရာကို နှိပ်ကာ တစ်ဖက်မှ စကာသံအား စကားစဖြတ်လိုက်သည်။

ထို့‌နောက် ကျူးကျော်သူသည် သူ၏ အာရုံကို အာရန်ထံသို့ ပြန်ပြောင်းလိုက်ပြီး မေးခွန်းအချို့ မေးလိုက်သည်။

“မင်း မှန်တယ်။ မင်းဘယ်သူလဲဆိုတာ ဘာမှ အရေးမကြီးဘူး။ မင်း ငါ့နောက်ကို လိုက်လာနိုင်ခဲ့တဲ့အတွက် မင်းသိပ် မဆိုးဘူးလို့တော့ ယူဆလို့ရတယ်။ ဒ့ါကြောင့် မင်းကို ဒီတိုင်း လွှတ်ပေးလိုက်ရင် ငါ့အတွက် ပြဿနာ ပိုများစွာစေနိုင်တယ်”

“ဒီတော့လည်း မင်းကို ဒီမှာပဲ ထာဝရ တိတ်ဆိတ်သွားအောင် လုပ်ပေးလိုက်ရတောပေ့ါ”

ထိုသူသည် သူ၏ လက်ဆစ်များကို တစ်ချက်ချိုးလိုက်ပြီးနောက် သူ၏ နာရီကဲ့သို့ အရာအား တစ်စုံတစ်ရာ ပြုလုပ်လိုက်သည်။

ထို့နောက် ထူးဆန်းသည့် အကာအကွယ်လွှာတစ်ခုသည် သူ၏ နာရီကဲ့သို့အရာကို ဗဟိုပြုကာ ဤနေရာ တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။

ထိုအကာအကွယ်လွှာသည် ထိုသူ၏ ခန္ဓာကိုယ်ပတ်လည်အား ကာကွယ်ပေးထားသော အကာအကွယ်လွှာနှင့်မူ အနည်းငယ် ကွဲပြားနေလေသည်။

“မင်းရဲ့ တိုက်ခိုက်မှုတွေကြောင့် မူလကြယ်တွေ ဒီနေရာကို သတိထားမိစေပြီး မင်းရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ယူဆထားတာဆိုရင်တော့ အဲဒီ အတွေးကို မေ့ဖျောက်လိုက်တော့။ ငါတို့ ဒီမှာ ဘယ်လောက်ပဲ ပြင်းပြင်ထန်ထန် တိုက်ခိုက်ကြပါစေ ဒီအကာအကွယ်လွှာအပြင်ဘက်က အရာတွေကို သက်ရောက်မှု ရှိနိုင်မှာ မဟုတ်ဘူး”

“မင်း နံရံကို ခေါင်းနဲ့ တိုက်ရင်တောင် မင်းအတွက် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ထိုလူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း‌ပြောလိုက်သည်။

ထိုလူ၏ စကားများသည် အာရန်အား မျှော်လင့်ချက်ကင်းမဲ့ကာ ထိတ်လန့်တကြား ဖြစ်သွားစေရန် ရည်ရွယ်လိုက်ခြင်းဖြစ်လေသည်။

သို့သော်...

“ဟင် ခင်ဗျား ဘာပြောလိုက်တယ်”

အာရန်သည် ထိုစကားများကြောင့် စိတ်ပျက်အားငယ်သွားရမည့်အစား သူ၏ မျက်လုံးအရောင်များပင် အနည်းငယ်ပိုမို လင်းလက်လာခဲ့၏။

အာရန်သည် ထိုလူသည် သူ့အား အမှန်တကယ်ပြောနေခြင်းလား... ခြိမ်းခြောက်ရန် သက်သက်ပြောဆိုနေခြင်းများလားဟုပင် သံသယဝင်မိလိုက်သည်။

အဘယ့်ကြောင့်ဆို‌သော် ထိုကျူးကျော်သူသည် သူ့အားဆက်တိုက် ကူညီပေးသလိုဖြစ်နေသည်မဟုတ်ပါလား....။

ထိုသူသည် ပထမ၌ သူ၏ အဖော်များအား ဤနေရာသို့ လာရောက်စရာမလိုကြောင်း ကိုယ်တိုင်ပင် ဆက်သွယ်ပေးခဲ့သေးသည်။

ထို့ပြင် ၎င်းက မလုံလောက်သေးသည့်အလား ထိုသူသည် ဤပတ်ဝန်းကျင်အား အသံများ ပိတ်ဆို့ထားနိုင်သော အကာအကွယ်လွှာတစ်ခုကိုပင် ဖန်တီးပေးလိုက်သေးသည်။

“ကျုပ်က ခင်ဗျားကို ကျေးဇူးတင်သင့်သလား”

ထို့နောက် အာရန်သည် သူ၏ ဝတ်ရုံကို ချွတ်ပစ်လိုက်ကာ သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

အာရန်သည် သူ၏ ကိုယ်ပိုင်အတားအဆီးတစ်ခုကိုလည်း ပိုမိုသေခြာစေရန် အသက်သွင်းလိုက်ပြီး မူလကြယ်များသိရှိနိုင်မည့် အခွင့်အရေးအား ပိုမိုနည်းသွားရန် လုပ်ဆောင်လိုက်သည်။

အာရန်အနေဖြင့် သူဖန်တီးနိုင်သည့် အကာအကွယ်လွှာတစ်ခုတည်းနှင့် ထိုသို့ပြုလုပ်နိုင်မည်ဟု ယုံကြည်မှုရှိမနေခဲ့သော်လည်း ယခုကဲ့သို့ ထိုကျူးကျော်သူမှ အကာအကွယ်လွှာတစ်ခု အဆင်သင့်ဖန်တီးပေးထားသောအခါတွင်မူ လုံးဝပြည့်စုံသွားခဲ့ရသည်။

“မင်းက ကိုယ့်ကိုယ်ကို နည်းနည်း ယုံကြည်မှု လွန်ကဲနေတယ်ထင်တယ် ဒါမှမဟုတ် မင်းကတကယ်ပဲ အရူးတစ်ယောက်များလား။ ဒါပေမဲ့ အရေးမကြီးပါဘူးလေ။ မင်းကို ကူညီဖို့ ဘယ်သူမှ လာနိုင်မှာ မဟုတ်ဘူးလေ”

ကျူးကျော်သူသည် အာရန်အား ထိုသို့ပြန်ပြောပြီးနောက် တိုက်ခိုက်မှုအား စတင်လိုက်သည်။

“ကျုပ် ဘယ်တုန်းကများ တစ်စုံတစ်ဦးရဲ့ အကူအညီကို လိုအပ်တယ်လို့ ပြောခဲ့ဖူးလို့လဲ”

အာရန်သည် ထိုကျူးကျော်သူ၏ လက်သီးကို ဖမ်းဆုပ်ထားလိုက်ပြီး ခြေလှမ်းအနည်းငယ်‌နောက်ပြန်ဆုတ်လိုက်ရသောအချိန်တွင် ပြောလိုက်ခြင်းဖြစ်သည်။

အာရန်သည် မူလကြယ်များကဲ့သို့ ခွန်အားကြီးမားခြင်း မရှိသေးသော်လည်း ဤငရဲဘုံတွင် သူသည် အားနည်းသူတစ်ဦးဟု မဆိုလိုချေ။

ထို့အပြင် အာရန်သည် ထိုကျူးကျော်သူ၏ စွမ်းရည်အချို့ကိုပါ မြင်တွေ့ခဲ့ရပြီးဖြစ်လေသည်။

သူ၏ စွမ်းရည်အများစုသည် အယ်လီနာထက်ပင် အနည်းငယ် နိမ့်ကျသည်ဟု ယူဆနိုင်လေ၏။

အာရန်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေသော တစ်ခုတည်းသောအရာမှာ ထိုကျူကျော်သူ၏ ကိုယ်ပိုင် ခွန်အားမဟုတ်ပေ။

ယင်းအစား ထိုသူ၏ ထူးဆန်းသော လှည့်ကွက်များပင် ဖြစ်လေ၏။

သူ့တွင် မူလကြယ်များကိုပင် ထိမ်းချုပ်နိုင်သော အရာမျိုး ပိုင်ဆိုင်ထားလေသည်။ သို့သော် ကံကောင်းစွာဖြင့် ထိုအရာသည် အစောပိုင်း အသံပိုင်ရှင်အမျိုးသမီးထံ၌သာ ရှိနေသေးပုံပင်။

“ခင်ဗျားသာ ဘယ်သူ လာကူညီမလဲဆိုတာ စိတ်ပူနေသင့်မယ်ထင်တယ်”

အာရန်သည် ထိုသို့ ပြန်ဖြေလိုက်ပြီးနောက် သူ၏ လက်သီးပတ်လည်တွင် နဂါး အကြေးခွံများ ပေါ်ပေါက်လာခဲ့သည်။

နဂါးတောင်ပံများသည် သူ၏ နောက်ကျောဘက်တွင် ထွက်ပေါ်လာခဲ့ကာ သူ၏ အင်္ကျီတစ်ခုလုံး ပြဲစုတ်သွားတော့သည်။

ဦးချိုနှစ်ခုသည် သူ၏ နဖူးထက်၌ ထွက်ပေါ်လာခဲ့၏။

...

“သူ ဘာလို့ ဒီလောက် ကြာနေတာလဲ။ ဘာလို့ ခုထိ အကြောင်းမပြန်သေးတာလဲ။ ဒီတိုင်းဆက်သွားရင် ငါတို့ ထွက်သွားဖို့ အခွင့်အရေးကို လွတ်သွားနိုင်တယ်”

နောက်ထပ် နေရာတစ်ခုတွင် လူနှစ်ဦးသည် အဆင်သင့် စီစဉ်ထားပုံရသော ယဇ်ပလ္လင်တစ်ခု အနီးတွင် စောင့်ဆိုင်းနေခဲ့သည်။

“သူ အချိန်မီ ရောက်လာပါလိမ့်မယ်။ ဒီအခွင့်အရေးကို သူက ငါတို့ထက် ပိုပြီး လိုအပ်နေတယ်ဆိုတာ မမေ့ပါနဲ့”

အမျိုးသမီးတစ်ဦးသည် ယဇ်ပလ္လင်ဘေးတွင် ထိုင်နေသော ခပ်ဝဝ လူတစ်ယောက်အား ပြန်ပြောလိုက်ခြင်းဖြစ်သည်။

“မင်းသာ အဲဒီလောက် ယုံကြည်မှု ရှိရင် မင်းပုံစံက ငါ့လိုပဲ ဘာလို့ စိတ်ပူနေတဲ့ပုံပေါက်နေရတာလဲ။ ငါတို့ နောက်ကျနေပြီဆိုတာ မင်းလည်း သိပါတယ်။ တကယ်လို့ ငါတို့သာ တစ်စက္ကန့်လောက် နောက်ကျသွားရင်တောင် တပင်တပမ်း ကျိုးစားထားသမျှ လုံးဝ သဲထဲရေသွန် ကျရှုံးသွားနိုင်တယ်။ ငါတို့အနေနဲ့ ဒုတိယ အခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူး” ဟု ခပ်ဝဝလူမှာ အမျိုးသမီး၏ စကားကို ပြန်ချေပလိုက်သည်။

သူတို့ ကျရှုံးသွားမည့် အခြေအနေအား စိတ်ကူးပင် မယဉ်ချင်သော်လည်း သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ချေ။

“သူက အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတတ်တဲ့သူပဲ။ သူကို ဟို‌ရောက်ရင် ငါကိုယ်တိုင် တစ်ခေါက်လောက်တော့ ထုရိုက်ပစ်ဦးမှပဲ” ဟု ပြောလိုက်စဥ်မှာပင် သူတို့ထံသို့ ချဉ်းကပ်လာနေသော ခြေသံတစ်ခုကို ကြားလိုက်ရ၏။

#Catfoot

All Chapters