ဆက်တိုက် နိုင်ပွဲများ
Vol. 1 Ch. 43
လူငယ်တိုင်းသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ လူသစ်လက်ခံပွဲ အခမ်းအနား၏ စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သိထားကြပေသည်။ အများစုသည် အများနှင့် တစ်ယောက် ယှဉ်ပြိုင်ပွဲများကို မည်သူမျှ ရူးမိုက်စွာ စိန်ခေါ်လိမ့်မည် မဟုတ်ဟု ခန့်မှန်း ထားခဲ့ကြသည်။ ထိုအရာသည် အရမ်းအန္တရာယ် များလေသည်။ ကိုယ့်အင်အားကိုယ် ယုံကြည်မှုရှိသော သူများပင် ထိုကဲ့သို့ ပြုမူရန် သတိအတော် ထားရမည် ဖြစ်သည်။
လက်ရှိအခြေအနေသည် လူတိုင်းကို ဆွံ့အသွားစေသည်။ အများနှင့် တစ်ယောက် ယှဉ်ပြိုင်ပွဲကို တစ်ယောက်သာ စိန်ခေါ်သည် မဟုတ်ဘဲ လူငါးယောက်က စိန်ခေါ်ခဲ့ပေသည်။ အထူးသဖြင့် ကျန်းရီသည် လူအများကို ဆွံ့အသွားစေသည်။ ကျန်းရီသည် စင်ပေါ်သို့ ခုန်တက် လိုက်ချိန်တွင် လူအများစုသည် သူ့ အရှိန်အဝါကို အာရုံခံမိပြီး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိသေးကြောင်း သိရှိသွား ကြလေသည်။
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ဘဲ ရှိသေးတဲ့ သူတစ်ယောက်က ဒီလိုပွဲမျိုးကို ယှဉ်ပြိုင်ရဲတယ်လား...လူအများစုသည် ဟာသတစ်ခုလို ခံစားလိုက် ရသော်လည်း တစ်ချို့မှာမူ ဒေါသထွက်သွား ကြသည်။ ဝံပုလွေ မျက်နှာဖုံးကို ဝတ်ထားသော သူသည် အတော်လေးကို ထူးဆန်းပေသည်။ သူက ဒီကို ဟာသလုပ်ဖို့ ရောက်လာတာလား။
ပွဲကြည့်စင်ထက်မှ လွှမ်းမိုး နိုင်စွမ်းရှိသော ပုဂ္ဂိုလ်တို့သည် ရယ်မော လိုက်ကြပေသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက်နှင့် အနောက်ဘက် မြို့စောင့်တပ်မှ အုပ်ချုပ်သူတို့သည် ကျီထင်ယွီ၊ ကျန်းဟန်ရွှေနှင့် အခြားနှစ်ယောက် ပေါ်ထွက်လာမှုတို့ကို အတော်လေး စိတ်ကျေနပ် နေခဲ့ကြသည်။ သူတို့ အသက်အရွယ်နှင့် ထိုမျှသော ကျင့်ကြံဆင့်ကို ရောက်နေသော လူငယ်တို့ကို မြင်ရသည်မှာ အတော်လေး ရှားပါးပေသည်။ ထို့ပြင် သူတို့သည် အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲကို စိန်ခေါ်ရန် သတ္တိ ရှိကြပေသည်။
ကျီထျန်းသည် ကျီထင်ယွီ ထိုသို့ စိန်ခေါ်လိမ့်မည် ဖြစ်ကြောင်း ကြိုသိပြီးသား ဖြစ်ဟန်ရသည်။ သူသည် ပွဲကြည့်စင်ပေါ်ရှိ ကြေညာသူကို ခေါင်းညိတ်ပြလိုက်သည်။ ထိုသူသည် လူအုပ်ကို ဆူညံသံများ လျှော့ကြရန် လက်ဟန် ပြလိုက်သည်။
“ကောင်းပြီ...အများနဲ့တစ်ယောက် ပြိုင်ပွဲကို စိန်ခေါ်တဲ့ သူတွေရှိမှတော့ ရှုံးထွက် ပွဲစဉ်တွေကို ရပ်ဆိုင်း ထားလိုက်ရအောင်...ဘယ်သူမဆို စင်ပေါ်ကို တက်ပြီး တိုက်ခိုက်နိုင်တယ်...ပြိုင်ဘက်က အရှုံးပေးရင်ဖြစ်ဖြစ်၊ စင်ပေါ်က ပြုတ်ကျရင် ဖြစ်ဖြစ် အနိုင်ရသူ ပေါ်ထွက်လာမယ်...လူကို သေအောင် သတ်ခွင့်မရှိဘူး ဆိုတာ မှတ်ထားကြပါ”
“ဝှစ်”
ကြေညာသူ၏ စကားဆုံးသည်နှင့် ပုံရိပ်တစ်ခုသည် ချက်ချင်း ခုန်တက်လာခဲ့သည်။ သူ့ ဦးတည်ရာသည်ကား ကျန်းရီ ရပ်နေသော စင်မြင့်ထက်သို့ ဖြစ်သည်။ ထိုပြိုင်ဘက်သည်ကား သိပ်အားကောင်းဟန် မရသော်လည်း ကျန်းရီကို အားနည်းသူ အဖြစ် ယူဆ၍ ရနေသည်။ သူသည် ထို အခွင့်အရေးကို လက်လွှတ် မခံနိုင်ပေ။
“ဝှစ်”
နောက်ထပ် စိန်ခေါ်သူ တစ်ယောက်သည်ကား ဝတ်စုံပြာနှင့် လူငယ်ရှိနေသော စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့သည်။ ဘယ်နေရာမှ လာမှန်းမသိသော ဝတ်စုံပြာနှင့် လူငယ်သည် နေရာ ငါးနေရာမှ တစ်နေရာကို ရယူလိုသည့် ဆန္ဒ ရှိပုံရလေသည်။ ကောင်းကင် တောင်ပံမြို့မှ ပြိုင်ပွဲဝင်များသည် သဘောမတူကြပေ။ သို့သော် စင်မြင့်ပေါ်သို့ တက်လာသော လူငယ်သည်လည်း အားကောင်း ပုံမရပေ။ သူသည် ဝတ်စုံပြာနှင့် လူငယ်မှာ အမှန်တကယ် ပါရမီရှင်လား၊ အတုအယောင်လား ဟူသည်ကို စမ်းသပ်ရန် လာရောက်ခြင်း ဖြစ်ကြောင်း သိသာနေသည်။
“ဝှစ်”
ကျန်စင်မြင့် သုံးခုတွင်လည်း လာရောက် စိန်ခေါ်သူများ ရောက်လာခဲ့ ကြလေသည်။ သို့သော် အမြင်စူးရှသော သူများသည် သူတို့၏ အရှက်မရှိပုံများကို စတင်၍ မကျေမနပ် ပြောဆို ကြတော့သည်။ အဘယ်ကြောင့်ဆိုသော် လမ်ချမ်ချမ့်ကို စိန်ခေါ်သူသည် လမ်ဂိုဏ်းမှ ဖြစ်ပြီး၊ ကျန်းဟန်ရွှေကို စိန်ခေါ်သူသည် ကျန်းဂိုဏ်းမှ ဖြစ်ကာ၊ ကျီထင်ယွီထံ ရောက်လာ သူသည်ကား ကျီဂိုဏ်းမှ ဂိုဏ်းသား တစ်ယောက် ဖြစ်နေသော ကြောင့်ပင်တည်း...ထိုသုံးယောက်၏ ဂိုဏ်းများသည် သူတို့ကို မြန်မြန်ဆန်ဆန် ဆက်တိုက်နိုင်ပွဲများ ရစေချင်၍ ဖြစ်ကြောင်း သိသာနေသည်။
“အထီးကျန်ဝံပုလွေ...ငါမင်းနာမည်ကို ကြားဖူးတယ်...မင်းက ဘာလို့ သိုင်းခန်းမမှာ သိုင်းလေ့ကျင့်ဖက် ဆက်လုပ်မနေတာလဲ...မင်းဒီကို ဘာအတွက် လာတာလဲ..သေစမ်း...ဒီစင်မြင့်က ငါယန်ဖုန်းရဲ့ အပိုင်ပဲ”
ကျန်းရီကို စိန်ခေါ်လိုက်သူကား ယန်ဂိုဏ်းမှ သခင်လေးတစ်ယောက် ဖြစ်သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ဖြစ်ရာ အတော်လေး ယုံကြည်မှု ရှိနေပေသည်။ သူသည် အော်လိုက်ပြီးသည်နှင့် အချိန်ဖြုန်း မနေတော့ဘဲ ပြေးလာခဲ့သည်။ သူပြေးလာစဉ်တွင် သူ၏ ခြေထောက် နှစ်ချောင်းသည် ကြာပွတ်ကဲ့သို့ ကျန်းရီဆီ တိုးဝင် သွားခဲ့လေသည်။
ကျန်းရီသည် ကြောက်လန့်သွား၍သာ စင်ပေါ်သို့ ပြေးတက်လာခဲ့ခြင်း ဖြစ်သည်။ စင်ပေါ်သို့ ရောက်သောအခါ သူသည် နောင်တရသလို ဖြစ်နေခဲ့သည်။ အများနှင့် ယှဉ်ပြိုင်ရသော ပွဲသည် ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။ မြို့မှ ထူးချွန်သူများသည် ကျန်းဟန်ရွှေ၊ ကျီထင်ယွီနှင့် ကျန်လူများကို တိုက်ခိုက်ရဲကြမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူတို့၏ ပစ်မှတ် ဖြစ်လာရပေသည်။ ပို၍ ဆိုးသည်ကား ထိုကဲ့သို့ ထင်ရှားနေသော အနေအထားတွင် သူ ၏ သရုပ်မှန် ပေါ်သွားမည်ကို သူစိုးရိမ်နေခဲ့သည်။
သို့သော် သူရောက်လာပြီ ဆိုမှတော့ တိုက်ခိုက်ရပေမည်။ မဟုတ်လျှင် သူသည် ဘဝတစ်လျှောက်လုံး သိုင်းခန်းမ၏ ကျွန်အဖြစ် နေသွားရပေမည်။ ထိုဘဝသည် သူလိုချင်သော ဘဝ မဟုတ်ပေ။
အတွေးတစ်ချက် ပြောင်းသွားသည်နှင့် သူသည် ကျီထင်ယွီနှင့် အခြားပါရမီရှင်များလည်း စင်မြင့်ပေါ်တွင် ရှိနေကြောင်း သတိရ သွားခဲ့သည်။ အဓိပ္ပါယ်သည်ကား သူသည် သူတို့နှင့် တိုက်ခိုက်စရာ မလိုတော့ပေ။ ထိုအရာသည် သတင်းကောင်း ဖြစ်သည်ယာ စိတ်တက်ကြွ လာသည်နှင့် သူသည် အနက်ရောင် အတွင်းအားကို မျက်လုံးဆီ ပို့လိုက်ပြီး ပြိုင်ဘက်ထံ ပြေးသွားခဲ့လေသည်။
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့် ရောက်နေတာကို ကျိုးကြောင်း မစဉ်းစား တတ်ဘူးလား...လေပေါ်ကန်ချက်...ဒီအရူးကောင်...
ကျန်းရီသည် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ တစ်စုံတစ်ယောက်သည် ပြိုင်ဘက်ကို ထိန်းချုပ်ရမည် မဟုတ်ဘဲ မိမိကိုယ်မိမိ ထိန်းချုပ်ရမည် ဖြစ်သည်။ ခြေထောက်သည် အောက်ခြေမှ လွတ်သွားသည်နှင့် မတော်တဆ ဖြစ်နိုင်ချေ များသွားပြီ ဖြစ်သည်။ ခန္ဓာကိုယ်သည် ဟန်ချက် ပျက်သွားသည် ဖြစ်ရာ ရှုံးဖို့ လွယ်ကူ သွားပြီ ဖြစ်သည်။
ကျန်းရီသည် နောက်သို့ အမြန်ဆုတ်လိုက်ကာ ပြိုင်ဘက်၏ ကန်ချက်များဆီ လက်သီးများ ပစ်သွင်းလိုက်သည်။
“ဖုန်း...ဖုန်း...ဖုန်း...ဖုန်း”
ယန်ဖုန်းသည် ကန်ချက် လေးခု ထုလွှတ်လိုက်သည် ဖြစ်ရာ ကျန်းရီသည်လည်း လက်သီးလေးချက် တုံ့ပြန်လိုက်သည်။ အနက်ရောင် အတွင်းအား မသုံးလျှင် သူတို့၏ အင်အားသည် အတော်လေး ကွာခြားသည်။ သူသည် သူ့ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သော်လည်း နောက်သို့ ခြေလှမ်း တော်တော်များများ ဆုတ်လိုက်ရကာ စင်ပေါ်မှ ပြုတ်ကျလုဆဲဆဲ ဖြစ်သွားခဲ့သည်။
“စင်ပေါ်က ဆင်းသွားစမ်”
လူအများ၏ ရှေ့တွင် သူ၏ အင်အားများကို ပြလိုက်ရ၍ ယန်ဖုန်းသည် အတော်လေး ကျေနပ်နေခဲ့သည်။ ကျန်းရီမှာ စင်မြင့်အစွန်းသို့ ရောက်နေသည်ကို မြင်လိုက်လျှင် သူသည် ပြိုင်ဘက်ကို အခွင့်အရေး မပေးတော့ဘဲ လေထဲသို့ ခုန်တက်လိုက်ကာ ကျန်းရီ၏ ခေါင်းသို့ ဦးတည်၍ ပြင်းထန်သော ကန်ချက်တစ်ခု ထုတ်လွှတ်လိုက်သည်။
“သွားစမ်းပါ”
ကျန်းရီသည် တီးတိုး ရေရွတ်လိုက်ပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဒီတစ်ကြိမ်တွင် သူသည် အင်အားတစ်ခုမှ ထည့်မထားခဲ့ပေ။ သူ့လက်သီးသည် ယန်ဖုန်းနှင့် ထိတွေ့သွားသည်နှင့် လက်သည်း အဖြစ်သို့ ပြောင်းလဲသွားပြီး ပြိုင်ဘက်၏ ခြေထောက်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ကျန်းရီသည် ခြေထောက်ကို ကန်ချက်၏ ဦးတည်အရာအတိုင်း ဆွဲချလိုက်ပြီး ဘေးဘက်သို့ လှည့်ရှောင်လိုက်လေသည်။
ယန်ဖုန်း၏ ကိုယ်သည် သူ၏လေပေါ်ကန်ချက်ပုံစံအတိုင်း ခန့်ညားသည့် အနေအထားဖြင့် စင်ပေါ်မှ ဆင်းသွားခဲ့လေသည်။ ကျန်းရီ၏ ကိုယ်တစ်ပိုင်းသည် စင်အောက်ကို ရောက်နေသော်ငြား သူ့ခြေထောက်များသည် စင်ကို ခိုင်မြဲစွာ ချိတ်တွယ် ထားခဲ့သည်။ ယန်ဖုန်း အောက်သို့ ကျသွားသည်နှင့် ကျန်းရီသည် လက်ကို အားပြုကာ စင်ပေါ်သို့ ပြန်တက်လိုက်သည်။
“၅၃၆...ပထမပွဲကို အနိုင်ရတယ်”
လူကြီး၏ အသံသည် ထွက်ပေါ်လာသည်နှင့် လူများစွာသည် ဆွံ့အသွားရသည်။ သူတို့သည် ကျန်းရီ၏ လက်ထဲတွင် ကိုင်ထားသော ၅၃၆တံဆိပ်ပြားကို မြင်လျှင် မနေနိုင်တော့ဘဲ ရယ်မော လိုက်ကြသည်။ လူငါးယောက်တွင် ကျန်းရီသည် အားအနည်းဆုံး ဖြစ်သော်လည်း ပထမပွဲကို အရင်ဆုံး အနိုင်ရရှိခဲ့သည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ရှိ ယန်ဖုန်းမှာ စင်ပေါ်မှ သူ့ဟာသူ ပြုတ်ကျသွားခဲ့လေသည်။
ယန်ဖုန်းသည် ကျန်းရီကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး လူကြားထဲသို့ အလျင်အမြန် တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။ သူသည် ကျန်းရီကို ပစ်မှတ်ထား တိုက်ခိုက်မှ ပွဲကြည့်စင်မှ လူကြီးများ၏ အာရုံစိုက်မှုကို ယူမည်ဟု တွေးတော ထားခဲ့သော်လည်း သူ့ကိုယ်သူ အရှက်ရအောင် လုပ်မိခဲ့သည်။
“ငါကြိုးစားကြည့်မယ်”
အခြားပုံရိပ် တစ်ခုသည် စင်ပေါ်သို့ ဆင်းသက် လာခဲ့သည်။ ကျန်းရီသည် ထိုသူကို မျက်မှန်း တန်းမိနေခဲ့သည်။ အသေးစိတ် ကြည့်လိုက်ပြီးနောက် သူသည် ခြောက်ကပ်စွာ ပြုံးလိုက်သည်။ ထိုသူသည် တစ်ခါက သူနှင့် လေ့ကျင့် တိုက်ခိုက်ဖူးသော ယန်ဂိုဏ်းသား တစ်ယောက်ဖြစ်သည်။ ယန်ဂိုဏ်းသည် သူတို့၏ ဂုဏ်သတင်းကို ပြန်ဆယ်ချင်ပုံ ရလေသည်။
“ယန်လင်...သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်...ကျွန်တော့်ကို သင်ကြားပေးပါ”
ယန်ဖုန်းနှင့် အင်အားအတူတူပင် ဖြစ်သော်လည်း ယန်လင်မှာ တည်ငြိမ်လေသည်။ ကျန်းရီ၏ မျက်နှာသည် လေးနက်သွားပြီး ခေါင်းညိတ် ပြလိုက်သည်။ ယန်လင်သည် အလျင်စလို ပြေးဝင်မလာဘဲ ဖြည်းဖြည်းချင်း လှည့်ပတ်နေကာ တိုက်ခိုက်ရန် အခွင့်အရေး ရှာနေလေသည်။
“ကောင်းတယ်”
ရုတ်တရက် စင်အောက်မှ ‘ကောင်းတယ်’ ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီနှင့် ယန်လင် နှစ်ယောက်လုံးသည် ယောင်ယမ်းကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။ သူတို့သည် ကျီထင်ယွီမှ ပြိုင်ဘက်ကို စင်အောက်သို့ ကန်ချကာ လေထဲတွင် ကျွမ်းတစ်ပတ် ပစ်သွားပြီး စင်ပေါ်သို့ ဆင်းသက် လာသည်ကို တွေ့လိုက်ကြရသည်။ သူမ၏ ကျော့ရှင်းသော ဟန်ပန်သည် နတ်ဘုရားမ တစ်ပါးနှယ် ပြိုင်ဘက်ကင်း လှပနေပေသည်။
“အခွင့်အရေးကောင်းပဲ”
ယန်လင်သည် ကျန်းရီ၏ မျက်ဝန်းတွင်းမှ တွေဝေသွားသည့် အရိပ်အယောင်ကို မြင်လျှင် သူ့ပြိုင်ဘက်သည် စင်မြင့်ပေါ်တွင် ရောက်နေကြောင်း မေ့လျော့သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ချက်ချင်းပင် မြှားတစ်စင်းကဲ့သို့ ပြေးထွက် လာခဲ့သည်။ သူ၏ လက်ဝါးများသည် အနီးအနားရှိ လေများ လောင်ကျွမ်း သွားသည့်နှယ် ရဲရဲတောက် လာခဲ့လေသည်။
“အာ”
ယန်လင်သည် ကျန်းရီနှင့် သုံးပေခန့် အကွာသို့ ရောက်သောအခါ ဆွံ့အ သွားရလေသည်။ ကျန်းရီ၏ မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နေခဲ့ပြီး သူသည် မတော်တဆ ခြေချော်သွားကာ စင်ပေါ်မှ ပြုတ်ကျ သွားလေသည်။
“ဟားဟား”
ကြည့်နေ သူများထံမှ ရယ်သံများ ထွက်လာခဲ့ လေသည်။ ယန်လင်သည်လည်း ခြေလှမ်းများကို ရပ်တန့်လိုက်ကာ အံ့အားသင့် သွားရလေသည်။ သူသည် ထိုမျှ လွယ်လွယ် အနိုင်ရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။ သူသည် မူလက တိုက်ကွက် အမြောက်အများ ပြင်ဆင် ထားခဲ့သော်လည်း တစ်ခုမှ ပြသရန် အခွင့်အရေး မရလိုက်ပေ။
“တစ်ခုခုက မူမမှန်ဘူး”
ရုတ်တရက် သူသည် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ အရိပ်တစ်ခုသည် စင်၏ ဘေးဘက်မှ ရုတ်တရက် ခုန်တက်လာကာ သူ့ကိုယ် အောက်ပိုင်းကို ခြေထောက်နှစ်ချောင်းနှင့် ကန်ချလာခဲ့ လေသည်။
ပြိုင်ဘက်၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် သူဆွံ့အသွားရသော်လည်း ယန်လင်သည် အချိန်မှီ တုံ့ပြန်နိုင်ခဲ့သည်။ သူသည် သိမ်းငှက် တစ်ကောင်ကဲ့သို့ နောက်သို့ အမြန်ဆုတ်လိုက်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်သည်။ ထို့နောက် ယန်လင်၏ ခြေထောက် တစ်ဖက်သည် ပြိုင်ဘက်၏ ကိုယ်ကို လျှပ်စီးအလျင်နှင့် ကန်လာခဲ့ပြန်သည်။
ပြိုင်ဘက်သည် ထူးဆန်းသော လက်ဟန်တစ်ခု ပုံဖော်လိုက်ကာ သူ့ခြေထောက်များကို ရိုက်ချ လာခဲ့သည်။
အားနှစ်ခုသည် တိုက်မိသွားကာ သူတို့ နှစ်ယောက်လုံးသည် နောက်သို့ လွင့်စင်သွားခဲ့လေသည်။ ယန်လင်သည် စင်၏ အစွန်းသို့ ရောက်ရှိသွားကာ ပြုတ်ကျ လုမတတ်ဖြစ်နေခဲ့သည်။ သူသည် ဟန်ချက်ကို ပြန်မထိန်းနိုင်တော့ရာ သူ့ကိုယ် စင်အောက်သို့ ပြုတ်ကျသွားသည်ကို ခွင့်ပြုလိုက်ရတော့သည်။
ယန်ဂိုဏ်းက လူတွေက တကယ့်ကို စက်ဆုပ်စရာ ကောင်းတာပဲ...
သူ့လက်များကို ခါလိုက်ရင်း ကျန်းရီသည် ပွဲကြည့်စင်ဘက်သို့ ကြည့်လိုက်သည်။ အဖြူရောင်ဝတ် အကြီးအကဲသည် ခေါင်းညိတ်ပြကာ ကြေညာလိုက်သည်....
“၅၃၆က နှစ်ပွဲဆက်တိုက် အနိုင်ရတယ်”
“ဒါက မဟုတ်ဘူး...သူစောစောက စင်ပေါ်က ပြုတ်ကျ သွားတယ်မလား...သူဘာလို့ နိုင်ရတာလဲ''
ပြန်ရပ်လာသော ယန်လင်သည် လူအိုကြီး၏ ကြေညာချက်ကို စောဒက တက်လိုက်သည်။
လူအိုကြီးသည် ယန်လင်ကို မျက်လုံးလှန် ကြည့်လိုက်သည်။ သူသည် ယန်လင်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“၅၃၆က သူ့ လက်တစ်ဖက်ကို သုံးပြီး စင်ကို တွယ်ထားတာ မင်းမမြင်ဘူးလား...ငါ့ကို မြို့စားက ဒီပြိုင်ပွဲကို ဆုံးဖြတ်ပေးဖို့ အဆုံးအဖြတ်ပေးဖို့ တောင်းဆိုထားတာ...ငါက မျှမျှတတ ဆုံးဖြတ်ပေးတယ်...ငါဆုံးဖြတ်တာကို အရည်အချင်း မပြည့်မှီဘူးလို့ ပြောရဲတဲ့သူတိုင်း ချက်ချင်း ပြောနိုင်တယ်”
“ဒါက...”
လူအုပ်ထံမှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ လူအများစုသည် ကျန်းရီကို အမှန်အင်အား ရှိသည်ဟု မထင်သောကြောင့် အထင်သေးစွာ ကြည့်နေခဲ့ကြသည်။ သူက တကယ့်ကို ဉာဏ်များတဲ့ သူပဲ ဟူသော အသံများလည်း ထွက်ပေါ်လာခဲ့သည်။
ကျန်းရီသည် မှတ်ချက်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ပေ။ သူ၏ အမြင်အာရုံကို တိုးမြှင့်ပေးသော အနက်ရောင် အတွင်းအားသည် အချိန်အကန့်အသတ် ရှိနေလေရာ သူသည် အချိန်မဖြုန်းတော့ဘဲ စိတ်မရှည်စွာ လက်ရမ်းပြကာ ပြောလိုက်သည်...
“နောက်တစ်ယောက်”
“မင်းရဲ့ ဖိုးဖိုးက မင်းစွမ်းရည်ကို စမ်းကြည့်မယ်”
အရပ်ပုပု သန်သန်မာမာ လူငယ်တစ်ယောက်သည် အော်ဟစ်ရင်း စင်ပေါ်သို့ ခုန်တက်လာခဲ့သည်။
“အရမ်းကောင်းတယ်”
ကျန်းရီ၏ မျက်လုံးများသည် အပြုံးတစ်ခုနှင့်အတူ တောက်ပ လာခဲ့သည်။ သူ့ပြိုင်ဘက် မလှုပ်ရှား ရသေးခင်မှာပင် သူသည် ရှေ့သို့ ပြေးတက်သွားလိုက်ပြီး မည်သည့် သိုင်းပညာမှ မသုံးဘဲ အတွင်းအားကိုသာ သုံးလိုက်ပြီး လက်သီးနှင့် ထိုးချလိုက်သည်။ ကျန်းရီသည် အားမစိုက်ဘဲ ပြိုင်ဘက်ကို စင်ပေါ်မှ ပြုတ်ကျ စေလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်မှာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်တွင်သာ ရှိသေးသောကြောင့် ဖြစ်သည်။
“ငါ့ကို စိန်ခေါ်ချင်တဲ့သူ ရှိသေးလား...မြန်မြန်တက်လာခဲ့ကြ”
ကျန်းရီသည် စင်ပေါ်တွင် ရပ်ကာ အော်ဟစ် လိုက်ခဲ့သည်။ စင်အောက်မှ လူများသည် ပွက်လောရိုက် သွားကြသည်။
“၅၃၆...လေးပွဲ ဆက်တိုက် အနိုင်ရတယ်”
“၀၀၈...သုံးပွဲ ဆက်တိုက် အနိုင်ရတယ်”
“၅၃၆...ငါးပွဲ ဆက်တိုက် အနိုင်ရတယ်”
***
လက်ရှိတွင် ကျန်းရီသည် ခြောက်ပွဲဆက်တိုက် အနိုင်ရထားပြီး အခြားစိန်ခေါ်သူ လေးယောက်ထက်တောင် သာနေသေးသည်။ ထိုထူးဆန်းသော အခြေအနေသည် ပွဲကြည့်စင် အထက်ရှိ အခန်းငယ်အတွင်းမှ လူများ၏ အာရုံကို ဆွဲဆောင် ထားခဲ့လေသည်။
ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ငယ်ရွယ်သော အမျိုးသား ဆရာတစ်ယောက်သည် သူ့ မုတ်ဆိတ်မွေးကို လက်ဖြင့်သပ်ရင်း ချီးမွမ်းလာခဲ့သည်....
“ဒီလူငယ်လေးက ဉာဏ်တော်တော် ကောင်းတယ်...သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ပဲ ရှိသေးတာတောင် သူက ပွဲတွေအများကြီး နိုင်ထားတယ်...သူက ဆယ်ပွဲ ဆက်တိုက်နိုင်မယ့် အရင်ဆုံးလူ ထင်တယ်”
အသက်နည်းနည်း ပိုကြီးသော ဆရာတစ်ယောက်သည်လည်း ခေါင်းညိတ်ပြလာခဲ့သည်...
“ဟုတ်တယ်...ဒီကောင်လေးကို စင်ပေါ် စတက်လာတည်းက ငါသတိထားမိတယ်...သူရဲ့ လှုပ်ရှားမှုတိုင်းက ကံကောင်းသွားတယ်လို့ ထင်ရပေမယ့် တွက်ချက်မှုတွေ ပါနေတယ်...သူက သာမန် နည်းလမ်းလေးတွေကို အချိန်ကိုက် သုံးသွားနိုင်တယ်”
“အရေးမပါတဲ့ စွမ်းရည်ပဲ”
ရေခဲတောင်ကဲ့သို့ အေးစက်နေပြီး ရေခဲတောင်ထက်မှ ကြာပန်းကဲ့သို့ လှပသော အမျိုးသမီး ဆရာသည် ခေါင်းရမ်းလိုက်သည်...
“တကယ့် အင်အား အစစ်အမှန်နဲ့ ရင်ဆိုင်ရရင် ပရိယာယ်တွေ၊ အကြံအစည်တွေ အားလုံးက စာရွက်ပါးလေးလို ဖြစ်လာမှာပဲ...ဒီကောင်လေးမှာ သင့်တင့်တဲ့ အင်အားမရှိဘူး...သူရဲ့ လမ်းဘေးက နည်းလမ်းတွေ သုံးပြီးတော့ ဘယ်လောက်မှ သွားနိုင်မှာ မဟုတ်ဘူး...သူ ဆယ်ပွဲ အနိုင်မရနိုင်ဘူးလို့ ကျွန်မ အလောင်းအစား လုပ်တယ်”
***